အထွေထွေညီလာခံ
ခရစ်တော်၌ညီအစ်ကိုမောင်နှမများ
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


16:12

ခရစ်တော်၌ညီအစ်ကိုမောင်နှမများ

ကျွန်တော်တို့ကြားရှိ ဝိညာဉ်ပကတိ တော်စပ်မှုကို ပိုပြီးမွေ့လျော်ပြီး ကွဲပြားတဲ့အရည်အချင်းတွေ၊ အမျိုးမျိုးသောဆုကျေးဇူးတွေကို တန်ဖိုးထားတတ်နိုင်ကြပါစေ။

ကျွန်တော်ချစ်သောမိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ဒီနေ့မှာ အံ့ဩဖွယ်ညီလာခံကဏ္ဍတွေရှိပါတယ်။ ကျွန်တော်တို့ခေါင်းဆောင်တွေရဲ့ အလွန်ကောင်းမြတ်တဲ့အမှာစကားတွေကတဆင့် ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော်နဲ့ ချစ်ခြင်းကို ကျွန်တော်တို့အားလုံး ခံစားကြရပါတယ်။ ဒီညနေကဏ္ဍရဲ့ နိဂုံးချုပ်ဟောပြောသူအဖြစ်သင်တို့ကို ဟောပြောခွင့်ရတာကို အထူးအခွင့်အရေးအဖြစ်ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ ခရစ်တော်၌ မှန်သောညီအစ်ကိုမောင်နှမများအဖြစ် အတူဝမ်းမြောက်ကြရင်း ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ ဆက်ရှိမည့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။

ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက်၊ ရပ်ဆဲလ်အမ်၊ နယ်လဆင်က ကြေညာထားပါတယ်၊ “ဒီနေ့မှာ၊ နေရာတိုင်းမှာရှိတဲ့ ကျွန်တော်တို့အသင်းသားများကို ဘက်လိုက်ခြင်း စိတ်ထားနဲ့ အပြုအမူတွေကို စွန့်ခွာခြင်းမှာ ဦးဆောင်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ဘုရားသခင်ရဲ့ သားသမီးအားလုံးအပေါ် လေးစားမှုကို တိုးမြှင့်ကြဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။” ကမ္ဘာတဝှမ်းအမြဲတိုးတက်နေတဲ့ အသင်းတော်တစ်ခုအဖြစ်၊ ကမ္ဘာ့နိုင်ငံတိုင်းမှာ ကယ်တင်ရှင်ရဲ့ နိုင်ငံတော်ကို တည်ဆောက်ခြင်းအတွက် ဒီဖိတ်ခေါ်ချက်ကို လိုက်လျှောက်ခြင်းဟာ အလွန်အရေးကြီးတဲ့ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်ကို အမှန်ချစ်တဲ့ ကောင်းကင်ဘုံရှင်မိဘတွေရဲ့ ချစ်သောဝိညာဉ်သားသမီးတွေဖြစ်ကြောင်း ဒီမြေကြီးပေါ်မှာ မမွေးခင် ဘုရားသခင့်မျက်မှောက်မှာ မိသားစုတစ်ခုအဖြစ်နေထိုင်ခဲ့ကြောင်း ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်က သွန်သင်ပါတယ်။ ကျွန်တော်တို့အားလုံးကို ဘုရားသခင့်ပုံသဏ္ဌာန်အတိုင်းဖန်ဆင်းထားကြောင်းကိုလည်း ဧဝံဂေလိတရားတော်က သွန်သင်ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှေ့မှာ တူညီကြပါတယ်၊ ကိုယ်တော်က “နိုင်ငံတိုင်းက အမျိုးသား [အမျိုးသမီး]တွေကို တစ်သွေးတည်းဖန်ဆင်းထားလို့ပါ။” ဒါကြောင့် ကျွန်တော်တို့အားလုံးမှာ ဘုရားသဘာဝ၊ အမွေခံခြင်းနဲ့ အလားအလာရှိပါတယ်၊ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော [ငါတို့]၏အထဲ၌လည်း ရှိတော်မူ၏။”

