အထွေထွေညီလာခံ
ပျော်ရွှင်ခြင်းအမှတ်အသားများ
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


12:15

ပျော်ရွှင်ခြင်းအမှတ်အသားများ

ယေရှုခရစ်တော်၏အခြေခံအုတ်မြစ်အပေါ်တည်ဆောက်ခြင်းသည် ကျွန်တော်တို့၏ပျော်ရွှင်မှုအတွက်မရှိမဖြစ်လိုအပ်သည်။

လွန်ခဲ့တဲ့နှစ်များစွာက ကျွန်တော်အလုပ်ကိစ္စနဲ့ လေယာဥ်နဲ့ ခရီးသွားတုန်းမှာ၊ နယ်သာလန်နိုင်ငံကလာတဲ့လူတစ်ယောက်ရဲ့ ဘေးမှာ ထိုင်ခဲ့ပါတယ်။ ကျွန်တော်သာသနာပြုငယ်တစ်ဦးအနေနဲ့ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်မှာအစေခံခဲ့တာကြောင့် ကျွန်တော်သူနဲ့စကားပြောဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

ကျွန်တော်တို့စသိကျွမ်းတာလာတော့၊ သူက “ပျော်ရွှင်ခြင်း၏ပါမောက္ခ” ဆိုတဲ့ ထူးခြားတဲ့ခေါင်းစဥ်နဲ့သူရဲ့ လုပ်ငန်းကတ်ကိုကျွန်တော့်ကိုပေးခဲ့ပါတယ်။  သူရဲ့အလွန်ကောင်းမွန်တဲ့လုပ်ငန်းကို ကျွန်‌တော်မှတ်ချက်ပေးပြီးတော့ ပျော်ရွှင်ခြင်းပါမောက္ခဘာလုပ်လည်းဆိုတာကိုမေးခဲ့ပါတယ်။ သူက လူတွေကိုအဓိပ္ပာယ်ရှိတဲ့ဆက်ဆံ‌ရေးတွေနဲ့ ပန်းတိုင်တွေတည်ဆောက်ရင်း ပျော်ရွှင်တဲ့ဘဝဘယ်လိုရရှိနိုင်လဲဆိုတာကို သင်ပေးတယ်လို့ပြောပါတယ်။ ကျွန်တော်က၊ “ဒါအရမ်းကောင်းတာပဲ၊ ဒါပေမယ့် ဒီဆက်ဆံရေးတွေက သေခြင်းကိုကျော်လွန်ပြီးနောက်မှာဘယ်လိုဆက်လက်ရှိနိုင်တာတွေ၊ တခြားဝိညာဥ်ရေးရာမွေးခွန်းတွေဖြစ်တဲ့၊ ဘဝရဲ့ရည်ရွယ်ချက်၊ ကျွန်တော်တို့ရဲ့အားနည်းချက်တွေကနေဘယ်လိုကျော်လွှားနိုင်တာ၊ ပြီးတော့ သေပြီးတဲ့အခါဘယ်ကိုသွားမလဲဆိုတဲ့ အရာတွေသင်ပေးနိုင်မယ်ဆိုရင်ရော” လို့ ပြန်ပြောခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေရဲ့အဖြေတွေရှိရင် အရမ်းကောင်းမှာပဲ လို့သူဝန်ခံခဲ့ပါတယ်၊ ပြီးတော့ အဲ့ဒီအဖြေတွေရှိတယ်ဆိုတာကို ဝေငှဖို့ ကျွန်တော်ဝမ်းမြောက်ခဲ့ပါတယ်။

ဒီနေ့မှာ၊ အရာများစွာကစိတ်ဝင်စားစရာကောင်းသော်လည်း အနည်းငယ်ကသာ အမှန်တကယ်အရေးကြီးတဲ့ ဤရှုပ်ထွေးတဲ့လောကမှာ လူအများရှောင်သွားတတ်ကြတဲ့ စစ်မှန်သောပျော်ရွှင်ခြင်း၏ မရှိမဖြစ်လိုအပ်တဲ့အခြေခံသဘောတရားအချို့ကို ကျွန်တော်ပြန်လည်သုံးသပ်ချင်ပါတယ်။

အယ်လမာက သူ့ခေတ်ကလူတွေကိုသွန်သင်ခဲ့ပါတယ်၊ “အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကိုငါဆိုသည်ကား၊ ဖြစ်လာမည့်အရာများစွာရှိ၏၊ ရှုဦးလော့၊ ထိုအရာအားလုံး ထက်သာ၍အရေးကြီးသောအရာတစ်ခုရှိ၏၊ အကြောင်းမူကား၊ ရှုလော့၊ ရွေးနှုတ်ရှင်သည် အသက်ရှင်၍သူ၏လူမျိုးတို့ ၌ ကြွလာတော်မူမည့်အချိန်ကာလမှာအလွန်မဝေးတော့။”

ကျွန်တော်တို့ ယေရှုခရစ်တော်ရဲ့ဒုတိယအကြိမ်လာခြင်းကို မျှော်မှန်းပြီးပြင်ဆင်ကြတာနဲ့အမျှ ထိုကြေညာချက်က ‌ယနေ့ခေတ်အတွက်လည်းအရေးကြီးပါတယ်။

ဒါကြောင့်၊ ကျွန်တော်ရဲ့ ပထမဆုံးသတိပြုမိတာကတော့ ယေရှုခရစ်၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဟာ ပျော်ရွှင်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကမြဲမြံတဲ့ အုတ်မြစ်ဖြစ်ပါတယ်၊ “လူသားတို့တည်ဆောက်လျှင်လဲကျနိုင်ခြင်းမရှိရာ အုတ်မြစ်”ဖြစ်ပါတယ်။ အဲ့လိုပြုလုပ်ခြင်းက ဖြစ်လာနိုင်တဲ့အရာတွေ၊ ဘဝရဲ့စိန်ခေါ်မှုအတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာတုန်းက၊ ကျွန်တော့်သား ဂျက်စတင်နဲ့အတူ နွေရာသီသင်ကြားရေးစခန်းကိုသွားခဲ့ပါတယ်။ လှုပ်ရှားမှုများစတင်လာသည်နှင့်အမျှ၊ သူနှင့်သူ့ သူငယ်ချင်းတွေက လေးပစ်ဆုတံဆိပ် ရယူလိုကြောင်း သူစိတ်အားထက်သန်စွာနဲ့ကြေညာခဲ့ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် သူတို့ လက်ဖြေစာမေးပွဲအတို တစ်ခုကိုအောင်ဖို့လိုပြီး ပစ်မှတ်ကိုလည်း မြားနဲ့ထိဖို့လိုအပ်ပါတယ်။

ကျွန်‌တော်အတော်စိုးရိမ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဂျက်စတင်ဟာ အရည်ထုတ်ဂလန်းပျက်စီးရောဂါကြောင့် ပင်ပန်းနေပါတယ်၊ သူမွေးကတည်းကခံစားလာခဲ့ရတဲ့ ရောဂါပါ။ ပစ်မှတ်ထိအောင်ပစ်ဖို့ သူလေးကိုတင်နိုင်ပါ့မလားလို့ ကျွန်တော်တွေးမိခဲ့ပါတယ်။

သူနဲ့သူ့သူငယ်ချင်းတွေ လေးပစ်အတန်းသွားကြတဲ့အချိန်မှာ၊ အဲ့ဒီအတွေ့အကြုံကြောင့် သူအရှက်မရစေပါနဲ့လို့ ကျွန်တော်တိုးတိတ်စွာဆုတောင်းနေခဲ့ပါတယ်။ စိတ်ပူပြီး နာရီအနည်းငယ်ကြာတော့ သူက ပြုံးပြီး ကျွန်တော့်ဆီ လျှောက်လာနေတာကို တွေ့လိုက်တယ်။ သူစိတ်လှုပ်ရှားစွာပြောပါတယ်၊ “အဖေ”။ “ကျွန်တော် လေးပစ်ဆုတံဆိပ်ရခဲ့ပြီ။ ကျွန်တော် ပစ်မှတ်ဗဟို ကိုထိခဲ့တယ်၊ ကျွန်တော့် ပစ်မှတ်နဲ့ကပ်ရက် ကိုပါ၊ ဒါပေမယ့် ဗဟိုကိုထိခဲ့တယ်။” သူခွန်အားအကုန်သုံးပြီး လေးကိုဆွဲပြီး မြားကို လွှတ်လိုက်ပါတယ်၊ မြားလမ်းကြောင်းကိုမထိန်းနိုင်ခဲ့ဘူး။ “စိတ်မကောင်းပါဘူး၊ ပစ်မှတ်မှားနေတယ်” လို့မပြောခဲ့တဲ့ လေးပစ်ဆရာရဲ့ နားလည်ပေးမှုကို ကျွန်တော်အလွန်ကျေးဇူးတင်မိပါတယ်။ အဲ့လိုအစား၊ ဂျက်စတင်ရဲ့ အားနည်းချက်တွေနဲ့ စိတ်ပါလက်ပါ အားထုတ်မှုကို မြင်ပြီး သူကကြင်နာစိတ်နဲ့ “တော်လိုက်တာ” လို့ပြောခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ ရှိပေမယ့်ယေရှုခရစ်တော်နဲ့ သူရဲ့ ပရောဖက်တွေကိုအကောင်းဆုံးလိုက်လျှောက်ဖို့ပြုလုပ်မယ်ဆိုရင် ကျွန်တော်တို့အတွက်လည်းဒီလိုပဲဖြစ်လာပါမယ်။ ကျွန်တော်တို့ရဲ့ ပဋိညာဥ်တွေကိုစောင့်ထိန်းပြီး အပြစ်တွေအတွက်နောင်တရကာ သူထံသို့လာမည်ဆိုလျှင်၊ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ “သာဓု၊ သစ္စာရှိသောငယ်သားကောင်း” လို့ဝမ်းမြောက်စွာပြောတဲ့အသံကိုကြားရပါလိမ့်မယ်။

