အထွေထွေညီလာခံ
ယေရှုခရစ်တော်သည် ရတနာဖြစ်ပါသည်
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


12:24

ယေရှုခရစ်တော်သည် ရတနာဖြစ်ပါသည်

ယေရှုခရစ်တော်ကိုအာရုံစိုက်ပါ။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ရွေးနှုတ်ရှင်ဖြစ်ပါတယ်၊ ကျွန်တော်တို့ကြည့်ရမယ့် “ပန်းတုံးတိုင်” ကျွန်တော်တို့ရဲ့ အကြီးမြတ်ဆုံးရတနာ ဖြစ်ပါတယ်။

၁၉၀၇ ခုနစ်မှာ၊ ဂျော့ဟားဘတ်အမည်ရှိ၊ ပဉ္စမမြောက်ကာနာဗန်သူကောင်းမျိုး၊ အင်္ဂလိပ်လူချမ်းသာတစ်ဦးဟာ၊ အီဂျစ်ကို ရွှေ့ပြောင်းခဲ့ပြီး၊ ရှေးဟောင်းသုတေသနဘာသာရပ်ကို စိတ်ဝင်စားခဲ့ပါတယ်။ သူက နာမည်ကျော် အီဂျစ်ဗေဒပညာရှင် ဟောင်းဝပ်ကာတာကို ချဉ်းကပ်ခဲ့ပြီး အတူတွဲလုပ်ဖို့ အဆိုပြုခဲ့ပါတယ်။ ကာတာက ရှေးဟောင်းသုတေသနတူးဖော်မှုတွေကို ကြီးကြပ်ခဲ့ပြီး၊ ကာနာဗန်က ငွေကြေးပံ့ပိုးခဲ့ပါတယ်။

နေရာအမျိုးမျိုးကို သူတို့အတူတကွစူးစမ်းလေ့လာခဲ့ကြပါတယ်။ အဲဒီနောက်၊ သူတို့ဟာ ဖာရောဘုရင်များစွာတို့ရဲ့ ဂူသင်္ချိုင်းတွေကို တွေ့ခဲ့ရတဲ့၊ ယနေ့ခေတ် လူဇာမြို့အနီးမှာရှိတဲ့ ဘုရင်များချိုင့်ဝှမ်းကို တူးဖော်ဖို့ ခွင့်ပြုချက်ရခဲ့ကြပါတယ်။ တုတန့်ခမန်မင်းရဲ့ ဂူသင်္ချိုင်းကို ရှာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တုတန့်ခမန်ဟာ အစောပိုင်း နှစ်ပေါင်းသုံးထောင်ကျော်က အီဂျစ်ပလ္လင်ကို တက်ခဲ့ပြီး သူမမျှော်လင့်တဲ့သေခြင်းမတိုင်မီအထိ ဆယ်နှစ်အုပ်စိုးခဲ့ပါတယ်။ သူ့ကို ဘုရင်များချိုင့်ဝှမ်းမှာ အမြှုပ်ခံခဲ့ရတယ်လို့ သိခဲ့ကြပါတယ်၊ ဒါပေမယ့် သူ့သင်္ချိုင်းဂူနေရာကို မသိခဲ့ကြပါဘူး။

ကာတာနဲ့ ကာနာဗန်တို့ဟာ တုတန်ခမန်ရဲ့သင်္ချိုင်းဂူကို ရှာရင်း မအောင်မြင်ဘဲ ငါးနှစ်ကုန်သွားခဲ့ပါတယ်။ နောက်ဆုံးမှာ ကာနာဗန်က သူဟာ ဒီအကျိုးမဲ့ရှာဖွေမှုမှာ ပြီးဆုံးခဲ့ပြီလို့ ပြောခဲ့ပါတယ်။ ကာတာက နောက်ထပ်တူးဖော်ရာသီတစ်ခုပဲဆက်လုပ်ဖို့တောင်းပန်တော့၊ ကာနာဗန်က အလျှော့ပေးပြီး ငွေကြေးထောက်ပံ့ဖို့ သဘောတူခဲ့ပါတယ်။

ကာတာက ဘုရင်များချိုင့်ဝှမ်းရဲ့ ကြမ်းပြင်တစ်ခုလုံးကို စနစ်တကျတူးဖော်ခဲ့ပြီးပြီဆိုတာကို သတိပြုမိပါတယ်၊ သူတို့စခန်းချတဲ့နေရာကလွဲရင်ပေါ့။ အဲဒီမှာတူးရင်း ရက်အနည်းငယ်အတွင်းမှာ၊ သူတို့ဟာ ဂူသင်္ချိုင်းဆီကို သွားတဲ့ ပထမဆုံးလှေကားထစ်တွေကို တွေ့ခဲ့ကြပါတယ်။