ယေရှုခရစ်တော်ရဲ့ တပည့်တော်တွေအဖြစ်၊ ကျွန်တော်တို့ဟာ ကွဲပြားမှုတွေရှိသော်လည်း နှလုံးသားတွေကို စည်းလုံးခြင်းနဲ့ချစ်ခြင်းမှာအမှန်ပေါင်းစည်းနိုင်ပါတယ်၊ အဲဒါအားဖြင့် ဝိညာဉ်ပကတိညီအစ်ကိုမောင်နှမတွေဟာ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို တိုးတက်စေဖို့ ဖိတ်ခေါ်ခံကြရပါတယ်၊ ဒီနည်းနဲ့ ဘုရားသခင်ရဲ့ သားသမီးအားလုံးအတွက် လေးစားမှုနဲ့ဂုဏ်သိက္ခာ တိုးမြှင့်ခြင်းစွမ်းအားကို တိုးစေပါတယ်။

အဲဒါက ဆယ်စုနှစ် နှစ်ခုနီးပါးကြာအောင် ခရစ်တော်အမှုတော်ဆောင်ပြီး နီဖိုင်းလူမျိုးတွေနဲ့ တွေ့ကြုံခဲ့ရတဲ့အခြေအနေမဟုတ်ပါလားခင်ဗျာ။

“ဘုရားသခင်၏လက်တော်အားဖြင့် ဖန်ဆင်းထားတော်မူသည့် လူမျိုးခပ်သိမ်းတို့၌ သာ၍ပျော်ရွှင်သောလူမျိုး ဧကန်အမှန်မရှိနိုင်။…

“လာမန်အမျိုးသားဟုလည်းမရှိ။ အဘယ်အမျိုးသားဟုလည်း ကွဲပြားခြင်းမရှိ။ သူတို့သည် ခရစ်တော်၏သားသမီးများ၊ ထို့အတူ ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံသူများအဖြစ် တစ်လုံးတစ်ဝတည်းသာရှိကြ၏။

“သူတို့သည် အလွန်မင်္ဂလာရှိကြပေစွတကား။”8

ဥက္ကဋ္ဌနယ်လဆင်က ကျွန်တော်တို့အပေါင်းအဖော်တွေအတွက် ဂုဏ်သိက္ခာနဲ့ လေးစားမှုဖြန့်ကျက်ခြင်းရဲ့အရေးကြီးပုံကို ထပ်ပြီး အခုလိုဖော်ပြခဲ့ပါတယ်၊ “ကျွန်တော်တို့အားလုံးရဲ့ ဖန်ဆင်းရှင်က ကျွန်တော်တို့အယောက်တိုင်းကို ဘုရားသခင့်သားသမီးတွေရဲ့ အစုအဖွဲ့မှန်သမျှအပေါ် ဘက်လိုက်ခြင်းစိတ်ဓာတ်ကို စွန့်ပစ်ဖို့ ခေါ်တော်မူပါတယ်။ ကျွန်တော်တို့ထဲက ဘယ်သူပဲဖြစ်ဖြစ် တစ်ခြားအမျိုးတစ်ခုကို ဘက်လိုက်ခဲ့တယ်ဆိုရင် နောင်တရဖို့ လိုပါတယ်။ ကျွန်တော်တို့ ‌အယောက်စီတိုင်း ဘုရားသခင်ရဲ့သားသမီးတိုင်း ထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့ လေးစားမှုကို ကာကွယ်ဖို့ ကျွန်တော်တို့တာဝန်ရှိတဲ့ နယ်ပယ်တွေမှာ တတ်နိုင်သမျှကို လုပ်ဆောင်ကြရပါမယ်။” အမှန်မှာ၊ လူသားဂုဏ်သိက္ခာက ကျွန်တော်တို့ရဲ့ ကွဲပြားမှုတွေကို ကြိုတင်ကောက်ချက်ချပြီးသားဖြစ်ပါတယ်။၁၀

