အထွေထွေညီလာခံ
သခင်ယေရှုခရစ်တော်တဖန်ကြွလာတော်မူမည်
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


14:49

သခင်ယေရှုခရစ်တော်တဖန်ကြွလာတော်မူမည်

ဒီအချိန်ဟာ ကျွန်တော်နဲ့ သင်တို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ခရစ်တော်ဖြစ်တဲ့ သခင်ယေရှုရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမများခင်ဗျာ၊ သင်တို့နဲ့ ဟောကြားဖို့ ကျွန်တော့်ကို ကိုယ်တော်ရှင်ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

ဒီညီလာခံမှာ၊ ကိုယ်တော်ရှင်က သူရဲ့အစေခံတွေအားဖြင့် ကျွန်တော်တို့ကို စကားပြောခဲ့ပါတယ်။ သူတို့ရဲ့သတင်းစကားတွေကို လေ့လာဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ လာမဲ့ခြောက်လအတွင်း ဘယ်အရာက မှန်တယ် ဘယ်အရာက မမှန်ဘူးဆိုတာကို လစ်မတ်စ် စမ်းသပ်မှုလိုမျိုး ဒီသတင်းစကားတွေကို အသုံးပြုပါ။

ဆော့လိတ်ဗိမာန်တော်နဲ့ ဗိမာန်တော်ရင်ပြင်ရှိ အခြားနေရာများကို၊ ထိန်းသိမ်းပြုပြင်ခြင်းများကို ငါးနှစ်နီးပါး လုပ်ဆောင်နေပါတယ်။ လက်ရှိ ခန့်မှန်းချက်များအရ ဒီလုပ်ငန်းကို ၂၀၂၆ နှစ်ကုန်တွင် အပြီးသတ်နိုင်မယ်လို့ ပြောကြပါတယ်။ ဒီကြီးမားတဲ့ ပရောဂျက်ကြီးကို လုပ်ဆောင်နေကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ပြီးခဲ့သောခြောက်လအတွင်း၊ နိုင်ငံငါးနိုင်ငံရှိ ဗိမာန်တော်ကိုးခုကို ကျွန်တော်တို့ဆက်ကပ်ခြင်း ဒါမှမဟုတ် ပြန်လည်ဆက်ကပ်ခြင်းပြုလုပ်ခဲ့ပါတယ်။ အခုကနေ နှစ်ကုန်အထိ၊ ကျွန်တော်တို့ နောက်ထပ်ငါးခုကို ဆက်ကပ်ကြပါအုံးမယ်။

ဒီကနေ့ ဗိမာန်တော်များ ၁၇ခု ထပ်မံဆောက်လုပ်ရန် အစီအစဉ်တွေကို ကြေညာဖို့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ကျွန်တော် တည်နေရာတွေကို ကြေညာပေးတဲ့အခါ ကျေးဇူးပြု၍ ရိုသေစွာနားထောင်ပေးပါ။