ကျွန်တော်တို့ သူ့ထံသို့လာရန်စိတ်အားထက်သန်စွာကြိုးစားနေတဲ့အချိန်မှာ၊ လောက ကယ်တင်ရှင်၏ ဂုဏ်ကျေးဇူးတော်နဲ့ သူရဲ့ ကုသရန်၊ ခွန်အားပေးရန်နှင့် ကျွန်တော်တို့ကို တင်မရန် ကယ်တင်ခြင်းချစ်ခြင်းမေတ္တာနှင့်တန်ခိုးကို ကျွန်တော်သက်သေခံပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်‌ပြောရလျှင်၊ ကျွန်တော်တို့ လူအများလုပ်သလိုလုပ်ပြီး၊ ယေရှုထံသွားဖို့ နည်းလမ်းမရှိပါဘူး။ ကယ်တင်ရှင်က သေခြင်း၊ ရောဂါနှင့် အပြစ်ကို အနိုင်ယူခဲ့ပြီး ကိုယ်တော့်နောက်သို့ ကျွန်တော်တို့စိတ်နှလုံးအကြွင်းမဲ့ လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုံးစွန်သော ပြီးပြည့်စုံမှုအတွက် နည်းလမ်းပေးထားပါတယ်။

ကျွန်တော်သတိပြုမိတဲ့ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ ဒုတိယတစ်ခုကတော့ ကျွန်တော်တို့ဟာ ချစ်လှစွာသောကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးများဖြစ်တယ်ဆိုတာကို သတိရဖို့ပဲဖြစ်ပါတယ်။ ဒီအမှန်တရားကိုသိခြင်းနဲ့ ယုံကြည်ခြင်းကအရာ အားလုံးကိုပြောင်းလဲပေးပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက၊ အသင်းတော်ရဲ့တာဝန်တစ်ခုကနေ အိမ်ကိုလေယာဥ်နဲ့ပြန်လာတုန်းမှာ၊ ကျွန်တော်နဲ့ ညီအမစေဘန်က ခန္ဓာကိုယ်အရမ်းကြီးတဲ့လူတစ်ယောက်ရဲ့နောက်မှာထိုင်ခဲ့ကြပါတယ်၊ သူက သူ့ခေါင်းပြောင်ရဲ့နောက်ဘက်ပေါ်မှာ စိတ်ဆိုးနေတဲ့ မျက်နှာတစ်ခုနဲ့ နံပါတ် ၄၃၉ ကိုတက်တူးထိုးထားပါတယ်။

ကျွန်တော်တို့မြေပေါ်ဆင်းတဲ့အခါ ကျွန်တော်ပြောခဲ့ပါတယ် “တဆိတ်လောက်ခင်ဗျာ။ ခင်ဗျားခေါင်းနောက်ဘက်မှာ တက်ထူးထိုးထားတဲ့ နံပါတ်ရဲ့ အဓိပ္ပာယ်ကိုမေးလို့ရမလား။” စိတ်ဆိုးနေတဲ့မျက်နှာပုံအကြောင်းကိုတော့ ကျွန်တော်မမေးရဲခဲ့ပါဘူး။

