အထွေထွေညီလာခံ
“ငါသည် ထိုသူဖြစ်၏”
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


15:23

“ငါသည် ထိုသူဖြစ်၏”

ကောင်းကင်ဘုံရဲ့အလိုတော်ကို—အကြွင်းမဲ့သစ္စာစောင့်သိကြောင်း ထင်ရှားတဲ့ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာဟာ—တည်မြဲပြီး ဆက်လက်တည်တံ့နေပါတယ်ခင်ဗျာ။

ဒီနေ့က ဥပုသ်နေ့ဖြစ်ပြီး၊ ယေရှုခရစ်တော်နဲ့ သူရဲ့လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရခြင်းအကြောင်း ဟောကြားဖို့ ကျွန်တော်တို့ စုဝေးနေကြတာပဲဖြစ်ပါတယ်။ ကျွန်‌တော့်ရဲ့ ရွေးနုတ်ရှင်ဟာ အသက်ရှင်ဖြစ်ကြောင်း ကျွန်တော်သိပါတယ်။

ယေရှုခရစ်တော်ရဲ့သေခြင်းရှိရာဘဝ နောက်ဆုံးအပတ်ကဒီမြင်ကွင်းကို စဉ်းစားကြည့်ပါ။ တုတ်တွေ၊ ဓားတွေကိုင်ဆောင်ထားတဲ့ ရောမစစ်သူရဲတွေအပါအဝင်၊ လူအုပ်ကြီးက စုဝေးနေခဲ့ကြတယ်။ ယဇ်ပုရောဟိတ်အကြီးတွေစေလွှတ်လိုက်တဲ့ မင်းလုလင်တွေက လက်ထဲမှာ မီးရှုးတွေကိုင်ဆွဲလာကြတယ်၊ အဲဒီသဲကြီးမဲကြီးလူအုပ်ကြီးက မြို့တစ်မြို့ကို သိမ်းပိုက်ဖို့ ထွက်လာတာဟုတ်ပါဘူး။ ဒီညမှာ သူတို့က သူ့ဘဝတစ်လျှောက်လုံးမှာ လက်နက်မကိုင်ဆောင်၊ စစ်ရေးလေ့ကျင့်မှုမခံယူ၊ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာ ဘယ်တုန်းကမှမပါဝင်ခဲ့သူ လူတစ်ဦးကိုသာရှာဖွေနေခဲ့ကြတာပါ။

စစ်သူရဲတွေချဉ်းကပ်လာတဲ့အချိန်မှာ၊ သခင်ယေရှုက၊ သူ့တပည့်တော်တွေကိုကာကွယ်ဖို့၊ ရှေ့ကိုထွက်ရပ်ပြီး၊“အဘယ်သူကိုရှာကြသနည်း” လို့မေးခဲ့ပါတယ်။ “နာဇရက်မြို့သားယေရှု”၊ လို့ သူတို့က ဖြေပါတယ်။ သခင်ယေရှုက၊ “ငါသည်ထိုသူဖြစ်၏ လို့ဖြေကြားခဲ့ပါတယ်။ ငါသည်ထိုသူဖြစ်၏ဟု၊ မိန့်တော်မူလျှင် … ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။”

ကျွန်တော့်အတွက်တော့၊ အဲဒါက ကျမ်းစာတွေအားလုံးထဲမှာ စိတ်အလှုပ်ရှားစရာအကောင်းဆုံး ကျမ်းစာတစ်ကြောင်းပါပဲ။ အခြားအရာအားလုံးထက်၊ အဲဒါက ကျွန်တော့်ကို ဒီလို အရှင်းလင်းဆုံး နားလည်စေပါတယ်၊—အဘယ်လက်နက်မျှကိုင်ဆောင်မထားတဲ့ ဓမ္မဟောင်းကျမ်းရဲ့ ကြီးမြတ်သောယေဟောဝါနှင့် ဓမ္မသစ်ကျမ်းရဲ့သိုးထိန်းကောင်း—ဘုရားသခင့်သားတော်ရဲ့ မျက်မှောက်၌ရှိရုံဖြင့်—ဤငြိမ်းချမ်းရေးမင်းသား၊ မုန်တိုင်းမှ ဤခိုလှုံရာဖြစ်သူ၏ အသံကို ကြားရုံဖြင့်၊ ရန်ဘက်ပြုသူများကို တုန်လှုပ်ခြောက်ခြားစွာ ဆုတ်ခွာစေ၊ ရုပ်ပျက်ဆင်းပျက် စုပုံလဲကျစေပြီး၊ ထိုညတွင် စားဖိုဆောင်၌ တာဝန်ကျဖို့သာ ၎င်းတို့အားလုံးကို ဆုတောင်းမိစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က၊ ကိုယ်တော်အောင်ပွဲခံလျက် မြို့ထဲကိုဝင်လာတဲ့အခါ၊ ကျမ်းစာအရ၊ “တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊” “ဤသူကားအဘယ်သူနည်း”ဟု မေးမြန်းကြပါတယ်။ “ဤသူကားအဘယ်သူနည်း” ဆိုတဲ့ မေးခွန်းကို ဒီဖရိုဖရဲဖြစ်နေတဲ့ စစ်သူရဲတွေ အခုမေးနေလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်။

