သူရဲကောင်းတစ်ယောက်ထက်ပို၍
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့၏သူရဲကောင်းဖြစ်ရုံသာမက၊ ကိုယ်တော်ဟာ သခင်နှင့်ဘုရင်၊ လူသားတို့ရဲ့ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်ဖြစ်ပါတယ်။
၁၈၅၆ မှ ၁၈၆၀ ထိ၊ ထောင်နဲ့ချီတဲ့ နောက်ပိုင်းကာလသန့်ရှင်းသူ ကနဦးလူတွေဟာဆော့လ်လိတ်ချိုင့်ဝှမ်းကို သွားစဉ်မှာသူတို့ပစ္စည်းတွေကို ဆွဲလှည်းပေါ်တင်ပြီး မိုင် ၁၀၀၀ (ကီလိုမီတာ ၁,၆၀၀) ကျော်ဆွဲခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ တစ်ရာ ခြောက်ဆယ့်ခုနစ် ခုနှစ် ယခုအပတ်၊ ၁၈၅၆၊ အောက်တိုဘာ ၄ ရက်နေ့မှာ၊ ဥက္ကဋ္ဌ ဘရင်ဟမ် ယန်းဟာ အက်ဒ်ဝပ် မာတင်နဲ့ ဂျိမ်း ဝီလီတို့၊ ဦးဆောင်တဲ့ ဆွဲလှည်းအဖွဲ့နှစ်ဖွဲ့ ဆော့လ်လိတ်ကနေ မိုင်ရာချီဝေးနေသေးတယ်ဆိုတာကို သိရတော့ အံ့ဩသွားခဲ့ပါတယ်၊ ဆောင်းရာသီကလည်း အမြန် နီးကပ်လာနေပါပြီ။၁ နောက်တစ်နေ့မှာပဲ၊ ဥက္ကဋ္ဌ ယန်းက သန့်ရှင်းသူတွေရှေ့မှာ ရပ်ပြီး ကြေညာခဲ့ပါတယ်၊ “ကျွန်တော်တို့ညီအစ်ကိုတွေနဲ့ ညီအစ်မတွေဟာ လွင်ပြင်ပေါ်မှာ ဆွဲလှည်းတွေနဲ့ ရှိနေပါတယ်၊ သူတို့ကို ဒီနေရာကို ခေါ်လာရမှာဖြစ်ပါတယ်။ အခုသွားပြီး အဲ့လူတွေကို လွင်ပြင်ပေါ် ခေါ်ခဲ့ပါ” လို့ကြေညာခဲ့ပါတယ်။၂
နှစ်ရက်အကြာမှာ၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့များက ဆွဲလှည်းရှေ့ဆောင်သူများကို ရှာဖွေရန် ထွက်ခွာခဲ့ကြပါတယ်။
ဝီလီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက အဓိကကယ်ဆယ်ရေးအဖွဲ့ မရောက်မီ မျှော်လင့်ချက်မဲ့နေသယောင်အခြေအနေကို ဖော်ပြခဲ့ပါတယ်။ သူ ဝေမျှခဲ့ပါတယ်၊ “အားလုံး ပျောက်ဆုံးသွားလိမ့်မယ်လို့ ထင်ရတဲ့[အချိန်လေးမှာပဲ]၊ အသက်ရှင်ဖို့ ကျန်ရှိနေသယောင်၊ … ကြည်လင်သောကောင်းကင်ထဲက မိုးချုန်းသံကဲ့သို့၊ ဘုရားသခင်က ကျွန်တော်တို့ဆုတောင်းသံများကို ဖြေကြားတော်မူခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က၊ အစားအစာနဲ့ ထောက်ပံ့ပစ္စည်းတွေ သယ်ဆောင်လာတာကို မြင်တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာဗျာ။”၃
ဆိုးရွားတဲ့ရာသီဥတုအခြေအနေမှာ တတ်စွမ်းသမျှ ဘေးကင်းစွာ အိမ်သို့ပို့ဆောင်ရန်အတွက် သူတို့ရဲ့အသက်အန္တရာယ်ကို စွန့်စားခဲ့တဲ့၊ ထိုကယ်ဆယ်ရေးသမားတွေဟာ ရှေ့ဆောင်သူများ၏ သူရဲကောင်းများ ဖြစ်ခဲ့ကြပါတယ်။ အဲ့လို သူရဲကောင်းတစ်ယောက်ကတော့ ဧဖရိမ် ဟန့်ခ်စ်ဖြစ်ပါတယ်။
