သေခြင်းရှိရာဘဝသည် အကျိုးရှိ၏။
ကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေရှိပေမယ့်၊ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖြစ်တဲ့ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ ကျရှုံးဖို့ မဖြစ်နိုင်တဲ့ ပျော်ရွှင်မှုအစီအစဉ်ကို ရေးဆွဲထားပါတယ်။
ကျွန်တော်က ကျွန်တော့်အသင်းတော်စုက သက်ကြီးညီအစ်မတစ်ယောက်ကို အိမ်မှာသင်ကြားဖို့ နှစ်ပေါင်းများစွာ တာဝန်ပေးခံခဲ့ရပါတယ်။ သူမရဲ့ ဘဝက မလွယ်ကူခဲ့ပါဘူး။ သူမမှာ ကျန်းမာရေးပြဿနာအမျိုးမျိုးရှိခဲ့ပြီး ကလေးဘဝက ကစားကွင်းမှာဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် တစ်သက်တာနာကျင်မှုကို ခံစားခဲ့ရပါတယ်။ အသက် ၃၂ နှစ်မှာ ကွာရှင်းခဲ့ပြီး ပြုစုပျိုးထောင်ဖို့ ကလေး ၄ ယောက် ရှိခဲ့ကာ၊ အသက် ၅၀ မှာ ထပ်ပြီးအိမ်ထောင်ပြုခဲ့ပါတယ်။ သူမရဲ့ ဒုတိယခင်ပွန်းက သူမ အသက် ၆၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပြီး မုဆိုးမတစ်ယောက်အဖြစ် နောက်ထပ် ၂၆ နှစ် နေထိုင်ခဲ့ရပါတယ်။
သူမရဲ့ တစ်သက်တာ စိန်ခေါ်မှုတွေကြားထဲက၊ သူမက ပဋိညာဉ်တွေကို အဆုံးတိုင်အောင် စောင့်ထိန်းခဲ့ပါတယ်။ အဲဒီညီအစ်မက စိတ်အားထက်သန်တဲ့ ဗီဇပညာရှင်တစ်ဦး၊ ဗိမာန်တော်တက်ရောက်သူတစ်ဦးဖြစ်ပြီး မိသားစုသမိုင်းတွေကို ပြုစုရေးသားခဲ့သူလည်းဖြစ်ပါတယ်။ သူမက ခက်ခဲတဲ့စုံစမ်းခြင်းတွေနဲ့၊ တစ်ခါတစ်ရံမှာ မေးစရာမလိုအောင် ဝမ်းနည်းမှုနဲ့အထီးကျန်မှုကို ခံစားခဲ့ရပေမယ့်၊ သူမမှာ ရွှင်လန်းတဲ့ မျက်နှာသွင်ပြင်နဲ့ ပျူငှာပြီး ဖော်ရွေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။
သူမကွယ်လွန်ပြီး ၉လအကြာမှာ၊ သူမရဲ့ သားတစ်ယောက်က ဗိမာန်တော်မှာ အံ့အားသင့်ဖွယ်အဖြစ်အပျက်တစ်ခု တွေ့ကြုံခဲ့ပါတယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးတော်နဲ့ သူ့အမေက သူ့အတွက်အမှာစကားတစ်ခု ပြောကြားခဲ့ကြောင်း သူသိရှိခဲ့ပါတယ်။ သူမက သူ့ဆီကို ဆက်သွယ်ခဲ့ပါတယ်၊ ဒါပေမယ့် အမြင်အာရုံနဲ့မဟုတ်သလို ကြားနိုင်တဲ့စကားတွေနဲ့လည်း မဟုတ်ခဲ့ပါဘူး။ အောက်ပါ မှားနိုင်ဖွယ်ရာမရှိတဲ့ အမှာစကားက သူ့ရဲ့အမေဆီကနေ သားဖြစ်သူရဲ့စိတ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်၊ “ငါ မင်းကိုသိစေချင်တာက သေခြင်းရှိရာဘဝက အကျိုးရှိပါတယ်၊ ငါ့ဘဝမှာအရာအားလုံးက ဘာလို့ဖြစ်ပျက်ခဲ့လဲဆိုတာ အခုနားလည်သွားပါပြီ—အားလုံးကအဆင်ပြေပါတယ်။ ”
