အထွေထွေညီလာခံ
ထာဝရသမ္မာတရား
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


10:40

ထာဝရသမ္မာတရား

သမ္မာတရားကို အသိအမှတ်ပြုဖို့ လိုအပ်တာက အခုထက် ဘယ်တော့မှ ပိုအရေးမကြီးပါဘူး။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အဘဘုရားသခင်နဲ့ ကိုယ်တော့်သားတော် ယေရှုခရစ်ထံ သင်တို့ရဲ့ ဆက်ကပ်ခြင်းအတွက် ကျေးဇူးတင်ပါတယ်၊ သင်တို့ရဲ့ အချင်းချင်းချစ်ခြင်းနဲ့ အစေခံခြင်းတို့အတွက် ကျေးဇူးတင်ပါတယ်။ သင်ဟာတကယ်ကို ထူးခြားကောင်းမွန်ပါတယ်။

နိဒါန်း

ကျွန်တော့်ဇနီး အန်နီ နဲ့ ကျွန်တော် အချိန်ပြည့်သာသနာပြုတာဝန်ထမ်းဆောင်ဖို့ အခေါ်ခံရပြီးနောက်၊ ကျွန်တော်တို့မိသားစုဟာ သာသနာနယ်မြေထဲမရောက်ခင် သာသနာပြုတွေရဲ့ နာမည်တွေကိုလေ့လာဖို့ဆုံးဖြတ်ထားကြပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံတွေ၊ ကတ်ပြားတွေနဲ့ မျက်နှာ‌တွေ၊ နာမည်တွေမှတ်မိအောင်စတင်လေ့လာကြပါတယ်။

ကျွန်တော်တို့ရောက်ရှိတဲ့အခါမှာ၊ သာသနာပြုတွေနဲ့ မိတ်ဆက်ပွဲညီလာခံတွေပြုလုပ်ကြပါတယ်။ ကျွန်တော်တို့မိတ်သဟာရပြုကြတဲ့အခါ၊ ကျွန်တော်ရဲ့ ကိုးနှစ်သားအရွယ် သားကို နားစွန်နားဖျားကြားလိုက်မိပါတယ်။

“တွေ့ရတာဝမ်းသာပါတယ်၊ ဆမ်။”

“ရေချယ်လ်၊ အမဘယ်ကလာတာလဲ။”

“ဝိုး၊ ဒေးဗစ်၊ အကိုကအရပ်အရှည်ကြီးပဲ။”

သတိပြုမိတော့၊ ကျွန်တော့်သားဆီသွားပြီး သူ့ကိုတိုးတိုးပြောပါတယ်၊ “ဟေး၊ သူတို့တွေကို အယ်လ်ဒါ၊ စစ်စတာလို့ ခေါ်ဖို့ သတိရပါ။”

သူကျွန်တော့ကို ပဟေဠိဆန်တဲ့အကြည့်နဲ့ ကြည့်ပြီးမေးပါတယ်၊ “အဖေ၊ ကျွန်တော်တို့တွေက သူတို့ နာမည်တွေကိုမှတ်မိရမှာဆို။” ကျွန်တော်တို့သားက သူ့နားလည်မှုအပေါ်အခြေခံပြီး မှန်တယ်လို့ထင်တာကိုလုပ်ခဲ့ပါတယ်။

ဒါဆို၊ ယနေ့‌ခေတ်မှာ သမ္မာတရားကိုကျွန်တော်တို့ရဲ့ နားလည်သဘောပေါက်ခြင်းကဘာလဲ။ ကျွန်တော်တို့ဟာ ခိုင်မာတဲ့ထင်မြင်ချက်တွေ၊ ဘက်လိုက်တဲ့ စီရင်ခံခြင်းတွေနဲ့ မပြည့်စုံသော အချက်အလက်များဖြင့်အဆက်မပြတ်ထိုးနှက်ခြင်းခံရပါတယ်။ တစ်ချိန်တည်းမှာပင်၊ ဒီသတင်းရင်းမြစ်များနှင့် ပမာဏဟာ တဟုန်ထိုးတိုးပွားနေပါတယ်။ သမ္မာတရားကို အသိအမှတ်ပြုဖို့ လိုအပ်တာက အခုထက် ဘယ်တော့မှ ပိုအရေးမကြီးပါဘူး။

သမ္မာတရားက ဘုရားသခင်နှင့် ဆက်ဆံရေးကိုမြဲမြံစေရန်၊ ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်မှုကို ရှာဖွေရန်နှင့်ကျွန်‌တော်တို့ရဲ့မြင့်မြတ်တဲ့အလားအလာကို ရောက်ရှိဖို့အတွက်အရေးကြီးပါတယ်။ ဒီနေ့မှာ အောက်ပါမေးခွန်းတွေကိုစဥ်းစား‌ကြရအောင်။

  • သမ္မာတရားကဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ။

  • သမ္မာတရားကိုဘယ်လိုရှာနိုင်မလဲ။

  • ကျွန်တော်တို့သမ္မာတရားကိုတွေ့တဲ့အခါ၊ ဘယ်လိုဝေငှမလဲ။

သမ္မာတရားကထာဝရဖြစ်ပါတယ်။

ကိုယ်တော်ရှင်ကကျွန်တော်တို့ကိုကျမ်းစာထဲမှာသွန်သင်ထားပါတယ်၊ “သမ္မာ​တရား​သည်ကား အမှု​အရာတို့ အကြောင်းကို ၎င်းတို့​ဖြစ်လျက်​ရှိသည့် အတိုင်း၊ ထို့အတူ ၎င်းတို့​ဖြစ်လေ​ပြီးသည့် အတိုင်း၊ ထို့အတူ ၎င်းတို့​ဖြစ်လေမည့် အတိုင်း သိခြင်း​ဖြစ်၏” (သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၉၃း၂၄)။ ထိုအရာက “ဖန်ဆင်း၍သို့မဟုတ် ပြုလုပ်၍မထား” (သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၉၃း၂၉) ထို့နောက် “အဆုံးမရှိ” ပါ(သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၈၈း၆၆)။1 သမ္မာတရားသည် တစ်လုံးတစ်ဝတည်း၊ ပြင်ဆင်ပြီး၍ထာဝရတည်ရှိသောအရာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင်၊ သမ္မာတရားက ထာဝရဖြစ်ပါတယ်။

သမ္မာတရားကကျွန်တော်တို့ကို လိမ်လည်လှည့်ဖြားခြင်းကရှောင်ရှားစေနိုင်ခြင်း၊ ကောင်းခြင်းဆိုးခြင်းခွဲခြားသိခြင်း၊ ကာကွယ်မှုရရှိခြင်း၊ နှင့် နှစ်သိမ့်မှုနှင့်ကုသပျောက်ကင်းခြင်းတို့ကို ရှာတွေ့စေပါတယ်။ သမ္မာတရားက ကျွန်တော်တို့ရဲ့လုပ်ရပ်တွေကိုလမ်းပြခြင်း၊ ကျွန်တော်တို့ကိုလွတ်မြောက်စေခြင်း၊ ၊သန့်ရှင်းစင်ကြယ်ခြင်း ၊နှင့် ထာဝရအသက်ကိုဦးတည်စေပါတယ်။၁၀

ဘုရားသခင်က ထာဝရသမ္မာတရားကိုဖွင့်ပြပါတယ်။

ဘုရားသခင်က ထာဝရသမ္မာတရားကို သူကိုယ်တိုင်၊ ယေရှုခရစ်တော်၊ သန့်ရှင်းသောဝိညာဥ်တော်၊ ပရောဖက်နဲ့ ကျွန်တော်တို့ပါဝင်တဲ့ ဗျာဒိတ်ဆိုင်ရာဆက်ဆံရေးကွန်ယက် အားဖြင့်ဖွင့်ပြပါတယ်။ ဒီလုပ်ငန်းစဥ်မှာပါဝင်တဲ့သူတစ်ယောက်ချင်းစီရဲ့ ဝေးကွာနေပေမယ့်လည်း အပြန်အလှန်ချိတ်ဆက်နေပုံကိုဆွေးနွေးကြရအောင်။

ပထမဆုံးအနေနဲ့၊ ဘုရားသခင်က ထာဝရသမ္မာတရားရဲ့ ရင်းမြစ်ဖြစ်ပါတယ်။၁၁ သူနဲ့သူရဲ့သားတော်၊ ယေရှုခရစ်တော်တို့ဟာ တစ်လုံးတစ်ဝတည်း၁၂ သမ္မာတရားကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ပြီး စစ်မှန်သောသဘောတရားများ၊ ဥပဒေများနှင့်အညီ အမြဲလုပ်ဆောင်ပါတယ်။၁၃ ဒီအားက သူတို့ကို ကမ္ဘာတွေကို ဖန်ဆင်းဖို့နဲ့အုပ်စိုးဖို့၁၄ အခွင့်ပေးပါတယ်၊ ကျွန်တော်တို့အယောက်တိုင်းကို စုံလင်စွာ ချစ်ဖို့၊ လမ်းညွှန်ဖို့နဲ့အားဖြည့်ဖို့လည်း ပါပါတယ်။၁၅ သူတို့ဟာ ကျွန်တော်တို့ ကိုချစ်တာကြောင့်၊ သမ္မာတရားကိုနားလည်ပြီး အသုံးပြုစေချင်ပါတယ်၊ ဒါမှ ကျွန်တော်တို့ သူတို့လို ကောင်းချီးများခံစားနိုင်ကြမှာဖြစ်ပါတယ်။၁၆ သူတို့ သမ္မာတရားကို သန့်ရှင်းသောဝိညာဉ်တော်၊ ကောင်းကင်တမန်များ သို့မဟုတ် အသက်ရှင်သောပရောဖက်တို့အားဖြင့် ကိုယ်တိုင် ပိုပြီးသဘာဝကျကျ မျှဝေနိုင်ကြပါတယ်။