ကျွန်တော်တို့ ကိုယ်တော်ရဲ့ သားသမီးများအဖြစ် ဘုရားသခင်နဲ့ စည်းလုံးစေတဲ့ သန့်ရှင်းမွန်မြတ်သောနှောင်ဖွဲ့ခြင်းကို စဉ်းစားမယ်ဆိုရင်၊ ဥက္ကဋ္ဌနယ်လဆင်ပေးတဲ့ ပရောဖက်လမ်းညွှန်မှုဟာ ကျွန်တော်တို့ကြားမှာ ဘက်လိုက်ခြင်းနဲ့ ခွဲခြားခြင်းနံရံတွေကို ဖန်တီးခြင်းအစား နားလည်မှုတံတားတွေတည်ဆောက်ခြင်းဆီသို့ အခြေခံခြေလှမ်းတွေဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။၁၁ သို့သော်လည်း၊ ဧဖက်မြို့သားတွေကို ပေါလုသတိပေးထားသလို၊ ကျွန်တော်တို့ဟာ ဒီရည်ရွယ်ချက် ပြီးမြောက်ဖို့ တစ်ဦးနဲ့တစ်ဦး နှိမ့်ချခြင်း၊ သိမ်မွေ့အောက်ကျို့ခြင်း၊ စိတ်ရှည်ခြင်းတို့နဲ့ တစ်ဦးချင်းရော အဖွဲ့လိုက်အားထုတ်မှုပါ လိုအပ်မယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။၁၂

နေထွက်တာကို မိတ်ဆွေနှစ်ဦးနဲ့အတူ ကြည်နူးတဲ့ ယုဒဓမ္မဆရာတစ်ယောက်အကြောင်း ပုံပြင်တစ်ခုရှိပါတယ်။ သူကမေးပါတယ်၊ “ညဉ့်ကုန်ပြီး နေ့သစ်တစ်ခုစတယ်ဆိုတာ သင်တို့ဘယ်လိုသိလဲ။”

တစ်ယောက်က ဖြေပါတယ်၊ “သင်အရှေ့ကို ကြည့်လို့ ဆိတ်မှန်း သိုးမှန်း ခွဲနိုင်တဲ့အခါမှာပေါ့။”

အဲဒီအခါမှာ အခြားတစ်ယောက်ကပြန်ပြောပါတယ်၊ “သင်မိုးကုတ်စက်ဝိုင်းကိုကြည့်လို့ သံလွင်ပင်မှန်း သဖန်းပင်မှန်း ခွဲခြားနိုင်တဲ့အခါမှာပေါ့။”

သူတို့လည်း ပညာရှိဓမ္မဆရာဆီလှည့်ပြီး၊ အဲဒီမေးခွန်းကိုပဲ မေးပါတယ်။ အတော်ကြာအောင်စဉ်းစားပြီးမှ၊ သူက ပြန်ပြောပါတယ်၊ “သင်အရှေ့အရပ်ကိုကြည့်လို့ အမျိုးသမီးတစ်ဦး သို့မဟုတ် အမျိုးသားတစ်ဦးကိုမြင်ရလို့’ သူမက ကျွန်တော့် ညီအစ်မ၊ သူက ကျွန်တော့်ညီအကို လို့ ပြောနိုင်တဲ့အခါမှာပေါ့။’”၁၃

ကျွန်တော်ချစ်သောမိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ရဲ့ အပေါင်းအဖော်တွေကို ယေရှုခရစ်တော်၌ မှန်သောညီအစ်ကိုမောင်နှမတွေအဖြစ်လေးစားမှု၊ ဂုဏ်သိက္ခာတို့နဲ့ ရှုမြင် ဆက်ဆံတဲ့အခါ ကျွန်တော်တို့ဘဝတွေမှာ နေ့သစ်အလင်းပိုပြီးတောက်ပတယ်ဆိုတာ ကျွန်တော်အာမခံနိုင်ပါတယ်ခင်ဗျာ။