ကာတာဟာ နောက်ဆုံးမှာ တုတန့်ခမန်ရဲ့သင်္ချိုင်းဂူအဝင်အခန်းငယ်ထဲကို ခက်ခက်ခဲခဲဝင်ကြည့်ခဲ့ပြီး နေရာတိုင်းမှာ ရွှေတွေကို မြင်ခဲ့ရပါတယ်။ အဝင်အခန်းငယ်ရဲ့ပါဝင်ပစ္စည်းတွေကို သုံးလနီးပါး စာရင်းပြုပြီးတဲ့နောက်မှာ၊ သူတို့ဟာ တံဆိပ်ခတ်ထားတဲ့ ဂူသင်္ချိုင်းအခန်းကို ၁၉၂၃ ဖေဖော်ဝါရီမှာ ဖွင့်ခဲ့ကြပါတယ်—လွန်ခဲ့တဲ့ နှစ် ၁၀၀ ကပါ။ ဒါက နှစ်ဆယ့်တစ်ရာစုမှာ နာမည်အကြီးဆုံး ရှေးဟောင်းသုတေသနတွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။

ထိရောက်မှုမရှိခဲ့တဲ့ ရှာဖွေခြင်းနှစ်တွေမှာ၊ ကာတာနဲ့ ကာနာဗန်ဟာ သူတို့ခြေအောက်တည့်တည့်မှာရှိတဲ့အရာကို အမှုမထားမိခဲ့ကြပါဘူး။ အနီးမှာရှိတဲ့အရာကို အရေးမထားခြင်း၊ သို့မဟုတ် လျှော့တွက်ခြင်းကို “ပန်းတုံးတိုင်ကို ကျော်၍ကြည့်ခြင်း” လို့ ကယ်တင်ရှင်ဖွားတော်မူခြင်းမတိုင်မီ ဆယ်စုနှစ်ငါးခုလောက်မှာ၊ မော်မုန်ကျမ်း ပရောဖက် ယာကုပ်က ရည်ညွှန်းခဲ့ပါတယ်။ ယေရုရှလင်ကလူတွေဟာ ကိုယ်တော်ကြွလာတဲ့အခါ ကတိတော်လာမေရှိယကို အသိအမှတ်မပြုလိုကြမယ့်အကြောင်းကိုလည်း ယာကုပ်ကကြိုမြင်ခဲ့ပါတယ်။ ယာကုပ်က ပရောဖက်ပြု ဟောပြောခဲ့တာက သူတို့တတွေဟာ “ရှင်းလင်းသောနှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြု၍၊ နားမလည်နိုင်သည့်အရာတို့ကို ရှာမည့် [သူများ] ဖြစ်လိမ့်မည်။ သို့ဖြစ်၍၊ ပန်းတုံးတိုင်ကို လွန်၍ကြည့်ခြင်းအားဖြင့် [ရောက်လာမည့်] သူတို့၏အသိစိတ်ကွယ်ခြင်းကြောင့် ကျရှုံးကြရမည်။” အခြားစကားဖြင့်ပြောရလျှင်၊ သူတို့ ထိမိလဲကျကြလိမ့်မည်။

ယာကုပ်ရဲ့ ကြိုတင်ခန့်မှန်းချက် မှန်ကန်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ယေရှုရဲ့ လူ့ဇာတိအမှုတော်ဆောင်ကာလမှာ လူများစွာတို့က ပန်းတုံးတိုင်ကို ကျော်ပြီးတော့၊ ကိုယ်တော်ကို ကျော်ပြီးတော့ ကြည့်ခဲ့ကြပါတယ်။ သူတို့က လောကရဲ့ ကယ်တင်ရှင်ကို ကျော်ကြည့်ခဲ့ကြပါတယ်။ ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ကို ပြီးပြည့်စုံစေခြင်းရှိတဲ့ ကိုယ်တော်ရဲ့ ကဏ္ဍကို အသိအမှတ်ပြုခြင်းအစား ကိုယ်တော်ကို အပြစ်ဒဏ်စီရင်ကြ၊ ကားစင်တင်ကွပ်မျက်ခဲ့ကြပါတယ်။ သူ့တို့ကို ကယ်တင်ခြင်းသို့ ဆောင်ယူဖို့အခြားတစ်ယောက်ကို ရှာခဲ့ကြပါတယ်။

