ဆီလက်ရှယ်လ်ကိုစဉ်းစားပါ
သင့်ရဲ့ရွေးချယ်မှုတွေက ထာဝရကာလတစ်လျှောက်မှာ သင်နေမယ့်နေရာ၊ သင်ရှင်ပြန်ထမြောက်မယ့် ကိုယ်ခန္ဓာအမျိုအစား၊ ပြီးတော့ သင်ထာဝရအတူနေမယ့်သူများကို ဆုံးဖြတ်ပါလိမ့်မယ်။
ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျား၊ ဒီနေ့မှာ သင်တို့နဲ့ စကားပြောရတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အသက်အရွယ်မှာ၊ နေ့သစ်တိုင်းက အလွန်လည်းကောင်း စိန်ခေါ်မှုလည်းရှိတဲ့ အံ့ဩစရာတွေကို ဖြစ်စေပါတယ်။ လွန်ခဲ့တဲ့သုံးပတ်က၊ ကျွန်တော့်နောက်ကျောကြွက်သားထိခိုက်ခဲ့ပါတယ်။ ဒါကြောင့်၊ ကျွန်တော် အထွေထွေညီလာခံမိန့်ခွန်း ၁၀၀ ကျော်ကို မတ်တတ်ရပ်ပြောခဲ့ပေမယ့်လည်း ဒီနေ့တော့ ထိုင်လျက်ပြောမယ်လို့ တွေးခဲ့ပါတယ်။ ဝိညာဉ်တော်ကကျွန်တော့်အမှာစကားကို သင်တို့နှလုံးသားထဲကို ဒီနေ့ဆောင်ယူပေးမယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။
ကျွန်တော်မကြာသေးမီက ၉၉ နှစ်မြောက်မွေးနေ့ကို ဆင်နွှဲခဲ့ပါတယ်၊ ဒါကြောင့် နှစ်၁၀၀မြောက်အသက်ရှင်ခြင်းကို စခဲ့ပါပြီ။ အလွန်အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်အကြိမ်ကြိမ်အမေးခံခဲ့ရပါတယ်။ ပိုကောင်းမယ့်မေးခွန်းက “ရာစုနှစ်တစ်ခုနီးပါး အသက်ရှင်ခိုက်မှာ ကျွန်တော်ဘာကို သင်ယူခဲ့ရပါသလဲ” လို့ ဖြစ်ပါလိမ့်မယ်။
အဲဒီမေးခွန်းကို အပြည့်အစုံဖြေဖို့ ဒီနေ့အချိန်က ကျွန်တော့်ကို အခွင့်မပေးပါဘူး၊ ကျွန်တော်သင်ယူခဲ့ရတဲ့ အရေးပါဆုံးသင်ခန်းစာတွေထဲက တစ်ခုကိုပဲဝေငှပါရစေ။
ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ဟာ အံ့ဩဖွယ် ဖြစ်ကြောင်း၊ ဒီဘဝမှာ ကျွန်တော်တို့လုပ်တဲ့အရာက တကယ်အရေးကြီးကြောင်း၊ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာဟာ ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ကို ဖြစ်နိုင်စေတဲ့အရာဖြစ်ကြောင်း၁ ကျွန်တော်သင်ယူခဲ့ရပါတယ်။
ကျွန်တော် မကြာမီကဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ နပမ်းလုံးရင်းနဲ့၊ ယေရှုခရစ်တော်နဲ့ နားမလည်နိုင်တဲ့ ကိုယ်တော့်အပြစ်ဖြေခြင်းမင်္ဂလာဆုကျေးဇူးအတွက် ပိုလေးနက်တဲ့တန်ဖိုးထားမှုကိုခံစားခဲ့ရပါတယ်။ အဲဒီအကြောင်းကို စဉ်းစားကြည့်ပါ။ ကယ်တင်ရှင်ဟာ “နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ စုံစမ်းခြင်းအမျိုးမျိုး”၂ ကို ခံစားခဲ့ပါတယ်၊ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို့ကို—လိုအပ်တဲ့အချိန်တွေမှာ နှစ်သိမ့်နိုင်၊ အနာငြိမ်းစေနိုင်၊ ကယ်ဆယ်နိုင်၃ ခဲ့တာပါ။ ယေရှုခရစ်တော်က ဂေသရှေမန်နဲ့ ကရာနီက ကိုယ်တော်ရဲ့ အတွေ့အကြုံတွေကို ဖော်ပြခဲ့ပါတယ်၊ “ထိုဒုက္ခဝေဒနာခံစားခြင်းက ငါကိုယ်တိုင်၊ အကယ်စင်စစ် ဘုရားသခင်၊ ခပ်သိမ်းသောသူတို့ထက် အကြီးမြတ်ဆုံးဖြစ်သူကိုပင်၊ နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ၏။”၄ ကျွန်တော့်ဒဏ်ရာက ကျွန်တော့်ကို “ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား”၅ အကြောင်းကို ထပ်တလဲလဲဆင်ခြင်စေပါတယ်။ ကျွန်တော့်အနာငြိမ်းခြင်းကာလမှာ၊ ကိုယ်တော်ရှင်က ကိုယ်တော်ရဲ့ မြင့်မြတ်တဲ့တန်ခိုးကို ငြိမ်းချမ်းတဲ့၊ မမှားနိုင်တဲ့နည်းတွေနဲ့ အထင်အရှားဖော်ပြခဲ့ပါတယ်။
ယေရှုခရစ်တော်ရဲ့ အနှိုင်းမဲ့အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ဟာ စုံလင်တဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အံ့ဩဖွယ်အစီအစဉ်အကြောင်းနားလည်ဖို့ ဘဝရဲ့ နက်နဲခြင်းနဲ့ ကျွန်တော်တို့အနာဂတ်ရဲ့ မသေချာခြင်းတွေလိုပါတယ်။ အဲဒါက ကျွန်တော်တို့ အယောက်တိုင်းကို ဒီမြေကြီးပေါ်မှာ ကျွန်တော်တို့ ဘယ်လို နေမလဲဆိုတာနဲ့ ကျွန်တော်တို့ ဘယ်နေရာမှာ ထာဝရနေမှာလဲဆိုတာကို ရွေးချယ်ခွင့်ပေးပါတယ်။ ကျွန်တော်တို့ “စားလော့၊ သောက်လော့၊ ပျော်မွေ့လော့။ အကြောင်းမူကား၊ ငါတို့သည် နက်ဖြန်နေ့၌ သေပြီးနောက်၊ ကောင်းသောအကျိုးခံရလိမ့်မည်ဟု ဆိုကြလိမ့်မည်”၆ ဆိုတဲ့ အခြေအမြစ်မရှိတဲ့အယူအဆဟာ၊ စကြာဝဠာထဲမှာ ယုတ္တိမရှိဆုံးမုသားတွေထဲက တစ်ခုပါ။
ဒီမှာ ဘုရားသခင့်အစီအစဉ်ရဲ့ ကြီးမြတ်တဲ့သတင်းရှိပါတယ်၊ သေမျိုးရှိရာ ဘဝမှာ ၎င်းကို အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ့်အရာတွေက သင့်ရဲ့ ဘဝကို ထာဝရ တလျှောက်လုံးအကောင်းဆုံးဖြစ်စေမယ့် အရာ တွေနဲ့ တူတူပါပဲ။ ဒီနေ့၊ သင့်အဖို့ ကောင်းကင်ဘုံရှင်အဘမှာရှိတဲ့ များစွာသောကောင်းချီးမင်္ဂလာတွေနဲ့ သင့်ကို အရည်အချင်းပြည့်မီစေရန် ကူညီဖို့ “ဆီလက်ရှယ်လ်စဉ်းစားခြင်း”၇အလေ့အကျင့်ကို မွေးယူကြဖို့ သင့်ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်၊ ဆီလက်ရှယ်စဉ်းစားခြင်းဆိုတာ ဝိညာဉ်ပကတိစိတ်ထားခြင်းကို ဆိုလိုတာပါ။ “ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ထာဝရရှင်ရာ”၈ ဖြစ်ကြောင်း မော်မုန်ကျမ်းပရောဖက် ယာကုပ်ဆီကနေ ကျွန်တော်တို့ သင်ယူရပါတယ်။
