နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်း
ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းက နေ့စဉ်အသက်ရှင်နေထိုင်မှုကို သန့်ရှင်းမွန်မြတ်စေပါတယ်။ အဲဒါက ကျွန်တော်တို့ကို ကိုယ်တော်ရှင်နဲ့တခြားသူများထံ ပိုမိုနီးကပ်စေပြီး ပျော်ရွှင်စေပါတယ်။
ကျွန်တော်တို့ရဲ့ မကြာသေးခင်က ဂေါင်မိသားစု ပြန်လည်ဆုံစည်းပွဲမှာ ပျော်စရာကောင်းတဲ့စွမ်းရည်ပြပွဲတစ်ခုပါဝင်ခဲ့ပြီး၊ အဖေများပြက်လုံးပြိုင်ပွဲနဲ့ ပြီးပြည့်စုံစေခဲ့ပါတယ်။
ဒါပေမဲ့ ဒီပြိုင်ပွဲက လုပ်နေကျတော့မဟုတ်ပါဘူး။ တစ်သင်းကတော့ အဘိုးဖြစ်သူ ကျွန်တော်နဲ့အသက် ၁၁ နဲ့ ၁၂ နှစ်အရွယ် မြေးနှစ်ယောက်ဖြစ်ပါတယ်။ နောက်တစ်သင်းကတော့ ဂရစ် ဒဗယျူ၊ ဂေါင် ပုံစံအတိုင်း အဖေများပြက်လုံးတွေကိုပြောဖို့ ဝမ်းကွဲတစ်ယောက်က ရေးထည့်တဲ့ ဉာဏ်ရည်တု(အေအိုင်)ပရိုဂရမ်ဖြစ်ပါတယ်။ အဘိုး ဂရစ် ဂေါင်နဲ့ အေအိုင် ဂရစ် ဂေါင်။
မြေးတွေနဲ့ ကျွန်တော်က အရင်စပြောပါတယ်။
သူ့ကားကို ကြိတ်လိုက်တဲ့ ဒိုင်ဒိုဆောတစ်ကောင်ကို ဘယ်လိုခေါ်လဲ။ ထရန်နိုဆောရက်စ် ရက်ခ်။
အေအိုင် ဂရစ် ဂေါင် ကို ညွှန်ကြားလိုက်ပါတယ်—ဂရစ် ဒဗယျူ၊ ဂေါင် လိုတွေးလိုက်ပါ။ သူ့လိုပြောလိုက်ပါ။
အေအိုင် ဂရစ် ဂေါင်ကပြောပါတယ်၊ “နွေးထွေးပြီး၊ စဉ်းစားတတ်ပြီး၊ အားပေးတတ်တဲ့ပုံစံအတိုင်း ဂရစ် ဒဗယျူ၊ ဂေါင်လို ပြောထားတဲ့ အဖေများပြက်လုံးကတော့ ဒီမှာပါ၊ နှိမ့်ချတတ်တဲ့သစ်ပင်တွေက ဘာကြောင့် လူတွေကိုပြုံးစေတာလဲ။ ဘာလို့လဲဆိုတော့ အဲဒါက ချစ်ခြင်းမေတ္တာနဲ့ အမြစ်တွယ်ထားပြီး ကြင်နာခြင်းအကိုင်းအခက်တွေနဲ့ ဖြန့်ကျက်ထားလို့ပါပဲ။ အဲဒီသစ်ပင်လိုပဲ၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ အမြစ်တွေထဲမှာ ခွန်အားကိုရှာနိုင်ပြီး တစ်ပါးသူများထံကြင်နာခြင်းကို ကမ်းလှမ်းခြင်းဖြင့် ဝမ်းမြောက်ခြင်းကို ရှာနိုင်ပါတယ်။”
ကောင်းပါပြီ၊ သင် ဘယ်လိုထင်ပါသလဲ။ အဲဒါကြောင့် ဒါတွေကို အဖေများပြက်လုံးလို့ ခေါ်တာပါ။
ကျေးဇူးတင်တတ်တဲ့မျက်လုံးတွေနဲ့ကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ပတ်ပတ်လည်မှာ ရယ်မောဖို့၊ ဝမ်းသာပျော်ရွှင်ဖို့ အခွင့်အရေးတွေချည်းပါပဲ။ ကျွန်တော်တို့ရဲ့ဧဝံဂေလိက နေ့စဉ်အသက်တာထဲမှာ ဝမ်းမြောက်ခြင်းနဲ့သန့်ရှင်းစင်ကြယ်ခြင်းကို ဖော်ဆောင်ပေးတဲ့ ဧဝံဂေလိဖြစ်ပါတယ်။ မြင့်မြတ်တဲ့ရည်ရွယ်ချက်ကြောင့် သန့်ရှင်းခြင်းက အခြင်းအရာတွေကို ကွဲပြားစေပါတယ်။ ဒါပေမဲ့ သန့်ရှင်းခြင်းက ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်နေထိုင်မှုမှာ မွန်မြတ်ခြင်းကို မွေးမြူစေပါတယ်—လောကကြီးထဲက ဆူးငြောင့်ခလုတ်တွေရဲ့အလယ်မှာ၊ နေ့စဉ် ပေါင်မုန့်သုံးဆောင်ရခြင်းကို ဝမ်းမြောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ်တော်ရှင်နဲ့အတူ လျှောက်လှမ်းဖို့၊ ကျွန်တော်တို့ သန့်ရှင်းလာရပါမယ်၊ ဘာကြောင့်လဲဆိုတော့ သူက သန့်ရှင်းလို့ပါပဲ၊ ကျွန်တော်တို့ကို သန့်ရှင်းလာအောင် ကူညီပေးဖို့၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သူနဲ့အတူလျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်တော်တို့ ကိုယ်စီမှာ အတွေ့အကြုံတွေရှိကြပါတယ်။ ကျွန်တော်နဲ့ ညီအစ်မ ဂေါင်က နေရာအခြေအနေအများအပြားမှာ အသင်းဝင်တွေနဲ့မိတ်ဆွေတွေဖြစ်တဲ့ သင်တို့နဲ့တွေ့ဆုံတဲ့အခါ၊ သင်တို့ရဲ့ နေ့စဉ်အသက်တာထဲက ကိုယ်တော်ရှင်ထံ သန့်ရှင်းစင်ကြယ်စေခြင်း အတွေ့အကြုံတွေက ကျွန်တော်တို့ကိုခွန်အားရစေပါတယ်။ သင့်ရဲ့အသက်တာမှာ အောက်ပါအပြုအမူများနှင့် နေထိုင်ရမှာဖြစ်ပါတယ်၊ ဘုရားသခင်နဲ့ဆက်သွယ် ခြင်း၊ အချင်းချင်းစည်းလုံးခြင်း နဲ့ စာနာရိုင်းပင်းတတ်ခြင်း၊ ဘုရားသခင်၊ မိသားစု၊ သူငယ်ချင်းများနဲ့ ကတိကဝတ်ပြုခြင်းနဲ့ပဋိညာဉ်ပြုခြင်း၊ ယေရှုခရစ်တော်ကို ဗဟိုပြုခြင်းတို့ပဲဖြစ်ပါတယ်။
တိုးပွားလာတဲ့ အထောက်အထားတွေက ဒီထူးခြားတဲ့အချက်ကို မီးမောင်းထိုးပြနေပါတယ်၊ ဘာသာရေးယုံကြည်သူတွေက ဝိညာဉ်ရေးရာကတိကဝတ် သို့မဟုတ် ဆက်နွယ်ခြင်းမရှိသူများထက် ပျမ်းမျှအားဖြင့် ပိုပျော်ရွှင်၊ ပိုကျန်းမာပြီး၊ ပိုစိတ်ချမ်းသာရတယ်ဆိုတဲ့ အချက်ပါပဲ။ ပျော်ရွှင်မှုနဲ့ ဘဝကျေနပ်မှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ အဓိပ္ပာယ်နဲ့ရည်ရွယ်ချက်၊ စရိုက်လက္ခဏာနဲ့ အကျင့်သီလ၊ ရင်းနှီးသောလူမှုဆက်ဆံရေးများ၊ ငွေကြေးနဲ့ ပစ္စည်းဥစ္စာတည်ငြိမ်မှု၌ပင်—ကဏ္ဍတစ်ခုစီတိုင်းမှာ၊ ဘာသာရေးကျင့်ကြံသူတွေက တိုးတက်ကြီးပွားကြပါတယ်။
အသက်အရွယ်နဲ့လူဦးရေစစ်တမ်းအားလုံးမှာ သူတို့က ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်ပြီး ပိုပြီးပျော်ရွှင်ကျေနပ်တဲ့ ဘဝကို ခံစားရပါတယ်။
