အထွေထွေညီလာခံ
ဘုရားသခင်၏သားများနှင့်သမီးများ
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


9:57

ဘုရားသခင်၏သားများနှင့်သမီးများ

ကျွန်တော်တို့အားလုံးက ဘုရားသခင်ရဲ့ပကတိသားသမီးတွေဖြစ်တာကြောင့် သူ့လိုဖြစ်လာဖို့ အလားအလာရှိတာဆိုတာ ကျွန်တော်တို့အမှန်တကယ် ယုံကြည်ကြပါတယ်။

ဒီနေ့မှာ ဘုရားသခင်ဖော်ပြတော်မူတဲ့ အကြီးကျယ်ဆုံး၊ ဝမ်းမြောက်မှုအရှိဆုံးနဲ့၊ အစွမ်းထက်ဆုံး ဧဝံဂေလိသမ္မာတရားတွေထဲက တစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်။ တစ်ချိန်တည်းမှာပင်၊ အဲ့ဒါဟာ ကျွန်တော်တို့ ဝေဖန်ခံနေရတဲ့ သမ္မာတရားပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်ရခဲ့တဲ့တွေ့အကြုံတစ်ခုက ဒီဧဝံဂေလိသမ္မာတရားအတွက် ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို လေးနက်နက်ရှိုင်းစေခဲ့ပါတယ်။

အသင်းတော်ရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့၊ တစ်ခါက ကျွန်တော့်ကို ဘာသာရေးညီလာခံတစ်ခုကိုဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်၊ အဲ့ဒီမှာ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဥ်တော်၏နာမဖြင့် ဘိသိက်မင်္ဂလာကိုရေဖြင့်ဆောင်ရွက်တဲ့၊ ခရစ်ယာန်အသင်းတော်တွေအားလုံးနီးပါးက ဗတ္တိဇံတွေအားလုံးကို အကျွမ်းဝင်ကြောင်း ထိုအချိန်မှစပြီးအသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီမူဝါဒက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ပြုလုပ်တဲ့ ဗတ္တိဇံတွေအတွက် သက်ဆိုင်မှုမရှိကြောင်း သူတို့ရှင်းပြခဲ့ပါတယ်။

ညီလာခံအပြီးမှာ ကြေညာချက်ကိုတာဝန်ခံတဲ့ခေါင်းဆောင်နဲ့ ခြွင်းချက်ထားရတဲ့ အကြောင်းရင်းတွေကို ကျွန်တော်နက်နက်နဲနဲ လေ့လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အလွန်ကောင်းပြီး ထဲထဲဝင်ဝင်စကားဝိုင်းရှိခဲ့ပါတယ်။

အတိုချုံးပြောရရင်၊ ခြွင်းချက်ကအဓိကအားဖြင့် တခြားခရစ်ယာန်ဂိုဏ်းဂဏတွေ သုံးပါးတစ်ဆူလို့ မကြာခဏရည်ညွှန်းကြတဲ့ ဘုရားသခင်၏ဇာတိအပေါ် ကျွန်တော်တို့ရဲ့ သီးခြားယုံကြည်ခြင်းနဲ့သက်ဆိုင်တယ်လို့ သူကရှင်းပြပါတယ်။ သူ့အသင်းတော်ရဲ့မူဝါဒနဲ့ ယုံကြည်မှုတွေအကြောင်း အချိန်ပေးပြီး ကျွန်တော့်ကိုရှင်းပြတဲ့အတွက် ကျေးဇူးတင်ကြောင်း ကျွန်တော်ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့စကားပြောပြီးတဲ့နောက်မှာ၊ အချင်းချင်းဖက်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုအကြောင်းကို နောက်ပိုင်းမှာ လေးလေးနက်နက်စဥ်းစားကြည့်တဲ့အခါ၊ ဒီခေါင်းဆောင်က သူ“သုံးပါးတစ်ဆူရဲ့လျှို့ဝှက်မှု”လို့ခေါ်တဲ့အရာကို နောက်ပိုင်းကာလသန့်ရှင်းသူတွေ နားမလည်ဘူးလို့ပြောခဲ့တာ ကျွန်တော့်စိတ်ထဲကျန်နေခဲ့ပါတယ်။ သူကဘာကိုရည်ညွှန်းချင်တာပါလဲ။ ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ ဘုရားသခင်၏ဇာတိကို နားလည်ခြင်းအကြောင်းနဲ့ သက်ဆိုင်ပါတယ်။ အဘဘုရားသခင်က “ချီးမြှောက်သောကိုယ်တော်ရှင်” ဖြစ်ပြီး ကြီးမြတ်သော “လူသား၏ ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့် အသားနှင့် အရိုးတို့ရှိသည့် ကိုယ်ခန္ဓာရှိ၏၊ သားတော်၌[လည်း] ရှိ၏။” ဒါကြောင့်၊ ကျွန်တော်တို့ ဘုရားသခင်ရဲ့ ဇာတိအကြောင်း ပြောတိုင်းမှာ၊ တစ်နည်းနည်းနဲ့၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်သဘောသဘာဝအကြောင်းကို ပြောနေတာပဲဖြစ်ပါတယ်။