သူပြောပါတယ်၊ “အဲ့ဒါကျွန်တော်ပဲ၊ အဲ့ဒါကျွန်တော်ဘယ်သူဆိုတာပဲ။ အဲ့ဒီ နယ်မြေ ၂၁၉ ကို ကျွန်တော်ပိုင်တာ။”

လေးရာသုံးဆယ့်ကိုး ကသူ့ခေါင်းပေါ်က နံပါတ်အမှန်ဖြစ်တယ်၊ ဒါကြောင့် ဒါကသူ့အတွက်အရမ်းအရေးကြီးပေမယ့် နံပါတ်အမှားဖြစ်နေတာကြောင့် ကျွန်တော်အံ့သြခဲ့ပါတယ်။

အဲ့ဒီလူဟာ သူဘယ်သူဖြစ်တယ်ဆိုတဲ့ကိုယ်ပိုင်လက္ခဏာ နဲ့ မိမိကိုယ်ကိုယ်အထင်ကြီးလေးစားမှုက ဂိုဏ်းနယ်မြေတစ်ခုပေါ်မှာအခြေခံတယ်ဆိုတာ ဘယ်လောက်ဝမ်းနည်းစရာကောင်းကြောင်း ကျွန်တော်တွေးမိခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြန်စဥ်းစားခဲ့ပါတယ်၊ ဒီခပ်ကြမ်းကြမ်းလူဟာ တစ်ချိန်က တစ်ယောက်ယောက်ရဲ့ တန်ဖိုးထားခံရပြီးပိုင်ဆိုင်တယ်ဆိုတဲ့ ခံစားချက်လိုအပ်တဲ့ကောင်းလေးတစ်ယောက်ဆိုတာပါ။ သူဟာတကယ်ဘယ်သူဖြစ်တယ်ဆိုတာ၊ တကယ်ဘယ်သူ့ဆီမှာပိုင်ဆိုင်တယ်ဆိုတာ၊ ကျွန်တော်တို့အားလုံးဟာ “အဘိုးနဲ့ ဝယ်တော်မူသောသူ” တွေဖြစ်တယ်ဆိုတာ သူသိခဲ့ရင်ကောင်းမှာပါ။

အီဂျစ်၏မင်းသား လို့ခေါ်တဲ့ရုပ်ရှင်ထဲက သီချင်းတစ်ပုဒ်မှာ ပညာပါတဲ့စာကြောင်းတစ်ကြောင်းပါပါတယ်၊ အဲ့ဒါကဒီလိုပြောပါတယ်၊ “သင့်ရဲ့ဘဝကိုကောင်းကင်ဘုံရဲ့ မျက်လုံးနဲ့ကြည့်ပါ။” ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့မျိုးရိုးနဲ့ ထာဝရစွမ်းရည်တို့ရဲ့ အသိပညာက ကျွန်တော်တို့ရဲ့စိတ်ဝိညာဥ်ထဲကိုအနက်ရှိုင်းဆုံးဝင်ရောက်လာသည်နှင့်အမျှ၊ ဘဝဟာအဓိပ္ပာယ်ရှိတယ်၊ လေ့လာပြီးတိုးတက်ဖို့ဖြန့်ကျက်ထားတဲ့အတွေ့အကြုံတွေရှိတယ်၊ အချိန်ခဏတာအတွက် “မှန်အားဖြင့်ရိပ်မိလျက်နေကြ၏” ဆိုသကဲ့သို့ဖြစ်တယ်ဆိုတာကို မြင်လာနိုင်ကြမှာပါ။

ပျော်ရွှင်ခြင်းအမှတ်အသားရဲ့တတိယတစ်ခုကတော့ လူတစ်ဦးရဲ့တန်ဖိုးကိုအမြဲသတိရနေဖို့ပဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ ယေရှုခရစ်တော်ရဲ့ နှိုးဆော်ခြင်းဖြစ်တဲ့ “ငါသည်သင်တို့ကိုချစ်သည့်နည်းတူအချင်းချင်းချစ်ကြလော့” ကိုလိုက်လျှောက်ခြင်းအားဖြင့် အကောင်းဆုံးလုပ်နိုင်ပါတယ်။

“သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင်အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” လို့လည်းသူသွန်သင်ခဲ့ပါတယ်။