သုတေသီတွေခေါ်ကြတဲ့ “ဘာသာရေးစနစ်တည်ငြိမ်မှု” က ဘဝရဲ့အလှည့်အပြောင်းတွေကြားမှာ သေချာမှု၊ ရည်ရွယ်ချက်နဲ့ စေ့ဆော်မှုကို ပေးပါတယ်။ ယုံကြည်ခြင်းရှိတဲ့အိမ်ထောင်စုနဲ့ သန့်ရှင်းသူများရဲ့အသိုက်အဝန်းက သီးသန့်ဖြစ်ခြင်းနဲ့ အထီးကျန်နေတဲ့လူအုပ်ကြီးကို တိုက်ထုတ်နိုင်ပါတယ်။ ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းက ဘာသာတရားကိုမထီမဲ့မြင်ပြုခြင်းကို တားမြစ်ပါတယ်၊ သူတစ်ပါးအကြောင်း လှောင်ပြောင်ထေ့ငေါ့ခြင်းကို တားမြစ်ပါတယ်၊ ဒေါသနဲ့စိတ်ဝမ်းကွဲခြင်းကို ဦးတည်အမြတ်ထုတ်တဲ့ လူမှုကွန်ယက်လုပ်ထုံးလုပ်နည်းတွေကို တားမြစ်ပါတယ်။ ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းက သန့်ရှင်းမွန်မြတ်ခြင်းနဲ့ရိုသေလေးမြတ်ခြင်းကို လက်ခံပါတယ်၊ ယေရှုခရစ်တော်နောက်ကို ယုံကြည်ခြင်းနဲ့ လိုက်လျှောက်တာနဲ့အမျှ ကျွန်တော်တို့ဖြစ်လာမယ့် အလွတ်လပ်ဆုံး၊ အပျော်ရွှင်ဆုံး၊ အစစ်မှန်ဆုံး၊ အကောင်းဆုံးပုံစံတွေကိုလည်း လက်ခံပါတယ်။
နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းက ဘာနဲ့တူပါသလဲ။
နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းက ယုံကြည်ခြင်းရှိတဲ့ အရွယ်ရောက်လူငယ်နှစ်ဦး၊ တစ်နှစ်တာ လက်ထပ်ပြီး၊ သူတို့ရဲ့ ရှေ့ဆက်လျှောက်မယ့် အသက်တာတွေထဲမှာ ဧဝံဂေလိပဋိညာဉ်တွေ၊ အနစ်နာခံခြင်းတွေနဲ့ အမှုတော်ဆောင်ခြင်းတွေကို စစ်မှန်စွာနဲ့ပွင့်လင်းစွာ ဝေငှပုံနဲ့တူပါတယ်။
မိန်းကလေးကစပြီးပြောပါတယ်၊ “အထက်တန်းတက်တုန်းက၊ ကျွန်မဘဝက အမှောင်ထုထဲမှာရှိနေခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မအတွက် ရှိမနေခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ တစ်ညမှာတော့၊ သူငယ်ချင်းတစ်ယောက်ဆီက စာလာခဲ့ပါတယ်၊ ‘ဟေး၊ နင် အယ်လမာ ၃၆ ကိုဖတ်ဖူးလား။’
သူမကပြောခဲ့ပါတယ်၊ “ကျွန်မစဖတ်တဲ့အချိန်မှာ၊” “ကျွန်မကို ငြိမ်းချမ်းခြင်းနဲ့ချစ်ခြင်းက ဖုံးလွှမ်းသွားပါတယ်။ ကျွန်မက ကြီးမားတဲ့ပွေ့ဖက်မှုရခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်မက အယ်လမာ ၃၆:၁၂ကို ဖတ်တဲ့အချိန်မှာ၊ ကောင်းကင်ဘုံရှင်အဘက ကျွန်မကိုမြင်ပြီး ကျွန်မဘယ်လိုခံစားနေရလဲဆိုတာ အတိအကျသိကြောင်း ကျွန်မသိခဲ့ပါတယ်။”
သူမက ဆက်ပြောပါတယ်၊ “ကျွန်မဆီမှာ ဆယ်ဖို့တစ်ဖို့အကြောင်း သက်သေခံချက်ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ကျွန်မတို့လက်မထပ်ခင် ကျွန်မသတို့သားလောင်းအပေါ် ရိုးသားစွာပြောခဲ့ပါတယ်။ တခြားသူတွေပေးစရာ အများကြီးရှိနေတဲ့အချိန်မှာ ဘာကြောင့် ဘုရားသခင်က ကျွန်မတို့ကို ပိုက်ဆံပေးစေချင်တာပါလဲ။ ကျွန်မရဲ့ သတို့သားလောင်းက အဲဒါက ပိုက်ဆံအတွက်မဟုတ်ဘဲ ကျွန်မတို့ဆီ တောင်းဆိုထားတဲ့ပညတ်တော်ကို လိုက်လျှောက်ခြင်းဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ သူက ဆယ်ဖို့တစ်ဖို့စပေးဖို့ ကျွန်မကို စိန်ခေါ်ခဲ့ပါတယ်။