ကိုယ်တော်ရဲ့ မြေကြီးပေါ်အမှုတော်ဆောင်ကာလမှာ၊ ယေရှုက ဒီအခြေခံသဘောတရားကို အလွန်စုံလင်စွာ ပုံသက်သေပြခဲ့ပါတယ်၊ ကိုယ်တော်က လူအားလုံးကို “ကောင်းမြတ်ခြင်းကို လုပ်ဆောင်ရင်း လှည့်လည်ခဲ့ပါတယ်၊”၁၄ ကိုယ်တော်ထံလာဖို့ ၊ သူတို့ဇာတိ၊ လူမှုရေးအဆင့် သို့မဟုတ် ယဉ်ကျေးမှုစရိုက်လက္ခဏာတွေက ဘာပဲဖြစ်ဖြစ်ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်းကို သုံးဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကိုယ်တော်က အမှုတော်ဆောင်ခဲ့တယ်၊ အနာငြိမ်းစေခဲ့တယ်၊ လူတိုင်းရဲ့ လိုအပ်ချက်ကို အမြဲအာရုံစိုက်တယ်၊ အထူးသဖြင့် ကွဲပြားတယ်၊ အထင်သေးခံရတယ်၊ သို့မဟုတ် ကြဉ်ဖယ်ခံရတယ်လို့ထင်ရတဲ့အချိန်ရောက်နေတဲ့သူတွေကိုပါ။ ကိုယ်တော်က ဘယ်သူ့ကိုမှ မငြင်းပါဘူး၊ ညီမျှခြင်း၊ ချစ်ခြင်းနဲ့သာ ဆက်ဆံပါတယ်၊ ကိုယ်တော်က သူတို့ကို ကိုယ်တော်ရဲ့ ညီအစ်ကိုမောင်နှမများ၊ ခမည်းတော်တစ်ပါးတည်းရဲ့သားသမီးများလို့ မြင်လို့ပဲဖြစ်ပါတယ်။၁၅

ဒီအရာအထင်ရှားဆုံးဖြစ်တဲ့အခြေအနေတစ်ခုကတော့၊ ကယ်တင်ရှင် ဂါလိလဲပြည်ကိုသွားတုန်းက၊ ရှမာရိပြည်ကို ဖြတ်သွားတဲ့လမ်းကို တမင်သွားတုန်းကပါပဲ။၁၆ အဲဒီတုန်းက ယေရှုဟာ အနားယူဖို့ ယာကုပ်ရဲ့ရေတွင်းနားမှာ ထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ၊ ရှမာရိအမျိုးသမီးတစ်ဦးက သူ့ပုန်းကို ရေဖြည့်ဖို့လာခဲ့ပါတယ်။ ကိုယ်တော်ကအရာရာကို သိလျက်၊ ယေရှုက “သောက်စရာ ရေပေးပါ”လို့ သူမကို ခေါ်ပါတယ်။၁၇

ဒီအမျိုးသမီးလည်း ယုဒလူတစ်ယောက်က ရှမာရိအမျိုးသမီးတစ်ယောက်ဆီအကူအညီတောင်းတာကို အံ့ဩခဲ့ပါတယ်၊ သူမရဲ့အံ့အားသင့်မှုကို ဖော်ပြပြီး၊ ပြောပါတယ် “သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။”၁၈

ဒါပေမယ့်ယေရှုက ရှမာရိနဲ့ ယုဒလူမျိုးကြား အရိုးစွဲနေတဲ့ ရိုးရာတွေကို စွန့်ခဲ့ပါတယ်၊ ဒီအမျိုးသမီးကို ချစ်ခင်စွာအမှုတော်ဆောင်ခဲ့ပါတယ်၊ ကိုယ်တော် အမှန်ဘယ်သူလဲဆိုတာ—မေရှိယ၊ သူမရဲ့ ဖြစ်လာမယ့်အရာတွေကို ပြောပြမယ့်သူဆိုတာကို နားလည်စေဖို့ သူမကို ကူညီခဲ့ပါတယ်။၁၉ အဲဒီနူးညံ့တဲ့ အမှုတော်ဆောင်ခြင်းရဲ့ သက်ရောက်မှုက အဲဒီအမျိုးသမီးကို မြို့ထဲပြေးသွားပြီး၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြစေခဲ့ပါတယ်၊ “ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လော”၂၀

ခံစားချက်မဲ့၊ အမြော်အမြင်မဲ့တဲ့သူတွေရဲ့ အနိုင်ကျင့်၊ အထင်သေး၊ နှိပ်စက်ခံရတဲ့သူတွေကို ကျွန်တော်အလွန် သနားပါတယ်၊ ဘာကြောင့်လဲဆိုရင်၊ ကျွန်တော့်ဘဝတစ်လျှောက်မှာ၊ ကွဲပြားစွာ ပြောဆို၊ ရှုမြင်၊ သို့မဟုတ် နေထိုင်မိကြလို့ အပြစ်တင်ခံရ၊ အပယ်ခံရခြင်းတွေကို ခံစားကြရတဲ့ လူကောင်းတွေရဲ့ နာကျင်မှုကို ကိုယ်တိုင်မြင်ခဲ့ရလို့ပါ။ စိတ်တွေအမှောင်ထဲမှာ ဆက်ရှိနေသူတွေ၊ အမြင်ကန့်သတ်ခံရတဲ့သူတွေ၊ ကိုယ်နဲ့ကွဲပြားသူတွေဟာသိမ်ငယ်တယ်ဆိုတဲ့ အမြင်ကျဉ်းခြင်းကြောင့် စိတ်နှလုံးဆက်ပြီးမာကျောနေသူတွေအတွက် ကျွန်တော်တကယ်ဝမ်းနည်းခြင်းကို ခံစားရပါတယ်။ အခြားသူတွေအပေါ်သူတို့ရဲ့ အမြင်ကျဉ်းမှုက သူတို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်တယ်ဆိုတာကို မြင်နိုင်တဲ့ စွမ်းရည်ကို တားဆီးပါတယ်။