တစ်စုံတစ်ယောက်က သူမရဲ့အခြေအနေနဲ့ သူမသည်းခံကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်မယ်ဆိုရင် ဒီအမှာစကားက ပိုပြီးတော့တောင် အံ့အားသင့်ဖွယ်ကောင်းပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သေခြင်းရှိရာဘဝက အကျိုးရှိပါတယ်။ အကျိုးရှိအောင် ရေးဆွဲထားတာပါ။ ကျွန်တော်တို့အားလုံးရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ အခက်အခဲတွေကြားကနေ၊ မေတ္တာရှင်၊ ဉာဏ်ပညာရှင်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကျဆုံးဖို့ မဖြစ်နိုင်တဲ့ ပျော်ရွှင်မှုအစီအစဉ်ကို ရေးဆွဲထားပါတယ်။ သူ့ရဲ့အစီအစဉ်က ကျွန်တော်တို့ရဲ့လူ့သဘာဝကျဆုံးမှုတွေကို ကျော်လွှားဖို့ နည်းလမ်းတစ်ခုပေးခဲ့ပါတယ်။ ကိုယ်တော်က ဒီလိုမိန့်တော်မူခဲ့ပါတယ်၊ “အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်—လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်မှာ ငါ၏အမှုတော်နှင့် ငါ၏ဘုန်းတော်ဖြစ်၏”
ဘယ်လိုပဲဖြစ်ပါစေ ၊ ကျွန်တော်တို့က ကိုယ်တော့်ရဲ့ “အမှုတော်နဲ့ ဘုန်းအသရေ၊ “သေခြင်းမရှိရာနဲ့ ထာဝရအသက်” ကိုတောင် အကျိုးကျေးဇူးခံစားရမယ်ဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ကျောင်းပို့ခံရမယ် သင်ကြားခံရမယ် ပြီးတော့ ငွေစစ်သောသူရဲ့ မီးကို ကျော်ဖြတ်ဖို့ တွေးထားရမှာဖြစ်ပါတယ်—တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ အဆုံးစွန်သောကန့်သတ်ချက်တွေအထိပါပဲ။ ဒီကမ္ဘာကြီးရဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို လုံးဝရှောင်ရှားဖို့ဆိုရင် သေခြင်းရှိရာဘဝအကျိုးရှိဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းစဉ်ကို ရှောင်တိမ်းသလိုဖြစ်နေပါလိမ့်မယ်။
အဲဒါကြောင့်၊ ခက်ခဲတဲ့အချိန်တွေ ကျွန်တော်တို့ဆီရောက်လာခဲ့ရင် မအံ့သြသင့်ပါဘူး။ ကျွန်တော်တို့ကိုစမ်းသပ်တဲ့ အခြေအနေတွေအပြင် ကျွန်တော်တို့ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်သည်းခံမှုကို လက်တွေ့ကျင့်သုံးဖို့ ကူညီပေးသူတွေနဲ့ ကြုံတွေ့ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တော်ရှင် မိန့်တော်မူတဲ့အတိုင်း၊ ကျွန်တော်တို့က အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ လိုပြီး အောက်မေ့ဖို့လိုပါတယ်။
“ငါ၏နာမတော်အတွက်၊ ငါ၏အမှုတော်၌ မိမိအသက်ကိုစွန့်သူမှန်သမျှသည်၊ အသက်ထာဝရရှင်ရာကိုပင် တစ်ဖန်တွေ့လိမ့်မည်။
“ထို့ကြောင့်၊ သင်တို့၏ရန်သူများ [သို့မဟုတ် ဤအသက်တာ၌ သင်တို့၏ပြဿနာများ၊ စိန်ခေါ်မှုများ၊ သို့မဟုတ် စမ်းသပ်ခြင်းများ]ကို မကြောက်ကြနှင့်၊ အကြောင်းမူကား၊ ငါစီရင်တော်မူလေပြီ … ၊ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်တို့ကို ထိုက်တန်မှုရှိကြောင်း တွေ့ရခြင်းငှာ၊ သင်တို့သည် သေခြင်းသို့တိုင်အောင်ပင်၊ ငါ၏ပဋိညာဉ်၌ နေထိုင်မည် မနေထိုင်မည်ကို ခပ်သိမ်းသောအရာတို့၌ သင်တို့ကို ငါစုံစမ်းတော်မူမည်။”