“ကျွန်မရဲ့သက်သေခံချက် ကြီးမားလာတာကို တကယ်မြင်ခဲ့ရပါတယ်၊” လို့ သူမကပြောခဲ့ပါတယ်။ “တစ်ခါတစ်လေမှာ ငွေကြေးကျပ်တည်းပေမယ့်၊ ကျွန်မတို့က ကောင်းချီးအမြောက်အမြားကိုမြင်ရပြီး တစ်နည်းနည်းနဲ့ လုပ်ခလစာတွေက လုံလောက်နေခဲ့ပါတယ်။”
ဒါ့အပြင်၊ “ကျွန်မရဲ့ သူနာပြုသင်တန်းမှာ၊” “ကျွန်မတစ်ယောက်တည်း အသင်းတော်ရဲ့အသင်းဝင်ဖြစ်ပြီး ကျွန်မတစ်ယောက်တည်း လက်ထပ်ပြီးသားဖြစ်ပါတယ်လို့ သူမကပြောခဲ့ပါတယ်။ အတန်းဖော်တွေက ကျွန်မကိုခွဲခြားဆက်ဆံပြီး ကျွန်မရဲ့ယုံကြည်မှု၊ အဝတ်တန်ဆာဝတ်ဆင်မှု ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်တွေပေးတယ်လို့ ခံစားမိတာကြောင့် အကြိမ်ပေါင်းများစွာ စိတ်ပျက်လက်ပျက်နဲ့ ဒါမှမဟုတ် ငိုကြွေးပြီး အတန်းထဲကထွက်လာခဲ့ရပါတယ်။”
သို့တိုင် သူမက ဆက်ပြောပါတယ်၊ “ဒီပြီးခဲ့တဲ့စာသင်နှစ်မှာတော့ ကျွန်မရဲ့ ယုံကြည်မှုတွေကို ပိုကောင်းအောင်အသံမြှင့်ဖို့နဲ့ ဧဝံဂေလိပုံဥပမာကောင်းတစ်ခုဖြစ်ဖို့ သင်ယူခဲ့ပါတယ်။ ကျွန်မတစ်ယောက်တည်းရပ်တည်ဖို့နဲ့ ကျွန်မယုံကြည်ရာမှာကြံ့ခိုင်ဖို့ ကျွန်မရဲ့လုပ်နိုင်စွမ်းကို စမ်းသပ်ခံခဲ့ရတာကြောင့် ကျွန်မရဲ့အသိပညာနဲ့ သက်သေခံချက်က တိုးတက်လာခဲ့ပါတယ်။”
ငယ်ရွယ်တဲ့အမျိုးသားဖြစ်သူက ထပ်ပြောပါတယ်၊ “ကျွန်တော် သာသနာပြုမထွက်ခင်မှာ၊ ကောလိပ်ဘေ့စ်ဘောကစားဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချပြီးတဲ့နောက်မှာ၊ အဲဒီကမ်းလှမ်းမှုတွေကို ကျွန်တော်ဘေးဖယ်ထားလိုက်ပြီး ကိုယ်တော်ရှင်ဆီ အမှုတော်ဆောင်ဖို့ သွားခဲ့ပါတယ်။ ကျွန်တော်က အဲဒီနှစ်နှစ်တာကာလကို ဘာနဲ့မှလဲနိုင်မှာမဟုတ်ပါဘူး။
“အိမ်ပြန်လာတဲ့အခါ၊” “ခက်ခဲတဲ့ အကူးအပြောင်းတစ်ခုကို မျှော်လင့်ထားပေမယ့် ကိုယ့်ကိုကိုယ် ပိုသန်မာလာတာ၊ ပိုမြန်လာတာ၊ ပိုကျန်းမာလာတာကို တွေ့ခဲ့ရပါတယ်လို့ သူကပြောပါတယ်။ ကျွန်တော်ထွက်သွားတုန်းကထက် ဘောလုံးပစ်တာ ပိုအားပါလာပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်ကျောင်းအပါအဝင်၊ ကျွန်တော်ထွက်သွားတုန်းကထက် ပိုများတဲ့ကစားခွင့်ကမ်းလှမ်းမှုတွေကို ရခဲ့ပါတယ်။ ပြီးတော့၊ ပိုပြီးအရေးကြီးတာက၊” “ကျွန်တော်က ကိုယ်တော်ရှင်အပေါ်မှာ အရင်တုန်းကထက် ပိုပြီးကိုးစားလာတာပါပဲ” လို့ သူကပြောခဲ့ပါတယ်။