သေခြင်းရှိရာဘဝဟာ ထာဝရအရေးကြီးဆုံးအရာတွေကို ရွေးချယ်ရန်သင်ယူဖို့အတွက် အဆင့်မြင့်စာသင်ခန်းတစ်ခုပါ။ လူအတော်များများဟာ ဒီဘဝမှာ ရှိတဲ့အတိုင်းပဲနေကြပါတယ်။ သို့သော်လည်း၊ ဒီနေ့သင့်ရဲ့ရွေးချယ်မှုတွေက အရာသုံးမျိုးကို ဆုံးဖြတ်ပါလိမ့်မယ်၊ ထာဝရကာလတစ်လျှောက်မှာ သင်နေမယ့်နေရာ၊ သင်ရှင်ပြန်ထမြောက်မယ့် ကိုယ်ခန္ဓာအမျိုအစား၊ ပြီးတော့ သင်ထာဝရအတူနေမယ့်သူများ ပါပဲ။ ဒါကြောင့်၊ ဆီလက်ရှယ်လ်ကို စဉ်းစားပါ။
အသင်းတော်ဥက္ကဋ္ဌအဖြစ် ကျွန်တော့်ပထမဆုံး အမှာစကားမှာ၊ အဆုံးကိုစိတ်မှာထားပြီးစဖို့ သင်တို့ကို တိုက်တွန်းခဲ့ပါတယ်။ ဒါက ဆီလက်ရှယ်လ်နိုင်ငံတော်ကို သင့်ရဲ့ ထာဝရပန်းတိုင်ဖြစ်စေခြင်း၊ အဲဒီနောက် ဒီနေရာမြေကြီးပေါ်မှာသင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းက နောက်ကမ္ဘာမှာ သင့်ကို ရောက်စေမယ့်နေရာကို ဂရုတစိုက်စဉ်းစားခြင်း၉ ကို ဆိုလိုပါတယ်။
ဗိမာန်တော်ထဲမှာ ခင်ပွန်းနဲ့ဇနီးအဖြစ်တံဆိပ်ခတ်ထားတဲ့၊ ပြီးတော့ မိမိတို့ပဋိညာဉ်များကို စောင့်ထိန်းမယ့် အမျိုးသားအမျိုးသမီးတို့သာ ထာဝရကာလတစ်လျှောက်မှာ အတူတကွရှိမယ့်အကြောင်း ကိုယ်တော်ရှင်က ရှင်းလင်းစွာ သွန်သင်ထားပါတယ်။ ကိုယ်တော်မိန့်တော်မူခဲ့ပါတယ်၊ “ခပ်သိမ်းသော ပဋိညာဉ်များ၊ သဘောတူညီချက်များ၊ ခံဝန်ချုပ်များ၊ ကျိန်ဆိုခြင်းများ၊ သစ္စာကတိများ၊ စီရင်ခြင်းများ၊ ချိတ်ဆက်မှုများ၊ အသင်းအဖွဲ့များ သို့မဟုတ် မျှော်လင့်ချက်များသည် သေခြင်းမှ ရှင်ပြန်ထမြောက်ရာနှင့် ယင်းနောက်၌ အစွမ်း၊ တန်ခိုး သို့မဟုတ် အင်အား မရှိ၊ အကြောင်းမူကား ဤရည်ရွယ်ချက်အတွက် ပြု မ ထားသည့် ခပ်သိမ်းသော သဘောတူညီချက်များသည် လူသားတို့သေသောအခါ အဆုံးသတ်ခြင်းသို့ ရောက်၏။”၁၀
ဒါကြောင့် ကျွန်တော်တို့ဟာ ယခု ထီလက်စ်ရှယ်လ် ဥပဒေတွေကို ကျင့်သုံးဖို့ ပညာမဲ့စွာ ရွေးချယ်လျှင်၊ ထီလက်စ်ရှယ်လ် ခန္ဓာကိုယ်နှင့် ရှင်ပြန်ထမြောက်ဖို့ ရွေးချယ်နေကြတာပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ ထာဝရ မ နေဖို့ ရွေးချယ်နေကြတာပါ။