အဲဒီမေးခွန်းအတွက်အဖြေကတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်မှာမရှိနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတာ့ ယေရှာယက ရာစုနှစ်၇ခုလောက်စောပြီး “ပမာဏပြုစရာအဆင်းတင့်တယ်ခြင်းမရှိ၊ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့်မပြည့်စုံ” လို့ ပရောဖက်ပြုဟောခဲ့ပါတယ်။ အဖြေက သူ့ရဲ့ ပြောင်ရောင်နေတဲ့ အဝတ်ဗီရို ဒါမှမဟုတ် ကြီးမားတဲ့ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုမှာလည်း မရှိတာ သေချာပါတယ်၊ အဲဒါတွေ သူ့မှာ တစ်ခုမှမရှိပါဘူး။ အဖြေက ဒေသန္တရတရားဇရပ်တွေဆီကနေသင်ယူခဲ့တဲ့ ကျွမ်းကျင်လေ့ကျင့်မှုမျိုးတွေကြောင့်လည်း မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ကိုယ်တော်က အဲဒါတွေကို လေ့လာသင်ယူခဲ့ကြောင်း ကျွန်တော်တို့မှာ သက်သေမရှိလို့ပါ၊ ဒါပေမယ့် ကိုယ်‌တော်ရှင်ဟာ ငယ်ရွယ်စဉ်ကပင် ကောင်းမွန်စွာပြင်ဆင်ထားတဲ့ကျမ်းပြုဆရာတွေနဲ့ ကျမ်းတတ်တွေကို ရှုပ်ထွေးစေပြီး၊ “အစိုးရသောသူနည်းတူ“ သူ့ရဲ့ဩဝါဒနဲ့ ထိုသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဗိမာန်တော်ထဲမှာ သင်ကြားခဲ့ခြင်းကနေ ယေရုရှလင်မြို့ထဲကို ‌အောင်ပွဲခံလျက်ဝင်လာပြီး ဒီလိုတရားမမျှတဘဲ ဖမ်းဆီးခံရတဲ့ ‌နောက်ံဆုံးချိန်ထိ၊ ယေရှုဟာ မကြာခဏ ခက်ခဲပြီး၊ ကောက်ကျစ်တဲ့ အခြေအနေတွေကို အမြဲတမ်းဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်၊ အဲဒီမှာလည်း သူက အမြဲတမ်းအောင်နိုင်ခဲ့ပါတယ်—ကောင်းကင်အရှင်သခင်ဖြစ်သော ဒီအန်‌အေကလွဲရင် ကျွန်တော်တို့မှာ ရှင်းပြစရာမရှိတဲ့ အောင်ပွဲတွေဖြစ်ပါတယ်။