ဒုတိယအနေနဲ့၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ အလုံးစုံသောသမ္မာတရားများကို သက်သေခံပါတယ်။၁၇ သူက ကျွန်တော်တို့ကို သမ္မာတရားများကို တိုက်ရိုက်ဖွင့်ပြပြီး တခြားသူများသင်ကြားပေးခြင်း၏သက်သေခံခြင်းများနှင့်လည်း ဖွင့်ပြပါတယ်။ ဝိညာဥ်တော်မှခံစားချက်များက ပုံမှန်အားဖြင့် ကျွန်တော်တို့ရဲ့စိတ်ထဲကို အတွေးတွေနဲ့ ရောက်လာပြီး နှလုံးသားထဲကို ခံစားမှုအနေနဲ့ရောက်လာပါတယ်။၁၈

တတိယကတော့၊ ပရောဖက်တွေက သမ္မာတရားကိုဘုရားသခင်ဆီက ရရှိပြီး အဲ့ဒါကို ကျွန်တော်တို့နဲ့ ဝေငှပါတယ်။၁၉ ယခင်က ပရောဖက်တွေကနေ သမ္မာတရားကို ကျမ်းစာတွေ၂၀ ဆီကနေသင်ယူရပြီးတော့၊ အသက်ရှင်တဲ့ပရောဖက်တွေဆီက အထွေထွေညီလာခံနှင့် တခြားအတည်ပြုထားတဲ့ဆက်သွယ်ခြင်းတွေကတဆင့် ကျွန်တော်တို့ သိရှိရပါတယ်။

နောက်ဆုံး‌အနေနဲ့၊ ကျွန်တော်နဲ့ သင်ဟာ ဒီလုပ်ငန်းစဥ်မှာ အရေးပါတဲ့နေရာမှာရှိပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို သမ္မာတရားကို ရှာဖို့၊ အသိအမှတ်ပြုဖို့နဲ့ လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ သမ္မာတရားကို ရရှိပြီးအသုံးပြုနိုင်ဖို့စွမ်းရည်ဟာ ကျွန်တော်တို့နဲ့ ခမည်းတော်နှင့်သားတော်တို့မှာရှိတဲ့ဆက်ဆံရေးပေါ်မှာမူတည်ပါတယ်၊ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လွှမ်းမိုးမှုကိုကျွန်တော်တို့ တုံ့ပြန်ခြင်းနဲ့ နောက်ပိုင်းကာလပရောဖက်များနဲ့ ပူးပေါင်းခြင်းပေါ်မှာလည်းမူတည်ပါတယ်။

ကျွန်တော်တို့ကို သမ္မာတရားကနေဝေးစေဖို့ စာတန်အလုပ်လုပ်တယ်ဆိုတာကျွန်တော်တို့သတိရဖို့လိုပါတယ်။ သမ္မာတရားမရှိဘဲ၊ ကျွန်တော်တို့ ထာဝရအသက်တာမရရှိနိုင်ဘူးဆိုတာ သူသိပါတယ်။ သူက သမ္မာတရားအကြောင်းကို ရှုပ်ထွေးစေဖို့လောကီရေးရာ ဒဿနတွေနဲ့ ယှက်တင်ပြီး ဘုရားသခင်ရဲ့ဆက်သွယ်ခြင်းကနေ ကျွန်တော်တို့ကိုနှောင့်ယှက်ပါတယ်။၂၁

ထာဝရသမ္မာတရားကို ရှာဖွေခြင်း၊ အသိအမှတ်ပြုခြင်း၊အသုံးပြုခြင်း

ကျွန်တော်တို့ ထာဝရ သမ္မာတရားကို ရှာတဲ့အခါ၊၂၂ အောက်ပါမေးခွန်းနှစ်ခုဟာ ဒီအယူအဆက ဘုရားသခင်ဆီကလာတာလား သို့မဟုတ် တခြားရင်းမြစ်ကလာတာလား ဆိုတာကိုသိစေဖို့ ကျွန်တော်တို့ကို ကူညီပါတယ်။

  • ဒီအယူအဆကို ကျမ်းစာတွေနဲ့အသက်ရှင်တဲ့ ပရောဖက်တွေရဲ့စကားတွေထဲမှာ အဆင်မပြတ်သွန်သင်ခဲ့ပါသလား။

  • ဒီအယူအဆကို သန့်ရှင်းသောဝိညာဥ်တော်ရဲ့ သက်သေခံခြင်းအားဖြင့်အတည်ပြုထားပါသလား။

ဘုရားသခင်က ဩဝါဒဆိုင်ရာ သမ္မာတရားကို ပရောဖက်တွေအားဖြင့် ဖွင့်ပြပါတယ်၊ သန့်ရှင်းသောဝိညာဥ်တော်က အဲဒီသမ္မာတရားတွေကို ကျွန်တော်တို့ထံအတည်ပြုပြီး၊ ကျွန်တော်တို့ အသုံးပြုဖို့ ကူညီပါတယ်။၂၃ ကျွန်တော်တို့ ရှာရပါမယ်၊ ဒီဝိညာဉ်ပကတိအမြင်တွေရောက်လာတဲ့အခါ လက်ခံဖို့ ပြင်ဆင်ထားရပါမယ်။၂၄ ကျွန်တော်တို့ နှိမ့်ချတဲ့အခါ၊၂၅ စိတ်ရင်းအမှန်ဖြင့်ဆုတောင်းပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တို့ကိုလေ့လာသောအခါ၊၂၆ နှင့် သူ့ရဲ့ပညတ်တော်တွေကိုစောင့်ထိန်းတဲ့အခါ ဝိညာဥ်တော်ရဲ့သက်သေခံခြင်းကို အများဆုံးလက်ခံနိုင်ကြပါတယ်။၂၇

ကျွန်တော်တို့အတွက် တိကျတဲ့သမ္မာတရားတစ်ခုကို သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုတာနဲ့တပြိုင်နက်၊ ကျွန်တော်တို့ အဲဒီကျင့်ဝတ်စည်းကမ်းကို လက်တွေ့ကျင့်သုံးတာနဲ့အမျှ ကျွန်တော်တို့ရဲ့ နားလည်ခြင်းက လေးနက်လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ၊ ကျင့်ဝတ်စည်းကမ်းကို တစိုက်မတ်မတ်နေထိုင်တဲ့အခါ၊ ထိုသမ္မာတရားရဲ့အသိပညာကိုကျွန်တော်တို့သေချာပေါက်ရရှိပါတယ်။၂၈

ဥပမာဆိုရင်၊ ကျွန်တော်အမှားတွေလုပ်ပြီး မကောင်းတဲ့ရွေးချယ်မှုတွေကြောင့်နောင်တရခြင်းခံစားရပါတယ်။ ဒါပေမယ့် ဆုတောင်းခြင်း၊ လေ့လာခြင်း၊နဲ့ ယေရှုခရစ်တော်တွင်ရှိသော ယုံကြည်မှုအားဖြင့် နောင်တရခြင်းနိယာမရဲ့သက်သေကို ကျွန်တော်ရရှိခဲ့ပါတယ်။၂၉ ကျွန်တော်နောင်တဆက်ရတာနဲ့အမျှ၊ နောင်တရခြင်းကိုနားလည်ခြင်းက ပိုတိုးတက်လာပါတယ်။ ဘုရားသခင်နဲ့ သူ့သားနဲ့ ပိုနီးလာတယ်လို့ခံစားခဲ့ရပါတယ်။ အခု၊ ကျွန်တော် သိ ပါပြီ၊ ယေရှုခရစ်တော်ကြောင့် အပြစ်တွေကဆီကခွင့်လွှတ်ခြင်းရနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နောင်တရခြင်းရဲ့ကောင်းချီးတွေကို ကျွန်တော်နေ့တိုင်း‌ခံစားရလို့ပါ။၃၀

သမ္မာတရားမဖွင့်ပြခင်၌ ဘုရားသခင်ကိုယုံကြည်ခြင်း

ဒါဆို၊ ကျွန်တော်တို့သမ္မာတရားကို ရှာဖွေပေမယ့်လည်း ဖွင့်ပြမှုမရရှိသေးတဲ့အခါ ဘာလုပ်သင့်ပါသလဲ။ လာမယ့်ပုံမပေါ်တဲ့အဖြေကိုတောင်းတနေကြတဲ့ သူတွေကိုကျွန်တော်ကိုယ်ချင်းစာပါတယ်။

ဂျိုးဇက်စမစ်ကိုဘုရားသခင်ကအကြံပြုတော်မူခဲ့ပါတယ်၊ “ထိုအမှုနှင့်​စပ်လျဉ်း၍၊ ခပ်သိမ်းသော​အရာတို့ကို လောကသို့​ဖော်ပြစေဖို့ သင့်လျော်မည်ဟု ငါဆင်ခြင်မိသည့်​အချိန်​တိုင်အောင် တိတ်ဆိတ်စွာ​နေလော့” (သြဝါဒနှင့်ပဋိညာဥ်များကျမ်း ၁၀း၃၇)။

ထို့နောက်၊ အမ်မာစမစ်အား ရှင်းပြတော်မူခဲ့ပါတယ်၊ “သင် မမြင်ရလေသည့်​အရာများကြောင့် ညည်းညူ​အပြစ်တင်ခြင်း​မရှိနှင့်။ အကြောင်းမူကား၊ ထိုအရာတို့ကို သင်နှင့် လောကထံမှ ဆီးတားထားသည်မှာ နောင်လာမည့်​ကာလ​အတွက် ငါ့အထဲ၌​ရှိသည့်​ဉာဏ်ပညာတော်​ဖြစ်၏” (သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၂၅း၄)။