ပရောဖက်တွေကြိုပြောခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ဒုတိယအကြိမ်ကြွလာတော်မူခြင်းအထိရောက်မယ့် အန္တရာယ်များတဲ့ကာလမှာ နေကြပါတယ်။၂၁ လောကဟာ ယေဘုယျအားဖြင့်၊ အားကောင်းသောခွဲခြားခြင်းတွေကြောင့် နှစ်ခြမ်းကွဲနေပါတယ်၊ လူမျိုးရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေးအခြေအနေတွေကြောင့် သိသာထင်ရှားစေပါတယ်။ အဲသလိုကွဲပြားမှုမျိုးဟာတစ်ခါတစ်ရံမှာ လူတွေသူတို့ရဲ့ အပေါင်းအဖော်တွေနဲ့ပတ်သက်လို့ တွေးပုံ၊ ပြုမူပုံတွေအပေါ်မှာ လွှမ်းမိုးမှုကို ဖြစ်စေပါတယ်။ ဒီအကြောင်းကြောင့်၊ လူတွေကို အခြားသူတွေရဲ့ ယဉ်ကျေးမှုတွေ၊ လူမျိုးရေး၊ နိမ့်ကျတဲ့လူမျိုးစုအဖြစ်၊ တွေးခြင်း၊ ပြုမူခြင်း၊ ပြောဆိုခြင်း၊မှန်းဆခြင်း၊ အမှားပြုချက်၊ ထေ့ငေါ့သောအကြံများကို သုံးခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စိတ်မဝင်စားခြင်း၊ မလေးစားခြင်း၊ ဘက်လိုက်ခြင်းတို့ဖြင့်နဲ့ပင် ခွဲခြားသတ်မှတ်တာက ယေဘုယျမကျပါဘူး။ အဲဒီလိုစိတ်ဓာတ်မျိုးမှာ၊ မာန၊ စိတ်ကြီးဝင်မှု၊ မစ္ဆရိယစိတ်၊ မနာလိုမှု၊ ကာမဂုဏ်သဘောရဲ့ လက္ခဏာတွေ အခြေအမြစ်အဖြစ်ရှိပါတယ်၊၂၂ အဲဒါတွေက ခရစ်တော်လိုလက္ခဏာတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီဆက်ဆံမှုဟာ ကိုယ်တော်ရဲ့ မှန်သောတပည့်တော်တွေဖြစ်ဖို့ ကြိုးစားနေသူတွေအတွက်၂၃ မသင့်လျော်ပါဘူး။ အမှန်တော့၊ သန့်ရှင်းသူတွေအသိုင်းအဝိုင်းမှာ ဘက်လိုက်တဲ့အတွေးတွေ သို့မဟုတ် အပြုအမူတွေအတွက် နေရာမရှိပါဘူး။