အခုချိန်ထိ သမိုင်းတစ်လျှောက်မှာ တော်တော်များများက ကျွန်တော်တို့စိတ်ထဲက သူ့ရဲ့ပုံရိပ်နဲ့ သူဘယ်သူဖြစ်ကြောင်း သက်သေခံခြင်းကို သမာရိုးကျတွေးရုံသာမက၊ အသေးအဖွဲတစ်ခုလိုတောင် မြင်ခဲ့ကြပါတယ်။ သူတို့က သူ့ရဲ့ဖြောင့်မတ်မှုကို အဖြစ်သည်းလွန်းရုံသက်သက်၊ သူ့ရဲ့တရားမျှတမှုကို အမျက်‌ဒေါသသက်သက်၊ သူ့ရဲ့ကရုဏာတော်ကို လျော့ရဲ့ခြင်းသက်သက်အဖြစ် ပုံဖျက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို စိတ်မသက်မသာဖြစ်စေတဲ့ သွန်သင်ချက်တွေကို လိုက်လျောစွာ လျစ်လျူရှုထားတဲ့ ကိုယ်တော်ရှင်ရဲ့ အဲလိုရိုးရှင်းတဲ့ပုံစံတွေကို ကျွန်တော်တို့ အပြစ်ရှိသလို ခံစားလို့မဖြစ်ပါဘူး။ အဲလို “ပုံရိပ်ကျဆင်းစေခြင်း” ကို သူ့ရဲ့ အဆုံးစွန်ပြဌာန်းထားသောကောင်းမြတ်ခြင်းဖြစ်တဲ့၊ သူ့ရဲ့ချစ်ခြင်းနဲ့ စပ်ဆိုင်တဲ့အချိန်မှာတောင် တကယ်ပြုလုပ်ကြပါတယ်။

သူ့ရဲ့လူဇာတိဘဝနဲ့သာသနာပြုခရီးစဉ်အတွင်း၊ ယေရှုက ကြီးမြတ်တဲ့ ပညတ်တော်နှစ်ပါးကို သင်ကြားပေးခဲ့ပါတယ်။ အဲဒီပညတ်တော်တွေကို ဒီညီလာခံမှာလည်းသင်ကြားမှာဖြစ်ပြီး ရာသက်ပန်သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ “သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ်လော့ [နှင့်] ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။” ကျွန်တော်တို့က ဒီလိုအရေးကြီးပြီး ခွဲခြားလို့မရအောင်ချိတ်ဆက်ထားတဲ့ စည်းမျဉ်းနှစ်ခုနဲ့ ကယ်တင်ရှင်နောက် သစ္စာရှိစွာ လိုက်လျှောက်တော့မယ်ဆိုရင်၊ ကျွန်တော်တို့က သူ အမှန်တကယ် မိန့်ဆိုခဲ့တဲ့အတိုင်း မြဲမြံစွာ လိုက်နာသင့်ပါတယ်။ သူအမှန်တကယ်မိန့်ဆိုခဲ့တာကတော့၊ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။” အဲဒီညနေခင်းမှာပဲ၊ “ငါသည် သင်တို့ကိုချစ်သည့်နည်းတူ အချင်းချင်းချစ်ကြလော့”ဟု ကျွန်တော်တို့ကို မိန့်‌တော်မူခဲ့ပါတယ်။

အဲဒီကျမ်းစာတွေမှာ၊ တစ်ခါတစ်ရံ မေတ္တာလို့ ရည်ညွှန်းတဲ့—စစ်မှန်သော၊ ခရစ်တော်ကဲ့သို့ချစ်ခြင်းကို ပြဌာန်းတဲ့အရည်အသွေးမြှင့်စကားစုတွေက—လုံးဝမရှိမဖြစ်ပါပဲ။

သူတို့က ဘာကို ပြဌာန်းပါသလဲ။ ယေရှုက ဘယ်လိုချစ်ခဲ့ပါသလဲ။

ပထမဦးစွာ၊ သူက “[သူ၏]စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား ရှိသမျှ” ဖြင့် ချစ်ခဲ့ပြီး နက်နဲသောနာကျင်မှုကို ကုစားနိုင်စွမ်းနဲ့ ခက်ခဲသောအမှန်တရားများ ပြောဆိုနိုင်စွမ်းရှိပါတယ်။ အတိုချုပ်အားဖြင့်၊ သူက တစ်ချိန်တည်းမှာ ကရုဏာဖြင့် အုပ်ချုပ်နိုင်ပြီး အမှန်တရားကိုလည်း အခိုင်အမာလက်ကိုင်ထားသူဖြစ်ပါတယ်။ လေဟိက သားဖြစ်သူယာကုပ်ကို ကောင်းချီးပေးခဲ့တဲ့အတိုင်း၊ “ရွေးနုတ်ခြင်းသည်ကား၊ သန့်ရှင်းသောမေရှိယကိုယ်၌ နှင့် မေရှိယအားဖြင့် ဖြစ်ပေါ်လာပေ၏။အကြောင်းမူကား၊ သူသည်ကျေးဇူးတော်၊ သမ္မာတရားတို့နှင့်ပြည့်စုံ၏။” ကိုယ်တော်ရဲ့ချစ်ခြင်းက လိုအပ်ချိန်မှာ အားတက်စရာကောင်းတဲ့ ပွေ့ဖက်မှုတစ်ခုဖြစ်ပြီး မျိုချရန်လိုအပ်ပါက ခါးသောဖလားတစ်ခွက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်‌တော်တို့က စိတ်နှလုံး၊အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသဖြင့်— ချစ်ဖို့ ကြိုးစားကြပါတယ်—ဘာကြောင့်လဲဆို‌တော့ အဲဒါက ကိုယ်တော်ရှင် ကျွန်တော်တို့ကို ချစ်တဲ့နည်းလမ်းဖြစ်လို့ပါပဲ။