နှလုံးသားမှာခံစားရတဲ့မေးခွန်းတွေ ကျွန်တော်လည်းမေးခဲ့ဖူးပါတယ်။ အဖြေတော်တော်များများရခဲ့ပါတယ်၊ တချို့ကိုတော့မရသေးပါဘူး။၃၁ ဘုရားသခင်ရဲ့ဉာဏ်ပညာတော်နဲ့ ချစ်ခြင်းကိုယုံကြည်ခြင်း၊ သူရဲ့ပညတ်တော်ကိုစောင့်ထိန်းခြင်း၊ နှင့် ကျွန်တော်တို့ တကယ် သိတဲ့အရာတွေကိုဆုပ်ကိုင်ထားသည်နှင့်အမျှ၊ အလုံးစုံတို့ရဲ့သမ္မာတရားကိုသူ မဖွင့်ပြခင်အထိ ကျွန်တော်တို့ငြိမ်းချမ်းခြင်းရှာဖွေနိုင်အောင်သူကူညီပေးပါမယ်။၃၂

သြဝါဒနှင့် မူဝါဒကိုနားလည်ခြင်း

သမ္မာတရားကိုရှာဖွေချိန်မှာ၊ သြဝါဒနှင့် မူဝါဒကြားမှ မတူညီမှုကိုနားလည်ဖို့ကူညီပေးပါတယ်။ သြဝါဒသည် ဘုရားသခင်၏ သဘောသဘာဝ၊ ကယ်တင်ခြင်းအစီအစဉ်၊ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းပေးဆပ်မှုကဲ့သို့သော ထာဝရသမ္မာတရားကို ရည်ညွှန်းပါတယ်။ မူဝါဒသည် လက်ရှိအခြေအနေများအပေါ် အခြေခံ၍ သြဝါဒကိုအသုံးပြုခြင်းဖြစ်ပါတယ်။ မူဝါဒတွေက ကျွန်တော်တို့ကိုအသင်းတော်အား စနစ်တကျစီမံခန့်ခွဲရာတွင် ကူညီပေးပါတယ်။

သြဝါဒတွေကဘယ်တော့မှပြောင်းလဲခြင်းမရှိပေမယ့်၊ မူဝါဒကတော့ အချိန်အားလျှော်စွာပြောင်းလဲပါတယ်။ ကိုယ်တော်က ပရောဖက်တွေအားဖြင့်၊ သူ့ရဲ့သြဝါဒကို ထိန်းသိမ်း ပြီးတော့ အသင်းတော်ရဲ့မူဝါဒကို သူ့ရဲ့သားသမီးတွေလိုအပ်သည့်အတိုင်း ပြုပြင်ပြောင်းလဲပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ၊ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ မူဝါဒ နဲ့ သြဝါဒကိုရှုပ်ထွေးကြပါတယ်။ ကွာခြားမှုကိုကျွန်တော်တို့နားမလည်ရင်၊ မူဝါဒတွေပြောင်းလဲတဲ့အခါမှာ၊ စိတ်ပျက်လာခြင်းအန္တရာယ်ရှိပါတယ်၊ တချို့သူတွေမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော် သို့မဟုတ် ပရောဖက်တွေရဲ့ ဗျာဒိတ်တော်အခန်းကဏ္ဍတွေကို မေးစရာတွေရှိလာစေပါတယ်။၃၃

ထာဝရသမ္မာတရားကိုသင်ကြားခြင်း

ကျွန်တော်တို့သမ္မာတရားကိုဘုရားသခင်ဆီကရရှိတဲ့အခါ၊ ကိုယ်တော်က အဲ့ဒီအသိပညာကိုတခြားသူတွေနဲ့ ဝေငှရန်အားပေးပါတယ်။၃၄ အဲ့ဒါကိုကျွန်တော်တို့ သင်ခန်းစာသင်တဲ့အခါ၊ကလေးငယ်တစ်ဦးကိုလမ်းပြတဲ့အခါ သို့မဟုတ် ဧဝံဂေလိရဲ့သမ္မာတရားကို မိတ်ဆွေတစ်ဦးနဲ့ဝေငှတဲ့အခါမှာ လုပ်ပါတယ်။

ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က သန့်ရှင်းသောဝိညာဉ်တော်၏ ပြောင်းလဲခြင်းတန်ခိုးကို ဖိတ်ခေါ်သည့်နည်းဖြင့် သမ္မာတရားကို သွန်သင်ပေးဖို့ဖြစ်ပါတယ်၃၅ ကိုယ်တော်ရှင်နှင့် ကိုယ်တော်၏ပရောဖက်များထံမှလာတဲ့ ရိုးရှင်းတဲ့ဖိတ်ခေါ်မှုအချို့ကိုကျွန်‌တော်ဝေငှပါရစေ။၃၆

  1. ကောင်းကင်ဘုံရှင်အဘဘုရားသခင်၊ ယေရှုခရစ်တော်နှင့် သူတို့ရဲ့အခြေခံကျတဲ့သြဝါဒတွေကို ဗဟိုပြုပါ။၃၇

  2. ကျမ်းစာများနဲ့ နောက်ဆုံးကာလပရောဖက်တွေ ရဲ့ သင်ကြားမှုတွေကိုအခြေပြုပါ။၃၈

  3. အခွင့်အာဏာရှိတဲ့ သက်သေများစွာမှ တည်ထောင်ထားတဲ့ သြဝါဒကိုအားထားပါ။၃၉

  4. ထင်ကြေးပေးခြင်း၊ ကိုယ်ပိုင်ထင်မြင်ယူဆချက်များ သို့မဟုတ် လောကီအယူအဆများကို ရှောင်ကြဉ်ပါ။၄၀

  5. သြဝါဒတစ်ခုကို ဆက်စပ်သောဧဝံဂေလိသမ္မာတရား အကြောင်းအရာတစ်ခုအတွင်းသင်ကြားပေးပါ။၄၁

  6. ဝိညာဥ်တော်ရဲ့လွှမ်းမိုးမှုကိုဖိတ်ခေါ်မယ့်နည်းလမ်းများကိုသုံး၍သင်ကြားပါ။၄၂

  7. နားလည်မှုလွဲခြင်းကို ရှောင်ဖို့ ရှင်းလင်းစွာ ဆက်သွယ်ပါ။၄၃

သမ္မာတရားကိုချစ်ခြင်းဖြင့်ပြောခြင်း

ကျွန်တော်တို့သမ္မာတရားကို ဘယ်လိုသင်ကြားတယ်ဆိုတာ တကယ်အရေးကြီးပါတယ်။ ရှင်ပေါလုက ကျွန်တော်တို့ကို “မေတ္တာစိတ်ဖြင့်သမ္မာတရား”ကို‌ဟောပြောရန်ခွန်အားပေးပါတယ်။(ရှု ဧဖက် ၄း၁၄-၁၅)။ ခရစ်တော်နဲ့တူသောချစ်ခြင်းနှင့်ပုံဖော်တဲ့အခါ သမ္မာတရားဟာ တခြားသူတွေကိုကောင်းချီးပေးဖို့ အကောင်းဆုံးအခွင့်အရေးကို ရရှိပါတယ်။၄၄

သမ္မာတရားကိုမေတ္တာမရှိဘဲသင်ကြားတဲ့အခါ ဝေဖန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်းနဲ့ အထီးကျန်မှု ခံစားချက်တွေကိုရရှိနိုင်ပါတယ်။ မကျေမနပ်ဖြစ်ပြီး ကွဲလွဲမှုများ၊ ပဋိပက္ခများပင် ဖြစ်စေတတ်ပါတယ်။ တစ်နည်းအားဖြင့်၊ မေတ္တာမပါသော သမ္မာတရားဟာ တိုးတက်ခြင်း ကတိတော်ကို ဆိတ်သုဥ်းကင်းမဲ့စေပါတယ်။

သမ္မာတရားနှင့် မေတ္တာနှစ်ခုလုံးဟာ ကျွန်တော်တို့ရဲ့ ဝိညာဥ်ရေးရာတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။၄၅ သမ္မာတရားက ထာဝရအသက်ရရှိဖို့လိုအပ်တဲ့ သြဝါဒ၊ နိယာမများ နှင့် ဥပဒေများကိုပေးပါတယ်၊ မေတ္တာက မှန်သောအရာကိုလက်ခံယုံကြည်ရန်နှင့် လုပ်ဆောင်ရန် လိုအပ်တဲ့ လှုံ့ဆော်မှုကိုဖြစ်စေပါတယ်။

ကျွန်တော့်ကို ထာဝရသမ္မာတရားကို မေတ္တာဖြင့် စိတ်ရှည်စွာ သင်ပေးခဲ့တဲ့သူတွေအတွက် ကျွန်တော် အမြဲတမ်းကျေးဇူးတော်ချီးမွမ်းပါတယ်။

နိဂုံး

နိဂုံးအနေနဲ့၊ ကျွန်တော်ရဲ့အသက်ဝိညာဥ်မှာ မှီတွယ်ရာဖြစ်လာတဲ့ ထာဝရသမ္မာတရားတွေ အကြောင်းဝေငှပါရစေ။ ဒီသမ္မာတရားတွေရဲ့ အသိပညာ ကို ဒီနေ့ဆွေးနွေးခဲ့တဲ့နိယာမတွေကို လိုက်နာခြင်းဖြင့် ကျွန်တော်ရရှိခဲ့ပါတယ်။