ကျွန်တော်တို့ရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ခံစားရတဲ့အခါ သို့မဟုတ် ကျွန်တော်တို့ဘဝရဲ့ ဝေပုံကျ အခက်အခဲထက် ပိုရနေတယ်လို့ခံစားရတဲ့အခါ၊ ကိုယ်တော်ရှင်ဣသရေလအမျိုးသားတွေကို မိန့်တော်မူခဲ့တာကို သတိရပါ၊
“သင်၏ သခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတလျှောက်လုံးကို အောက်မေ့ရမည်။”
လေဟိက သားဖြစ်သူယာကုပ်ကို သင်ကြားခဲ့တဲ့အတိုင်း၊
“သင်သည် ဆင်းရဲဒုက္ခများနှင့် ဝမ်းနည်းခြင်းများစွာတို့ကို ခံစားရလေပြီ။ … သို့သော်လည်း၊… [ဘုရားသခင်သည်] သင်၏ဆင်းရဲဒုက္ခများကို သင်၏အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေတော်မူလိမ့်မည်။… သို့ဖြစ်၍၊ သင်၏ရွေးနုတ်ရှင်၏ ဖြောင့်မတ်ခြင်းကြောင့်၊ သင်ရွေးနုတ်ခံရကြောင်း ငါသိ၏။”
ဘဝဆိုတာ အစမ်းသပ်ခံမြေပြင်ဖြစ်တဲ့အပြင် “ဒုက္ခတိမ်စိုင်မဲတွေက ကျွန်တော်တို့အပေါ်မှာအုပ်မိုးနေပြီး ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးဖို့ ခြိမ်းခြောက်တဲ့အခါ၊” “အဘယ်သို့ပင်ဖြစ်စေ—[ကိုယ်တော်ရှင်]ကို ကိုးစားသူမှန်သမျှသည် နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်းခံရလိမ့်မည်” ဆိုတဲ့ မောဇိယ ၂၃ မှာတွေ့ရတဲ့ ဘဝစိန်ခေါ်မှုတွေအတွက် ကတိတော်နဲ့ ဩဝါဒကို အောက်မေ့ခြင်းက အကူအညီဖြစ်ပါတယ်။
လူငယ်တစ်ဦးအနေနဲ့၊ ကျွန်တော်က အခြားသူရဲ့ မဖြောင့်မတ်တဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ အရှက်ရခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ၊ နှစ်ပေါင်းများစွာကြာအောင် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုနဲ့ ကိုယ်တော်ရှင်မျက်မှောက်မှာ ကျွန်တော့်ရဲ့ထိုက်တန်မှုကို ထိခိုက်စေခဲ့ပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ၊ ဒီပူဆွေးခြင်းကမ္ဘာထဲမှာ ကျွန်တော်တို့ခေတ္တနေထိုင်စဉ်အတွင်း ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သန်မာလာစေပြီး ကျွန်တော်တို့ကို တွေ့ကြုံဖို့မိန့်မှာထားတဲ့ ဘယ်လိုအခက်ခဲတွေကိုမဆို ခံနိုင်ရည်ရှိစေတယ်ဆိုတာ ကိုယ်တိုင်သက်သေခံပါတယ်။
ကျွန်တော်တို့က ရှင်ပေါလုရဲ့ အတွေ့အကြုံနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်၊
“[ငါခံရသော] ဗျာဒိတ်တော်အလွန်ထူးမြတ်၍ ငါသည်ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။
“ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်။
“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။”