ပဋိညာဉ်သားသမီးများအဖြစ်၊ ကျွန်တော်တို့နဲ့ ကယ်တင်ရှင်ရဲ့မျက်လုံးတွေကြားမှာရှိတဲ့ ထင်ရှားတဲ့ ကွဲပြားချက်တွေကို ကြည့်ခြင်းအားဖြင့်၂၄ ကျွန်တော်တို့မှာ အတူရှိတဲ့ ဘုရားပုံရိပ်နဲ့ တော်စပ်မှုကို အခြေခံပြီး ဒီလိုအပြုအမှုမျိုးတွေကိုပယ်ဖျောက်ဖို့ ကူညီနိုင်ကြပါတယ်။ အဲဒါအပြင်၊ ကျွန်တော်တို့ ကိုယ့်အိမ်နီးချင်းတွေရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ ဝမ်းနည်းမှုတွေနဲ့ နာကျင်မှုတွေနဲ့ထင်ဟပ်ပြီးကြည့်ဖို့ ကြိုးစားနိုင်ကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်ရဲ့ သားသမီးများအဖြစ် ခရီးဖော်တွေပါ၊ ကျွန်တော်တို့ရဲ့ မစုံလင်တဲ့အခြေအနေနဲ့ တိုးတက်နိုင်စွမ်းအရာဟာ တူညီကြပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ လူသားအားလုံးကို ချစ်ခြင်းနဲ့ပြည့်တဲ့စိတ်နှလုံးနဲ့၊ သို့မဟုတ် အေဗရာဟမ်လင်ကွန်းပြောခဲ့သလို “ဘယ်သူ့ကိုမှ အငြိုးမထားဘဲ၊ အားလုံးကို မေတ္တာထားလျက်”၂၅ ငြိမ်းချမ်းစွာအတူ လျှောက်ကြဖို့ ဖိတ်ခေါ်ခံကြရပါတယ်။

လူသားဂုဏ်သိက္ခာနဲ့ ညီမျှမှုအပေါ် လေးစားခြင်းအခြေခံသဘောတရားကို ကိုယ်တော်ရှင်ရဲ့ အိမ်တော်ထဲမှာ ရိုးရှင်းတဲ့အဝတ်အစားပုံနဲ့ သရုပ်ဖော်ထားတယ်ဆိုတာ ဆင်ခြင်ဖူးပါသလား။ ကျွန်တော်တို့အားလုံး ရည်ရွယ်ချက်တစ်ခုနဲ့စည်းလုံးပြီး၊ ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့ မျက်မှောက်မှာ စင်ကြယ်သန့်ရှင်းလိုတဲ့ဆန္ဒနဲ့ ဗိမာန်တော်ကို လာကြပါတယ်။ အဖြူရောင်ဝတ်ထားပြီး၊ ကျွန်တော်တို့အားလုံးကို ကိုယ်တော်ရှင်ကိုယ်တိုင်က ကိုယ်တော်ရဲ့ ချစ်သားသမီးများ၊ ဘုရားသခင်ရဲ့ အမျိုးသားအမျိုးသမီးများ၊ ခရစ်တော်ရဲ့ အစွန်းအမြိတ်များအဖြစ်၂၆ လက်ခံပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ဘိသိက်မင်္ဂလာတွေဆောင်ရွက်ဖို့၊ တူညီတဲ့ ပဋိညာဉ်တွေပြုဖို့၊ ပိုပြီးမြင့်မြတ်သန့်ရှင်းတဲ့ဘဝမှာနေရန် မိမိကိုယ်မိမိကတိကဝတ်ပြုကြဖို့၊ ပြီးတော့ တူညီတဲ့ ထာဝရကတိတော်တွေရရှိကြဖို့ အထူးအခွင့်အရေးတွေရှိကြပါတယ်။ ရည်ရွယ်ချက်နဲ့စည်းလုံးပြီး၊ ကျွန်တော်တို့တစ်ဦးနဲ့တစ်ဦး အမြင်သစ်နဲ့မြင်ကြပြီး၊ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းမှာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့သားသမီးများအဖြစ် ကျွန်တော်တို့ရဲ့ ကွဲပြားမှုတွေကို ဆင်နွှဲကြပါတယ်။

ကျွန်တော်မကြာသေးမီက၊ ဘရာဇီလီယာဘရာဇီးလ်ဗိမာန်တော်မှာ လူကြီးတွေနဲ့ အစိုးရအရာရှိတွေကို လမ်းပြကူညီခဲ့ပါတယ်။ အဝတ်စားလဲခန်းမှာ ဘရာဇီးလ်ဒုသမ္မတနဲ့ ခဏနားပြီး ဗိမာန်တော်ထဲမှာလူတိုင်းဝတ်တဲ့အဝတ်အစားနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ဒီအများသုံးအဖြူရောင်အဝတ်စားက ကျွန်တော်တို့အားလုံး ဘုရားသခင်ဆီမှာ အတူတူဖြစ်ကြောင်း၊ ဗိမာန်တော်ထဲမှာ၊ ကျွန်တော်တို့ရဲ့ ပုံရိပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဒုသမ္မတတစ်ဦး သို့မဟုတ် အသင်းတော်ခေါင်းဆောင်တစ်ဦးမဟုတ်ဘဲ၊ ကျွန်တော်တို့ပုံရိပ်ဟာ ချစ်သောကောင်းကင်ဘုံရှင်အဘရဲ့ သားများသာဖြစ်ကြောင်းကို သင်္ကေတပြုကြောင်း ကျွန်တော်ရှင်းပြပါတယ်။