ယေရုရှလင်က လူတွေလိုပဲ၊ ကာတာနဲ့ ကာနာဗန်တို့လိုပဲ၊ ကျွန်တော်တို့လည်း ပန်းတုံးတိုင်ကို ကျော်ကြည့်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ဟာ ဘဝမှာ ယေရှုခရစ်တော်နဲ့လွဲခြင်း၊ ကိုယ်တော်ပေးတဲ့ ကောင်းချီးမင်္ဂလာများစွာကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခြင်းတို့ကို ရှောင်ဖို့ ဤဖြစ်နိုင်ခြေကို သတိပြုဖို့လိုပါတယ်။ ကျွန်တော်တို့ ကိုယ်တော်ကို လိုအပ်ပါတယ်။ “ကယ်တင်ရန် တန်ခိုးကြီးတဲ့ သူရဲ့ ကောင်းမှုတွေကို လုံးလုံး” မှီခိုကြဖို့ ကျွန်တော်တို့ကိုအကြံပေးထားပါတယ်။

သူက ကျွန်တော်တို့ရဲ့ ပန်းတုံးတိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ပေးတာထက်ကျော်လွန်ပြီး တစ်စုံတစ်ခုကို လိုအပ်ခြင်းရှိမယ်ဆိုလျှင်၊ ကျွန်တော်တို့ဘဝမှာ ကိုယ်တော်ရှိစေနိုင်တဲ့ နယ်ပယ်နဲ့ တန်ခိုးကို ငြင်းပယ်ကြခြင်းပဲဖြစ်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့အပေါ်မှာ ကရုဏာထားပိုင်ခွင့်ကို တောင်းဆိုခဲ့ပြီး၊ အဲဒီကရုဏာကို ကျွန်တော်တို့အပေါ်မှာ ဖြန့်တော်မူပါတယ်။ ကိုယ်တော်ဟာ “[ကျွန်တော်တို့ရဲ့] အပြစ်များမှ လွှတ်ခြင်းအတွက် [ကျွန်တော်တို့ ရှာရမည့်သူ] အဆုံးစွန်သောအရင်းအမြစ်ဖြစ်ပါတယ်။” ကိုယ်တော်ဟာ ခမည်းတော်ထံမှာ ကျွန်တော်တို့ရဲ့ လျှောက်လဲသူ၊ ခမည်းတော်က အမြဲအတူတကွရှိစေလိုတော်မူတဲ့အောင်နိုင်သူဖြစ်ပါတယ်၊ ကျွန်တော်တို့ ကိုယ်တော်ဆီပြန်သွားဖို့နဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ကို အမွေခံဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ဖို့လိုတာက၊ ပရောဖက်အယ်လမာရဲ့စကားလိုပါပဲ၊ “[ကျွန်တော်တို့ရဲ့] မျက်လုံးနှင့်ကြည့်၍ ဘုရားသခင်၏သားတော်ကို ယုံကြည်စပြုရမည်မှာ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနှုတ်ခြင်းငှာ၊ ကြွလာတော်မူမည်ဖြစ်ကြောင်း၊ [ကျွန်တော်တို့ရဲ့]အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဒုက္ခဝေဒနာခံစား၍ သေမည်ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်ထမြောက်၍၊ ထိုအမှုက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေဖို့ဖြစ်ပါတယ်။” ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ ရတနာဖြစ်ပါတယ်။

ကယ်တင်ရှင်က ကျွန်တော်တို့ကို နေ့စဉ်နောင်တရဖို့ အခွင့်အလမ်းအပါအဝင်၊ ကိုယ်တော်ကို ရည်စူးအာရုံစိုက်ဖို့နည်းလမ်းများစွာကို ပေးခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ၊ ကျွန်တော်တို့ဟာ ဒီပေးထားနဲ့ ကောင်းချီးမင်္ဂလာ ဘယ်လောက်ကြီးမြတ်တယ်ဆိုတာကို လျှော့တွက်ကြပါတယ်။ ကျွန်တော် ရှစ်နှစ်သားတုန်းက၊ ကျွန်တော့်အဖေက ကျွန်တော့်ကို ဗတ္တိဇံပေးခဲ့ပါတယ်။ အဲဒီနောက်၊ ကျွန်တော်တို့ လူရှုပ်တဲ့လမ်းကိုဖြတ်မယ်လုပ်နေတုန်းမှာ သူ့လက်ကို ကျွန်တော်ဆွဲထားပါတယ်။ ကုန်တင်ကားကြီးတစ်စီး ဆူဆူညံညံမောင်းလာတာကို ကျွန်တော်လည်း အာရုံမစိုက်ဘဲ ပလက်ဖောင်းအစွန်းကနေ ဆင်းလိုက်ပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို လမ်းပေါ်ကနေ ဆတ်ကနဲဆွဲပြီး ပလက်ဖောင်းပေါ်ပြန်တင်လိုက်ပါတယ်။ သူအဲသလိုမလုပ်ခဲ့လျှင်၊ ကျွန်တော်အဲဒီကုန်တင်ကားနဲ့ အတိုက်ခံရမှာပါ။ ကျီစယ်တတ်တဲ့ကျွန်တော့်အကျင့်အတိုင်း၊ ကျွန်တော်တွေးခဲ့ပါတယ်၊ “ကုန်တင်ကားတိုက်ပြီးသေသွားတာက ပိုကောင်းချင်ကောင်းနေမှာ၊ ဘာဖြစ်လို့လဲဆိုလျှင်၊ ကျွန်တော်ဗတ္တိဇံခံပြီးပြီးချင်းလောက် ဘယ်တော့မှ သန့်ရှင်းမှာ မဟုတ်လို့ပါ။”