ရှင်ပေါလုရဲ့ “ငါ့ကိုယ်၌ စူးသောဆူး” က ဘာလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ထိုအရာက ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် သွေးဆောင်မှုတစ်ခု ဟုတ် မဟုတ်ဆိုတာ သူက ဖော်ပြဖို့ မရွေးချယ်ခဲ့ပါဘူး။ ဒါပေမဲ့ သူက ရုန်းကန်ခဲ့ရပြီး ကိုယ်တော်ရှင်ကို အသနားခံခဲ့တာကြောင့် အဆုံးမှာ ကိုယ်တော်ရှင်ရဲ့ ခွန်အားနဲ့တန်ခိုးတော်က သူ့ကိုကျော်ဖြတ်ဖို့ ကူညီပေးခဲ့ကြောင်း အဲ့လောက်အသေးစိတ်ကို ကျွန်တော်တို့သိဖို့မလိုအပ်ပါဘူး။
ရှင်ပေါလုလိုပဲ၊ ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့ ကျွန်တော်က နောက်ဆုံးမှာ စိတ်ပိုင်းဆိုင်ရာရော ဝိညာဉ်ပိုင်းဆိုင်ရာပါ အားကောင်းလာခဲ့ပြီး၊ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဆုံးမှာတော့ ကျွန်တော်က အမြဲတမ်း တန်ဖိုးရှိတဲ့သူဖြစ်ကြောင်းနဲ့ ဧဝံဂေလိရဲ့ ကောင်းချီးတွေကို ထိုက်တန်တဲ့သူဖြစ်ကြောင်း သဘောပေါက်ခဲ့ပါတယ်။ ကယ်တင်ရှင်က ကျွန်တော်ရဲ့မထိုက်တန်တဲ့ခံစားမှုတွေကို ကျော်လွှားဖို့နဲ့ ကျူးလွန်သူကို စစ်မှန်တဲ့ခွင့်လွှတ်မှု ကမ်းလှမ်းဖို့ ကူညီခဲ့ပါတယ်။ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ကျွန်တော့်အတွက် ကိုယ်ပိုင်ဆုကျေးဇူးဖြစ်ပြီး ကောင်းကင်ဘုံရှင်အဘနဲ့ သူ့ရဲသားတော်က ကျွန်တော့်ကို စုံလင်စွာချစ်ကြောင်း နောက်ဆုံးမှာ သဘောပေါက်ခဲ့ပါတယ်။ ကိုယ်တော်ရှင်ရဲ့အပြစ်ဖြေခြင်းကြောင့်၊ သေခြင်းရှိရာဘဝက အကျိုးရှိပါတယ်။
ကယ်တင်ရှင်က အဲဒီအဖြစ်အပျက်တွေကြားထဲက ကျွန်တော့်ကိုကယ်တင်ခဲ့ပြီး ကျွန်တော့်ဘေးမှာရပ်တည်ခဲ့ကြောင်း သတိရဖို့ ကျွန်တော့်ကို တဖြည်းဖြည်းနဲ့ ကောင်းချီးပေးခဲ့တဲ့အချိန်မှာ၊ ကျွန်တော့် ဆယ်ကျော်သက်အရွယ်ရဲ့ ကံမကောင်းတဲ့အခြေအနေက ကျွန်တော့် ရဲ့ ကိုယ်ပိုင်လမ်းခရီးနဲ့အတွေ့အကြုံသာဖြစ်ပြီး၊ အဲဒီအခြေအနေကို ကျော်ဖြတ်နိုင်ခြင်းနဲ့ နောက်ဆုံးရလဒ်က တခြားသူတွေရဲ့ မဖြောင့်မတ်တဲ့အပြုအမူကြောင့် နာကျင်ခဲ့ရသူတွေနဲ့ဆက်လက်နာကျင်နေရတဲ့သူတွေကို မသက်ရောက်နိုင်ကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပါတယ်။
အကောင်းနဲ့အဆိုး ဘဝအခြေအနေတွေက ကျွန်တော်တို့ကို အရေးကြီးတဲ့သင်ခန်းစာတွေပေးကြောင်း ကျွန်တော်သိလာခဲ့ပါတယ်။ သေခြင်းရှိရာဘဝက အကျိုးရှိတယ်ဆိုတာ ကျွန်တော်အခုသိရှိပြီး သက်သေခံပါတယ်။ ကျွန်တော့်ရဲ့ အကောင်းနဲ့အဆိုး ဘဝအတွေ့အကြုံ စုပေါင်းရလဒ်အရ၊ ကျွန်တော်က တခြားသူတွေရဲ့လုပ်ရပ်ကြောင့် အပြစ်မဲ့တဲ့နစ်နာသူတွေကို သနားကြင်နာပြီး အဖိနှိပ်ခံရသူတွေအတွက် စာနာစိတ်ဖြစ်ပေါ်မိဖို့မျှော်လင့်မိပါတယ်။
ကျွန်တော်ရဲ့ အကောင်းနဲ့အဆိုး ဘဝအတွေ့အကြုံများအရ၊ ကျွန်တော်က တခြားသူတွေကို ပိုကြင်နာပြီး၊ ကယ်တင်ရှင်လိုမျိုး သူတို့ကိုဆက်ဆံပြီး၊ အပြစ်ပြုသူတွေကို ပိုမိုနားလည်ပြီး၊ ပြည့်ဝတဲ့ရိုးသားမှုရှိလာမယ်လို့ စိတ်ရင်းမှန်နဲ့မျှော်လင့်ပါတယ်။ ကယ်တင်ရှင်ရဲ့ကရုဏာတော်ကို ကိုးစားပြီး ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေကို စောင့်ထိန်းတာနဲ့အမျှ၊ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းကနေရရှိတဲ့ ပိုမိုကျယ်ပြန့်တဲ့အကျိုးကျေးဇူးတွေအဖြစ် ကျွန်တော်တို့က ပုံဥပမာဆောင်နိုင်မှာဖြစ်ပါတယ်။