  • ဂျူချီတာ ဒီ ဇာရာဂိုဇာ၊ မက္ကဆီကို

  • စန်တာအာနာ၊ အယ်လ် ဆာဗေးဒေါ

  • မီဒယ်လင်၊ ကိုလံဘီယာ

  • စန်တီယာဂိုရွာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ

  • ပွာတီ မွန်တီ၊ ချီလီ

  • ဒူဘလင်၊ အိုင်ယာလန်

  • မီလန်၊ အီတလီ

  • အဘူဂျာ၊ နိုင်ဂျီးရီးယား

  • ကမ်ပါပလာ၊ ယူဂန်ဒါ

  • မာပွတ်တို၊ မိုဇမ်ဘစ်

  • ကုရ် ဒီအယ်လင်း၊ အိုက်ဒဟိုး

  • ကွင်း ခရိခ်၊ အရီဇိုးနား

  • အဲလ် ပါဆို၊ တက္ကဆက်

  • ဟန့်စ်ဗီးလ်၊ အယ်လဘားမား

  • မီလ်ဝါကီ၊ ဝစ္စကွန်ဆင်

  • ဆာမစ်၊ နယူး ဂျာဇီ

  • ပရိုက်စ်၊ ယုတ

ချစ်လှစွာသော ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော်တို့မျက်စိရှေ့မှာ ဖြစ်ပျက်နေတာကို သင်တို့မြင်ကြရဲ့လားခင်ဗျာ။ ဒီအခိုက်အတန့်ရဲ့ ဘုန်းတန်ခိုးကို လက်လွတ်မခံဖို့ ကျွန်တော်ဆုတောင်းပါတယ်။ ကိုယ်တော်ရှင်ဟာ အမှန်ပင် သူရဲ့အမှုတော်ကို နှိုးဆော်‌နေပါတယ်။

ဘာကြောင့် မကြုံစဖူးသော အရှိန်အဟုန်နဲ့ ကျွန်တော်တို့ ဗိမာန်တော်တွေ ဆောက်နေရတာပါလဲ။ ဘာကြောင့်ပါလဲ။ ဘာလို့လဲဆို အဲ့လိုဆောက်လုပ်ဖို့ ကိုယ်‌တော်ရှင်က ကျွန်တော်တို့ကို ညွှန်ကြားထားလို့ပဲဖြစ်ပါတယ်။ ဗိမာန်တော်ရဲ့ကောင်းချီးမင်္ဂလာတွေဟာ ကန့်လန့်ကာရဲ့နှစ်ဘက်စလုံးမှာ ဣသရေလလူမျိုးတွေကို စုဝေးဖို့ ကူညီပေးပါတယ်။ ဒီကောင်းချီးမင်္ဂလာတွေဟာ ကိုယ်တော်ရှင်ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ကမ္ဘာကြီးကိုပြင်ဆင်ရန် ကူညီပေးမယ့်သူတွေကို ပြင်ဆင်ဖို့လည်း ကူညီပေးပါတယ်။

ကယ်တင်ရှင်၏ ဒုတိယအကြိမ်ကြွလာခြင်း။

ဟန်ဒဲလ်ရဲ့ မေရှိယတွင်၊ အောက်မေ့ဖွယ်အဖြစ်၊ ပရောဖက်ဟေရှာယ ပရောဖက်ပြုထားတဲ့အတိုင်း၊ ယေရှုခရစ်တော် ကြွလာတဲ့အခါ “ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ။”

အဲ့ကာလမှာ “သူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။”

ယေရှုခရစ်တော်ဟာ ယေရုရှလင်မြို့ဟောင်း နှစ်ဖက်စလုံးမှ အုပ်စိုးပြီး ယေရုရှလင်မြို့သစ်ကို “အမေရိကားတိုက်ပေါ်မှာ တည်ဆောက်ပါလိမ့်မယ်။” ဒီဗဟိုဌာနနှစ်ခုမှ၊ ကိုယ်‌တော်ဟာ သူ့အသင်းတော်ရဲ့အမှုကိစ္စတွေကို ညွှန်ကြားပေးပါလိမ့်မယ်။

အဲ့ကာလမှာ ကိုယ်တော်ရှင်ဟာ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်”လို့ ကျော်စောပါလိမ့်မယ်။ သူနဲ့အတူရှိသောသူတွေဟာ “ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ” တွေဖြစ်ပါလိမ့်မယ်။

ညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီချိန်ဟာ ကျွန်တော်နဲ့ သင်တို့အတွက်၊ ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ခရစ်တော်ဖြစ်တဲ့ သခင်ယေရှုရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီချိန်ဟာ ကျွန်တော်တို့ရဲ့ တပည့်တော်ဖြစ်ခြင်းကို အမြင့်ဆုံးဦးစားပေးရမယ့်အချိန်ဖြစ်ပါတယ်။ ယိမ်းယိုင်စေတဲ့အာရုံထွေပြားမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ၊ ဒါကို ကျွန်တော်တို့ဘယ်လိုလုပ်နိုင်မလဲ။