ဒီအရာကမှန်ကန်ပါတယ်၊ ဒါက ကျွန်တော်တို့ဟာ“[ကိုယ်တော်၏] ပုံသဏ္ဍာန်နှင့်တညီ [ကိုယ်တော်၏] ပုံစံအတိုင်း”ဖန်ဆင်းခံထားရလို့သာမဟုတ်ဘဲ၊ ဆာလံမှတ်တမ်းထဲမှာ ဘုရားသခင်မိန့်တော်မူခဲ့သလိုပဲ၊ “သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သား ဖြစ်ကြ” သောကြောင့်ဖြစ်ပါတယ်။ ဒါက ပြန်လည်ဆောင်ယူခြင်းဖြစ်ပေါ်လာခြင်းနှင့်အတူ ပြန်လည်တွေ့ရှိရတဲ့ အဖိုးတန်သြဝါဒတစ်ခုဖြစ်ပါတယ်။ အကျဥ်းချုပ်အားဖြင့်၊ ဒါကကျွန်တော်တို့သာသနာပြုတွေ ပထမသင်ခန်းစာ၊ ပထမစာပိုဒ်၊ ပထမစာကြောင်းအဖြစ်သင်တဲ့ “ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘဖြစ်တယ်ဆိုတာနဲ့ ကျွန်ုပ်တို့ဟာ သူရဲ့သားသမီးတွေဖြစ်တယ် ဆိုတာမကွဲပြားပါဘူး။”

အခု၊ ကျွန်တော်တို့က “ဘုရားသခင်ရဲ့သားသမီးဖြစ်တယ်ဆိုတာ လူအများက ယုံကြည်တယ်လို့” သင်ပြောနိုင်ပါတယ်။ မှန်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့နားလည်ခြင်းက ကျွန်တော်တို့ခံယူထားတဲ့ ပိုမိုလေးနက်တဲ့အဓိပ္ပာယ်သက်ရောက်ခြင်းထက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ နောက်ပိုင်းကာလသန့်ရှင်းသူများအတွက်၊ ဒီသင်ကြားမှုက တင်စားချက်မဟုတ်ပါဘူး။ ထို့ထက်၊ ကျွန်တော်တို့အားလုံးက ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်လို့ ကျွန်တော်တို့အမှန်တကယ်ယုံကြည်ကြပါတယ်။ ကိုယ်တော်က“စိတ်ဝိညာဥ်တို့၏အဘ” ဖြစ်ပါတယ်၊အဲ့ဒါကြောင့် တချို့လူတွေအတွက်မယုံကြည်နိုင်လောက်စရာဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ကိုယ်တော်လိုဖြစ်လာဖို့ အလားအလာရှိပါတယ်။