သေခြင်းရှိရာဘဝက အကျိုးရှိကြောင်း နောက်ဆုံးပုံဥပမာကို ဝေငှပါမယ်။
ကျွန်တော့်ရဲ့အမေက သေခြင်းရှိရာဘဝတစ်လျှောက်လုံး မလွယ်ကူခဲ့ပါဘူး။ သူမက အထက်တန်းကျောင်းပြီးတော့ ဘွဲ့တံဆိပ်တွေ သို့မဟုတ် လောကီဂုဏ်ထူးတွေမရခဲ့သလို ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေလည်း မရခဲ့ပါဘူး။ သူမက ကလေးဘဝမှာ ပိုလီယိုရောဂါကူးစက်ခံခဲ့ရပြီး သူမရဲ့ဘယ်ဘက်ခြေထောက်က တစ်သက်လုံး နာကျင်ပြီး မသက်မသာဖြစ်ခဲ့ရပါတယ်။ အရွယ်ရောက်ပြီးချိန်မှာ၊ သူမက ခက်ခဲကြမ်းတမ်းတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အခြေအနေအများအပြားကို တွေ့ကြုံခဲ့ရပေမယ့် သူမရဲ့ ပဋိညာဉ်တွေကို သစ္စာရှိပြီး ကိုယ်တော်ရှင်ကို ချစ်ခဲ့ပါတယ်။
ကျွန်တော့်အမေ အသက် ၅၅ နှစ်မှာ၊ ကျွန်တော့်နောက်အစ်မဆုံးပါးသွားခဲ့ပြီး၊ ရှစ်လသား သမီးလေး၊ ကျွန်တော့်တူမက၊ အမိမဲ့ဖြစ်ခဲ့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်၊ အမေက မကြာခဏ အရမ်းခက်ခဲတဲ့အခြေအနေတွေကြားထဲက၊ ကျွန်တော့်တူမကို နောက်ထပ် ၁၇ နှစ်အထိ ကြီးပြင်းအောင် တာဝန်ယူပျိုးထောင်ခဲ့ပါတယ်။ သို့တိုင်၊ အဲလိုအတွေ့အကြုံတွေ ရှိခဲ့ပေမယ့်၊ သူမက မိသားစု၊ အိမ်နီးနားချင်းတွေနဲ့ အသင်းတော်စုအဖွဲ့ဝင်တွေကို ပျော်ရွှင်စွာနဲ့ လိုလားစွာ အမှုတော်ဆောင်ခဲ့ပြီး ဗိမာန်တော်မှာ ဘိသိက်မင်္ဂလာလုပ်သားအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပါတယ်။ သူမဘဝရဲ့နောက်ဆုံးနှစ်တွေမှာ၊ အမေက သတိမေ့ရောဂါတစ်မျိုးကို ခံစားခဲ့ရပြီး၊ မကြာခဏ စိတ်ရှုပ်ထွေးခဲ့တာကြောင့်၊ ဘိုးဘွားရိပ်သာတစ်ခုမှာ နေထိုင်ခဲ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက၊ သူမ မထင်မှတ်ပဲ ဆုံးပါးသွားချိန်မှာ သူမတစ်ယောက်တည်း ရှိနေခဲ့ပါတယ်။
သူမ ဆုံးပါးသွားပြီး လအတော်ကြာတော့၊ ကျွန်တော် ဘယ်တော့မှမမေ့နိုင်တဲ့ အိပ်မက်တစ်ခုမက်ခဲ့ပါတယ်။ ကျွန်တော့်အိပ်မက်ထဲမှာ၊ ကျွန်တော်က အသင်းတော်စီမံခန့်ခွဲရေးအဆောက်အဦးက ကျွန်တော့် ရုံးခန်းမှာ ထိုင်နေခဲ့ပါတယ်။ အမေက ရုံးခန်းထဲကို ဝင်လာခဲ့ပါတယ်။ သူမက ဝိညာဉ်ကမ္ဘာကလာတယ်ဆိုတာကို ကျွန်တော်သိနေခဲ့ပါတယ်။ ကျွန်တော်ခံစားခဲ့ရတဲ့ ခံစားချက်ကို အမြဲတမ်းမှတ်မိနေပါလိမ့်မယ်။ သူမက ဘာမှမပြောပေမဲ့၊ သူမဆီက ကျွန်တော်တစ်ခါမှမကြုံဖူးတဲ့ ဖော်ပြဖို့ခက်ခဲတဲ့ ဝိညာဉ်ပိုင်းဆိုင်ရာအလှတစ်ခု ဖြာထွက်နေခဲ့ပါတယ်။