ဘုရားသခင်ဟာ ကျွန်‌တော်တို့ရဲ့ ချစ်လှစွာသောကောင်းကင်ဘုံရှင်အဘဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ၄၆ ကိုယ်တော်ဟာ အလုံးစုံကိုသိသော၄၇ တန်ခိုးတော်မှန်သမျှရှိပြီး၊၄၈ ပြီးပြည့်စုံသောချစ်ခြင်းရှိပါတယ်။၄၉ ကျွန်တော်တို့ ထာဝရအသက်တာရရှိပြီးတော့ သူ့လိုဖြစ်လာဖို့ အစီအစဉ်တော်တစ်ခုကို သူဖန်တီးခဲ့ပါတယ်။၅၀

အဲ့ဒီအစီအစဉ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းအရ သူက သူရဲ့သား‌တော်၊ ယေရှုခရစ်တော်ကို ကျွန်တော်တို့ကိုကူညီဖို့စေလွှတ်ခဲ့ပါတယ်။၅၁ ယေရှုက ခမည်းတော်ရဲ့အစီအစဉ်တော်၅၂ ကိုလိုက်လျှောက်ဖို့နဲ့ တခြားသူများကိုချစ်ရန် ‌သွန်သင်ခဲ့ပါတယ်။၅၃ သူက ကျွန်တော်တို့ရဲ့ အပြစ်တွေ၅၄ အတွက် အပြစ်ဖြေခဲ့ပါတယ်၊လက်ဝါးကပ်တိုင်မှာ သူရဲ့အသက်ကိုပေးခဲ့ပါတယ်။၅၅ သူဟာ သုံးရက်မြောက်နေ့မှာ သေခြင်းကနေထမြောက်ခဲ့ပါတယ်။၅၆ ခရစ်တော်နဲ့ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့ ရှင်ပြန်ထမြောက်ပါလိမ့်မယ်၊၅၇ ကျွန်တော်တို့ခွင့်လွှတ်ခံရနိုင်ပါတယ်၅၈၊ ကျွန်တော်တို့ ဒုက္ခမှာ ခွန်အားရှာတွေ့နိုင်ပါတယ်။၅၉

ကိုယ်တော်ရဲ့ မြေကြီးပေါ် အမှုတော်ဆောင်တဲ့အချိန်မှာ၊ ယေရှုကသူ့ရဲ့အသင်းတော်ကို တည်ထောင်ခဲ့ပါတယ်။၆၀ အချိန်ကြာတဲ့အခါမှာ၊ အသင်းတော်ဟာပြောင်းလဲပြီး သမ္မာတရားတွေပျောက်ဆုံးခဲ့ပါတယ်။၆၁ ယေရှုခရစ်‌တော်ဟာ ကိုယ်တော်ရဲ့ အသင်းတော်နဲ့ ဧဝံဂေလိတရားတော်သမ္မာတရားတွေကို ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူခဲ့ပါတယ်။၆၂ ထို့နောက် ယနေ့မှာ၊ ခရစ်တော်က သူ့ရဲ့အသင်းတော်ကို အသက်ရှင်သောပရောဖက်များ၊ တမာန်တော်များနဲ့ ဆက်လက်ဦးဆောင်ပါတယ်။၅၉

ကျွန်တော်တို့ ခရစ်တော်ထံသို့လာသည်နှင့်အမျှ၊ ကျွန်တော်တို့ဟာ “ခရစ်တော်အားဖြင့်စုံလင်ရာသို့ရောက်နိုင်ကြ” (မော်ရော်နိုင်း ၁၀း၃၁၂)၊ “ဝမ်းမြောက်ခြင်းအပြည့်အစုံ” ကိုရရှိကြ(သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၉၃း၃၃)၊ “ခမည်းတော်ရှိသောအရာမှန်သမျှ” တို့ကိုရရှိကြပါသည်(သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၈၄း၃၈)။ ထိုထာဝရသမ္မာတရားများအားလုံးကို ကျွန်တော် ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်ဖြင့် သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. လည်းရှု ဆာလံကျမ်း ၁၁၇း၂သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁း၃၉

  2. “တချို့သူတွေနဲ့ သံသယများ၏ဆန့်ကျင်ဘက်တွင်၊ အမှန် နှင့် အမှားဆိုသောအရာသည် အမှန် ရှိ ပါတယ်။ အလုံးစုံပြည့်ဝသောသမ္မာတရား-ထာဝရသမ္မာတရားသည် အမှန် ရှိ ပါတယ်။ ကျွန်တော်တို့နေ့ရက်တွေရဲ့ ဒုက္ခများထဲကတစ်ခုကတော့ လူအနည်းကသာ သမ္မာတရားကိုရှာရန်ဘယ်ကိုသွားရမလဲသိကြခြင်းဖြစ်ပါတယ်“ (ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “Pure Truth, Pure Doctrine, and Pure Revelation,” လီယဟိုနာ၊ နို၊ ၂၀၂၁၊ ၆)။

  3. ရှု ဂျိုးဇက်စမစ်—မဿဲ ၁း၃၇

  4. ရှု မော်ရော်နိုင်း ၇း၁၉

  5. ရှု ၂နီဖိုင်း ၁း၉သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၇း၈

  6. ရှု ရှင်ယောဟန် ၂း၈

  7. ရှု ဆာလံ ၁၁၉း၁၀၅၂ နီဖိုင်း ၃၂း၃

  8. ရှု ရှင်ယောဟန် ၈း၃၂ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၉၈း၈

  9. ရှု ရှင်‌‌ယောဟန် ၁၇း၁၇

  10. ရှု ၂ နီဖိုင်း ၃၁း၂၀

  11. ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၈း၁၁-၁၃၉၃း၃၆

  12. ရှု ယောဟန် ၅း၁၉-၂၀၇း၁၆၈း၂၆၁၈း၃၇မောရှေ ၁း၆

  13. ရှု အယ်လမာ ၄၂း၁၂-၂၆ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၈း၄၁

  14. ရှု မောရှေ ၁း၃၀-၃၉

  15. ရှု ၂ နီဖိုင်း ၂၆း၂၄

  16. ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၂း၈-၉

  17. ရှု ရှင်ယောဟန် ၁၆း၁၃ရှင်ယာကုပ် ၄း၁၃မော်ရော်နိုင်း ၁၀း၅သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၅၀း၁၄၇၅း၁၀၇၆း၁၂၉၁း၄၁၂၄း၉၇

  18. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၆း၂၂-၂၃၈း၂-၃

  19. ရှု ‌ယေရမိ ၁း၅၊၇အာမုတ် ၃း၇မဿဲ ၂၈း၁၆-၂၀မော်ရော်နိုင်း ၇း၃၁သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁း၃၈၂၁း၁-၆၄၃း၁-၇။ ပရောဖက်သည် “ဘုရားသခင်အားဖြင့်ခေါ်ခြင်းခံရပြီး ဘုရားသခင်အတွက်စကားပြောပေးသောသူဖြစ်သည်။ ပရောဖက်သည် ဘုရားသခင်၏တမန်တော်အဖြစ်၊ ဘုရားသခင်ထံမှ ပညတ်တော်များ၊ ပရောဖက်ပြုချက်များနှင့် ဗျာဒိတ်များကို ရရှိသည်။ သူ၏တာဝန်မှာ လူသားတို့အား ဘုရားသခင်၏အလိုတော်နှင့် စစ်မှန်သောစရိုက်လက္ခဏာကို သိစေရန်နှင့် ၎င်းတို့နှင့် သူ၏ဆက်ဆံပုံ၏အဓိပ္ပာယ်ကို ပြသရန်ဖြစ်သည်။ ပရောဖက်တစ်ဦးသည် အပြစ်ကိုရှုတ်ချပြီး ၎င်း၏အကျိုးဆက်များကို ကြိုပြောထားသည်။ သူသည် ဖြောင့်မတ်ခြင်းတရားဟောသူဖြစ်သည်။ တစ်ခါတရံတွင် လူသားတို့၏အကျိုးအတွက် အနာဂတ်ကိုကြိုဟောရန် ပရောဖက်များက လှုံဆော်ခြင်းကိုခံရပါသည်။ သို့သော် သူ၏ အဓိကတာဝန်မှာ ခရစ်တော်ကို သက်သေခံရန်ဖြစ်သည်။ ယေရှုခရစ်၏ နောက်ဆုံးကာလသန့်ရှင်းသူများအသင်းတော်၏ ဥက္ကဋ္ဌသည် ယနေ့ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ပရောဖက်ဖြစ်သည်။ ပထမဥက္ကဋ္ဌအဖွဲ့၏အသင်းဝင်များနှင့် တမန်တော်ဆယ့်နှစ်ပါးတို့သည် ပရောဖက်များ၊ မြင်သူများနှင့် ဗျာဒိတ်ခံယူသူများအဖြစ် အတည်ပြုခြင်းခံရသည်။ (Guide to the Scriptures၊ “ပရောဖက်၊” ဧဝံဂေလိတရားတော် စာကြည့်တိုက်)။ ဤနိယာမတရားများ၏ဥပမာများကို အာဒံ၏အသက်တာ၌တွေ့ရသည်(ရှု ‌မောရှေ ၆း၅၁-၆၂)၊ဧနောက် (ရှု မော‌ရှေ ၆း၂၆-၃၆)၊ နောဧ(ရှု မောရှေ ၈း၁၉၊၂၃-၂၄)၊ အာဗြဟံ (ရှု ကမ္ဘာဦးကျမ်း ၁၂း၁-၃အာဗြံဟံ ၂း၈-၉)၊ မောရှေ (ရှု ထွက်မြောက်ရာကျမ်း ၃း၁-၁၅မော‌ရှေ ၁း၁-၆၊၂၅-၂၆)၊ ပေတရု (ရှု မဿဲ ၁၆း၁၃-၁၉)၊ နှင့် ဂျိုးဇက်စမစ် (ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၅း၆-၁၀၂၀း၂၂၁း၄-၆)။