အောက်တိုဘာလလယ်မှာ၊ လက်ဆွဲလှည်းအခက်အခဲကို သတိမထားမိဘဲ၊ ဟန့်ခ်စ်ဟာ ခရီးစဉ်ပြီးနောက် ဆော့တ်လိတ်မြို့ရှိ သူ့အိမ်သို့ ပြန်လာနေစဉ်၊ ညအချိန်မှာ၊ “လက်ဆွဲလှည်းသမားတွေ ဒုက္ခရောက်နေပြီ၊ သင့်ကိုလိုအပ်နေတယ်၊ သူတို့ကို သွားပြီးကူညီပေးမလား၊” ဆိုတဲ့ အသံတစ်သံဖြင့်နိုးထလာခဲ့ပါတယ်။
ထိုမေးခွန်းက သူ့စိတ်ထဲတွင် နှိုးဆော်နေခဲ့တာကြောင့်၊ ဟန့်ခ်စ်ဟာ ဆော့်လ်လိတ်သို့အလျင်အမြန် ပြန်သွားခဲ့ပါတယ်။ ဥက္ကဋ္ဌ ဟေဘာ စီ ကင်ဘောလ်မှ နောက်ထပ်စေတနာ့ဝန်ထမ်းများအတွက် ခေါ် ဆိုမှုကို ကြားသိရတဲ့အခါ၊ ဟန့်စ်ဟာ နောက်နေ့မှာ၊ ကယ်ဆယ်ရေးအတွက်၊ သူကိုယ်တိုင် ထွက်ခွာလာခဲ့ပါတယ်။ မြန်မြန်ထွက်လာပြီး၊ အခြားကယ်ဆယ်ရေးသမားများကို လမ်းခရီးတွင် ကျော်သွားပြီး၊ မာတင်အဖွဲ့သို့ ရောက်ရှိလာသောအခါ၊ ဟန့်ခ်စ်က ပြန်ပြောပြခဲ့ပါတယ်၊ “သူတို့စခန်းထဲ ဝင်လာတဲ့အခါ မြင်လိုက်တဲ့ မြင်ကွင်းဟာ ကျွန်တော်ရဲ့မှတ်ဉာဏ်ထဲကနေ ဘယ်တော့မှ ဖျက်ပစ်လို့မရခဲ့ပါဘူး … [ပြီးတော့] ခိုင်မာသောနှလုံးသားကိုတောင်တို့ထိနိုင်ခဲ့ပါတယ်။”၄
ဧဖရိမ် ဟန့်ခ်စ်ဟာ ဖျားနာသူများကို တဲတစ်တဲမှတစ်တဲသို့ ပြောင်းရွှေ့ရင်းကောင်းချီးပေးကာ နေ့ရက်များကို ကုန်စေခဲ့ပါတယ်။ “အကယ်စင်စစ် ကျွန်တော်တို့က သခင်ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ဖျားနာသူတို့ကို တိုက်ကျွေး၍ ၊ရောဂါများကို တိုက်ထုတ်တဲ့အခါ၊ ဝေဒနာသည်များ တစ်ခါတည်းစုဝေးကြပြီး သူတို့ ချက်ချင်းနီးပါး ပျောက်ကင်းကြပါတယ်၊”၅ လို့ သူပြောခဲ့ပါတယ်။ ဧဖရိမ်ဟန့်ဟာ အဲဒီကနဦး ဆွဲလှည်းသမားတို့အတွက် ထာဝရသူရဲကောင်းတစ်ဦးဖြစ်ပါလိမ့်မယ်။
အဲဒီမှတ်သားဖွယ်ကယ်ဆယ်ခြင်းနဲ့ အလားတူပဲ၊ ကျွန်တော်တို့ရဲ့ဘဝတွေနဲ့ သမိုင်းကြောင်းကိုပင် သက်ရောက်မှုရှိတဲ့ အဖြစ်အပျက်တွေဟာ အမျိုးသားအမျိုးသမီး တစ်ဦးချင်း- ကြီးမြတ်တဲ့အနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြီးမြောက်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်။ ထိုထူးခြားပုဂ္ဂိုလ်များကို “သူရဲကောင်းများ“ အဖြစ် ဂုဏ်ပြုလေ့ရှိပြီး သူတို့၏စွန့်စားမှုများကို အမှတ်တရကျင်းပဖို့ အထိမ်းအမှတ်ကျောက်တိုင်များနှင့် အောက်မေ့စရာများ တည်ဆောက်ထားကြပါတယ်။