ပထမရူပါရုံက ပြန်လည်ဆောင်ယူခြင်းရဲ့ တံခါးတွေကို ဖွင့်ပေးခဲ့တာ ယခုဆိုရင် နှစ်ပေါင်း ၂၀၀ ကျော်ရှိပါပြီ။ အဲ့ဒီအချိန်မှာ၊ ငယ်ရွယ်တဲ့ ဂျိုးဇက်စမစ်က ဘယ်အသင်းတော်မှာပါဝင်ရမလဲဆိုတာသိဖို့ ကောင်းကင်ရဲ့ လမ်းပြမှုကိုရှာဖွေခဲ့ပါတယ်။ သူအဲ့ဒီနေ့မှာရရှိခဲ့တဲ့ ဗျာဒိတ်တော်၊ နဲ့ နောက်ပိုင်းမှာ သူ့ကိုပေးခဲ့တဲ့ ဗျာဒိတ်တော်တွေကြောင့်၊ ပရောဖက်ဂျိုးဇက်စမစ်က ဘုရားသခင်ရဲ့ သဘောသဘာဝနဲ့ ကိုယ်တော်ရဲ့သားသမီးတွေအနေနဲ့ သူနဲ့ ဆက်ဆံ‌ရေးအကြောင်း အသိပညာကိုရရှိခဲ့ပါတယ်။

ထို့အတွက်ကြောင့်၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက ဒီအဖိုးတန်တဲ့ အယူဝါဒကို အစကတည်းက သွန်သင်ထားကြောင်း ကျွန်တော်တို့ပိုမိုရှင်းလင်းစွာ သိရှိလာရပါတယ်။ ဒါကို သရုပ်ဖော်ဖို့ ကျမ်းချက်တွေထဲက အနည်းဆုံးနှစ်ခုကို ကိုးကားခွင့်ပြုပါ။

မြတ်ပုလဲကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ မောရှေအပေါ်ဘုရားသခင်ရဲ့ ညွှန်ကြားချက်တွေကိုသင်မှတ်မိမှာပါ။

“ဘုရားသခင်ကလည်း မောရှေကို မြွက်ဆို၍၊ မိန့်တော်မူလေသည်ကား၊ ရှုလော့၊ ငါသည် ကိုယ်တော်ရှင် ဘုရားသခင် အနန္တတန်ခိုးရှင် ဖြစ်၏၊ ထို့အတူ အဆုံးမရှိသူဟူသည်မှာငါ၏နာမတော်ဖြစ်၏” လို့ကျွန်တော်တို့ဖတ်ရပါတယ်။ တစ်နည်းအားဖြင့်၊ မောရှေ၊ ငါ ဘယ်သူလဲဆိုတာ သင့်ကိုသိစေလိုတယ် လို့ဆိုလိုတာပါ။ ပြီးတော့ သူထပ်လောင်းပြောပါတယ်၊ “ထို့အတူ၊ ရှုလော့၊သင်သည် ငါ့သားဖြစ်၏။” နောက်မှသူမိန့်တော်မူခဲ့ပါတယ်၊ “ငါ့၌ သင့်အတွက် အမှုတစ်ခုရှိ၏၊ မောရှေ၊ ငါ့သား၊ သင်သည်လည်း ငါ၏ တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်းဖြစ်၏။” နောက်ဆုံးမှာ၊ ကိုယ်တော်က “ယခုမူကား၊ ရှုလော့၊ ဤတစ်ခုသောအရာကို ငါသည် သင့်အားပြ၏၊ မောရှေ၊ ငါ့သား” လို့အဆုံးသတ်ပြောခဲ့ပါတယ်။

ဘုရားသခင်က အနည်းဆုံး သင်ခန်းစာတစ်ခုကို မောရှေကိုသွန်သင်ဖို့စိတ်ပိုင်းဖြတ်ထားပုံရပါတယ်၊ “သင်ကငါ့၏သားဖြစ်သည်” လို့ အနည်းဆုံးသုံးကြိမ်ထပ်ခါ ခေါ်ခဲ့ပါတယ်။ မောရှေနဲ့ နာမည်ကို သူ့ရဲ့သားဖြစ်တယ်လို့ ချက်ချင်းမဖော်ပြဘဲနဲ့တောင် ကိုယ်တော်ကမခေါ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း၊ မောရှေက တစ်ဦးတည်းကျန်ခဲ့ပါတယ်၊ သူက ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ မရှိတော့တဲ့အတွက် အားနည်းနေတယ်လို့သူခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ စာတန်က သူ့ကိုသွေးဆောင်ဖြားယောင်းဖို့လာခဲ့ပါတယ်။ ဒီနေရာတွင် ပုံစံတစ်ခုကို သင်မြင်ပါသလား။ မောရှေကို သူပထမဆုံးပြောခဲ့တာက၊ “မောရှေ၊ လူ၏သား ငါ့ကို ကိုးကွယ်လော့။”