  20. ရှု ၂ တိမောသေ ၃း၁၆

  21. ရှု ရှင်ယောဟန် ၈း၄၄၂ နီဖိုင်း ၂း၁၈ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၉၃း၃၉မောရှေ ၄း၄

  22. ရှု ၁နီဖိုင်း ၁၀း၁၉ ။ ဥက္ကဋ္ဌ ဒလျံ အိပ်ချ် အုတ် ကလမ်းပြခဲ့ပါတယ်၊ “ကျွန်တော်တို့ဟာ [ဘုရားသခင့်] အမှန်တရားကို ရှာဖွေပြီး ထိုရှာဖွေမှုအတွက် အရင်းအမြစ်များကို ရွေးချယ်သည့်အခါ သတိထားရန် လိုအပ်ပါတယ်။ လောက၏ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အခွင့်အာဏာကို အရည်အချင်းပြည့်မီသော အရင်းအမြစ်များအဖြစ် ကျွန်ုပ်တို့ မယူဆသင့်ပါ။ … ဘာသာတရားနှင့်ပတ်သက်သော သမ္မာတရားကို ကျွန်တော်တို့ရှာဖွေသောအခါ၊ ကျွန်တော်တို့ဟာ ထိုရှာဖွေမှုအတွက် သင့်လျော်သောဝိညာဉ်ရေးနည်းလမ်းများဖြစ်သော ဆုတောင်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံခြင်း၊ ကျမ်းချက်များနှင့် ခေတ်သစ်ပရောဖက်များ၏စကားများကိုလေ့လာခြင်းတို့ကို အသုံးပြုသင့်ပါတယ်။(“Truth and the Plan၊” လီယဟိုနာ၊ နို၊ ၂၀၁၈၊၂၅)။

  23. အသင်းလူကြီး ဒီ၊ တော့ ခရစ္စတိုဖာဆန်က သွန်သင်ခဲ့ပါသည်၊ “တမာန်တော်များ ပရောဖက်များက ဘုရားသခင်၏ နှုတ်ထွက်တော်များကိုကြေငြာကြပါတယ်၊ ထို့အပြင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသည်ပင် ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်း တုံ့ပြန်သည့် လှုံ့ဆော်မှုများမှ သင်ယူနိုင်ပြီး လမ်းပြမှုရရှိနိုင်ပါတယ်။ … ယေရှုခရစ်တော်၏အသင်းတော်၏အသင်းဝင်များအား ၎င်းတို့၏ ကောင်းကင်ဘုံရှင်အဘနှင့် ဆက်နွှယ်သောဆက်သွယ်မှုကို လွယ်ကူချောမွေ့စေတဲ့ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ပေးအပ်ခြင်းခံရပါတယ်။ အသင်းသားတိုင်းဟာ အသင်းတော်အတွက် စကားပြောဆိုတယ် သို့မဟုတ် အသင်းတော်၏ သြဝါဒများကို သတ်မှတ်နိုင်တယ်ဟု မဆိုလိုသော်လည်း တစ်ဦးစီတိုင်းဟာ သူ၏ဘဝ၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်ရာတွင် ဘုရားသခင်၏လမ်းညွှန်မှုကို ရရှိနိုင်ကြပါတယ်။” (“သြဝါဒနှင့် ပဋိညာဥ်များကျမ်း၊” လီယဟိုနာ၊ မေ ၂၀၁၂၊ ၈၉-၉၀၊ မှတ်စု ၂)။

  24. ရှု ၂ နီဖိုင်း ၃၃း၁-၂

  25. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁း၂၈

  26. ရှု မော်ရော်နိုင်း ၁၀း၃-၅သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၉း၇-၉၈၄း၈၅

  27. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၅း၃၅၆၃း၂၃၉၃း၂၇-၂၈။ ကျွန်ုပ်တို့ စိတ်အားထက်သန်စွာ ကြိုးပမ်းနေသော်လည်း၊ ကျွန်ုပ်တို့ထဲမှ အချို့သည် စိတ်ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကြောင့် ဝိညာဉ်တော်ခံစားရရန် ရုန်းကန်နေရဆဲဖြစ်သည်။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အခြားသော အာရုံကြောဆိုင်ရာ အခြေအနေများသည် သန့်ရှင်းသောဝိညာဉ်တော်ကို အသိအမှတ်ပြုရာတွင် ရှုပ်ထွေးမှုဖြစ်စေနိုင်သည်။ ထိုသို့သောအခြေအနေမျိုးတွင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဧဝံဂေလိတရားကို ဆက်လက်အသက်ရှင်ရန် ဖိတ်ခေါ်ပြီး ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းချီးပေးမည်ဖြစ်သည်။(ရှု မောဇိယ ၂း၄၁)။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်(ရှု ဂလာတိ ၅း၂၂-၂၃)၏အသီးအနှံများကိုခံစားနိုင်ရန် ကူညီပေးသည့်—မြင့်မြတ်သောဂီတကိုနားထောင်ခြင်း၊ အမှုတော်ဆောင်ခြင်းတွင်ပါဝင်ခြင်း သို့မဟုတ် သဘာဝတွင် အချိန်သုံးခြင်းတို့နှင့် ဘုရားသခင်နှင့်ဆက်ဆံ‌ရေးကိုတိုးတက်စေသည့်အရာတို့ကို ထပ်လောင်းရှာဖွေနိုင်သည်။

    အသင်းလူကြီး ဂျက်ဖရီ အာ ‌ဟော်လန် ကပြောကြားခဲ့ပါတယ်၊ “ဒါဆို၊ သင် ဒါမှမဟုတ် သင်ချစ်တဲ့သူတွေ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သင်ဘယ်လိုတုံ့ပြန်မလဲ။ အားလုံးထက်၊ သင်နားလည်နိုင်သည်ထက် သင့်ကိုပိုချစ်သော ကောင်းကင်ဘုံရှိ သင့်ခမည်းတော်အား ယုံကြည်ခြင်းကို ဘယ်တော့မှ မဆုံးရှုံးပါစေနှင့်။ … သင့်အသက်တာထဲသို့ဘုရားသခင်၏ဝိညာဉ်တော်ဆောင်ကြဉ်းပေးမည့် အချိန်စမ်းသပ်ထားသော ဝတ်ပြုရေးအလေ့အကျင့်များကို သစ္စာရှိရှိ လိုက်လျှောက်ပါ။ သင်၏ဝိညာဉ်ရေးသုခအတွက် သော့ကိုင်ထားသူများ၏ အကြံဉာဏ်ကို ရှာပါ။ ယဇ်ပရောဟိတ်ကောင်းချီးများကို တောင်းခံပြီး တန်ဖိုးထားပါ။ အပတ်တိုင်းပွဲတော်မင်္ဂလာ သုံးဆောင်ပြီး ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်း၏ ပြီးပြည့်စုံသောကတိတော်များကို စွဲကိုင်ထားပါ။ အံ့သြဖွယ်ရာများကိုယုံကြည်ပါ။ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတယ်လို့တခြားအမှတ်အသားတွေရှိနေတယ့် အချိန်မှာတောင် ထို အံ့သြဖွယ်ရာတွေအများကြီးရောက်လာတာကျွန်တော်မြင်ဖူးပါတယ်။ မျှော်လင့်ခြင်းသည် ဘယ်တော့မှ မပျောက်ဆုံးပါ” (“Like a Broken Vessel,” လီယဟိုနာ၊ နို၊ ၂၀၁၃၊ ၄၀-၄၁)။

  28. ရှု ရှင်ယောဟန် ၇း၁၇အယ်လမာ ၃၂း၂၆-၃၄။ နောက်ဆုံးမှာ၊ ဘုရားသခင်က ကျွန်ုပ်တို့ကို သမ္မာတရားအား “ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု” ၊ ကျွန်ုပ်တို့ အရာအလုံးစုံတို့ကိုနားလည်သောအချိန် ရရှိရန်အလိုရှိသည် (ရှု သုတ္တံကျမ်း ၂၈း၁၀၂နီဖိုင်း ၂၈း၃၀သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၈၈း၆၇၉၃း၂၈)။

  29. ရှု ၁ ရှင်ယောဟန် ၁း၉-၁၀, ၂း၁-၂

  30. ဥက္ကဋ္ဌနယ်လဆင် သွန်သင်ခဲ့ပါတယ်၊ “နောင်တရခြင်းကို ပုံမှန်၊ နေ့စဉ်အာရုံစိုက်ခြင်းထက် ဘယ်အရာကမှပိုပြီး လွတ်မြောက်စေခြင်း၊ ပိုပြီးဂုဏ်တက်စေခြင်း၊ သို့မဟုတ် ကျွန်တော်တို့တစ်ဦးချင်းတိုးတက်မှုအတွက် ပိုပြီး အရေးပါလှခြင်းမရှိပါဘူး။ နောင်တရခြင်းဟာ ဖြစ်စဉ်တစ်ခုမဟုတ်ပါ၊ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ စိတ်ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုအတွက် သော့ချက်ဖြစ်ပါတယ်။ ယုံကြည်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ၊ နောင်တရခြင်းသည် ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်း၏ တန်ခိုးကို ကျွန်ုပ်တို့ထံ ဖွင့်ပေးသည်”(“We Can Do Better and Be Better,” လီယဟိုနာ, မေ ၂၀၁၉၊၆၇)။