သူကဒီလိုနိဂုံးချုပ်ခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းတွေကနေတန်ခိုးရဖို့ ကောင်းကင်ဘုံရှင်အဖေက ကတိပေးထားကြောင်း သာသာနာပြုတစ်ယောက်အနေနဲ့ သင်ပေးခဲ့ပေမယ့်၊ တစ်ခါတစ်ရံမှာ ကျွန်တော်ကိုယ်တိုင်အတွက် အဲဒါကို မေ့နေခဲ့ပါတယ်။”
သာသနာပြုအမှုတော်ဆောင်ပြီး ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းရဲ့ ကောင်းချီးရတနာသိုက်က ကြွယ်ဝပြီး အပြည့်အလျှံပါပဲ။ ငွေရေးကြေးရေး၊ အချိန်ကိုက်ဖြစ်မှုနဲ့ တခြားအခြေအနေတွေက မကြာခဏ လွယ်ကူလေ့မရှိပါဘူး။ ဒါပေမယ့် အသက်အရွယ်နဲ့လူမှုနောက်ခံအမျိုးမျိုးရှိကြတဲ့ သာသနာပြုတွေက ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းကို ဆပ်ကပ်တဲ့အခါ၊ ကိုယ်တော်ရှင်ရဲ့အချိန်နဲ့နည်းလမ်းအတိုင်း ကိစ္စတွေဖြစ်မြောက်သွားနိုင်ပါတယ်။
အခုဆိုရင် ၄၈နှစ်ကြာပြီဖြစ်တဲ့ အဖြစ်အပျက်တစ်ခုကို၊ သက်ကြီး သာသနာပြုတစ်ယောက်က ဝေငှခဲ့ပါတယ်၊ “ကျွန်တော့်အဖေက ကျွန်တော့်ကို ကောလိပ်ပညာရေး သင်စေချင်ခဲ့တာ၊ သာသနာပြုမသွားစေချင်ခဲ့ဘူး။ အဲဒါပြီးမကြာခင်မှာပဲ၊ သူက နှလုံးဖောက်ပြီး အသက် ၄၇ ခုနှစ်မှာ ဆုံးသွားခဲ့တယ်။ ကျွန်တော်က အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်တော့်အဖေနဲ့ ကျွန်တော်ဘယ်လို ပြန်ပြေလည်အောင်လုပ်လို့ရနိုင်မလဲ။
“နောက်တော့၊” သူဆက်ပြောပါတယ်၊ “ကျွန်တော် သာသနာပြုအမှုထမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ ကျွန်တော့်အဖေကို အိပ်မက်ထဲမှာ မြင်ခဲ့တယ်။ ငြိမ်းချမ်းပြီး အားရကျေနပ်နေတဲ့၊ သူက ကျွန်တော်အမှုတော်ဆောင်မှာကို ပျော်နေခဲ့ပါတယ်။”
အဲဒီသက်ကြီး သာသနာပြုကဆက်ပြောပါတယ်၊ “ဩဝါဒနဲ့ပဋိညာဉ်များ ၁၃၈ မှာ သင်ကြားတဲ့အတိုင်း၊ ကျွန်တော့်ရဲ့အဖေက ဝိညာဉ်ကမ္ဘာမှာ သာသနာပြုတစ်ယောက်အဖြစ် အမှုတော်ထမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့အဖေဟာ၊ အသက် ၁၇ နှစ်အရွယ်မှာ ဂျာမနီကနေထွက်သွားပြီး မိသားစုကပျောက်ဆုံးသွားတဲ့၊ ကျွန်တော့်ရဲ့အဘေးကို၊ ပြန်ရှာတွေ့အောင်ကူညီပေးနေတယ်လို့ ကျွန်တော်တွေးမိပါတယ်။”
အမျိုးသမီးဖြစ်သူက ထပ်ပြောပါတယ်၊ “ကျွန်မအမျိုးသားရဲ့မိသားစုက ညီအစ်ကိုငါးယောက်မှာ၊ သာသာနာပြုအမှုတော်ဆောင်ခဲ့တဲ့ လေးယောက်က ကောလိပ်ဘွဲ့ရတွေဖြစ်ပါတယ်။”
နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းက သူ့ဘဝကို ဘုရားသခင်ဆီလွှမ်းမိုးခွင့်ပေးလိုက်တဲ့ တာဝန်ပြီးဆုံးသွားသော သာသနာပြုလူငယ်တစ်ဦးနဲ့တူပါတယ်။ အစောပိုင်းက၊ အရမ်းဖျားနာနေတဲ့သူတစ်ယောက်ကို ကောင်းချီးပေးဖို့ တောင်းဆိုလိုက်တဲ့အခါ၊ အဲဒီ သာသနာပြုက ပြောခဲ့ပါတယ်၊ “ကျွန်တော့်မှာ ယုံကြည်ခြင်းရှိတယ်၊ ကျွန်တော်က သူ့ကိုနေပြန်ကောင်းလာဖို့ ကောင်းချီးပေးပါမယ်။ သို့တိုင်၊ ”တာဝန်ပြီးဆုံးသွားသောသာသနာပြုက ပြောပါတယ်၊ “အဲဒီအချိန်မှာ ကျွန်တော်သင်ယူလိုက်ရတာက ကျွန်တော်လိုချင်တဲ့အရာအတွက် ဆုတောင်းဖို့ မဟုတ်ဘဲ၊ သူ့အတွက် လိုအပ်တယ်ဆိုတာ ကိုယ်တော်သိနေတဲ့အရာအတွက် ဆုတောင်းရမယ်ဆိုတာပါပဲ။ ကျွန်တော်က အဲဒီညီအစ်ကိုကို ငြိမ်းချမ်းခြင်းနဲ့နှစ်သိမ့်ခြင်း ကောင်းချီးပေးခဲ့ပါတယ်။ နောက်ပိုင်း သူငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။”
နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းက ဆက်သွယ်ဖို့၊ နှစ်သိမ့်ဖို့နဲ့ ခွန်အားပေးဖို့ ကန့်လန့်ကာကို ဖြတ်သွားတဲ့ လျှပ်ကူးမီးပွားလေးနဲ့ တူပါတယ်။ အဓိကတက္ကသိုလ်တစ်ခုက စီမံခန့်ခွဲသူအရာရှိက သူသေချာမသိဘဲ ဂုဏ်သတင်းကြားဖူးရုံသာရှိတဲ့လူတွေက သူ့အတွက်ဆုတောင်းပေးနေတယ်လို့ ခံစားရတယ်လို့ပြောခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက သူတို့ရဲ့ဘဝကို တက္ကသိုလ်မှာမြှုပ်နှံထားပြီး တက္ကသိုလ်ရဲ့ ရည်မှန်းချက်နဲ့ ကျောင်းသားများအတွက် ဆက်လက်အာရုံစိုက်နေကြပါတယ်။
ညီအစ်မတစ်ယောက်က သူမနဲ့ကလေးတွေအပေါ် ခင်ပွန်းသစ္စာမဲ့သွားတဲ့နောက်ပိုင်းမှာ၊ နေ့ရက်တိုင်းကို အကောင်းဆုံးကြိုးစားပါတယ်။ ကျွန်တော် သူမနဲ့သူမလိုလူမျိုးတွေကို အလေးအနက် လေးစားမိပါတယ်။ တစ်နေ့မှာ အဝတ်တွေ ခေါက်နေတုန်း၊ ဗိမာန်တော်အဝတ်တန်ဆာပုံပေါ်မှာ သူမလက်ကိုတင်ပြီး၊ သက်ပြင်းချခဲ့ပါတယ်၊ “ရည်ရွယ်ချက်က ဘာလဲ။” နူးညံတဲ့အသံတစ်ခုက သူမကိုအခိုင်မာပြောခဲ့ပါတယ်၊ “သင့်ရဲ့ပဋိညာဉ်တွေက ငါနဲ့အတူရှိနေပါတယ်။”
တခြားညီအစ်မတစ်ယောက်က နှစ်၅၀ကြာ သူမအဖေနဲ့ ဆက်ဆံရေးကို တောင့်တခဲ့ပါတယ်။ “အရွယ်ရောက်လာတဲ့အခါ” “ကျွန်မရဲ့အဖေနဲ့အစ်ကိုတွေကြားမှာ တစ်ဦးတည်းသောသမီးဖြစ်သူ ကျွန်မပဲရှိခဲ့ပါတယ်လို့ သူမကပြောပါတယ်။ ကျွန်မအမြဲတမ်းလိုချင်ခဲ့တာက ကျွန်မအဖေအတွက် ‘ပြည့်စုံလုံလောက်’ ဖို့ပါပဲ။
“အဲဒီနောက်မှာတော့၊ ကျွန်မရဲ့အမေ ကွယ်လွန်သွားခဲ့ပါတယ်။ သူမက ကျွန်မအဖေနဲ့ ကျွန်မကြားက တစ်ဦးတည်းသောဆက်သွယ်ပေးသူပါ။