ကျွန်တော် ငယ်ငယ်တုန်းက၊ ကျွန်တော်ရဲ့ ပထမဆုံးသူရဲကောင်းတွေဟာ အားကစားသမားတွေဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အစောဆုံး အမှတ်တရတွေကတော့ ဘေ့စ်ဘောကစားသမားတွေရဲ့ ဓာတ်ပုံတွေ၊ စာရင်းဇယားတွေနဲ့ ဘေ့စ်ဘောကတ်တွေကို စုဆောင်းနေခဲ့ခြင်းပါ။ “သူရဲကောင်းကိုးကွယ်မှု”ဟာ ကလေးတစ်ယောက်အနေနဲ့ကတော့ ပျော်စရာ၊ အပြစ်ကင်းတဲ့အရာဖြစ်နိုင်ပါတယ်၊ ဟော်လိုဝိန်းပွဲမှာ သူတို့အကြိုက်ဆုံး သူရဲကောင်းတွေလို ဝတ်ဆင်ခြင်းလိုမျိုးပေါ့။ အရည်အချင်းရှိတဲ့လေးစားဖွယ်အမျိုးသားအမျိုးသမီးတွေကို သူတို့ရဲ့အစွမ်းနဲ့လုပ်ဆောင်မှုတွေကြောင့် ကျွန်တော်တို့ ချီးကျူးလေးစားကြသော်လည်း၊ သူတို့ ကိုအလေးထားတဲ့ပမာဏဟာ များလွန်းသွားမယ်ဆိုရင်၊ သိနာသဲကန္တာရမှာ ရွှေနွားရုပ်ကို ကိုးကွယ်တဲ့ ဣသရေလအမျိုးသားတွေနဲ့ တူသွားနိုင်ပါတယ်။
လူကြီးများအနေနှင့်လည်း၊ တစ်ချိန်က ကလေးဘဝအပြစ်ကင်းတဲ့ပျော်ရွှင်မှုဖြစ်ခဲ့တဲ့အရာတွေက နိုင်ငံရေးသမားများ၊ ဘလော့ဂါများ၊ သြဇာရှိသူများ၊ အားကစားသမားများ၊ သို့မဟုတ် ဂီတပညာရှင်များအပေါ် “သူရဲကောင်းကိုးကွယ်မှု”ကို “သတ်မှတ်ချက်ထက်ကျော်လွန်”၆ ပါက၊ တကယ်လိုအပ်တဲ့အရာကို သတိမမူမိတော့ဘဲ အဲ့ဒါတွေက အခက်အခဲအတားအဆီးဖြစ်လာနိုင်ပါတယ်။
ဣသရေလအမျိုးသားများအတွက်၊ စိန်ခေါ်မှုဟာကတိတော်မြေသို့ ခရီးမှာ သူတို့နှင့်အတူ ပါလာတဲ့ ရွှေမဟုတ်ပါဘူး၊ ရွှေကို ရုပ်တုဖြစ်လာစေဖို့ ခွင့်ပြုလိုက်ခြင်းပါ၊ အဲဒါက သူတို့ရဲ့ကိုးကွယ်ရာဖြစ်လာခဲ့ပါတယ်၊ ပင်လယ်နီကို ခွဲပြီး သူတို့ကိုကျွန်ခံခြင်းမှ လွှတ်ပေးတဲ့ ယေဟောဝါထံမှ သူတို့ရဲ့အာရုံကို လွှဲစေခဲ့ပါတယ်။ နွားသငယ်အပေါ် အာရုံစူးစိုက်မှုဟာ သူတို့၏စစ်မှန်သောဘုရားသခင်အား၇ ကိုးကွယ်နိုင်စွမ်းကို ထိခိုက်စေခဲ့ပါတယ်။
ယခုနှင့် ထာဝရ သူရဲကောင်း မှာ၊—ယေရှုခရစ်တော်ဖြစ်ပါတယ်၊ ကျမ်းစာတွေမှာ၊ ပြီးတော့ အသက်ရှင်တဲ့ပရောဖက်တွေရဲ့နှုတ်ကပတ်တော်များမှတစ်ဆင့်တွေ့ရတဲ့ ကိုယ်တော်၏သွန်သင်ချက်များကနေ ကျွန်တော်တို့ကို အာရုံလွှဲစေသော အဘယ်အရာမဆို သို့မဟုတ် ဘယ်သူမဆိုသည် ကျွန်တော်တို့ရဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာတိုးတက်မှုကို အပျက်သဘောသက်ရောက်စေပါတယ်။ ဤကမ္ဘာမဖန်ဆင်းမီကတည်းက၊ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်အဘ အဆိုပြုထားသောအစီအစဉ်ကို ရှင်းလင်းစွာသိလာတဲ့အခါ၊ ယေရှုခရစ်တော်ကို မျှော်ကိုးခဲ့ကြပါတယ်၊ အဲဒီအစီအစဉ်မှာ တိုးတက်ပြီး ကိုယ်တော်လိုဖြစ်လာနိုင်တဲ့ ကျွန်တော်တို့ရဲ့အခွင့်အလမ်း ပါဝင်ပါတယ်၊ စမ်းသပ်ခြင်းလည်းခံရပါတယ်။