  31. ဘုရားသခင်သည် ကျွန်တော်တို့ထံမှ ထာဝရအမှန်တရားအချို့ကို တားမြစ်ထားရသည့် အကြောင်းရင်းအားလုံးကို ကျွန်တော်မသိပါဘူး၊ သို့သော် အသင်းလူကြီး အော်ဆန်၊ အက်ဖ်၊ ဝှစ်တနီ ကစိတ်ဝင်စားစရာအချက်တစ်ချက်ပြခဲ့ပါတယ်၊ “ယုံကြည်ခြင်းကို ကျင့်သုံးခြင်းအားဖြင့် ဝိညာဥ်တော်တိုးတက်မှုရှိသောကြောင့် မမြင်ဘဲ ယုံကြည်ခြင်းသည် မင်္ဂလာရှိ၏၊ အဲ့ဒါဟာ လူသားတို့ရဲ့ ကမ္ဘာမြေကြီး၌တည်မှုမှ ကြီးကျယ်သော အရာများထဲမှ တစ်ခုဖြစ်သည်၊ အသိပညာသည် ယုံကြည်မှုကိုကျင့်သုံးရန် နှင့် တိုးပွားရန် အဟန့်အတားဖြစ်နိုင်သည်။ ‘ပညာသည် တန်ခိုး’ ဖြစ်၍ အရာရာကို အချိန်တန်လျှင် သိနိုင်မည်ဖြစ်သည်။ သို့သော် အချိန်မတန်မီသိခြင်း—မှားယွင်းသောအချိန်၌သိခြင်းသည်—တိုးတက်မှုအတွက်ရော ပျော်ရွှင်မှုအတွက်ပါ သေစေသည်” (“The Divinity of Jesus Christ,” Improvement Era, ဇန် ၊၁၉၂၆၊ ၂၂၂၊ လည်းရှု လီယဟိုနာ, ဒီ၊၂၀၀၃၊ ၁၄-၁၅)။

  32. ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၇၆း၅-၁၀။ ကိုယ်တော်ရှင်က ဟိုင်ရမ် စမစ်အား အကြံပေးတော်မူခဲ့ပါသည်၊ “ငါ၏​နှုတ်ကပတ်တော်ကို ဟောကြားဖို့ ကြိုးစားခြင်း​မပြုနှင့်၊ သို့ရာတွင်၊ ပထမဦးဆုံး ငါ၏​နှုတ်ကပတ်တော်ကို ရရှိဖို့ ကြိုးစားလော့။ တိတ်ဆိတ်စွာ​နေလော့၊ [ပြီးနောက်]ငါ၏​နှုတ်ကပတ်တော်ကို​လေ့လာလော့” (သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၁း၂၁-၂၂)။ ပရောဖက် အယ်လမာသည် အဖြေမရသောမေးခွန်းများကို ကိုင်တွယ်ရန်အတွက် ဥပမာတစ်ခုပေးသည်၊ “ယခုတွင်၊ ဤနက်နဲသော​အရာတို့ကို ငါ့အား ပြည့်စုံစွာ ဖော်ပြ​မထားသေး။ ထို့ကြောင့်၊ ငါထပ်၍​မပြော။(အယ်လမာ ၃၇း၁၁)။ သူသည် သူ၏သား ကော်ရန်တန်ကိုလည်းရှင်းပြသည်၊ “နက်နဲသော​အရာ​တစ်ခုကို သင့်အား ငါ​ဖွင့်ပြမည်။ သို့သော်လည်း၊ တားဆီး​ထားသည့် နက်နဲသော​အရာများစွာ​ရှိသဖြင့်၊ ဘုရားသခင်​ကိုယ်တိုင်​မှတစ်ပါး၊ အဘယ်​သူမျှမသိ” (အယ်လမာ ၄၀း၃)။ မဖြေနိုင်သောမေးခွန်းတစ်ခုမေးသောအခါမှ နီဖိုင်း၏တုံ့ပြန်မှုမှလည်း ကျွန်တော်ခွန်အားရရှိခဲ့ပါတယ်၊ “သူ​၏​သား​သမီး​များ​ကို သူ​ချစ်​တော်​မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့​သော်​လည်း ကျွန်ုပ်သည် ခပ်သိမ်းသောအရာ​တို့​၏​အနက်​ကို မ​သိ​ပါ”(၁ နီဖိုင်း ၁၁း၁၇)။

  33. ထို့အတူ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် သြဝါဒ သို့မဟုတ် မူဝါဒမဟုတ်ပါ။ ၎င်းတို့သည် ကျွန်ုပ်တို့အား သြဝါဒနှင့် မူဝါဒကို လိုက်နာရန် ကူညီပေးပါက အသုံးဝင်နိုင်သည်၊ သို့သော် ၎င်းတို့သည် စစ်မှန်သောမူများကို အခြေမခံပါက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကြီးထွားမှုကိုလည်း ဟန့်တားနိုင်သည်။ ယေရှုခရစ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မတည်ဆောက်နိုင်သော သို့မဟုတ် ထာဝရအသက်သို့ တိုးတက်ရန် ကျွန်ုပ်တို့ကို မကူညီပေးသည့် ထုံးတမ်းစဉ်လာများကို ကျွန်ုပ်တို့ ရှောင်ကြဉ်သင့်သည်။

  34. ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၅း၅၈၈း၇၇-၇၈

  35. ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၀း၂၁-၂၃

  36. ဖေဖော်ဝါရီလ ၂၀၂၃ ပထမဥက္ကဋ္ဌအဖွဲ့ နှင့် တမန်တော်တစ်ဆယ့်နှစ်ပါးတို့မှ အတည်ပြုထားသည့် “Principles for Ensuring Doctrinal Purity,” စာ‌တမ်းမှ ထည့်သွင်းထားသည်။

  37. ရှု ၁ နီဖိုင်း ၁၅း၁၄။ သူ၏ကျွန်များကို ဧဝံဂေလိတရား၏ဗဟိုမဟုတ်သော သဘောတရားများ သို့မဟုတ် အယူအဆများကို အာရုံစိုက်ခြင်းမှရှောင်ကြဉ်ရန် ဘုရားသခင်က ညွှန်ကြားခဲ့သည်။ “ဘာသာရေး​အယူဝါဒများ​အကြောင်းကို သင် မပြောရ၊ သို့ရာတွင်၊ သင်သည် နောင်တရခြင်းနှင့် ကယ်တင်ရှင်ကို ယုံကြည်ခြင်း၊ ထို့အတူ၊ ဗတ္တိဇံ အားဖြင့်၊ ထို့အတူ၊ မီး၊ အထူးသဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းကို ဟောကြား​ရမည်” (သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၉း၃၁)။

    အသင်းလူကြီး နီရယ်လ် အန်ဒါဇင် ရှင်းပြပါသည်၊ “ကယ်တင်ရှင်ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းပေးဆပ်မှုကျေးဇူးတော်တို့ကို အာရုံစိုက်ကြရအောင်။ ဒါက ကျွန်ုပ်တို့၏ဘဝအတွေ့အကြုံကို ပြောပြခြင်း သို့မဟုတ် အခြားသူများထံမှ အတွေးအမြင်များကို မျှဝေခြင်းမပြုနိုင်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့၏အကြောင်းအရာသည် မိသားစု သို့မဟုတ် အမှုတော်ဆောင်ခြင်း သို့မဟုတ် ဗိမ္မာန်တော်များ သို့မဟုတ် မကြာသေးမီက သာသနာတစ်ခုအကြောင်း ဖြစ်နိုင်သော်လည်း၊ အရာအားလုံးသည် သခင်ယေရှုခရစ်ကို ညွှန်ပြနေသင့်သည်” (“We Talk of Christ,” လီယဟိုနာ, နို၊ ၂၀၂၀၊ ၈၉-၉၀)။

  38. ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၈း၂-၃၊၈။ ပရောဖက်အယ်လမာသည် ဧဝံဂေလိတရားကိုဟောရန် ခန့်အပ်ခံရသူများကို သတိပေးခဲ့သည်၊ “သန့်ရှင်းသော​ပရောဖက်တို့၏​နှုတ်မှ ဟောထားခဲ့​လေသော​အရာတို့​မှတစ်ပါး၊ အဘယ်​အရာကိုမျှ သွန်သင်​မပေးရ​စေကြောင်း သူမိန့်မှာ၏” (မောဇိယ ၁၈း၁၉)။

    ဥက္ကဋ္ဌ ဟင်နရီ ဘီ အိုင်းရင်း ကကြေငြာခဲ့ပါတယ်၊ “ကျွန်တော်တို့သည် အသင်းတော်၏ စံပြလုပ်ငန်းများနှင့် ပရောဖက်များ၏ သွန်သင်ချက်များတွင်ပါရှိသည့် အခြေခံသြဝါဒများကို သင်ကြားရမည်ဖြစ်သည်၊ ထိုပရောဖက်များ၏တာဝန်သည် သြဝါဒကိုကြေငြာခြင်းဖြစ်သည်“ (“The Lord Will Multiply the Harvest” [အထွေထွေအခွင့်အာဏာရှိသူတစ်ဦးနှင့် ညနေခင်း ၊ ဖေ၊ ၆၊ ၁၉၉၈], မှ Teaching Seminary: Preservice Readings [၂၀၀၄]၊ ၉၆)။