သူမကပြောပါတယ်၊ “တစ်နေ့မှာတော့၊” “ကျွန်မအသံတစ်ခုကို ကြားခဲ့ရပါတယ်၊ ‘သင့်အဖေကို ဖိတ်ခေါ်ပြီး သင်နဲ့အတူဗိမာန်တော်ဆီ ခေါ်လာပါ။’ အဲဒါကတော့ ကိုယ်တော်ရှင်ရဲ့အိမ်တော်ကို ကျွန်မဖေဖေနဲ့အတူ တစ်လမှာနှစ်ခါသွားခြင်းရဲ့ အစပဲဖြစ်ပါတယ်။ ကျွန်မ ဖေဖေကို ချစ်တယ်လို့ ပြောခဲ့ပါတယ်။ သူကလည်း ကျွန်မကို ချစ်တယ်လို့ ပြောခဲ့ပါတယ်။
“ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ အချိန်ကုန်ဆုံးခြင်းက ကျွန်မတို့ကို ကုစားပေးပါတယ်။ မြေကြီးပေါ်မှာ ကျွန်မအမေက ကျွန်မတို့ကို မကူညီပေးနိုင်ခဲ့ပါဘူး။ ကွဲကြေနေတဲ့အရာတစ်ခုကို ပြုပြင်ရန်ကူညီဖို့ သူမက ကန့်လန့်ကာရဲ့တခြားတစ်ဖက်မှာ ရှိနေခဲ့ပါတယ်။ ဗိမာန်တော်က ကျွန်မတို့ရဲ့ ခရီးစဉ်ကို ထာဝရမိသားစုအဖြစ် တပေါင်းတစည်းတည်း ပြီးပြည့်စုံစေခဲ့ပါတယ်။”
ဖခင်ဖြစ်သူက ပြောပါတယ်၊ “ဗိမာန်တော်ကိုဆပ်ကပ်ခြင်းက ကျွန်တော်နဲ့ ကျွန်တော့်တစ်ဦးတည်းသောသမီးအတွက် ကြီးမားတဲ့ဝိညာဉ်ရေးရာ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့အတူတက်ရောက်ပြီး ချစ်ခြင်းမေတ္တာတွေ ခိုင်မာလာတာကို ခံစားရပါတယ်။”
နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းက ချစ်ရတဲ့သူတွေ ကွယ်လွန်သွားတဲ့အခါ နာကျင်ရတဲ့ အခိုက်အတန့်တွေပါဝင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ၊ ကျွန်တော့်ရဲ့ချစ်စွာသောအမေ၊ ဂျင်းန် ဂေါင်၊ က သူမရဲ့ ၉၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာ ဘဝတစ်ပါးနေ့ရက်များဆီ ထွက်ခွာသွားခဲ့ပါတယ်။
သင်က ကျွန်တော့်အမေကို ဒီလိုမေးခဲ့မယ်ဆိုရင်၊ “ချောကလက်မြေပဲလား၊ ချောကလက်ဖြူဂျင်းလား၊ ဒါမှမဟုတ် စတော်ဘယ်ရီ ရေခဲမုန့်လား။” အမေက ဖြေပါလိမ့်မယ်၊ “အင်း၊ ကျေးဇူးပြုပြီး၊ ငါတစ်ခုစီ မြည်းကြည့်လို့ရမလား။” ဘယ်သူက ကိုယ့်အမေ့ကို မရဘူးလို့ပြောနိုင်မှာလဲဗျာ၊ အထူးသဖြင့် သူမက ဘဝရဲ့အနံ့အရသာတွေအားလုံးကို နှစ်သက်တဲ့အခါမှာပေါ့။
ဘယ်ဆုံးဖြတ်ချက်တွေက သူမဘဝကို အများဆုံးပုံဖော်ခဲ့လဲလို့ ကျွန်တော် အမေ့ကို တစ်ခါမေးဖူးပါတယ်။
“ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားတစ်ဦးအဖြစ် ဗတ္တိဇံခံခဲ့တာနဲ့ ဟာဝိုင်အီကနေ မင်းအဖေနဲ့တွေ့ခဲ့တဲ့ ပြည်မကြီးကို ပြောင်းလာခဲ့တာ” လို့သူမကဖြေပါတယ်။