သုတ္တံကျမ်းတွင်ဉာဏ်ပညာရှိစွာဆွေးနွေးခဲ့ပါတယ်၊ “ကျေးဇူးကိုခံသင့်သောသူတို့အားကျေးဇူးပြုရသောအခွင့်ရှိလျှင် ‌မပြုဘဲမနေနှင့်။”၁၀

ကြင်နာတတ်လွန်းတာကြောင့် ကျွန်တော်တို့ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့မျက်လုံးထဲမှာ၊ ကြင်နာတတ်ခြင်းနဲ့ ကောင်းမြတ်ခြင်းဟာ အနက်အတူတူပါပဲ။ ကြင်နာတတ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းက ခွင့်လွှတ်နိုင်ခြင်းနဲ့ ဝေဖန်မှုမရှိခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာတုန်းက၊ ကျွန်တော်တို့မိသားစုက မိသားစုညနေခင်းအတွက်ရုပ်ရှင်သွားကြည့်ဖို့လုပ်ခဲ့ကြပါတယ်။ ကျွန်တော့်သားတစ်ယောက်နဲ့ ဇနီး၊ ဗယ်လရီကလွဲပြီးတော့အားလုံးက ဗန်ကားထဲမှာရှိနေခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာမှောင်လာပါပြီ၊ ကျွန်တော့်ရဲ့သားကတံခါးကိုဖွင့်ပြီး ကားဆီကိုပြေးလာတဲ့အခါ၊ ‌အိမ်ပေါက်ဝမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကြောင်လို့ထင်ရတဲ့အရာကို သူမတော်တဆ ကန်မိလိုက်ပါတယ်။ ကျွန်တော့်သားနဲ့ သူရဲ့နောက်မှာရှိတဲ့ ကျွန်တော့်ဇနီးကံမကောင်းခဲ့ပါဘူး၊ အဲ့ဒါက ကြောင်မဟုတ်ဘဲ လုံးဝမပျော်ရွှင်နေတဲ့ နံကောင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးအိမ်ထဲကိုပြန်လာကြပြီးတော့ သူတို့နှစ်ယောက်လုံးလည်း နံကောင်ရဲ့အနံ့ကို အမှန်ပျောက်စေနိုင်တယ် လို့ပြောကြတဲ့ ခရမ်းချဥ်သီးရည်နဲ့ ရေချိုးခေါင်းလျှော်ကြရပါတယ်။ သူတို့သန့်ရှင်းပြီးအဝတ်အစားတွေလဲပြီးတဲ့အခါမှာ၊ ကျွန်တော်တို့အကုန်လုံးမှာလည်းအနံ့ပျောက်သွားကြောင့် ရုပ်ရှင်ရုံကိုသွားဖို့နောက်ဆုံး အဆင်ပြေပြီလို့ ဆုံးဖြတ်လိုက်ကြပါတယ်။  

ကျွန်တော်တို့ရုပ်ရှင်ရုံရဲ့အနောက်ဘက်ပိုင်းမှာစနေရာယူလိုက်တဲ့အချိန်မှာ၊ ကျွန်တော်တို့နားမှာရှိတဲ့လူတွေက တစ်ယောက်ပြီးတစ်‌ယောက် ရုတ်တရက် ပေါက်ပေါက်ဆုပ်ဝယ်ဖို့ထသွားနေကြပါတော့တယ်။ သူတို့ပြန်လာတဲ့အချိန်မှာတော့ ဘယ်သူကမှသူတို့ရဲ့ ပထမပုံမှန်နေရာမှာပြန်မထိုင်ကြတော့ပါဘူး။

ဒီအတွေ့အကြုံအကြောင်းပြန်ပြောတဲ့အခါ ကျွန်တော်တို့ရီကြပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့အပြစ်တွေမှာ အနံ့ရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ရဲ့ မရိုးသားခြင်း၊ ရမ္မက်၊ မနာလိုခြင်း နဲ့ မာန်မာန အနံ့တွေထွက်မယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အားနည်းချက်များထွက်ပေါ်လာတဲ့အခါ၊ အခြားသူများကို အနည်းငယ်ပိုပြီး တွေးတာပေးကာ ဂရုပြုနိုင်စေရန်နှင့်၊ ထို့အတူပဲ၊ ကျွန်တော်တို့ဘဝမှာလိုအပ်တဲ့အရာတွေကိုပြောင်းလဲတဲ့အခါ သူတို့ကကျွန်တော်တို့နဲ့ အတူရှိနေမှာပါ။ တကယ်တော့ ဘုရား‌ကျောင်းထဲမှာ ဆေးလိပ်အနံ့ရတာကို ကျွန်တော်သဘောကျပါတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်က ပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုတာကိုပြလို့ပါပဲ။ ကျွန်တော်တို့ရဲ့ကြိုဆိုပေးတဲ့ လက်တွေသူတို့နားမှာရှိဖို့လိုပါတယ်။

“ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်တွေ ကို ခွဲခြားသိဖို့ အလွယ်ဆုံးနည်းတစ်ခုကတော့ အဲဒီလူ တခြားလူတွေကို ဘယ်လောက် သနားကြင်နာစွာဆက်ဆံသလဲ ဆိုတာပါပဲ”၁၁လို့ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်ဉာဏ်ပညာရှိစွာ ပြောခဲ့ပါတယ်။

ရှင်ပေါလုက ဧဖက်ကိုရေးခဲ့ပါတယ်၊ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုခွင့်လွှတ်တော်မူသကဲ့သို့အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။”၁၂

ယေရှုခရစ်တော်ရဲ့နောက်လိုက်တော်တွေအနေနဲ့ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်အဘနဲ့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ကို ယုံကြည်ပြီး သူတို့ကို အစားထိုးဖို့မကြိုးစားရန်တောင်းဆိုခံရပါတယ်။ ယေရှုခရစ်တော်ကလူတိုင်းရဲ့ မပြည့်စုံခြင်းများကိုပြီးပြည့်စုံစွာသိပြီး သူတို့အားပြည့်စုံစွာတရားစီရင်တော်မူပါမယ်။

ပျော်ရွှင်ခြင်းအမှတ်အသားရဲ့ စတုတ္ထကတော့ ထာဝရရှုထောင့်ကကြည့်ခြင်းကို ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အဘရဲ့ အစီအစဉ်က ထာဝရကာလတွေဆီဖြန့်ကျက်ပါတယ်၊ လက်ရှိကိုအာရုံစိုက်ပြီး နောင်ကိုမေ့ပစ်ဖို့လုပ်ရတာလွယ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်များစွာက၊ ဒီသင်ခန်းစာကို ကျွန်တော်ရဲ့ ၁၆နှစ်အရွယ်သမီး၊ ဂျက်နီဖာကြောင့် ပြင်းပြင်းထန်ထန်သင်ယူခဲ့ရပါတယ်။ သူမက အဆုတ်နှစ်ထပ်အစားထိုးကုသမှုကို ခံယူတော့မှာဖြစ်ပါတယ်၊ အဆုတ်ရဲ့ အမြှေးငါးလုံးကိုအားလုံးဖယ်ရှားပြီး အံ့သြဖွယ်ကောင်းသော ခရစ်တော်နှင့်တူတဲ့ သူငယ်ချင်းနှစ်ဦးကနေ လှူဒါန်းတဲ့ကျန်းမာသန်စွမ်းသောအမြှေးနှစ်ခုဖြင့် အစားထိုးမှာပဲဖြစ်ပါတယ်။ အဲ့ဒါကအလွန်အန္တရယ်များတဲ့ခွဲစိတ်ခြင်းဖြစ်ပေမယ့်၊ ဂျက်နီဖာက မခွဲစိတ်ခင်တစ်ညမှာ သူမရဲ့ပေါင်၉၀ (၄၁ကီလို)ကိုယ်ကအားရှိသမျှနဲ့ကျွန်တော်ကိုသင်ကြားပေးပါတယ်၊ “စိတ်မပူပါနဲ့အဖေ၊ မနက်ဖြန်ကျွန်မ အဆုတ်အသစ်နဲ့နိုးထရင်ထမယ် ဒါမှမဟုတ် ပိုကောင်းတဲ့နေရာမှာ ကျွန်မနိုးထမှာပါ။ ဘာပဲဖြစ်ဖြစ်အရမ်းကောင်းမှာပါ။“ အဲ့ဒါကယုံကြည်မှုပါ၊ ထာဝရရှုထောင့်ကကြည့်ခြင်းပါ။ ထာဝရအနှစ်သာရအချက်မှ ဘဝကိုကြည့်ခြင်းက ရှင်းလင်းမှု၊ နှစ်သိမ့်မှု၊ သတ္တိနှင့် မျှော်လင့်ချက်တို့ကို ပေးပါတယ်။