    အသင်းလူကြီး ဒီ တော့ ခရစ္စတိုဖာဆန်က သက်သေခံပါသည်၊ “ရှေးယခင်ကကဲ့သို့ပင် ယနေ့အသင်းတော်တွင်ခရစ်တော်၏သြဝါဒကို ထူထောင်ခြင်း သို့မဟုတ် သြဝါဒသွေဖည်မှုများကို ပြုပြင်ခြင်းသည် တမန်တော်များ၏ အခွင့်အာဏာဖြင့်ဘုရားသခင်၏ မြင့်မြတ်သောဗျာဒိတ်တော်ပေးခြင်းဖြစ်သည်” (“The Doctrine of Christ၊” ၈၆)။

  39. ရှု ၂ ကောရိန္သု ၁၃:၁၂ နီဖိုင်း ၁၃း၁ဧသာ ၅း၄သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၆း၂၈။ အသင်းလူကြီး နီရယ်လ် အယ်လ် အမ်ဒါဆင်န်က သုံးသပ်ခဲ့ပါတယ်၊ “ကျွန်တော်တို့၏သြဝါဒနှင့် ကွဲလွဲနေပုံရသော လွန်ခဲ့သောဆယ်စုနှစ်များစွာက အသင်းတော် ခေါင်းဆောင်တစ်ဦးမှ ပြောကြားချက်ကို တွေ့ရှိသောအခါ တချို့သောသူတို့သည် ယုံကြည်ခြင်းကို မေးခွန်းထုတ်ကြသည်။ အသင်းတော်၏ သြဝါဒကို အုပ်ချုပ်သော အရေးကြီးသော နိယာမတစ်ခု ရှိပါသည်။ သြဝါဒကို ပထမ ဥက္ကဋ္ဌအဖွဲ့ နှင့် တမန်တော်၁၂ပါး ၊ ၁၅ ဦးစလုံးက သင်ကြားပို့ချပေးသည်။ ဟောပြောချက်တစ်ခု၏ မထင်မရှားအပိုဒ်တစ်ခုတွင် ၎င်းကို ဝှက်ထားခြင်းမရှိပါ။ စစ်မှန်သောနိယာမများသည် လူအများဖြင့် အထပ်ထပ်အခါခါသင်ကြားကြသည်။ ကျွန်ုပ်တို့၏ သြဝါဒကိုရှာဖွေရန်မခက်ပါ” (“Trial of Your Faith,” လီယဟိုနာ, နို၊ ၂၀၁၂၊၄၁)။

    အသင်းလူကြီးဒီ တေ့ာ ခရစ္စတိုဖာဆန် ကလည်းအလားတူသွန်သင်ခဲ့ပါသည်၊ “အသင်းတော်၏ခေါင်းဆောင်များ၏‌ ယခင်ကဖြစ်စေ လက်ရှိဖြစ်စေ ဟောပြောချက်အချက်တိုင်းသည်၊ သြဝါဒမဟုတ်နိုင်ကြောင်း သတိရသင့်ပါတယ်။ အသင်းတော်တွင် တစ်ကြိမ်တစ်ခါ၌ ပြောခဲ့သည့်ခေါင်းဆောင်တစ်ဦး၏ဟောပြောချက်တစ်ခုသည် မကြာခဏပင် ကိုယ်ရေးကိုယ်တာဖြစ်နိုင်တယ်ဟု‌‌ယေဘူယျအားဖြင့် နားလည်ထားကြသည်၊ ထိုဟောပြောချက်သည် ကောင်းစွာတွေးခေါ်ထားမှု၊ ထင်မြင်ချက်ဖြစ်နိုင်သော်လည်း အသင်းတော်တစ်ခုလုံးနှင့် ဆက်စပ်ခြင်းမရှိသလို အတည်ဖြစ်စေရန်အတွက်လည်းမဟုတ်ပါ” (“The Doctrine of Christ,” ၈၈)။

  40. ရှု ၃ နီဖိုင်း ၁၁း၃၂၊၄၀။ ဥက္ကဋ္ဌ ‌ဂေါ်ဒန် ဘီ ဟင်ကလီ ကပြောခဲ့ပါသည်၊ “အသင်းတော်၏သြဝါဒကို သန့်ရှင်းစင်ကြယ်အောင်ထားရန် အရေးကြီးကြောင်းကို ကျွန်တော်အရင်ပြောခဲ့ပြီးပါပြီ။ အဲ့ဒီအတွက် ကျွန်တော် စိတ်ပူပါတယ်။ သြဝါဒဆိုင်ရာ သွန်သင်ချက်တွင် သေးငယ်သော လွဲမှားမှုများသည် ကြီးမားပြီး မကောင်းသော မုသာဝါဒများဆီသို့ ဦးတည်သွားစေနိုင်သည်” (Teachings of Gordon B. Hinckley၌ [၁၉၉၇],၆၂၀)။

    ဥက္ကဋ္ဌ ဒလျံ၊ အိတ်ချ်၊ အုတ်စ် သတိပေးခဲ့ပါသည်၊ “ပရောဖက်တစ်ဦး၏သွန်သင်ချက်မှစာကြောင်းအနည်းငယ်ကိုရွေးချယ်ပြီး ၎င်းတို့၏နိုင်ငံရေးအစီအစဉ် သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာရည်ရွယ်ချက်များအတွက်အသုံးပြုသူတချို့ရှိသည်။ … သူတို့သည် ပရောဖက်၏စကားများကို တွန်းလှန်ပြီး သီးသန့်အစီအစဉ်၊ နိုင်ငံရေး သို့မဟုတ် ငွေကြေး သို့မဟုတ် တစ်နည်းနည်းဖြင့် ခြယ်လှယ်ရန် ပုရောဖက် နောက်သို့ မလိုက်ရန် ရည်ရွယ်ကြသည်” (“Our Strengths Can Become Our Downfall” [ ဘရင်ဟမ် ရမ်း တက္ကသိုလ် အစည်းအဝေး၊ ဇွန်၊ ၇၊ ၁၉၉၂]၊ ၇ ၊ speeches.byu.edu)။

    ဥက္ကဋ္ဌ ‌ဂေါ်ဒန် ဘီ ဟင်ကလီကသတိပေးခဲ့ပါသည်၊ “သမ္မာတရားဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုသည်နှင့်အမျှ သြဝါဒဟာ စွမ်းအားကိုရရှိပါတယ်။ ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လိုအပ်သောကြောင့်၊ ကျွန်တော်တို့သည် စစ်မှန်သောသြဝါဒသင်ကြားခြင်းထက် မကျော်လွန်ရန် သတိကြီးစွာထားပြီး ဂရုပြုရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား၏ဝိညာဉ်တော်ဖြစ်သည်။ ကျွန်တော်တို့၏ ထင်ကြေးပေးမှု သို့မဟုတ် ပုဂ္ဂိုလ်ရေးအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် သူ၏အတည်ပြုချက်ကို ဖိတ်ခေါ်နိုင်ပါသည်။ အဲဒါလုပ်ဖို့ခက်နိုင်ပါတယ်။ … အဲ့ဒါက အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားဖွယ်တစ်ခုခုကို စမ်းကြည့်ရန် ဆွဲဆောင်ပါတယ်။ သို့သော် ကျွန်တော်တို့ စစ်မှန်သောအယူဝါဒကိုသာ သွန်သင်ရန် ဂရုပြုသည့်အခါ ကျွန်တော်တို့၏အဖော်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ဖိတ်ခေါ်ပါသည်။ မှားယွင်းသောသြဝါဒတစ်ခုကို ရှောင်ရှားရန် အသေချာဆုံးနည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့၏သွန်သင်ချက်တွင် ရိုးရိုးရှင်းရှင်းဖြစ်ရန် ရွေးချယ်ခြင်းဖြစ်သည်။ ရိုးရှင်းမှုဖြင့် လုံခြုံမှုကို ရရှိပြီး အနည်းငယ်သာ ဆုံးရှုံးသွားနိုင်သည်” (“The Power of Teaching Doctrine,” လီယဟိုနာ, ဇူလိုင် ၁၉၉၉၊ ၈၆)။

    အသင်းလူကြီး ‌ဒေးလ် ဂျီ ရန်လန် သွန်သင်ခဲ့ပါတယ်၊ “ပိုကြီးသောနားလည်မှုကိုရှာခြင်းသည် ကျွန်တော်တို့၏ဝိညာဉ်ရေးဖွံ့ဖြိုးတိုးတက်မှု၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်၊ သို့သော် ကျေးဇူးပြု၍သတိထားပါ။ အကြောင်းရင်းသည် ဗျာဒိတ်တော်ကို အစားထိုး၍မရနိုင်ပါ။ ထင်ကြေးပေးခြင်းသည် သာ၍ကြီးမြတ်သော ဝိညာဉ်ရေးရာအသိပညာသို့ ဦးတည်မည်မဟုတ်ပါ၊ သို့သော် ထိုအရာသည် လှည့်စားခြင်းသို့ ဦးတည်စေသည် သို့မဟုတ် ကျွန်တော်တို့၏အာရုံကို ဗျာဒိတ်တော်ပြသထားသည့်အရာမှ လမ်းကြောင်းပြောင်းသွားစေနိုင်သည်” (“Your Divine Nature and Eternal Destiny,” လီယဟိုနာ, မေ ၂၀၂၂၊ ၇၀)။