အသက် ၁၅ နှစ်မှာ ဗတ္တိဇံခံခဲ့ပြီး၊ ကြီးမားတဲ့မိသားစုက တစ်ဦးတည်းသောအသင်းဝင်အဖြစ် အသင်းတော်မှာပါဝင်ခဲ့တဲ့အတွက်၊ ကျွန်တော့်ရဲ့အမေက ပဋိညာဉ်အပေါ်သစ္စာရှိပြီး သူမရဲ့အသက်တာနဲ့ ကျွန်တော်တို့မိသားစုမျိုးဆက်အားလုံးကိုကောင်းချီးပေးမယ်ဆိုတဲ့ ယုံကြည်မှုကို ကိုယ်တော်ရှင်ဆီထားခဲ့ပါတယ်။ သင့်ရဲ့မိသားစုဝင်တွေကို သင်သတိရသလိုမျိုး၊ ကျွန်တော့်အမေကို ကျွန်တော်လွမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေက မရှိတော့တာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ သူမက ဒီနေရာမှာပဲ ရှိမနေတာပါ။ နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းကိုပြုတဲ့ ရဲရင့်တဲ့ပုံဥပမာကောင်းတွေအဖြစ် ကွယ်လွန်သွားကြတဲ့ သူမနဲ့ တခြားသူများအားလုံးကို ကျွန်တော်ကချီးကျူးဂုဏ်ပြုပါတယ်။
အသေအချာပါပဲ၊ နေ့စဉ်အသက်တာ၌ ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်းက ကိုယ်တော်ရှင်ရဲ့သန့်ရှင်းရာအိမ်တော်ကို မကြာခဏရောက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေက အသင်းဝင်ဖြစ်စေ မိတ်ဆွေတွေဖြစ်စေ၊ အဲဒါကအမှန်ပါပဲ။
သူငယ်ချင်းသုံးယောက်က ထိုင်းနိုင်ငံ ဘန်ကောက်ဗိမာန်တော် ဖွင့်လှစ်မိတ်ဆက်ပွဲကို လာရောက်ခဲ့ကြပါတယ်။
“ဒီနေရာကို တကယ့်ကိုစိတ်သက်သာစေတဲ့နေရာပဲ” လို့တစ်ယောက်ကပြောပါတယ်။
ဗတ္တိဇံခံတဲ့အခန်းမှာ၊ နောက်တစ်ယောက်က “ငါဒီမှာရှိတဲ့အခါ၊ သန့်ရှင်းအောင် ဆေးကြောချင်ပြီး အပြစ်တွေထပ်မလုပ်ချင်တော့ဘူး” လို့ပြောပါတယ်။
တတိယတစ်ယောက်က၊ “ဝိညာဉ်ရေးရာတန်ခိုးကို မင်းတို့ခံစားနိုင်လား”လို့ပြောခဲ့ပါတယ်။
မြင့်မြတ်သော စကားလုံးကိုးလုံးဖြင့်၊ ကျွန်တော်တို့ရဲ့ ဗိမာန်တော်က ဖိတ်ခေါ်ပြီး ထုတ်ဖော်ကြေညာပါတယ်၊
“ကိုယ်တော်ရှင်ထံသန့်ရှင်းစေခြင်း။
ကိုယ်တော်ရှင်ထံ သန့်ရှင်းစေခြင်းက နေ့စဉ်အသက်ရှင်နေထိုင်မှုကို သန့်ရှင်းမွန်မြတ်စေပါတယ်။ အဲဒါက ကျွန်တော်တို့ကို ကိုယ်တော်ရှင်နဲ့ ကျွန်တော်တို့အချင်းချင်းထံ ပိုမိုနီးကပ်လာစေပြီး ကျွန်တော်တို့ရဲ့အဘဘုရားသခင်၊ ယေရှုခရစ်တော်၊ ကျွန်တော်တို့ချစ်ခင်သူများနဲ့ နေထိုင်နိုင်အောင် ပြင်ဆင်ပေးပါလိမ့်မယ်။
ကျွန်တော့်သူငယ်ချင်းလိုပဲ၊ ကောင်းကင်ဘုံရှင်အဘက သင့်ကိုချစ်လားဆိုတာ သင်လည်းသိချင်ပါလိမ့်မယ်။ အဖြေကတော့ ပဲ့တင်ရိုက်နေပါတယ်၊ လုံးဝကို ချစ်ပါတယ်။ ကျွန်တော်တို့က နေ့ရက်တိုင်းမှာ ကိုယ်တော်ရှင်ထံသန့်ရှင်းခြင်းကို ကိုယ်ပိုင်အရာတစ်ခုအဖြစ် ပြုလုပ်မယ်ဆိုရင်၊ သူရဲ့ ချစ်ခြင်းမေတ္တာကို ရာသက်ပန် ပျော်ရွှင်စွာခံစားရပါလိမ့်မယ်။ ထိုအကြောင်းကို၊ ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။