ဒါကြောင့်၊ ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဘယ်လိုမျိုး၊ ဘယ်နေရာမှာ၊ ပြီးတော့ ဘယ်သူ နဲ့ သင်တို့ နေချင်ကြပါသလဲ။ သင်တို့ရွေးချယ်ရပါမယ်။၁၁
သင်တို့ရွေးချယ်မှုတွေ ပြုကြတဲ့အခါ၊ ရေရှည်အမြင်—ထာဝရအမြင်တစ်ခုနဲ့ ကြည့်ကြဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ယေရှုခရစ်တော်ကို ပထမဦးစားပေးပါ၊ သင့်ရဲ့ ထာဝရအသက်ဟာ ကိုယ်တော်နဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာ၌ သင့်ရဲ့ ယုံကြည်ခြင်းအပေါ်မှာ မှီခိုလို့ပါ။၁၂ ကိုယ်တော်ရဲ့ပညတ်တွေကို သင့်ရဲ့နာခံခြင်းအပေါ်မှာလည်း မှီခိုပါတယ်။ နာခံခြင်းက ဒီနေ့သင့်အတွက်ဝမ်းမြောက်စရာဘဝအတွက် ပြီးတော့၊ မနက်ဖြန်မှာ ခန့်ညားတဲ့ ထာဝရဆုလာဘ်အတွက် လမ်းကို ခင်းပေးပါတယ်။
သင်ဟာ အကျပ်ရိုက်ခြင်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ စုံစမ်းနှောင့်ယှက်ခြင်းနဲ့ စုံစမ်းခံရတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ ဘဝ သို့မဟုတ် ချစ်တဲ့သူတွေက သင့်ကို အားလျော့စေတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ တစ်စုံတစ်ယောက် “အရွယ်မတိုင်ခင်” သေဆုံးတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ တစ်စုံတစ်ယောက် ဆိုးရွားတဲ့ရောဂါစွဲတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ ဘဝဖိအားတွေသင့်အပေါ် စုပုံကျတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ ကျွန်တော်ယခုဖြစ်နေသလိုမျိုး၊ မတော်တဆမှု သို့မဟုတ် ထိခိုက်မှုမှ ပြန်ကောင်းလာတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။
သင်ဟာ ဆီလက်ရှယ်လ်စဉ်းစားခြင်းကို အာရုံစိုက်တဲ့အခါ၊ ဆန့်ကျင်မှုကို တွေ့ရဖို့ မျှော်လင့်ထားပါ။၁၃ ဆယ်စုနှစ်များစွာက၊ ကျွမ်းကျင်ပညာရှင်အဖော်တစ်ယောက်က ကျွန်တော့်စိတ်ထဲမှာ “ဗိမာန်တော်များလွန်း” တာကို ဝေဖန်ခဲ့ပါတယ်၊ ကျွန်တော်ယုံကြည်ခြင်းကြောင့် တစ်ယောက်ထက်မကတဲ့ အထက်ကြီးကြပ်သူတွေက ကျွန်တော့်ကို အပြစ်ဒဏ်ပေးခဲ့ပါတယ်။ ကျွန်တော်ခိုင်မြဲပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီဆီလက်ရှယ်လ်စဉ်းစားခြင်းက ကျွန်တော့်လုပ်ငန်းကို ပိုကောင်းစေပါတယ်။