  41. ရှ ရှင်မဿဲ ၂၃း၂၃။ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ် စမစ်က သတိပေးခဲ့ပါသည်၊ “အမှန်တရားရဲ့ အပိုင်းအစကို ယူပြီးတော့ အဲဒါကို တစ်လုံးတစ်ဝဖြစ်တယ်လို့ ခံယူတာဟာ ပညာမဲ့တာပါ။ … ခရစ်တော်၏ ဧဝံဂေလိတရား၏ ထုတ်ဖော်ထားသောနိယာမအားလုံးသည် ကယ်တင်ခြင်းအစီအစဥ်တွင် မရှိမဖြစ်လိုအပ်ပါသည်။” သူထပ်ပြီးတော့ ရှင်းပြထားပါသည်၊ “ဧဝံဂေလိသမ္မာတရား၏ အစီအစဉ်တစ်ခုလုံးမှ တစ်ခုခုကိုသာ ခံယူခြင်း၊ ၎င်းကို အထူးဝါသနာတစ်ခုအဖြစ် ခံယူပြီး ကျွန်တော်တို့၏ကယ်တင်ခြင်းနှင့် တိုးတက်မှုအတွက် အားကိုးခြင်းသည် ကောင်းမွန်သောမူဝါဒမဟုတ်သလို ခိုင်မာသောသြဝါဒလည်း မဟုတ်ပါ။ … ထိုအရာအားလုံးကို လိုအပ်ပါသည်” (Gospel Doctrine, 5th edition [၁၉၃၉], ၁၂၂)။

    အသင်းလူကြီး နီရယ်ယ် အေ မက်စ်ဝဲလ် ရှင်းပြခဲ့ပါသည်၊ “ဧဝံဂေလိတရားတော် ၏နိယာမများသည် …ထပ်တူရှိဖို့လိုအပ်ပါသည်။ ကွဲပြားသွားသောအခါ၊ သို့မဟုတ် တစ်ခု နှင့်တစ်ခု ကွာသွားသောအခါ၊ ထိုသြဝါဒများကို လူတို့၏ ဘာသာပြန်နှင့် ဆောင်ရွက်ခြင်းသည် မှားယွင်းနိုင်သည်။ မေတ္တာကို သတ္တမမြောက်ပညတ်နှင့် မတိုက်ကြည့်လျှင်၊ ဇာတိပကတိ ဖြစ်လာနိုင်သည်။ ပဉ္စမပညတ်တော်သည် မိဘတို့ကို ရိုသေခြင်းအပေါ် အလေးထားခြင်း ဖြစ်ပြီး၊ ပထမပညတ်တော်နှင့် မတိုက်ကြည့်လျှင် ဘုရားသခင်အပေါ်ထက် မှားယွင်းစွာ မိဘများအပေါ် ခြွင်းချက်မရှိ သစ္စာစောင့်သိမှုကို ဖြစ်ပေါ်စေနိုင်သည်။ … စိတ်ရှည်ခြင်းသည် ‘ထက်မြက်မှုဖြင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လှုံ့ဆော်ပေးသောအခါ’ ၌ပင် မျှတမှုရှိသည်။ [သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၂၁း၄၃]” (“Behold, the Enemy Is Combined,” အမ်ဇိုင်း, မေ ၁၉၉၃၊ ၇၈-၇၉)။

    ဥက္ကဋ္ဌ မာရီယွန် ဂျီ ရော်မနီက လမ်းညွှန်ခဲ့ပါတယ်၊ “ယေရှုက ညွှန်ကြားထားသည့်အတိုင်း သွန်သင်သည့်အရာများကို ရှာဖွေတွေ့ရှိရန် ရည်ရွယ်ချက်ဖြင့် [ကျမ်းချက်] ကို ရှာဖွေခြင်းသည် ကြိုတင်သတ်မှတ်ထားသော နိဂုံးချုပ်ချက်ကို ထောက်ကူပေးနိုင်သည့် ကျမ်းပိုဒ်များကို ရှာဖွေရန် ရည်ရွယ်ချက် နှင့်ဝေးကွာလှပါသည်” (“Records of Great Worth,” အမ်ဇိုင်း, စက် ၁၉၈၀၊၃)။

  42. ရှု ကောရိန္တုသြဝါဒစာပဌမစောင် ၂း၄မော်ရော်နိုင်း ၆း၉ အသင်းလူကြီး ဂျက်ဖရီ အာ ဟော်လန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဝိညာဉ်ရေးဆိုင်ရာ တည်ဆောက်မှုဆီသို့ ဦးတည်သည့် နည်းလမ်းဖြင့် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို ဆက်သွယ်ပြောဆိုရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်၊ “သမ္မာတရားကို သွန်သင်ရန် စေလွှတ်တော်မူသော နှစ်သိမ့်ရှင်တည်းဟူသော ဝိညာဉ်တော်အားဖြင့် ဧဝံဂေလိတရားကို သွန်သင်ရမည်ထက် ပို၍လေးနက်သည့် အကြံဉာဏ်ကိုပေးတော်မမူခဲ့ပါ။ ကျွန်‌တော်တို့ ဧဝံဂေလိတရားကို သမ္မာတရား၏ဝိညာဉ်တော်အားဖြင့်သွန်သင်ပါသလား။ သူမေးခဲ့ပါတယ်။ သို့မဟုတ် တခြားနည်းဖြင့်သင်ပါသလား။ တခြားနည်းဖြင့်ဖြစ်လျှင်၊ ’သူသတိပေးခဲ့ပါသည်၊ ဘုရားသခင်ထံမှ မဟုတ်’ [သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၅၀း၁၄၊၁၇-၁၈]။ ကောင်းကင်ဘုံမှ ဝိညာဉ်တော်၏ လျင်မြန်စွာပါဝင်မှုမရှိဘဲ ထာဝရသင်ယူမှု မရနိုင်ပါ။ … ဒါက ကျွန်တော်တို့အသင်းသားတွေတကယ်လိုအပ်သည်။ သူတို့သည်ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ သူတို့၏မျှော်လင့်ချက်ကို အသစ်တဖန် လိုချင်ကြသည်။ အတိုချုပ်အားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကောင်းဖြင့် အာဟာရပြုခြင်းခံရရန်၊ ကောင်းကင်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စေခြင်းငှာ အလိုရှိကြသည်” (“A Teacher Come from God,” အမ်ဇိုင်း,မေ ၁၉၈၈၊ ၂၆)။

  43. ရှု အယ်လမာ ၁၃း၂၃။ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘအကြောင်းပြောသောအခါ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် ‌နယ်လဆင် ကသက်သေခံခဲ့ပါသည်၊ “သူသည် ရိုးရိုးရှင်းရှင်း၊ တိုးတီးစွာ ဆက်သွယ်ပြီး သူ့ကို နားလည်မှုလွဲ၍ မရနိုင်သော ရင်သပ်ရှုမောဖွယ်ကောင်းသည့် ရိုးရှင်းမှုဖြင့် ဆက်သွယ်သည်” (“Hear Him,” လီယဟိုနာ, မေ ၂၀၂၀၊ ၈၉)။

  44. ရှု ဆာလံ ၂၆း၃ရောမသြဝါဒစာ ၁၃း၁၀ကောရိန္တု သြဝါဒစာပဌမစောင် ၁၃း၁-၈၁ ယောဟန် ၃း၂၈

  45. ရှု ဆာလံကျမ်း ၄၀း၁၁

  46. ရှု ‌ရောမဩဝါဒစာ ၈း၁၆

  47. ရှု ဓမ္မရာဇဝင် ပဌမစောင် ၂း၃ရှင်မဿဲ ၆း၈၂နီဖိုင်း ၂း၂၄၉း၂၀

  48. ရှု ကမ္ဘာဦးကျမ်း ၁၇း၁ယေရမိ ၃၂း၁၇၁နီဖိုင်း ၇း၁၂အယ်လမ ၂၆း၃၅

  49. ရှု ယေရမိ ၃၁း၃၁ ရှင်ယောဟန် ၄း၇-၁၀အယ်လမာ ၂၆း၃၇

  50. ရှု ၂ နီဖိုင်း ၉သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၂၀း၁၇-၃၁မောရှေ ၆း၅၂-၆၂

  51. ရှု ရှင်ယောဟန် ၃း၁၆၁ ယောဟန် ၄း၉-၁၀

  52. ရှု ရှင်ယောဟန် ၈း၂၉၃ နီဖိုင်း ၂၇း၁၃

  53. ရှု ရှင်ယောဟန် ၁၅း၁၂၁ ရှင်ယောဟန် ၃း၁၁

  54. ရှု လုကာ ၂၂း၃၉-၄၆

  55. ရှု ရှင်ယောဟန် ၁၉း၁၆-၃၀

  56. ရှု ရှင်ယောဟန် ၂၀း၁-၁၈

  57. ရှု ကောရိန္သုသြဝါဒစာ ပဌမစောင် ၁၅း၂၀-၂၂ မောဇိယ ၁၅း၂၀-၂၄၁၆း၇-၉သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၇၆း၁၆-၁၇

  58. ရှု တမန်တော်ဝတ္ထု ၁၁း၁၇-၁၈တိမောသေဩဝါဒစာ ပထမစောင် ၁း၁၄-၁၆အယ်လမာ ၃၄း ၈-၁၀မော်ရော်နိုင်း ၆း၂-၃၊ ၈ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၉း၁၃-၁၉

  59. ရှင်မဿဲ ၁၁း၂၈-၃၀ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၂း၇-၁၀ဖိလေမုန် ၄း၁၃အယ်လမာ ၂၆း၁၁-၁၃

  60. ရှု ရှင် ၁၆း၁၈-၁၉ဧဖက် ၂း၂၀

  61. ရှု ရှင်မဿဲ ၂၄း၂၄တမန်တော်ဝတ္ထု ၂၀း၂၈-၃၀

  62. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၂၀း၁-၄၂၁း၁-၇၂၇း၁၂၁၁၀၁၃၅း၃ဂျိုးဇက်စမစ် -သမိုင်း ၁း၁-၂၀

  63. ရှု သြဝါဒ နှင့် ပဋိညာဥ်များကျမ် ၁း၁၄၊၃၈၄၃း၁-၇၀၇း၉၁-၉၂