ရောမ အီတလီ ဗိမာန်တော်။

ဗိမာန်တော်မှာ ပုံမှန်ဝတ်ပြုခြင်းက ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ၊ ကျွန်တော်တို့ ယေရှုခရစ်တော်ကို အာရုံစိုက်ကြပါတယ်။ ကိုယ်တော်အကြောင်း ကျွန်တော်တို့ သင်ယူကြပါတယ်။ သူ့နောက်လိုက်ဖို့ ပဋိညာဉ်တွေပြုလုပ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်တော်နဲ့သိကျွမ်းလာကြပါတယ်။ ကျွန်တော်တို့ရဲ့ဗိမာန်တော်ပဋိညာဉ်တွေကို စောင့်ရှောက်တာနဲ့အမျှ၊ ကိုယ်တော်ရှင်ရဲ့ စွမ်းပကားတန်ခိုးကို ပိုအားကောင်းစွာလက်ခံရရှိကြပါတယ်။ ဗိမာန်တော်တွင်၊ ကျွန်တော်တို့ဟာ လောကရဲ့ဒဏ်ခတ်ခြင်းမှ ကာကွယ်မှုကို ရရှိကြပါတယ်။ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နဲ့ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘရဲ့ ဖြူစင်တဲ့ခြစ်ခြင်းကို အလွန်အလျှံပယ် တွေ့ကြုံခံစားရပါတယ်။ လောကရဲ့တုန်လှုပ်ချောက်ချားမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်သက်မှုနဲ့ ဝိညာဉ်ရေးရာစိတ်ချမှုကို ကျွန်တော်တို့ ခံစားရပါတယ်။

ဒီမှာ သင့်အတွက် ကျွန်တော်ရဲ့ကတိတော်ဖြစ်ပါတယ်၊ ယေရှုခရစ်တော်ကို စိတ်ရင်းမှန်ဖြင့်ရှာဖွေသူတိုင်းဟာ ဗိမာန်တော်မှာ သူ့ကိုတွေ့ပါလိမ့်မယ်။ ကိုယ်တော်ရဲ့ကရုဏာကို သင်ခံစားရလိမ့်ပါမယ်။ သင်ရဲ့ ဦးနှောက်ခြောက်စရာမေးခွန်းတွေအတွက် အဖြေတွေကို သင်တွေ့ပါလိမ့်မယ်။ ကိုယ်‌တော်ရဲ့ ဧဝံဂေလိတရားရဲ့ ဝမ်းမြောက်မှုကို သင် ပိုနားလည်လာပါလိမ့်မယ်။

ကျွန်တော်တို့တစ်ဦးစီတိုင်းဖြေရမယ့် အရေးကြီးဆုံးမေးခွန်းက၊ ကျွန်တော်တို့ရဲ့ဘဝကို ဘယ်သူ့အတွက် ဒါမှမဟုတ် ဘယ်အရာအတွက် အပ်နှံမလဲဖြစ်တယ်ဆိုတာ ကျွန်တော်သိရှိလာခဲ့ပါတယ်။

ခွဲစိတ်ဆရာဝန်အဖြစ် ဥက္ကဋ္ဌ နယ်လ်ဆင်။

ယေရှုခရစ်တော်နောက်လိုက်လျှောက်ဖို့ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဟာ ကျွန်တော်ပြုလုပ်ဖူးသမျှထဲမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဆေးကျောင်းတက်နေစဉ်အတွင်း၊ အဘဖြစ်တဲ့ ဘုရားသခင်နဲ့ သူရဲ့သားတော် ယေရှုခရစ်တော်ရဲ့ ဂုဏ်ကျေးဇူးတော်အကြောင်း သက်သေခံချက်တစ်ခု ရရှိခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဟာ ကျွန်တော့်အသက်တာကို တည်ဆောက်ခဲ့တဲ့ ကျောက်ဆောင်ဖြစ်လာပါတယ်။ အဲ့ဆုံးဖြတ်ချက်ဟာ ခြားနားချက်အားလုံးကို ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဆုံးဖြတ်ချက်ဟာ အခြားဆုံးဖြတ်ချက်တွေအတွက် ပိုမိုလွယ်ကူစေခဲ့ပါတယ်။ အဲ့ဆုံးဖြတ်ချက်ဟာ ကျွန်တော့်အား ရည်ရွယ်ချက်နဲ့ ဦးတည်ချက် ပေးခဲ့ပါတယ်။ အဲ့တာဟာ ဘဝရဲ့မုန်တိုင်းတွေကို တွန်းလှန်နိုင်ဖို့ ကူညီခဲ့ပါတယ်။ ကျွန်တော် ဥပမာနှစ်ခု မျှဝေချင်ပါတယ်။