သင်ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ၊ သင့်နှလုံးသားတဖြည်းဖြည်းပြောင်းလဲပါလိမ့်မယ်။ ပိုပြီးမကြာခဏ၊ ပိုပြီးရိုးသားစွာဆုတောင်းချင်ပါလိမ့်မယ်။ သင့်ဆုတောင်းခြင်းတွေကို ကျေးဇူးပြု၍ ဈေးဝယ်စာရင်းတစ်ခုလို မဖြစ်ပါစေနဲ့။ ကိုယ်တော်ရှင်ရဲ့ရှုထောင့်က သင့်ရဲ့သေမျိုးဉာဏ်ပညာကို ကျော်လွန်ပါတယ်။ သင့်ဆုတောင်းခြင်းများအတွက် ကိုယ်တော်ရဲ့ အဖြေက သင့်ကို အံ့အားသင့်ကောင်းသင့်စေနိုင်ပါတယ်၊ ဆီလက်ရှယ်လ်ကို စဉ်းစားဖို့ သင့်ကို ကူညီပါလိမ့်မယ်။
ဂျိုးဇက်စမစ် လစ်ဗာတီအကျဉ်းထောင်မှာ သက်သာခြင်းရဖို့ တောင်းခံတုန်းက ကိုယ်တော်ရှင်ရဲ့ အဖြေကို စဉ်းစားကြည့်ပါ။ ပရောဖက်အပေါ် လူသားမဆန်သောဆက်ဆံမှုက သူ့ကို အတွေ့အကြုံပေး၊ သူ့ကောင်းကျိုးအတွက်ဖြစ်မည့်၁၄ အကြောင်းကို ကိုယ်တော်ရှင်က သွန်သင်ပေးခဲ့ပါတယ်။ “သင်သည် ဒါကို ကောင်းကောင်းကြံ့ကြံ့ခံလျှင်၊” “ဘုရားသခင်သည် သင့်ကို အမြင့်၌ ချီးမြှောက်လိမ့်မည်”၁၅ လို့ ကိုယ်တော်ရှင်ကတိထားတော်မူပါတယ်။ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်ကို ဆီလက်ရှယ်လ်ကို စဉ်းစားဖို့၊ ဒုက္ခကြီးတဲ့အခက်အခဲနေ့ရက်ကို အာရုံစိုက်မယ့်အစား ထာဝရဆုလာဘ်ကိုမြင်ယောင်ဖို့ သွန်သင်နေခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းတွေဟာ ကောင်းကင်ဘုံရှင်အဘနဲ့တိုက်ရိုက်ဆွေးနွေးခြင်းတွေ —ဖြစ်နိုင်ပါတယ်—ဖြစ်ရပါမယ်။
သင်ဟာ ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ၊ သင်ရဲ့ရွေးချယ်ပြုမူနိုင်ခွင့်ကို လုယူတဲ့ အရာမှန်သမျှ ကို ရှောင်ခြင်းဖြစ်တယ်ဆိုတာသင့်ကိုယ်သင်တွေ့ရပါလိမ့်မယ်။ —လောင်းကြေးထပ်ခြင်း၊ အလောင်းအစား၊ အကြွေး၊ မူးယစ်ဆေး၊ အရက်၊ ဒေါသ၊ ညစ်ညမ်းရုပ်ရှင်စာပေ၊ လိင်ကိစ္စ၊ သို့မဟုတ် အစားအသောက်ကအစ ဘယ် စွဲလမ်းခြင်းမဆို—ဘုရားသခင်ကို ပြစ်မှားပါတယ်။ ဘာကြောင့်ပါလဲ။ သင့်ရဲ့အစွဲအလမ်းက သင့်ရဲ့ ဘုရားဖြစ်လာလို့ပါပဲ။ သင်ဟာ ဖြေသိမ့်မှုအတွက် ကိုယ်တော် အစား၊ အဲဒါကို မျှော်လင့်ပါတယ်။ စွမ်းလမ်းမှုတစ်ခုနဲ့ ရုန်းကန်နေရလျှင်၊ သင်လိုအပ်တဲ့ ဝိညာဉ်ပကတိနဲ့ ကျွမ်းကျင်မှုအကူအညီကို ရှာပါ။ ဘုရားသခင်ရဲ့ အံ့ဩဖွယ်အစီအစဉ်ကို လိုက်လျှောက်ဖို့ သင့်ရဲ့လွတ်လပ်မှုကို လုယူစေဖို့ စွဲလမ်းမှုတစ်ခုကို ကျေးဇူးပြု၍ အခွင့်မပေးပါနှင့်။