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့အဘရဲ့အစီအစဉ်ရဲ့ ခုခံကာကွယ်ရာတွင် ခေါင်းဆောင်ဖြစ်ရုံသာမက၊ အကောင်အထည်ဖော်ရာတွင်လည်း အရေးကြီးဆုံးအခန်းကဏ္ဍ မှာပါဝင်ပါတယ်။ ကိုယ်တော်ဟာ အဘအား ဖြေကြားခဲ့ပြီး ကျွန်တော်တို့အယောက်တိုင်း အပြစ်အားဖြင့် ခံရမည်ဖြစ်သော်လည်း ကျွန်တော်တို့ကိုယ်တိုင် မဆပ်နိုင်သောအကြွေးကို ပေးဆပ်ရန် “လူအပေါင်းတို့ကို ရွေးအံ့သောငှာ”၈ သူ၏ဆန္ဒနှင့်သူ လုပ်ဆောင်ခဲ့ပါတယ်။
ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ အုတ်က သင်ကြားပေးပါတယ်၊ “[ယေရှုခရစ်တော်]က ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်မှာ ဖော်ပြထားတဲ့ လူ့ဇာတိမှသည် ပန်းတိုင်ဆီသို့ ကျွန်တော်တို့ရဲ့ ခရီးတစ်လျှောက်မှာ မရှိမဖြစ်လိုအပ်တဲ့အရာတိုင်းကို ဆောင်ရွက်ခဲ့ပါတယ်။”၉
ဂေသရှေမန်ဥယျာဉ်တွင်၊ အလွန်ကြီးမားသောစမ်းသပ်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ကယ်တင်ရှင်ဟာ သူ့တာဝန်ကို ရှောင်မည့်အစား၊ “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ”၁၀ ဟု ရဲရင့်စွာ ဆုတောင်းခဲ့ပြီး၊ ဝေဒနာများ၊ ဖျားနာခြင်းနှင့် ထာဝရ အသက်ရှင်ရမယ့်သူတိုင်း၏ အပြစ်များအတွက် ဆင်းရဲဒုက္ခကို သူ့အပေါ်မှာ ခံယူခဲ့ပါတယ်။ ပြီးပြည့်စုံသော နာခံမှုနှင့် ကတိကဝတ်တို့ဖြင့်၊ ယေရှုခရစ်တော် ဟာ ဖန်ဆင်းရာအားလုံးတွင် အမြင့်မြတ်ဆုံး၊ သူရဲကောင်းဆန်သောလုပ်ရပ်များကို ပြီးစီးခဲ့ပြီး၊ ကိုယ်တော်၏ဘုန်းအသရေရှိသော ရှင်ပြန်ထမြောက်ခြင်းတွင် အထွတ်အထိပ်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်၊ “သင့်မှာ ဘယ်လိုမေးခွန်းတွေ သို့မဟုတ် ဘယ်လိုပြဿနာတွေ ရှိနေပါစေ၊ အဖြေကို ယေရှုခရစ်တော်၏ အသက်တာနှင့် သွန်သင်ချက်တွေမှာ အမြဲတွေ့နိုင်ပါတယ်။ သူ၏အပြစ်ဖြေခြင်းမင်္ဂလာ၊ မေတ္တာ၊ ကရုဏာ၊ ဩဝါဒနှင့် ပြန်လည်ဆောင်ယူထားသော အနာငြိမ်းခြင်းဧဝံဂေလိတရား၊ တိုးတက်မှုနှင့် ဆက်စပ်မှုအကြောင်း ပိုမိုလေ့လာပါ။ သူ့ထံသို့ ပြောင်းလဲပါ။ သူ့နောက် လိုက်လျှောက်ပါ။”၁၁ ပြီးတော့ ကိုယ်တော့်ကိုရွေးချယ်ဖို့ ကျွန်တော်ထပ်လောင်းပြောချင်ပါတယ်။