ပထမက၊ ကျွန်တော့်ဇနီး ဒန်ဇယ်လ် မထင်မှတ်ဘဲ ဆုံးပါးသွားတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ကလေးတွေဆီ ကျွန်တော် မဆက်သွယ်နိုင်ခဲ့ပါဘူး။ အဲဒီမှာ၊ ကျွန်တော်တစ်ယောက်တည်း၊ ဝမ်းနည်းကြေကွဲပြီး၊ အကူအညီတောင်းဖို့ အော်ဟစ်နေခဲ့ပါတယ်။ ကျေးဇူးတော်ပါပဲ၊ ကိုယ်တော်ရဲ့ဝိညာဉ်တော်အားဖြင့်၊ ကိုယ်တော်ဟာ ဘာလို့ ကျွန်တော်ရဲ့ချစ်လှစွာသော ဒန်ဇယ်လ်ကို အိမ်တော်သို့ပြန်ခေါ်ဆောင်သွားတယ်ဆိုတာကို သွန်သင်ပေးခဲ့ပါတယ်။ အဲ့ဒီနားလည်သိမြင်မှုနဲ့အတူ၊ ကျွန်တော် နှစ်သိမ့်ခဲ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ၊ ကျွန်တော်ရဲ့ဝမ်းနည်းမှုတွေကို ပိုကောင်းစွာခံနိုင်ရည်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ၊ ကျွန်တော့်ချစ်ဇနီး ဝန်ဒီ ကို လက်ထပ်ခဲ့ပါတယ်။ သူမဟာ ကျွန်တော့်ဒုတိယပုံဥပမာရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။

ဝန်ဒီနဲ့ ကျွန်တော် ဝေးလှံတဲ့ဒေသတစ်ခုမှာ တာဝန်ကျတဲ့အခါ၊ လက်နက်ကိုင် ဓားပြတွေက ကျွန်တော့်ခေါင်းကို သေနတ်နဲ့ချိန်ပြီး ခလုတ်မောင်းကို ဆွဲခဲ့ပါတယ်။ ဒါပေမယ့် သေနတ်က ကျည်မထွက်ခဲ့ပါဘူး။ အဲဒီအတွေ့အကြုံတစ်လျှောက်လုံးမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဝင်ဒီနဲ့ ကျွန်တော် ငြင်းပယ်လို့မရနိုင်တဲ့ ငြိမ်သက်မှုကို ခံစားခဲ့ရပါတယ်။ “အဘယ်သူမျှကြုံ၍ မမှီနိုင်သော” ငြိမ်သက်ခြင်း ကိုခံစားခဲ့ရတာပါ။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်က သင်တို့ကိုလည်း နှစ်သိမ့်ပေးပါလိမ့်မယ်။ သူက သင့်ကို ခွန်အားဖြည့်ပေးပါလိမ့်မယ်။ ရှုပ်ထွေးဆူပူမှုတွေကြားထဲမှာပင်၊ သင့်အား ငြိမ်သက်ခြင်းနဲ့ ကောင်းချီးပေးပါလိမ့်မယ်။

သခင်ယေရှုခရစ်တော်။

သင်တို့အတွက် ယေရှုခရစ်တော်ရဲ့ဒီကတိတော်ကို ကျေးဇူးပြု၍ နားထောင်ပါခင်ဗျာ၊ “ငါသည် သင်တို့၏လက်ယာဘက်၌လည်းကောင်း၊ လက်ဝဲဘက်၌လည်းကောင်း ရှိတော်မူမည်၊ ငါ၏ဝိညာဉ်တော်သည် သင်တို့စိတ်နှလုံး၌ ရှိလိမ့်မည်၊ ငါ၏ကောင်းကင်တမန်တို့သည်လည်း သင်တို့ကို မစချီပင့်ကြခြင်းငှာ သင်တို့ပတ်ဝန်းကျင်၌ ရှိကြလိမ့်မည်။”