ခွဲစိတ်မှုပြီးလို့ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရတဲ့နေ့ပြီးတဲ့အခါ အသက်ရှုပြွန်ကိုဖယ်ရှားပြီး ဂျနီဖာအသက်ရှူဖို့ကူညီပေးတဲ့ လေဝင်လေထွက်ကိုပိတ်လိုက်တာနဲ့ သူမရဲ့သေးငယ်တဲ့အမြှေးနှစ်ခုအလုပ်လုပ်နိုင်မလားဆိုတာ ကြည့်ဖို့ ကျွန်တော်တို့စိတ်အားထက်သန်စွာစောင့်ဆိုင်းခဲ့ပါတယ်။ ပထမဆုံး အသက်ရှုလိုက်တဲ့အခါ သူ ချက်ချင်း ငိုပါတော့တယ်။ ကျွန်တော်တို့စိတ်ပူနေတာမြင်တော့ “အသက်ရှုရတာကောင်းလိုက်တာလို့” သူမြန်မြန်ပြောပြခဲ့ပါတယ်။  

အဲ့ဒီနေ့ကစပြီး၊ ကျွန်တော့်ရဲ့အသက်ရှူနိုင်တဲ့စွမ်းရည်အတွက် ကောင်းကင်ဘုံရှင်အဘကို ကျွန်တော်မနက်နဲ့ ညကျေးဇူးတော်ချီးမွမ်းပါတယ်။ သတိမထားမိပါက ကျွန်တော်တို့အလွယ်တကူ အလေးမထားတဲ့ မရေမတွက်နိုင်သော ကောင်းချီးများတွေ ကျွန်တော်တို့အနားမှာရှိပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ ဘယ်အရာကိုမှမမျှော်လင့်ထားဘူးဆိုရင် အားလုံးကိုကျေးဇူးတင်တတ်လာပါလိမ့်မယ်၊ ဘဝက အံ့ဖွယ်ဖြစ်လာပါမယ်။

ဥက္ကဋ္ဌနယ်လဆင်က ပြောခဲ့ပါတယ် “မနက်ခင်းအသစ်တိုင်းဟာ ဘုရားသခင်ဆီက ‌ဆုကျေးဇူးဖြစ်တယ်။ ကျွန်တော်တို့အသက်ရှူနေတဲ့လေတောင်မှ သူရဲ့ချစ်ခြင်းနဲ့ပေးထားတဲ့အရာဖြစ်ပါတယ်။ သူကကျွန်တော်တို့ကို နေ့စဥ်ကာကွယ်စောင့်ရှောက်ပြီးတော့ အခိုက်အတန့်တစ်ခုကနေ နောက်တစ်ခုဆီသို့ထောက်ပံ့အားပေးပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ရဲ့ မနက်ခင်းမှာမြင့်မြတ်တဲ့ကောင်းမှုပြုခြင်းက နှိမ့်ချစွာကျေးဇူးတော်ချီးမွမ်းတဲ့ဆုတောင်းခြင်းပဲဖြစ်သင့်ပါတယ်။”၁၃

ဒီအချက်က ကျွန်တော်ရဲ့နောက်ဆုံး ပဉ္စမသတိပြုမိခြင်းကိုဖော်ပြပေးပါတယ်၊ အဲ့ဒါကတော့ ‌သင်၏ကျေးဇူးသိတတ်ခြင်းသည် ပျော်ရွှင်ခြင်းထက်သာလွန်တယ်ဆိုတာပါပဲ။

ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်၊ “ခပ်သိမ်းသောအရာတို့ကို ကျေးဇူးအလွန်သိတတ်ခြင်းနှင့် လက်ခံသောသူကို အသရေထင်ရှားစေမည်။”၁၄ ဒါဟာ ကျေးဇူးသိတတ်ခြင်းက တခြားများစွာသောသူတော်ကောင်းတရား‌တို့ကို မွေးထုတ်ပေးတာကြောင့်ဖြစ်နိုင်ပါတယ်။