ကျွန်တော်တို့ရဲ့ ကြောင့်ကြမှုများသောကမ္ဘာတွင်၊ ရှုပ်ထွေးတယ် သို့မဟုတ် လွန်ကဲတယ်လို့ထင်ရသောအခါ ဘဝရဲ့အဓိပ္ပာယ် သို့ ပြတ်သားမှုကိုရရှိရန် ကြိုးပမ်းရာတွင် လူ့အဖွဲ့အစည်းရဲ့ သူရဲကောင်းများ ထံလှည့်ဖို့ သွေးဆောင်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့စပွန်ဆာပေးတဲ့ အဝတ်အစားတွေကို ဝယ်ကြပါတယ်၊ သူတို့ထောက်ခံပေးတဲ့ နိုင်ငံရေးကို လက်ခံကြပါတယ်၊ ဆိုရှယ်မီဒီယာမှာ ဝေမျှထားတဲ့ သူတို့ရဲ့ အကြံပြုချက်တွေကို လိုက်နာကြပါတယ်။ ယာယီလမ်းလွှဲခြင်းအတွက် အဆင်ပြေနိုင်သော်လည်း၊ ဤသူရဲကောင်းကိုးကွယ်မှုပုံစံဟာ ကျွန်တော်တို့ရဲ့ ရွှေနွားရုပ် လိုမဖြစ်စေဖို့ရန် သတိထားရပါမယ်။ မှန်ကန်သောသူရဲကောင်းကို ရွေးချယ်ခြင်းဟာ ထာဝရအကျိုးဆက်တွေရှိပါတယ်။
ကျွန်တော့်မိသားစုနှင့်အတူ သာသနာပြုခေါင်းဆောင်များအဖြစ် အမှုတော်ထမ်းဆောင်ရန် စပိန်နိုင်ငံသို့ ရောက်ရှိသောအခါ၊ အသင်းလူကြီး နီရယ်လ် အေ မက်ဇ်ဝဲလ် ထံမှ ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ သူရဲကောင်းများနှင့် သက်ဆိုင်သော ဘောင်သွင်းထားတဲ့ကိုးကားချက်တစ်ခုကို တွေ့ခဲ့ ပါတယ်။ သူက၊ “သင်သည် ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဦးစွာမရွေးချယ်ပါက၊ သင်အစားထိုးရွေးချယ်ထားတဲ့အရာက အဆုံး၌ ကွဲပြားစေလိမ့်မည်မဟုတ်ပါ၊”၁၂ လို့ဖော်ပြထားပါတယ်။ ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ဘုရင်တို့၏ဘုရင်၊ ယေရှုခရစ်တော်ကို ရွေးချယ်ခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ကို ရွေးချယ်ကြပါတယ်။ အခြား ရွေးချယ်ခြင်းများက လူ၏လက်ရုံး၊ သို့မဟုတ် ရွှေနွားရုပ်ကို ရွေးချယ်ခြင်းနှင့် ညီမျှပြီး၊ကျွန်တော်တို့ကို နောက်ဆုံးတွင် ကျရှုံးစေပါလိမ့်မယ်။
ဒံယေလဓမ္မဟောင်းကျမ်းတွင်၊ နေဗုခဒ်နေဇာမင်းကြီး၏ ဘုရားများမဟုတ်ဘဲ … အဘယ်သူရဲကောင်းကို ရွေးချယ်ရမယ်ဆိုတာ ရှင်းလင်းစွာသိသော ရှာဒရက်၊ မေရှက်နှင့် အဗဒေနေဂေါတို့၏ မှတ်တမ်းကို ကျွန်တော်တို့ဖတ်ခဲ့ပါတယ်။ သူတို့ယုံကြည်မှုရှိရှိနဲ့ကြေညာခဲ့ပါတယ်၊
“အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ …
ထိုသို့ကယ်လွှတ်တော်မမူသော်လည်း၊ အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ၊ တည်ထားတော်မူသော ရွှေရုပ်တု၁၃ကိုလည်း မကိုးကွယ်ပါ။”