သင့်အား ကူညီဖို့ရန် ကယ်တင်ရှင်ရဲ့တတ်နိုင်စွမ်းမှာ အကန့်အသတ်မရှိပါဘူးခင်ဗျာ။ ဂေသရှေမန်နှင့် ကရာနိတွင် သူရဲ့နားမလည်နိုင်လောက်တဲ့ ဝေဒနာဒုက္ခဟာ သင့်အတွက်ဖြစ်ပါတယ်။ သူရဲ့အဆုံးမရှိတဲ့အပြစ်ဖြေခြင်းဟာ သင့်အတွက်ဖြစ်ပါတယ်။

ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းအပေါ် သင့်ရဲ့နားလည်သဘောပေါက်မှုတိုးမြင့်လာဖို့ အတွက် အပတ်တိုင်း—သင့်ဘဝတစ်လျှောက်လုံး— အချိန်တစ်ခုသီးသန့်ထားဖို့ သင့်အား ကျွန်တော်တိုက်တွန်းပါတယ်ခင်ဗျာ။ အပြစ်ထဲမှာ နစ်မြောနေပြီး ဘယ်လိုရုန်းထွက်ရမလဲ မသိတဲ့သူတွေအတွက် ကျွန်တော့်နှလုံးသားက နာကျင်ရပါတယ်။ ဝိညာဉ်ရေးရာ ရုန်းကန်နေရတဲ့ ဒါမှမဟုတ် လေးလံတဲ့ဝန်ကို တစ်ယောက်တည်း ထမ်းထားသူတွေအတွက် ယေရှုခရစ်တော်က သူတို့အတွက် ဘာလုပ်ပေးခဲ့တာကို နားမလည်ကြတာကြောင့် ကျွန်တော် ဝမ်းနည်းရပါတယ်။

ယေရှုခရစ်တော်က သင့်အပြစ်တွေ၊ သင့်နာကျင်မှုတွေ၊ သင့်ကြေကွဲမှုတွေနဲ့ သင့်ချည့်နဲ့မှုတွေတို့ကို သူ့အပေါ် ခံယူခဲ့ပါတယ်။ အဲ့တာတွေကို သင်တစ်ယောက်တည်း ထမ်းစရာမလိုဘူး။ သင်နောင်တရတာနဲ့ ကိုယ်တော်က သင့်အား ခွင့်လွှတ်ပါလိမ့်မယ်။ သင်လိုအပ်သောအရာတွေနဲ့ သင့်ကို ကောင်းချီးပေးပါလိမ့်မယ်။ သင်ရဲ့ဒဏ်ရာကို ကုသပေးပါလိမ့်မယ်။ သင်ကိုယ်တိုင် ကိုယ်တော်ထံ ထမ်းပိုးကိုတင်ထားရင်၊ သင်ရဲ့ဝန်တွေဟာ ပေါ့သွားပါလိမ့်မယ်။ သင်ဟာ ယေရှုခရစ်တော်နောက်သို့ လိုက်လျှောက်ရန် ပဋိညာဉ်များ ပြုလုပ်ပြီးစောင့်ထိန်းမယ်ဆိုရင်၊ သင့်ဘဝရဲ့နာကျင်စရာအခိုက်အတန့်တွေဟာ တဒင်္ဂသာဖြစ်တယ်ဆိုတာသင်တွေ့ရှိလာပါလိမ့်မယ်။ သင်ရဲ့ဆင်းရဲဒုက္ခကို “ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုး​ခံရ”ပါလိမ့်မယ်။