ရှစ်နှစ်သားအရွယ်တစ်ယောက်အနေနဲ့၊ ကျွန်တော်ဟာ ဗတ္တိဇံရေက အပြစ်ကို ဆေးကြောပေးခဲ့တာလို့ မှားယွင်းစွာ ယူဆခဲ့ပါတယ်။ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ဗတ္တိဇံခံပြီးနှစ်များမှာ၊ ကျွန်တော်သင်ယူခဲ့ရတာက၊ အပြစ်တွေဟာ ကျွန်တော်တို့ ဗတ္တိဇံပဋိညာဉ်ပြုပြီးစောင့်ထိန်းကြသမျှ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းယဇ်အားဖြင့် ကိုယ်တော်ရဲ့ တန်းခိုးအားဖြင့် သန့်ရှင်းစေနိုင်တယ်ဆိုတာပါပဲ။၁၀ အဲဒီနောက်၊ နောင်တရခြင်းဆုကျေးဇူးအားဖြင့် ကျွန်တော်တို့ ဆက်ပြီးသန့်ရှင်းနေနိုင်ပါတယ်။ ပွဲတော်မင်္ဂလာက ကျွန်တော်တို့ဘဝထဲကို အားကောင်းတဲ့ သန့်ရှင်းသောလည်ပတ်မှုတစ်ခုကို ဖြစ်စေတယ်ဆိုတာကိုလည်း ကျွန်တော်သင်ယူခဲ့ရပါတယ်၊ ကျွန်တော်တို့ရဲ့ အပြစ်များမှ လွှတ်ခြင်းမှာ ကျွန်တော်တို့ကို ဆက်ပြီးရှိနိုင်စွမ်းစေပါတယ်။၁၁

ကာတာနဲ့ ကာနာဗန်တို့ရဲ့ ခြေအောက်က ရတနာလိုပဲ၊ ပွဲတော်ရဲ့ရတနာကောင်းချီးမင်္ဂလာတွေကို ကျွန်တော်တို့ ပွဲတော်အစည်းအဝေးတက်တိုင်း ရရှိနိုင်ကြပါတယ်။ ပြောင်းလဲသူအသစ်တစ်ဦး ဗတ္တိဇံနဲ့ အတည်ပြုခြင်းကို ချဉ်းကပ်ပုံမျိုးနဲ့၊ ကျိုးပဲ့တဲ့နှလုံးသား၊ ကြေကွဲတဲ့စိတ်နဲ့၊ ဗတ္တိဇံပဋိညာဉ်တွေအတိုင်း နေထိုင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျွန်တော်တို့ ပွဲတော်ကို ချဉ်းကပ်ကြမယ်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်တော်တို့ရဲ့ ပုံမှန်အဖော်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ကို ကတိပေးထားပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို ကိုယ်တော်ရဲ့ သန့်ရှင်းစေခြင်းတန်ခိုးနဲ့ ကောင်းချီးပေးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ တပတ်ပြီးတပတ် ကျွန်တော်တို့ရဲ့ အပြစ်များမှ လွှတ်ခြင်းကို အမြဲရရှိနိုင်ကြပါတယ်။၁၂

ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအုတ်မြစ်ဟာ နောင်တရခြင်း၊ ပွဲတော်ကို ထိုက်တန်စွာသုံးဆောင်ဖို့ အသိစိတ်ကြီးစွာပြင်ဆင်ခြင်းတို့အားဖြင့် ခွန်အားဖြည့်ပေးခံရပါတယ်။ ကြံ့ခိုင်တဲ့ ဝိညာဉ်ပကတိအုတ်မြစ်နဲ့သာ ကျွန်တော်တို့ဘဝမှာ တိုက်ခတ်တဲ့ တင်စားစရာဖြစ်တဲ့၊ မိုး၊ လေ နဲ့ ရေကြီးခြင်း တွေကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ကြမှာပါ။၁၃ ပြောင်းပြန်အနေနဲ့၊ ကျွန်တော်တို့တတွေပွဲတော်အစည်းအဝေးကို ဆန္ဒအလျောက် လွှတ်တဲ့အခါ သို့မဟုတ် ပွဲတော်အတွင်းမှာ ကယ်တင်ရှင်ကို အာရုံမစိုက်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအုတ်မြစ် အားနည်းပါတယ်။ ကျွန်တော်တို့ သတိမထားမိပဲ၊ “[မိမိကိုယ်ကို] ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော်ဆီကနေ စွန့်ခွာကြလို့၊ [ကျွန်တော်တို့] ကောင်းချီးခံရနိုင်၊ အောင်မြင်နိုင်၊ အကာအကွယ်ရနိုင်တဲ့ ဉာဏ်ပညာလမ်းကြောင်းမှာ [ကျွန်တော်တို့ကို] လမ်းပြဖို့ [ကျွန်တော်တို့]အတွက် နေရာမရှိပဲဖြစ်သွားနိုင်ပါတယ်။”၁၄

သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ ရှိတဲ့အခါမှာ ကျွန်တော်တို့ဟာ ဗိမာန်တော်ထဲမှာပြုတဲ့ ပဋိညာဉ်တွေလိုမျိုး ပဋိညာဉ်တွေပြုပြီးစောင့်ထိန်းရန် လမ်းပြလှုံ့ဆော်ခံရ၊ လမ်းညွှန်ခံရနိုင်ပါတယ်။ အဲလိုပြုခြင်းက ကျွန်တော်တို့ရဲ့ ဘုရားသခင်နဲ့ ဆက်ဆံရေးကို လေးနက်စေပါတယ်။၁၅ မကြာသေးခင်ကနှစ်တွေမှာ ဗိမာန်တော်အသစ်များစွာ ကို ကြေညာခဲ့တာကို သင်သတိပြုမိကောင်းပြုမိမှာပါ၊ ဗိမာန်တော်တွေကို အသင်းသားတွေဆီပိုနီးလာအောင်ဆောင်ယူနေကြပါတယ်။၁၆ ဝိရောဓိအနေနဲ့၊ ဗိမာန်တော်တွေဆီရောက်ဖို့ပိုလွယ်ကူလာတဲ့အခါ၊ ကျွန်တော်တို့တတွေ ဗိမာန်တော်တက်ရောက်ခြင်းကို လေးနက်မှုမရှိဘဲပေါ့ပေါ့ပါးပါးဖြစ်လာခြင်းမျိုး ပိုဖြစ်လာနိုင်လာပါတယ်။ ဗိမာန်တော်‌တွေက ဝေးတဲ့အခါ၊ ဗိမာန်တော်ကို သွားပြီး အဲဒီမှာ ကိုးကွယ်ကြဖို့ ကျွန်တော်တို့ရဲ့ အချိန်နဲ့ အရင်းအမြစ်တွေကို စီစဉ်ကြပါတယ်။ ဒီလိုခရီးတွေကို ဦးစားပေးကြပါတယ်။

ဗိမာန်တော်က လက်တကမ်းမှာရှိတဲ့အခါ၊ တက်ရောက်ရာလမ်းမှာ အသေးအမွှားတွေကို အဆီးအတားဖြစ်စေရန်အခွင့်ပေးဖို့ လွယ်ကူနိုင်ပါတယ်၊ “ငါတစ်ခြားတစ်ချိန်မှသွားမယ်” လို့ ကိုယ့်ကိုယ်ကို ပြောကြပါတယ်။ ဗိမာန်တော်နဲ့ နီးစွာနေခြင်းက ဗိမာန်တော်ထဲရှိဖို့ အချိန်ဇယားဆွဲရာမှာ ပိုပြီးတော့ ပြုလွယ်ပြင်လွယ်ရှိစေနိုင်ပါတယ်၊ ဒါပေမယ့် ထိုအလွန်ပြုလွယ်ပြင်လွယ်ရှိခြင်းက ဗိမာန်တော်ကို အလေးမထားစေဖို့ ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ ကျွန်တော်တို့ အလေးမထားတဲ့အခါ၊ “ပန်းတုံးတိုင်ကို လွဲကြပါတယ်၊” ကယ်တင်ရှင်ရဲ့အိမ်တော်ထဲမှာသူနဲ့ ပိုနီးစေမယ့်အခွင့်အလမ်းကို လျှော့တွက်ကြပါတယ်။ တက်ရောက်ဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ အနည်းဆုံးတော့၊ ဗိမာန်တော် အနီးမှာ ရှိတဲ့အခါ အဝေးမှာ ရှိတဲ့အခါလိုမျိုးပဲ အားကောင်းနေသင့်ပါတယ်။