တမန်တော်ပေါလု သွန်သင်ခဲ့တဲ့အတိုင်း၊ “ဘုရားအများရှိ၊”14 ပါတယ်၊ ပြီးတော့ ကျွန်တော်ထပ်လောင်းပြောနိုင်တာကတော့ ဦးညွှတ်ရန်၊ ကိုးကွယ်ရန်နှင့်၊ ပွေ့ဖက်ရန် ဖိတ်ခေါ်ခံရသော သူရဲကောင်းအများအပြားရှိပါတယ်။ သို့သော် ဒံယေလရဲ့ သူငယ်ချင်း သုံးယောက် သိထားသလိုပါပဲ၊ ကယ်နှုတ်ရန် အာမခံထားသူတစ်ဦးတည်းသာရှိပါတယ်—ကိုယ်တော်ဟာ အမြဲတမ်းရှိခဲ့ပြီး၊ အမြဲရှိမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။
ကျွန်တော်တို့အတွက်၊ ဘုရားသခင်ထံတော်၊ ကတိထားရာပြည်သို့ ပြန်သွားမယ့်ခရီးမှာ၊ နိုင်ငံရေးသမား၊ ဂီတသမား၊ အားကစားသမား၊ သို့ ဗလော့ဂါတွေက ပြသနာမဟုတ်ပါဘူး၊ သို့သော်၊ ကျွန်တော်တို့ သတိနှင့် အာရုံစူးစိုက်မှုရမယ့် ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်ကို အစားထိုး၍ ၎င်းတို့ကို အဓိကအရာတွေအဖြစ်ရွေးချယ်လိုက်ခြင်းက ပြသာနာဖြစ်နိုင်ပါတယ်။
အိမ်မှာ သို့မဟုတ် အားလပ်ရက်တွေမှာခရီးထွက်နေသည်ပဲဖြစ်ဖြစ်၊ ကိုယ်တော်၏ဥပုသ်နေ့ကို ရိုသေရန် ရွေးချယ်တဲ့အခါ၊ ကျွန်တော်တို့ဟာ ကိုယ်တော့်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ ကျမ်းစာတွေနဲ့ အသက်ရှင်သောပရောဖက်တွေရဲ့ သွန်သင်ချက်တွေကနေတစ်ဆင့် သူ၏နှုတ်ကပတ်တော်တွေကို ရွေးချယ်တဲ့အခါ ကျွန်တော်တို့ဟာ ကိုယ်တော့်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်ထောက်ခံချက်တစ်ခုရှိဖို့၊ အသုံးပြုခြင်းအတွက် ထိုက်တန်အောင်နေဖို့ ရွေးချယ်တဲ့အခါ ကိုယ်တော်ကို ရွေးချယ်တာပါ။ ကျွန်တော်တို့ဟာ ရန်ငြိမ်းစေသူများဖြစ်ကြပြီး၊ “အထူးသဖြင့် သဘောထားကွဲလွဲမှုများရှိတဲ့အခါ”၁၅ ငြင်းခုံရန်ငြင်းဆန်တဲ့အခါ ကျွန်တော်တို့ဟာ ကိုယ်တော့်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။
ဘယ်ခေါင်းဆောင်မှ ပိုရဲရင့်မှုမရှိပြနိုင်၊ လူသားချင်းစာနာမှု ပိုကြင်နာမှုမရှိ၊ ဘယ်သမားတော်မှ ရောဂါပို၍ ပျောက်ကင်းအောင် မကုသနိုင်၊ ဘယ်အနုပညာရှင်မှ ယေရှုခရစ်တော်ထက် ပိုတီထွင်ဖန်တီးနိုင်စွမ်း မရှိနိုင်ပါ။
သေခြင်းရှိသော အမျိုးသားအမျိုးသမီးတွေရဲ့ စွန့်စားမှုတွေကို မြှုပ်နှံထားတဲ့ အထိမ်းအမှတ်တွေနဲ့ ပြတိုက်တွေရှိတဲ့ သူရဲကောင်းတွေရဲ့ကမ္ဘာမှာ၊ တခြားသူများအထက် ရပ်တည်နေတဲ့သူတစ်ဦးရှိပါတယ်။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့၏သူရဲကောင်းဖြစ်ရုံသာမက၊ ကိုယ်တော်ဟာ သခင်နှင့်ဘုရင်၊ လူသားတို့ရဲ့ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။