သူမရဲ့ မျက်နှာသွင်ပြင်နဲ့ ဖြစ်တည်မှုက တကယ့်ကို အံ့မခန်းပါပဲ။ သူမရဲ့ ဝိညာဉ်ပိုင်းဆိုင်ရာစွမ်းအားနဲ့အလှကိုရည်ညွှန်းပြီး၊ “အမေ၊ အရမ်းလှတာပဲ”လို့ သူမကိုပြောခဲ့တာမှတ်မိပါတယ်။ သူမက ထပ်မံ စကားမပြောဘဲ ကျွန်တော့်ကို အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်တော့်အပေါ်ထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပါတယ်၊ ပြီးတော့ သူမကပျော်ရွှင်နေပြီး သူမရဲ့လောကီအရေးတွေ၊ စိန်ခေါ်မှုတွေကနေ လွတ်မြောက်သွားခဲ့ပြီး “အသရေထင်ရှားသောရှင်ပြန်ထမြောက်ခြင်း”ကို ထက်သန်စွာစောင့်ဆိုင်းနေတယ်ဆိုတာ သိခဲ့ပါတယ်။ အမေ့အတွက်၊ သေခြင်းရှိရာဘဝက အကျိုးရှိခဲ့ပြီး ကျွန်တော်တို့အတွက်လည်း အကျိုးရှိမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။
လူသားရဲ့ သေခြင်းမရှိရာနဲ့ ထာာဝရအသက်ကို ဖြစ်ပေါ်စေရန်မှာ ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုန်းတော်ဖြစ်ပါတယ်။ သေခြင်းရှိရာဘဝရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ကို သေခြင်းမရှိရာနဲ့ ထာဝရအသက်ဆီသို့ ကြီးပွားတိုးတက်စေတဲ့ ခရီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကျရှုံးဖို့ ဒီနေရာကို စေလွှတ်ခြင်း မဟုတ်ဘဲ ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့အစီအစဉ်မှာ အောင်မြင်ဖို့ စေလွှတ်ခြင်းဖြစ်ပါတယ်။
ဗိင်္ယာမိန်မင်းကြီးက ဒီလိုသွန်သင်ခဲ့ပါတယ်၊ “ထိုမှတဖန်၊ ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းသောသူတို့သည် ကောင်းချီးခံစားရ၍၊ ပျော်ရွှင်သောအခြေအနေကိုလည်း သင်တို့ဆင်ခြင်ကြစေကြောင်း ငါအလိုရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတွင် ကောင်းချီးခံစားရကြ၏။ ထို့အတူ သူတို့သည် အဆုံးတိုင်အောင် ဆက်၍သစ္စာရှိလျှင်၊ ကောင်းကင်ဘုံထဲသို့ ဝင်ခွင့်ရ၍၊ ထိုသို့အားဖြင့်၊ အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နှင့် အတူနေထိုင်နိုင်ကြ၏။” တနည်းအားဖြင့်၊ သေခြင်းရှိရာဘဝက အကျိုးရှိပါတယ်။
ကျွန်တော်တို့က ဧဝံဂေလိရဲ့ ဘိသိက်မင်္ဂလာတွေကို လက်ခံရရှိကာ၊ ဘုရားသခင်နဲ့ပဋိညာဉ်ပြုပြီး အဲဒီပဋိညာဉ်တွေကို စောင့်ထိန်းမယ်၊ နောင်တရမယ်၊ တစ်ပါးသူတွေကို အစေခံမယ်၊ အဆုံးတိုင်အောင်တည်ကြည်မယ်ဆိုရင်၊ သေခြင်းရှိရာဘဝကအကျိုးရှိတယ်ဆိုတာ ကျွန်တော်တို့လည်း ကိုယ်တော့်ဆီမှာ အာမခံချက်ရပြီး အပြည့်အဝယုံကြည်နိုင်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်က ယေရှုခရစ်တော်ကို သက်သေခံပြီး ကယ်တင်ရှင်ရဲ့ ကရုဏာတော်နဲ့ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ အသရေထင်ရှားတဲ့အနာဂတ်ကိုပြုနိုင်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။