ကာတာနဲ့ ကာနာဗန်တို့ တုတန်ခမန်ရဲ့ သင်္ချိုင်းဂူကို ရှာရင်း တခြားနေရာတွေမှာ တူးဖော်ကြပြီးနောက်၊ သူတို့တတွေ ကျော်ကြည့်မိတယ်ဆိုတာ သတိပြုမိခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ ကိုယ့်ရတနာကို တွေ့ဖို့ သူတို့အချိန်ကြာကြာလုပ်ခဲ့ရသလိုမျိုး မအောင်မမြင်အလုပ်လုပ်ဖို့ မလိုပါဘူး။ ထူးဆန်းတဲ့ အရင်းအမြစ်တွေဆီက အကြံဉာဏ်ကိုလည်း ရှာဖို့ မလိုပါဘူး၊ အရင်းအမြစ်ရဲ့ မြင့်မြတ်မှုကို တန်ဖိုးဖြတ်ပြီး ဘုရားသခင်ရဲ့ နှိမ့်ချတဲ့ ပရောဖက်ဆီကထက် အဲဒီလို အကြံဉာဏ်တွေက ပိုပြီးအလင်းရောက်စေတယ်လို့တွေးစရာမလိုပါဘူး။

ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားသလိုပဲ၊ နေမန်ဟာ သူ့ရဲ့ နူနာကို ကုဖို့ရှာတဲ့အခါ၊ သူ့ကို သာမန်မြစ်ထဲမှာ ခုနစ်ကြိမ်နှစ်ဖို့အပြောခံရတာကို မခံမရပ်နိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာ အံ့ဩဖွယ် ဖြစ်လာရမယ့်ပုံစံနဲ့ပတ်သက်လို့ ကိုယ့်စိတ်ကူးမှန်းဆချက်ကို အားထားမယ့်အစား၊ ဧလိရှဲရဲ့ အကြံဉာဏ်ကို လိုက်လျှောက်ခဲ့ပါတယ်။ ရလဒ်အနေနဲ့၊ နေမန် အနာငြိမ်းခဲ့ပါတယ်။၁၇ ကျွန်တော်တို့ဟာ ယနေ့မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ ပရောဖက်ကို ယုံကြည်စိတ်ချပြီး သူ့ရဲ့အကြံဉာဏ်အတိုင်း လုပ်ဆောင်ကြတဲ့အခါ၊ ကျွန်တော်တို့ ပျော်ရွှင်မှုကို တွေ့ကြပါလိမ့်မယ်။ အနာငြိမ်းစေခြင်းကိုလည်း ခံရနိုင်ပါတယ်။ ကျွန်တော်တို့ ပိုပြီးဝေး‌ဝေးကြည့်စရာမလိုပါဘူး။

ညီအစ်မောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်ကို သတိရဖို့ အမြဲအာရုံစိုက်ဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ရွေးနှုတ်ရှင်ဖြစ်ပါတယ်၊ ကျွန်တော်တို့ကြည့်ရမယ့် “ပန်းတုံးတိုင်” ကျွန်တော်တို့ရဲ့ အကြီးမြတ်ဆုံးရတနာ ဖြစ်ပါတယ်။ သင်တို့ဟာ ကိုယ်တော်ဆီ လာကြတာနဲ့အမျှ၊ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ခွန်အား၊ မှန်တာကိုလုပ်ဖို့ သတ္တိ၊ လူ့ဇာတိမှာ သင့်ရဲ့ အထူးတာဝန်ကို ပြီးပြည့်စုံစေနိုင်မယ့် စွမ်းအားတို့နဲ့ ချီးမြှင့်ခံရပါလိမ့်မယ်။ နောင်တရဖို့အခွင့်အရေး၊ ပွဲတော်သုံးဆောင်ဖို့ အထူးအခွင့်အရေး၊ ဗိမာန်တော်ပဋိညာဉ်တွေပြုခြင်းနဲ့စောင့်ထိန်းခြင်းကောင်းချီးမင်္ဂလာတွေ၊ ဗိမာန်တော်ထဲမှာကိုးကွယ်ခြင်းရဲ့ မွေ့လျော်ခြင်း၊ပြီးတော့ အသက်ရှင်တဲ့ပရောဖက်ရှိရခြင်းရဲ့ ဝမ်းမြောက်မှုတွေကို တန်ဖိုးထားကြပါ။

ဘုရားသခင်၊ ထာဝရအဘဟာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဖြစ်ကြောင်း၊ ကိုယ်တော်အသက်ရှင်ကြောင်း၊ ယေရှုဟာခရစ်တော်ဖြစ်ကြောင်း၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ကြင်နာသော၊ ပညာရှိသော ကောင်းကင်ဘုံရှင်မိတ်ဆွေ၁၈ ဖြစ်ကြောင်းနဲ့၊ ဒါက ကိုယ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ဖြစ်ကြောင်း ကျွန်တော်အလေးအနက် အသေအချာသက်သေခံပါတယ်။ သင်တို့ရဲ့ ယုံကြည်ခြင်းနဲ့ သစ္စာရှိခြင်းအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ ကောင်းချီးခံရမယ့်၊ အောင်မြင်ကြမယ့်၊ အကာအကွယ်ရမယ့်အကြောင်း ကျွန်တော် ဆုတောင်းပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ပဉ္စမမြောက် သူကောင်းမျိုး ကာနာဗန်၏အမည်အပြည့်အစုံမှာ ဂျော့အက်ဒဝါ့ဒ် စတန်ဟုပ် မော်လီနက်ဟားဘတ်ဖြစ်ပါသည်။