ယေရှု၏ သာလွန်မြင့်မြတ်သော မေတ္တာ၏ ဒုတိယ ဝိသေသလက္ခဏာမှာ ဘုရားသခင်မိန့်တော်မူသမျှကို နာခံခြင်းဖြစ်ပြီး၊ ကောင်းကင်ဘုံရှင်အဘ၏ အလိုတော်နဲ့ အပြုအမူအတိုင်း အစဉ်အမြဲ ချိန်ညှိနေခြင်း ဖြစ်ပါတယ်။

ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် အနောက်ကမ္ဘာခြမ်းသို့‌ ရောက်ရှိတဲ့အခါ၊ ခရစ်တော်က နီဖိုင်းလူမျိုးများကိုပြောခဲ့သည်မှာ၊ “ရှုလော့၊ ငါသည် ယေရှုခရစ်တော်ဖြစ်၏။ … ငါ့အား ခမည်း‌တော်ပေးတော်မူသည့် ခါးသောခွက်ကို ငါသောက်၍၊ … ရှေးဦးစွာကတည်းက အရာရာ၌ … ခမည်းတော်၏အလိုတော်ကို ဆောင်ခဲ့လေပြီ။”

သူ့ကိုယ်သူမိတ်ဆက်နိုင်တဲ့ များစွာသောနည်းလမ်းတွေထဲက၊ ယေရှုဟာ ခမည်းတော်ရဲ့အလိုတော်ကို နာခံခြင်းကြောင်း ကြေညာခြင်းအားဖြင့် သူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်—ဘုရားသခင်ရဲ့တစ်ဦးတည်းသောသားတော်ဟာ သူအကူအညီအလိုအပ်ဆုံးအချိန်မတိုင်ခင် အနည်းငယ်မှာ၊ သူ့ခမည်းတော်ထံမှလုံးလုံးလျားလျားစွန့်ပစ်ခြင်းကို ခံစားခဲ့ရသော်လည်း ဂရုမပြုခဲ့သူဖြစ်ပါတယ်။ ကောင်းကင်ဘုံ၏အလိုတော်ကို အကြွင်းမဲ့သစ္စာစောင့်သိကြောင်းထင်ရှားတဲ့—ခရစ်တော်ရဲ့မေတ္တာက—လွယ်ကူပြီး သက်တောင့်သက်သာရှိတဲ့နေ့ရက်များကိုသာမက အမှောင်မိုက်ဆုံးနဲ့အခက်ခဲဆုံးကာလများတစ်လျှောက်တွင်လည်း တည်မြဲပြီး ဆက်လက်တည်တံ့နေပါတယ်။

ယေရှုက “ဝမ်းနည်းခြင်းများနှင့်လူသားတစ်ဦး၊” ဖြစ်ခဲ့ကြောင်း ကျမ်းစာများက ဖော်ပြခဲ့ကြပါတယ်။ သူက ဝမ်းနည်းမှု၊ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ပျက်အားငယ်မှုနဲ့ ကြီးစွာသောအထီးကျန်ခြင်းတို့ကို ခံစားခဲ့ရပါတယ်။ လက်ရှိအချိန်နဲ့အချိန်တိုင်းမှာ၊ သခင်ယေရှုရဲ့ချစ်ခြင်းဟာ မချို့တဲ့သကဲ့သို့ သူ့ခမည်းတော်၏ချစ်ခြင်းဟာလည်း မချို့တဲ့ခဲ့ပါဘူး။ ထိုကဲ့သို့ ရင့်ကျက်ပြီးစစ်မှန်တဲ့ချစ်ခြင်းဖြင့်—ပုံဥပမာဆောင်ခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် ပေးကမ်းဝေငှခြင်းပြုပါက—ကျွန်တော်တို့ရဲ့ချစ်ခြင်းဟာလည်း ချို့တဲ့မှာမဟုတ်ပါဘူး။