ဆီလက်ရှယ်လ်ကို စဉ်းစားခြင်းက သင့်ကို ကာမစင်ကြယ်ခြင်းပညတ်နာခံဖို့ကိုလည်း ကူညီပါလိမ့်မယ်။ ဒီမြင့်မြတ်တဲ့ပညတ်ကို ချိုးဖောက်ခြင်းထက် သင့်ဘဝကို ပိုပြီးမြန်မြန်ရှုပ်ထွေးစေတဲ့အရာက အနည်းငယ်သာရှိပါတယ်။ ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုပြီးတဲ့သူတွေအဖို့၊ စာရိတ္တပျက်ခြင်းဟာ သင့်သက်သေခံချက်ကို အမြန်ဆုံးပျောက်ဆုံးစေတဲ့နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။
မာရ်နတ်ရဲ့ အကြင်နာမဲ့ဆုံး သွေးဆောင်ခြင်းတွေမှာ စာရိတ္တစင်ကြယ်မှုကို ချိုးဖောက်ခြင်းပါဝင်ပါတယ်။ ဘဝကို ဖန်တီးနိုင်စွမ်းဟာ ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော့်သားသမီးတွေကျင့်သုံးဖို့ အခွင့်ပေးထားတဲ့ ဘုရားဂုဏ် အထူးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်၊ ဘုရားသခင်က ဒီ အသက်ရှင်တဲ့မြင့်မြတ်သောစွမ်းအားအသုံးပြုခြင်းအတွက် ရှင်းလင်းတဲ့လမ်းညွှန်မှုချထားပါတယ်။ ကိုယ်လက်နှီးနှောခြင်းဟာ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက် သာ ဖြစ်ပါတယ်။
လောကရဲ့အများစုက ဒါကို မယုံပါဘူး၊ ဒါပေမယ့် အများအထင်အမြင်ဟာ သမ္မာတရားကို စီရင်နိုင်တဲ့အရာမဟုတ်ပါဘူး။ ကာမ မစင်ကြယ်သူအဘယ်သူမျှ ဆီလက်ရှယ်လ်နိုင်ငံတော်ကို ရမည်မဟုတ်လို့ ကိုယ်တော်ရှင် ကြေညာခဲ့ပါတယ်။ ဒါကြောင့်၊ သင်ဟာ စာရိတ္တနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေချတဲ့အခါ၊ ကျေးဇူးပြု၍ ဆီလက်ရှယ်လ်ကို စဉ်းစားပါ။ သင်သည် ကာမမစင်ကြယ်ခြင်းရှိခဲ့လျှင်၊ နောင်တရဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ခရစ်တော်ဆီကိုလာပါ၊ သင့်အပြစ်တွေမှ ပြည့်စုံစွာနောင်တရရင်း၁၆ ကိုယ်တော်ရဲ့ ပြည့်စုံတဲ့ ခွင့်လွှတ်ခြင်းကတိတော်ကို ရရှိပါ။
သင်ဟာ ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ စုံစမ်းခြင်းတွေနဲ့ ဆန့်ကျင်မှုကို အလင်းသစ်နဲ့ ရှုမြင်ပါလိမ့်မယ်။ သင်ချစ်တဲ့တစ်စုံတစ်ယောက်က သမ္မာတရားကို တိုက်ခိုက်တဲ့အခါ၊ ဆီလက်ရှယ်လ်ကို စဉ်းစားပါ၊ ပြီးတော့ သင့်ရဲ့ သက်သေခံချက်ကို သံသယမဝင်ပါနဲ့။ တမန်တော်ပေါလုက ပရောဖက်ပြုဟောခဲ့ပါတယ်၊ “နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်ကြလိမ့်မည်။”၁၇