  2. တုတန်ခမန်ဘုရင်သည် ခြေထောက်အရိုးတစ်ချောင်းအပိုင်းပိုင်းကျိုးခဲ့ကြောင်း ၂၀၀၅ တွင်ရိုက်ခဲ့သည့် ကွန်ပျူတာဓာတ်မှန်က ဖော်ပြပါသည်၊ ရောဂါဝင်၍သေစေခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

  3. အီဂျစ်ရှိ ဖာရောဘုရင်နိုင်ငံတော်အသစ်အများစုကို ဘုရင်များချိုင့်ဝှမ်းတွင် မြှုပ်ခဲ့ကြပါသည်။ ထိုသင်္ချိုင်းဂူအများစုကို ရှေးပဝေဏီက တွေ့ခဲ့ရပြီး လုယက်ခံခဲ့ကြရပါသည်။

  4. တုတန်ခမန်သင်္ချိုင်းဂူတွေ့ရှိမှုမှတ်တမ်းသည် အဓိကအားဖြင့် Eric H. Cline, “King Tut’s Tomb,” Archaeology: An Introduction to the World’s Greatest Sites (2016), 60–66.

    ကာတာနှင့် ကာနာဗန်တို့၏ ဘုရင်များချိုင့်ဝှမ်းတွင် တူးဖော်ရမည့်နေရာ—နှင့် မတူးဖော်ရမည့်နေရာ ရွေးချယ်မှုများကို အချက်အလက်များစွာက အထောက်အကူပြုပါသည်။ စခန်းချရာနေရာအနီးတဝိုက်နေရာမှာ ချက်ချင်းတူးဖော်ဖို့ စိတ်ဝင်စားစရာမကောင်းခဲ့ပါ။ တြိဂံနေရာသည် ဧည့်သည်များကို ရမ်မီး ၆ ၏သင်္ချိုင်းဂူသို့သွားရာလမ်းကို ပေးခဲ့ပါသည်၊ ထိုနေရာ၌တူးဖော်ခြင်းမှာ အထူးသဖြင့် အနှောက်အယှက်ဖြစ်ပါသည်။ ကာတာ၏စကားများအရ၊ ထိုနေရာမှာ “ရမ်မီး၏ဂူသင်္ချိုင်း၌ အလုပ်လုပ်သူအမျိုးသမီးများအသုံးပြုဟန်ရှိခဲ့သည့် အကြမ်းဆောက်ထားသည့် အမျိုးသမီးတဲများနှင့်၊ ၎င်းတို့အောက်ရှိ မြေသားသုံးပေ” ဖြင့် ဖုံးထားပါသည်။ တဲများမှာ သင်္ချိုင်းဂူအဝင်ပေါက်အထက်၌ ဆောက်ထားဟန် မရှိခဲ့ပါ (ရှု Howard Carter and A. C. Mace, The Tomb of Tut-ankh-Amen: Discovered by the Late Earl of Carnarvon and Howard Carter, vol. 1 [1923], 124–28, 132).

    တုတန်ခမန်သင်္ချိင်းဂူတွေ့ရှိမှုအခြားမှတ်တမ်းများအတွက်၊ ရှု Zahi Hawass, Tutankhamun and the Golden Age of the Pharaohs (2005); Nicholas Reeves, The Complete Tutankhamun: The King, the Tomb, the Royal Treasure (1990), 80–83; and Nicholas Reeves and Richard H. Wilkinson, The Complete Valley of the Kings: Tombs and Treasures of Egypt’s Greatest Pharaohs (1996), 81–82.

  5. ယာကုပ် ၄း၁၄

  6. ၂ နီဖိုင်း ၃၁း၁၉

  7. ရှု မော်ရော်နိုင်း ၇◌း၂၇-၂၈

  8. ၂ နီဖိုင်း ၂၅း၂၆

  9. အယ်လမာ ၃၃း၂၂

  10. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၇၆း၅၂

  11. ရှု David A. Bednar, “Teach to Build Faith in Jesus Christ” (သာသာပြုခေါင်းဆောင်အသစ်များနှီးနှောဖလှယ်ပွဲတွင် ပြောခဲ့သည့် မိန့်ခွန်းမှ၊ June 23, 2023); Rachel Sterzer Gibson, “Teach to Build Faith in Jesus Christ, Elder Bednar Instructs,” Church News, June 23, 2023, thechurchnews.com.