အဲဒါကြောင့်၊ တစ်ခါတစ်ရံ သင်ပိုကြိုးစားတာနဲ့အမျှ၊ ရဖို့ ပိုပြီးခက်ခဲလာတယ်၊ သင့်ရဲ့ အကန့်အသတ်တွေနဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါ၊ သင်ရဲ့ယုံကြည်ခြင်းကို တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုက စိန်ခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို သင်တွေ့ပါလိမ့်မယ်၊ သင်က စိတ်အားထက်သန်စွာ အားထုတ်ရင်း၊ ကြောက်ရွံခြင်းအခိုက်အတန့်တွေက သင့်အပေါ်လွှမ်းမိုးမှုရှိနေသေးတာကို ခံစားနေရမယ်ဆိုရင်၊ ခေတ်ကာလတိုင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ယုံကြည်ခြင်းရှိသူအချို့အတွက် အဲလိုကြုံတွေ့ရမယ်ဆိုတာ အောက်မေ့သတိရပါ။ သင်လုပ်ဆောင်ဖို့ကြိုးစားတဲ့ ကောင်းမြတ်တဲ့အရာမှန်သမျှကိုဆန့်ကျင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ စကြာဝဠာထဲက စွမ်းအားတစ်ခုရှိကြောင်းလည်း သတိရပါ။

အဲဒါကြောင့်၊ ကြွယ်ဝစဉ်သာမက ဆင်းရဲမွဲတေစဉ်မှာ၊ သီးသန့်ချီးမြှောက်ခံရစဉ်သာမက အများသူငှာပြစ်တင်ဝေဖန်ခံရစဉ်မှာ၊ ပြန်လည်ဆောင်ယူခြင်းရဲ့သာလွန်မြင့်မြတ်တဲ့ အစိတ်အပိုင်းများသာမက အဲဒီမှာ မလွှဲမရှောင်သာပါဝင်ရမယ့် လူသားများရဲ့အားနည်းချက်များအားဖြင့်၊ ကျွန်တော်တို့က ခရစ်တော်ရဲ့ စစ်မှန်သော အသင်းတော်ကို ဆက်လက်ထူထောင်ပြီး တည်မြဲစေမှာဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရွေးနုတ်ရှင်နဲ့၊ တစ်သက်တာသင်တန်းတွင်—မိတ်ဆက်ပဟေဠိအတွက်သာမဟုတ်ဘဲ နောက်ဆုံးစာမေးပွဲအထိ သင်ယူဖို့စာရင်းပေးထားသောကြောင့်ဖြစ်ပါတယ်။ ဝမ်းမြောက်စရာကတော့ သင်တန်းမစခင် ကျောင်းအုပ်ဆရာကြီးက ကျွန်တော်တို့ကို စာအုပ်ဖွင့်ဖြေနိုင်မယ့် အဖြေတွေ အကုန်‌ပေးထားပြီးသားဖြစ်ပါတယ်။ ဒါ့အပြင်၊ လမ်းတစ်လျှောက် ပုံမှန်မှတ်တိုင်တွေမှာ အဲဒီအဖြေတွေကို သတိပေးတဲ့ ဆရာများစွာရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့၊ ကျွန်တော်တို့ အတန်းပျက်ရင် ဒါတွေကအလုပ်ဖြစ်မှာမဟုတ်ပါဘူး။