မနေ့ညက ကျေးဇူးတင်ခဲ့တဲ့ ကောင်းချီးတွေနဲ့သာ မနက်တိုင်း အိပ်ရာက နိုးရင် ကျွန်တော်တို့ရဲ့ သတိထားနိုင်မှုတွေပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်ရဲ့ ကောင်းချီးတွေကို ကျေးဇူးတင်တတ်ခြင်းမရှိခြင်းရဲ့ ရလဒ်ကတော့ မကျေနပ်ခြင်းကိုဖြစ်စေပါတယ်၊ အဲ့ဒါဟာကျေးဇူးသိတတ်ခြင်းကဖြစ်ပေါ်စေတဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်ခြင်းကို လုယူသွားနိုင်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့အဆောက်အဦးက လူတွေဟာ ကျွန်တော်တို့ကို ပန်းတုံးတိုင်ကိုကျော်ကြည့်ရန်မြူဆွယ်ကြသော်လည်း သူတို့ဟာပန်းတုံးတိုင်ကိုလုံးဝပျောက်ဆုံးနေကြတာဖြစ်ပါတယ်။

အမှန်တကယ်မှာတော့၊ သေခြင်းမရှိရာရဲ့ အကြီးမားဆုံးသော ပျော်ရွှင်ခြင်းနဲ့ ကောင်းချီး‌‌ဟာ သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဥ်တွေ ပြုလုပ်ပြီး စောင့်ထိန်းရင်း ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့ဘယ်လိုလူတွေဖြစ်လာတယ်ဆိုတာပါပဲ။ ကယ်တင်ရှင်ဟာ သူရဲ့အပြစ်ဖြေခြင်းယဇ်၏ အကျိုးကျေးဇူးများအားဖြင့် ကျွန်တော်တို့ကိုအရောင်တင်ကာ သန့်စင်ပေးမှာဖြစ်ပြီး သူ့အား လိုလိုလားလားနောက်လိုက်သူများအကြောင်း မိန့်ကြားခဲ့ပါတယ်၊ “ငါ၏ရတနာများကို စုဆောင်းရန်ငါကြွလာတော်မူသောနေ့၌သူတို့သည်လည်းငါ၏လူများဖြစ်လိမ့်မည်။“၁၅

သင်ရဲ့အသက်တာကိုယေရှုခရစ်တော်ရဲ့ အုတ်မြစ်မှာတည်ဆောက်ပါက၊ ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ကိုယ်ပိုင်လက္ခဏာကို ဘုရားသခင်၏သားသမီးများအဖြစ်တန်ဖိုးထားခြင်း၊ လူတစ်ဦး၏တန်ဖိုးကိုသတိရခြင်း၊ ထာဝရရှုထောင့်ကကြည့်ခြင်းကိုထိန်းသိမ်းခြင်း၊ ကောင်းချီးများစွာကိုကျေးဇူးတော်ချီးမွမ်းခြင်း၊ အထူးသဖြင့် ‌ခရစ်တော်ရဲ့ သူ့ထံလာဖို့ဖိတ်ခေါ်ခြင်းမှ၊ ဒီသေခြင်းရှိရာစွန့်စားမှုမှာ ကျွန်တော်တို့ရှာဖွေနေတဲ့စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကိုတွေ့နိုင်ပါတယ်။ ဘဝမှာ အခက်အခဲတွေရှိနေမှာပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့နားလည်ပြီး အသက်ရှင်နေထိုင်သည့် ထာဝရအမှန်တရားများကြောင့် တစ်ခုစီကို ရည်ရွယ်ချက်ရှိရှိ ငြိမ်းချမ်းမှုဖြင့် ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ချစ်လှစွာသောအဘနဲ့ သူ့ရဲ့သားတော်၊ ယေရှုခရစ်တော်ရဲ့ စစ်မှန်ခြင်းကိုကျွန်‌တော်သက်သေခံပါတယ်။ အသက်ရှင်သောပရောဖက်၊ ရှေ့မြင်သောသူများနှင့် ဗျာဒိတ်တော်ရရှိသူများကိုလည်း ကျွန်တော်သက်သေခံပါတယ်။ ကောင်းကင်ဘုံတိုင်ပင်ဆွေးနွေးခြင်းကို သူတို့အားဖြင့်ရရှိတာဟာကောင်းချီးတစ်ခုပါ။ ကယ်တင်ရှင် ရှင်းလင်းစွာမိန့်တော်မူခဲ့သလိုပါပဲ၊ “ငါကိုယ်တိုင်၏အသံအားဖြင့်ဖြစ်စေ၊ ငါ့ကျွန်တို့၏အသံအားဖြင့်ဖြစ်စေအတူတူပင်ဖြစ်၏။”၁၆ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။