မာရ်နတ်ရဲ့လှည့်စားခြင်းတွေက အဆုံးမရှိပါဘူး။ ကျေးဇူးပြု၍ပြင်ဆင်ထားပါ။ မယုံကြည်သူတွေဆီကနေ ဘယ်တော့မှ အကြံဉာဏ်မယူပါနဲ့။ သင်စိတ်ချရတဲ့အသံတွေဆီက—ပရောဖက်တွေ၊ မြင်တဲ့သူတွေနဲ့ ဗျာဒိတ်ဟောသူတွေဆီက၊ “သင်လုပ်ဆောင်သင့်တဲ့အရာ အားလုံးကို သင့်ကိုပြမယ့်”၁၈ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တိုးတိုးပြောသံဆီက လမ်းညွှန်မှုကို ရှာပါ။ သင်ရဲ့ကိုယ်ပိုင်ဗျာဒိတ်တော်ရနိုင်စွမ်းကို တိုးစေဖို့ ဝိညာဉ်ပကတိအမှုကို ကျေးဇူးပြု၍ လုပ်ဆောင်ပါ။၁၅
သင်ဟာ ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ သင့်ရဲ့ယုံကြည်ခြင်း တိုးလာပါလိမ့်မယ်။ ကျွန်တော်လူငယ်အလုပ်သင်တစ်ယောက်ဖြစ်တုန်းက ကျွန်တော့်ဝင်ငွေဟာ တစ်လ ၁၅ ဒေါ်လာပါ။ တစ်ည၊ ကျွန်တော့်ဇနီး ဒန့်ဇယ်လ်က ကျွန်တော်အဲဒီ လစာလေးနဲ့ ဆယ်ဖို့တစ်ဖို့ ပေးမပေးမေးခဲ့ပါတယ်။ ကျွန်တော်မပေးခဲ့ပါဘူး။ ကျွန်တော်မြန်မြန်နောင်တရခဲ့ပြီး၊ လစဉ်ဆယ်ဖို့တစ်ဖို့ထဲမှာ နောက်ထပ် ၁.၅ ဒေါ်လာကို ပေးခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ဆယ်ဖို့တစ်ဖို့ကို တိုးပေးလို့ အသင်းတော်မှာ ခြားနားမှုတစ်ခုခုဖြစ်ခဲ့ပါသလား။ ဟုတ်ကဲ့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်၊ ဆယ်ဖို့တစ်ဖို့အပြည့်ပေးသူတစ်ယောက်ဖြစ်လာခြင်းက ကျွန်တော့်ကို ပြောင်းလဲခဲ့ပါတယ်။ အဲဒါက ဆယ်ဖို့တစ်ဖို့ပေးခြင်းဟာ ယုံကြည်ခြင်းနဲ့သာဆိုင်တယ်၊ ငွေနဲ့မဆိုင်ဘူးဆိုတာကို ကျွန်တော်သင်ယူခဲ့ရတဲ့အချိန်ပဲဖြစ်ပါတယ်။ ကျွန်တော်ဆယ်ဖို့တစ်ဖို့အပြည့်ပေးသူတစ်ယောက်ဖြစ်လာခဲ့တာနဲ့အမျှ၊ ကျွန်တော့်အဖို့ ကောင်းကင်ဘုံပြတင်းပေါက်တွေစပွင့်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သစ္စာရှိသောဆယ်ဖို့တစ်ဖို့ပေးခြင်းကြောင့် ပညာရှင်ဆိုင်ရာနောက်ထပ်အခွင့်အရေးအချို့ကို ရရှိခဲ့ပါတယ်။၂၀
ဆယ်ဖို့တစ်ဖို့ပေးခြင်းမှာ ယုံကြည်ခြင်းလိုအပ်ပါတယ်၊ အဲဒါက ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ချစ်သားအပေါ် ယုံကြည်ခြင်းကိုလည်း တည်ဆောက် ပါတယ်။
လိင်အသားပေး၊ နိုင်ငံရေးအသားပေးလောကမှာ ကိုယ်ကျင့်သီလရှိတဲ့ဘဝတစ်ခုကို နေထိုင်ဖို့ ရွေးချယ်ခြင်းက ယုံကြည်ခြင်းကို တည်ဆောက်ပါတယ်။