“အဘယ်သူကိုရှာကြသနည်း။” “နာဇရက်မြို့သားယေရှု”လို့ ၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးရှိသမျှဖြင့် ဖြေကြပါတယ်။ “ငါသည် ထိုသူဖြစ်၏၊”လို့ သူမိန့်တော်မူတဲ့အခါ၊ ကိုယ်‌တော်က အသက်ရှင်သောခရစ်တော်ဖြစ်ကြောင်း၊ သူက ကျွန်တော်တို့အပြစ်များအတွက် တစ်ဦးတည်းအပြစ်ဖြေခဲ့ကြောင်း၊ ကျွန်တော်တို့ကို စွန့်ပစ်လိုက်ပြီလို့ ထင်တဲ့အချိန်မှာတောင် သူက ကျွန်တော်တို့ကို အတူခေါ်ဆောင်သွားကြောင်း၊ ကျွန်တော်တို့ ဒူးထောက်ပြီး ကျွန်‌တော်တို့နှုတ်နဲ့ဝန်ခံရပါမယ်။ ကျွန်တော်တို့ဟာ သူ့ရှေ့မှာရပ်ပြီး၊ သူ့ရဲ့ လက်နဲ့ခြေမှာ ဒဏ်ရာတွေကို မြင်တဲ့အခါ၊ ကျွန်တော်တို့ရဲ့အပြစ်တွေကို ခံနိုင်ရည်ရှိပြီး ဝမ်းနည်းပူဆွေးမှုနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ၊ သူ့ခမည်းတော်ရဲ့ အလိုတော်ကို အပြည့်အဝနာခံဖို့ဆိုတာ သူ့အတွက် ဘယ်လိုအဓိပ္ပါယ်ဖြစ်ကြောင်း ကျွန်တော်တို့ စတင် သဘောပေါက်လာပါလိမ့်မယ်—အရာအားလုံးဟာ ကျွန်တော်တို့အတွက်ထားရှိတဲ့ ဖြူစင်သောချစ်ခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ပါးသူများကို ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဗတ္တိဇံခံခြင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို မိတ်ဆက်ပေးရန်နဲ့ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ ကျွန်‌တော်တို့ရဲ့ကောင်းချီးတွေကိုလက်ခံရရှိဖို့—အခြေခံကျတဲ့ “အခြေခံမူများနဲ့ဘိသိက်မင်္ဂလာများ” ရှိပါတယ် သူတို့တွေက ဘုရားသခင်နဲ့ အိမ်နီးချင်းများအပေါ်ထားရှိတဲ့ ကျွန်‌တော်တို့ရဲ့ချစ်ခြင်းမေတ္တာကို နောက်ဆုံးမှာ ထုတ်ဖော်ပြသပြီး စစ်မှန်တဲ့ခရစ်တော်ရဲ့အသင်းတော်အဖြစ် ဝမ်းမြောက်စွာ အသိအမှတ်ပြုပါတယ်။

ညီအစ်ကိုမောင်နှများခင်ဗျာ၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ကျွန်တော်တို့ချစ်သောသူများနဲ့အတူချီးမြှောက်ခြင်းခံရဖို့ ဘုရားသခင် ပံ့ပိုးပေးထားတဲ့ စီးတော်ယာဉ်ဖြစ်ကြောင်း ကျွန်တော် သက်သေခံပါတယ်။ အဲ့တာကိုသွန်သင်တဲ့ ဧဝံဂေလိတရားဟာ မှန်ကန်ပါတယ်၊ အဲ့တာကိုတရားဝင်ဖြစ်စေသော ယဇ်ပုရောဟိတ်အခွင့်အာဏာကလဲ လောကီအရာကနေ ဆင့်ပွားထားတာမဟုတ်နေပါဘူး။ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က သူ့ယခင်ဆက်ခံသူများနဲ့ နောင်လာမယ့်ဆက်ခံသူများကဲ့သို့၊ ဘုရားသခင်ရဲ့ ပရောဖက်တစ်ပါးဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ တစ်နေ့မှာ အဲဒီပရောဖက်ပြုလမ်းညွှန်ချက်က “လျှပ်စစ်သည် အရှေ့မှပြက်သကဲ့သို့၊” ဆင်းသက်လာတဲ့ ကယ်တင်ခြင်းတမန်‌တော်ကိုတွေ့ရန် မျိုးဆက်တစ်ခုကို ဦးဆောင်မှာဖြစ်ပြီး ကျွန်တော်တို့က “နာဇရက်မြို့သားယေရှု”လို့ ကြွေးကြော်ကြပါလိမ့်မယ်။ ထာဝရလက်ရုံးတော်ကိုဆန့်၍ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်းဖြင့်၊ သူမိန့်တော်မူခဲ့ပါတယ်၊ “ငါသည်ထိုသူဖြစ်၏၊” တမန်တော်တို့၏တန်ခိုးနှင့်အတူ သန့်ရှင်းသောနာမတော်ဖြစ်သော၊ ယေရှုခရစ်တော်၏ အခွင့်အာဏာအောက်၌ပင် ကျွန်တော်ကတိပြုပါတယ်၊ အာမင်။