  12. ပွဲတော်ကို ကျွန်ုပ်တို့၏အပြစ်များမှ လွတ်ခြင်းကို သေချာစေသည့် အရာတစ်ခုအဖြစ် တည်ထောင်မထားခဲ့ပါ (ရှု James E. Talmage, The Articles of Faith, 12th ed. [1924], 175). လူတစ်ဦးသည် စနေနေ့ညနေတွင် တမင်သက်သက် အပြစ်ပြု၍၊ သူသို့မဟုတ် သူမ ပြုရန်လိုအပ်သည့်အရာမှာ တနင်္ဂနွေနေ့တွင် မုန့်တစ်ဖဲ့စား၊ ရေတစ်ခွက်သောက်ရန်သာဖြစ်ပြီး၊ မှော်ဆန်စွာသန့်ရှင်းစေခြင်းခံရမည်ဟု မမျှော်လင့်နိုင်ပါ။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ သန့်ရှင်းစေခြင်း သက်ရောက်မှုမှာ ရိုးသားသောစိတ်နှလုံး၊ စစ်မှန်သောရည်ရွယ်ချက်နှင့် နောင်တရသောသူအားလုံးကို သန့်ရှင်းစေနိုင်ပါသည်။

  13. ရှု ၃ နီဖိုင်း ၁၈း၁၂-၁၃

  14. မောဇိယ ၂း၃၆

  15. ဗတ္တိဇံရေထဲ၌ ဘုရားသခင်နှင့် ပဋိညာဉ်ပြုသူတိုင်းအတွက် “ဘုရားသခင်တွင် အထူးချစ်ခြင်းတစ်ခုရှိကြောင်း ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က ပြောပါသည်။ ထပ်လောင်းပဋိညာဉ်များပြုပြီး သစ္စာရှိစွာ စောင့်ထိန်းကြသည်နှင့်အမျှ၊ ထိုမြင့်မြတ်သောချစ်ခြင်းသည် လေးနက်လာပါသည် ”( “Choices for Eternity” [ကမ္ဘာတဝန်းအရွယ်ရောက်လူငယ်များ ဝတ်ပြုပွဲ၊ မေ ၁၅၊ ၂၀၂၂]၊ ဧဝံဂေလိတရားတော်စာကြည့်တိုက်)။ ပဋိညာဉ်လမ်းကြောင်းပေါ်က များစွာသောပဋိညာဉ်တွေဟာ အစီအစဉ်ကျရုံသာမဟုတ်ပါ၊ အဖြည့်သဘောဖြစ်ပါတယ်၊ စုပေါင်းရလဒ်သဘောပင်ဖြစ်ပါတယ်။ ၎င်းတို့က ဘုရားသခင်နဲ့ ပိုနီးတဲ့ ပိုခိုင်မာတဲ့ ဆက်သွယ်မှုကို ပံ့ပိုးပေးပါတယ်။ အဲသလိုဆက်သွယ်မှုက ကျွန်တော်တို့ကို ကျွန်တော်တို့မျက်နှာရိပ်မှာ ကိုယ်တော်ရဲ့ ပုံရိပ်ရှိတဲ့အထိ၊ ကျွန်တော်တို့နှလုံးသားတွေ ကြီးစွာအစဉ်ပြောင်းလဲတဲ့အထိပြောင်းလဲဖို့ (ရှု အယ်လမာ ၅း၁၄) အခွင့်ပေးပါတယ်။

  16. ဥက္ကဋ္ဌနယ်လဆင်က ရှင်းပြပါသည်၊ “ကိုယ်တော်ရှင်သည် ကိုယ်တော်၏ဗိမာန်တော်များသို့ ပို၍ရောက်ရှိနိုင်စေလျက်ရှိကြောင်း။ ကိုယ်တော်ဟာ ကျွန်တော်တို့ ဝတ်ပြုရာအိမ်တော်တွေဆောက်လုပ်နေတဲ့ အရှိန်အဟုန်ကို အရှိန်မြှင့်ပေးနေပါတယ်။ ကိုယ်တော်ဟာ ဣသရေလအမျိုးသားတို့ကို စုဝေးရန် ကျွန်တော်တို့၏စွမ်းရည်ကို တိုးမြှင့်ပေးလျက်ရှိပါတယ်။ ကိုယ်တော်သည် ကျွန်တော်တို့တစ်ဦးချင်းစီအတွက် ဝိညာဉ်ပကတိသန့်ရှင်းလာစေဖို့ လွယ်ကူစေရန်လည်း ပြုတော်မူနေပါသည် ” (“Focus on the Temple,” Liahona, Nov. 2022, 121).

  17. ရှု ဓမ္မရာဇဝင်စတုတ္ထစောင် ၅း၉-၁၄

  18. ရှု “ရွေးနှုတ်ရှင် သက်ရှင်တော်မူသည်၊” ဓမ္မတေးများ၊ နံပါတ် ၁၃၆။