ဗိမာန်တော်ထဲမှာ အချိန်ကိုပိုသုံးခြင်းက ယုံကြည်ခြင်းကို တည်ဆောက်ပါတယ်။ ဗိမာန်တော်ထဲ၌ သင်၏အစေခံခြင်းနဲ့ ကိုးကွယ်ခြင်းက သင့်ကို ဆီလက်ရှယ်လ်ကို စဉ်းစားစေဖို့ ကူညီပါလိမ့်မယ်။ ဗိမာန်တော်ဟာဗျာဒိတ်တော်ရှိရာနေရာဖြစ်ပါတယ်။ ဆီလက်ရှယ်လ်ဘဝတစ်ခုဆီသို့ ဘယ်လိုတိုးတက်ရမယ်ဆိုတာကို ပြထားတာတွေရှိပါတယ်။ အဲဒီမှာ သင့်ကို ကယ်တင်ရှင်နဲ့ပိုနီးရာသို့ ဆွဲခေါ်ပါတယ်၊ ကိုယ်တော်ရဲ့တန်ခိုးသို့ရောက်ရာ ပိုကြီးတဲ့လမ်းကိုလည်း ပေးပါတယ်။ အဲဒီမှာ သင်ဟာ ဘဝပြဿနာတွေ၊ သင့်ရဲ့ အရှုပ်ထွေးဆုံးပြဿနာတွေကိုပင် ဖြေရှင်းခြင်း၌ လမ်းညွှန်ခံရပါတယ်။
ဗိမာန်တော်ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေဟာ ထာဝရအရေးကြီးပါတယ်။ သင်တို့အယောက်တိုင်းရဲ့ ဘဝတွေမှာ ဒီသန့်ရှင်းမွန်မြတ်တဲ့ဖြစ်နိုင်ခြေတွေ အမှန်ဖြစ်လာစေဖို့ ကျွန်တော်တို့ နောက်ထပ်ဗိမာန်တော်တွေတည်ဆောက်ပါတယ်။ ယနေ့၊ အောက်ပါနေရာ ၂၀ မှာ ဗိမာန်တော်အသစ်ဆောက်လုပ်မယ့် ကျွန်တော်တို့၏အစီအစဉ်များကို ကြေငြာရတဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။
-
ဆာဗိုင်း၊ ဆမိုးဝါး
-
ကန်ကန့်၊ မက္ကဆီကို
-
ပီရူရာ၊ ပီရူး
-
ဟွန်ကေရို၊ ပီရူး
-
ဗင်နာဒဲလ်မာ၊ ချီလီ
-
ဂွိုင်ရန်နီယား၊ ဘရာဇီးလ်
-
ဂျွောင်ရို ပက်ဆို၊ ဘရာဇီးလ်
-
ကလက်ဘာ၊ နိုင်ဂျီးရီးယား
-
ကိပ်ကို့စ်တ်၊ ဂါနာ
-
လွန်ဒါ၊ အန်ဂိုလာ
-
မဘူဂျီ-မရီ၊ ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စု
-
လာအို့၊ ဖိလစ်ပိုင်
-
အိုဆာကာ၊ ဂျပန်
-
ကဟူလီ၊ မရီ၊ ဟာဝိုင်ရီ
-
ဖဲရားဘန့်၊ အလက်စကာ
-
ဗန်ကူဗာ၊ ဝါရှင်တန်
-
ကော်လိုရာဒိုစပရင်း၊ ကော်လိုရာဒို
-
တုလဆာ၊ အိုကလာဟိုးမား
-
ရိုရန်နိုကီ၊ ဗာဂျီးနီးယား
-
အူလန်ဘာတာ၊ မွန်ဂိုလီးယား
ကိုယ်တော်ရှင်က ကျွန်တော်တို့ဆီလက်ရှယ်လ်ကို စဉ်းစားရန် ကူညီဖို့ ဒီဗိမာန်တော်တွေကို တည်ဆောက်ဖို့ လမ်းညွှန်နေပါတယ်။ ဘုရားသခင်အသက်ရှင်တော်မူပါတယ်။ ယေရှုက ခရစ်တော်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ သားသမီးအားလုံးကို ကောင်းချီးပေးဖို့ ကိုယ်တော်ရဲ့ အသင်းတော်ကို ပြန်လည်ဆောင်ယူထားပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။