ထိုကိစ္စရပ်မှာ၊ သူ့ကို ကိုးကွယ်ဖို့ စာတန်ရဲ့ တောင်းဆိုမှုကအာရုံထွေပြားစေဖို့ တစ်ခုသာဖြစ်နိုင်ပါတယ်။ ထိုအားနည်းတဲ့အချိန်မှာ သိသာတဲ့သွေးဆောင်ဖြားယောင်းခြင်းက မောရှေအတွက် ရှုပ်ထွေးမှုဖြစ်လာခဲ့ပြီးတော့ သူကဘုရားသခင်ရဲ့သားထက် “လူ၏သား“ တစ်ယောက်သာဖြစ်တယ်ဆိုတာကို ယုံကြည်စပြုလာပါတယ်။

“ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောရှေသည် စာတန်ကို ကြည့်၍ ဆိုလေသည်ကား၊ သင်သည် အဘယ်သူနည်း။ အကြောင်းမူကား၊ ရှုလော့၊ငါသည် ဘုရားသခင်၏ သားတစ်ယောက်ဖြစ်၏ ၊သူ၏ တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်းဖြစ်၏။” ကံကောင်းစွာပဲ၊ မောရှေက စိတ်မရှုပ်ထွေးဘဲ၊ သူ့ကိုယ်သူ အာရုံထွေပြားမှုအဖြစ်မခံခဲ့ပါဘူး။ သူက တကယ်ဘယ်သူဖြစ်လဲဆိုတဲ့ သင်ခန်းစာကို သူသင်ယူခဲ့ပြီးပါပြီ။

နောက်အကြောင်းအရာတစ်ခုကိုတော့ ရှင်မဿဲ ၄ မှာတွေ့နိုင်ပါတယ်။ ပညာရှင်များက ကိုယ်တော်ရှင်သုံးကြိမ်မျှသာ သွေးဆောင်ခြင်းခံခဲ့သလို “ယေရှု၏စုံစမ်းခြင်းသုံးပါး၊” လို့အမည်တပ်ခဲ့ကြတာဟာ အမှန်မဟုတ်ပါဘူးခင်ဗျာ။

ဒီသွေးဆောင်မှုများရဲ့ အဓိပ္ပာယ်နှင့် အကြောင်းအရာကို ရှင်းပြဖို့ မင်ဂါလံရာပေါင်းများစွာကို အသုံးပြုခဲ့ကြပါတယ်။ ကျွန်တော်တို့သိတဲ့အတိုင်း၊ ဒီအခန်းကို ယေရှုခရစ်တော် ကန္တာရကိုထွက်သွားခဲ့ကြောင်း ရှင်းပြခြင်းနဲ့ အစပြုပါတယ်၊ “ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာ အာဟာရကို မသုံးဆောင်ဘဲ နေပြီးမှ မွတ်သိပ်ခြင်းသို့ရောက်တော်မူ၏။”

စာတန်ရဲ့ပထမဆုံးသွေးဆောင်မှုက ကိုယ်တော်ရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။ “ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှာ အမိန့်တော်ရှိတော်မူပါ၊” လို့သူက ကယ်တင်ရှင်ကိုစိန်ခေါ်လိုက်ပါတယ်။

ဒုတိယသိမ်းသွင်းမှုကတော့ ဘုရားသခင်ကို သွေးဆောင်ခြင်းဖြစ်ပါတယ်၊ “ကိုယ်ကို အောက်သို့ချလိုက်တော်မူပါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူမည်။”