သင်ဟာ ယေရှုခရစ်တော်ရဲ့သစ္စာရှိတဲ့ တပည့်တော်တစ်ဦးဖြစ်လာဖို့ရန် စောလွန်းတယ်၊ နောက်ကျလွန်းတယ်ဆိုတာမရှိပါဘူး။ အဲ့နောက် ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းရဲ့ကောင်းချီးမင်္ဂလာတွေကို အပြည့်အဝခံစားရပါလိမ့်မယ်။ ဣသရေလတွေကို စုဝေးဖို့ ကူညီရာမှာ သင်အတွက်လည်း ပိုအကျိုးရှိပါလိမ့်မယ်။

ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်း။

ချစ်လှစွာသော ညီအစ်ကို မောင်နှမများခင်ဗျာ၊ လာမဲ့ကာလမှာ၊ ယေရှုခရစ်တော်ဟာ အနှစ်တစ်ထောင်မေရှိယအဖြစ် ကမ္ဘာမြေသို့ ပြန်လည်ကြွလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ သင်ရဲ့အသက်တာကို ယေရှုခရစ်တော်ထံ ပြန်လည်အပ်နှံရန် သင့်အား ကျွန်တော်တောင်းဆိုပါတယ်။ ပြန့်ကျဲနေတဲ့ဣသရေလအမျိုးသားတို့ကို စုဝေးပြီး ကိုယ်တော်ရှင်ရဲ့ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ကမ္ဘာကြီးကိုပြင်ဆင်ဖို့ ကူညီရန် သင့်အား ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ခရစ်တော်အကြောင်းပြောဖို့၊ ခရစ်တော်အကြောင်းသက်သေခံဖို့၊ ခရစ်တော်ကိုယုံကြည်ဖို့၊ နဲ့ ခရစ်တော်၌ ဝမ်းမြောက်ဖို့ရန် သင့်အား ကျွန်တော်ဖိတ်ခေါ်ပါတယ်။။

ခရစ်တော်ထံ လာ၍ သူထံသို့ “သင်၏ [စိတ်ဝိညာဉ်] တစ်ခုလုံးကို ပူဇော်” ပါ။ ဒါက ဝမ်းမြောက်ခြင်းအသက်တာရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကယ်တင်ရှင် တစ်ဖန်ကြွလာတော့မှာဖြစ်တာကြောင့် အကောင်းဆုံးဆိုတာ လာအုံးမှာပါ။ ကိုယ်တော်ဟာ သူရဲ့အမှုတော်ကို အရှိန်ဟုန်တိုးလုပ်ဆောင်နေတာကြောင့် အကောင်းဆုံးဆိုတာ လာအုံးမှာပါ။ ကျွန်တော်တို့စိတ်နှလုံးနဲ့ အသက်တာတွေကို ယေရှုခရစ်တော်ထံ အပြည့်အဝပြောင်းလဲတဲ့အခါ အကောင်းဆုံးဆိုတာ လာအုံးမှာပါ။

ယေရှုခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာ ကျွန်တော်နှိမ့်ချစွာသက်သေခံပါတယ်။ ကျွန်တော်ကတော့ ကိုယ်တော့်ရဲ့အစေခံဖြစ်ပါတယ်။ ကိုယ်တော့်ရဲ့အစေခံဖြစ်ရတဲ့အတွက် ကျွန်​​တော်​ ဂုဏ်​ယူမိပါတယ်​။ ကိုယ်တော့်ရဲ့ဒုတိယအကြိမ်ကြွလာတော်မူချိန်တွင်၊ “ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူ အပေါင်းတို့သည် အတူမြင်ရကြရလတ္တံ့။” ထိုကာလမှာ ဖြောင့်မတ်တဲ့သူတို့အတွက် ဝမ်းမြောက်ခြင်းရှိပါလိမ့်မယ်။

ကျွန်တော်ကိုင်ဆောင်ထားတဲ့ မြင့်မြတ်တဲ့ယဇ်ပုရောဟိတ်သော့များရဲ့ တန်ခိုးအားဖြင့်၊ ဒီအမှန်တရားကို သင်နဲ့ကမ္ဘာတစ်ဝှမ်းလုံးသို့ ကျွန်တော်ကြေညာပါတယ်ခင်ဗျာ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။