နောက်ဆုံးမှာ၊ စာတန်ရဲ့ တတိယမြောက်သွေးဆောင်မှုက လောက၏ဆန္ဒနှင့် ဘုန်းအသရေကို ရည်ညွှန်းပါတယ်။ ယေရှုခရစ်တော်က “ဤ‌လောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း၊ … ပြညွှန်ပြီးသောအခါ [စာတန်]က ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်ဟု ဆိုလေ၏။”

အမှန်ကတော့၊ စာတန်ရဲ့အစွန်းရောက်တဲ့ သွေးဆောင်မှုက ထိုစိတ်ဆွပေးတဲ့ ရန်လိုမှုသုံးခုသီးသန့်အတွက်သာမဟုတ်ဘဲ ယေရှုခရစ်တော်ရဲ့မြင့်မြတ်တဲ့သဘောသဘာဝကိုမေးခွန်းထုတ်ဖို့ အတွက်နဲ့ ပိုသက်ဆိုင်ပါတယ်။ အနည်းဆုံးနှစ်ကြိမ်၊ စာတန်ဆီကသိမ်းသွင်းခြင်းက စိန်ခေါ်မှုရှိတဲ့စွပ်စွဲချက်တွေဖြစ်တဲ့ “ဘုရားသခင်ရဲ့သားတော်မှန်လျှင်၊“—သင်တကယ်ယုံကြည်လျှင်၊ ဒါကိုလုပ်ပါလို့စတင်ပါတယ်။

ယေရှုက ကန္တာရကို အစာရှောင်ဆုတောင်းဖို့မသွားခင်ချက်ချင်းမှာ ဖြစ်ပျက်ခဲ့တာကို ကျေးဇူးပြုပြီး သတိပြုပေးပါ၊ ကျွန်‌တော်တို့ ခရစ်တော်ရဲ့ဗိတ္တိဇံခံခြင်းအကြောင်းကို‌တွေ့နိုင်ပါတယ်။ ထို့နောက် ကိုယ်တော်ရေထဲမှထွက်လာ၍၊ ကောင်းကင်‌မှအသံ‌တော်တစ်ခု ဆင်းသက်လာခဲ့ပါတယ်၊ “ဤသူသည်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။”

ကျွန်တော်တို့ဆက်စပ်မှုကိုမြင်ပါသလား။ ဒီမှာ ပုံစံတစ်ခုကိုသတိပြုနိုင်ပါသလား။

ကျွန်တော်တို့ရဲ့ မြင့်မြတ်သောသဘာဝနှင့် ကံကြမ္မာအကြောင်း သွန်သင်ခံရတိုင်းမှာ ဖြောင့်မတ်ခြင်းတရားရဲ့ရန်သူက ထိုအရာတွေကိုမေးခွန်းထုတ်ဖို့ ကျွန်တော်တို့ကိုသွေးဆောင်တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

ကျွန်တော်တို့တကယ်ဘယ်သူတွေဖြစ်တယ်ဆိုတာသိရင် ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေ ဘယ်လောက်ကွာခြားလိုက်ပါမလဲ။

ကျွန်တော်တို့က စိန်ခေါ်မှုရှိတဲ့ကမ္ဘာ၊ ဆူညံမှုတွေတိုးပွားနေတဲ့ ကမ္ဘာမှာနေထိုင်ကြပါတယ်၊ အဲ့ဒီမှာ၊ ကျွန်တော်တို့ဟာအသင်းတော်နဲ့သက်ဆိုင်ပြီးတော့ အမြင်တွေပြောင်းလဲပေးတဲ့ မြင့်မြတ်ရာကိုဖိတ်ခေါ်ပေးတဲ့ ဧဝံဂေလိတရားတော်ကိုခံယူကြတာနဲ့ လေးစားထိုက်တဲ့သူတွေဟာ အနည်းဆုံး လူသားတွေရဲ့မြင့်မြတ်မှုကို အလေးပေးနိုင်ဖို့ကြိုးစားကြပါတယ်။

“ကောင်းကင်ဘုံ၌ရှိတော်မူသော [ကျွန်ုပ်တို့]အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” ဟုယေရှုကပညတ်ပေးခဲ့ပါတယ်၊ အဲ့ဒါက ကိုယ်တော်က ကျွန်တော်တို့အပေါ်ထားရှိတဲ့ မြင့်မားတဲ့ မျှော်လင့်ချက်နဲ့ ထာဝရဖြစ်နိုင်ချေတွေရဲ့ ပြတ်သားတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။ အခု၊ ဒီအရာတွေအားလုံးက ချက်ချင်းလက်ငင်းဖြစ်မလာနိုင်ပါဘူး။ ဥက္ကဋ္ဌ ဂျက်ဖရီ အာ၊ ဟော်လန်ရဲ့ စကားတွေမှာ၊ ဒါက “တဖြည်းဖြည်းချင်း” ဖြစ်လာပါမယ်လို့ပြောထားပါတယ်။ ဒါပေမယ့် ကတိတော်က ကျွန်တော်တို့ “ခရစ်တော်ထံသို့လာ” ကြလျှင် “သူ့အားဖြင့်စုံလင်ရာသို့ ရောက်စေကြ” မှာဖြစ်ပါတယ်။ အဲ့ဒါအတွက်အလုပ်အများကြီးလိုအပ်ပါတယ်—ဘယ်အလုပ်ပဲဖြစ်ဖြစ်မဟုတ်ပါဘူး၊ မြင့်မြတ်တဲ့အလုပ်ပါ။ ကိုယ်တော်ရဲ့အလုပ်ပါ။

ယခု၊ သတင်းကောင်းကတော့ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘက၊ “အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်—လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်မှာ ငါ၏အမှုတော်နှင့် ငါ၏ဘုန်းတော်ဖြစ်၏” လို့တိကျစွာမိန့်တော်မူခဲ့ပါတယ်။

ဥက္ကဋ္ဌ ရမ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့ “ဆီလက်ရှယ်လ်ကို စဥ်းစား” ဖို့ဖိတ်ခေါ်ခြင်းက ကျွန်တော်တို့မြင့်မြတ်တဲ့ သဘာဝ၊ ဖြစ်တည်မှု နှင့် ဖြစ်နိုင်တဲ့ပန်းတိုင်ကို ဝမ်းမြောက်စွာသတိပေးခြင်းကို ညွှန်းဆိုပါတယ်။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းပေးဆပ်မှုအားဖြင့်သာ ကျွန်တော်တို့ ဆီလက်ရှယ်လ်ကို ရရှိနိုင်ပါတယ်။

ဒါကြောင့် စာတန်က အစကနေ ကိုယ်တော်ရဲ့ကမ္ဘာမြေအမှုတော်ဆောင်ခြင်းတွေအဆုံးထိ ယေရှုကိုတူညီတဲ့ သွေးဆောင်ခြင်းနဲ့သာ သိမ်းသွင်းခဲ့တာဖြစ်နိုင်ပါတယ်။ ယေရှုလက်ဝါးကပ်တိုင်ပေါ်မှာတင်ထားခံရချိန်မှာ ရှင်မဿဲကမှတ်တမ်းတင်ခဲ့ပါတယ်၊ “လမ်းမှာသွားလာသောသူတို့ကလည်း၊ … ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ … ဟုပြောဆိုကြ၏။” ကိုယ်တော်ကနားမထောင်ဘဲ ကျွန်တော်တို့အတွက် ဆီလက်ရှယ်လ်ကောင်းချီးများအလုံးစုံရဖို့ နည်းလမ်းကိုသာဖော်ပြပေးခဲ့တဲ့ ဘုရားသခင်ရဲ့ဘုန်းတော်ကြီးပါစေ။

ကျွန်တော်တို့ပျော်ရွှင်မှုတွေအတွက်၊ အကြီးမြတ်ဆုံးတန်ဖိုးပေးဆပ်ခဲ့တယ်ဆိုတာ အမြဲသတိရကြရအောင်။

တမန်တော်ရှင်ပေါလုကဲ့သို့ကျွန်တော်သက်သေခံပါတယ်၊ “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်း ဖြစ်ကြ၏။” ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။