အီဂွါကူရေတံခွန်များ

အီဂွါကူမြစ်ဟာ ဘရာဇီးလ်တောင်ပိုင်းကို ဖြတ်စီးပြီး၊ အီဂွါကူရေတံခွန်လို့ ကမ္ဘာတဝှမ်းထင်ရှားတဲ့ ရေတံခွန်တွေကို ဖြစ်စေတဲ့ ကုန်းပြင်မြင့်ပေါ်ကို စီးဝင်ပါတယ်—မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့အလှဆုံးနဲ့ အထင်ကြီးရဆုံး ဖန်ဆင်းခြင်းတွေထဲကတစ်ခုဖြစ်ပါတယ်၊ ကမ္ဘာ့အံ့ဖွယ်ခုနစ်ခုထဲကတစ်ခုပါ။ ဧရာမရေထုကြီးက မြစ်တစ်ခုထဲကို စီးဝင်ပြီး၊ ဖြာသွားကာ၊ ရာပေါင်းများစွာသော ရေတံခွန်အဆင့်ဆင့်ကို ဖြစ်စေပါတယ်။ တင်စားပြောရရင်၊ ဒီအံ့ဩဖွယ်ရေတံခွန်များပုံစံဟာ မြေကြီးပေါ်မှာ ဘုရားသခင့်မိသားစုရဲ့ ပုံရိပ်တစ်ခုပါ၊ ကျွန်တော်တို့ တူညီတဲ့ ဝိညာဉ်ပကတိဇာတိနဲ့ အရာဝတ္ထုရှိကြပြီး၊ ကျွန်တော်တို့ရဲ့ မြင့်မြတ်သောအမွေခံမှုနဲ့ တော်စပ်မှုကနေ ဆင်းသက်ကြပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့အယောက်တိုင်း မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မျိုးရိုးတွေ၊ လူမျိုးတွေမှာ၊ ကွဲပြားတဲ့အမြင်တွေ၊ အတွေ့အကြုံတွေ၊ ပြီးတော့ ခံစားမှုတွေနဲ့ စီးဆင်းကြပါတယ်။ အဲ့လိုရှိပေမယ့်၊ ကျွန်တော်တို့ဟာ ဘုရားသခင့်သားသမီးများအဖြစ်၊ ခရစ်တော်၌ ညီအစ်ကို မောင်နှမများအဖြစ်၊ ကျွန်တော်တို့ရဲ့ မြင့်မြတ်သောဆက်သွယ်ချက်ကို မပျောက်ဘဲ၊ ရှေ့ဆက်ကြပါတယ်၊ အဲဒါက ကျွန်တော်တို့ကို တမူထူးခြားတဲ့လူမျိုး၊ ချစ်စရာကောင်းတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်စေပါတယ်။၂၇

ကျွန်တော့်ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်ရှေ့မှာ တူညီတယ်၊ တူညီတဲ့ထာဝရအလားအလာနဲ့ အမွေခံခြင်းတို့နဲ့ ချီးမြှင့်ထားခံရတယ်ဆိုတဲ့အသိဉာဏ်နဲ့ သက်သေခံချက်တွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့စိတ်ကို တန်းညှိနိုင်ကြပါစေ။ ကျွန်တော်တို့ကြားမှာရှိတဲ့ ဝိညာဉ်ပကတိတော်စပ်မှုကိုပိုပြီးမွေ့လျော်နိုင်ကြပြီး၊ ကျွန်တော်တို့အားလုံးမှာရှိတဲ့ ကွဲပြားတဲ့ လက္ခဏာတွေနဲ့ အမျိုးမျိုးသော ဆုကျေးဇူးတွေကို ပိုပြီးတန်ဖိုးထားနိုင်ကြပါစေ။ ကျွန်တော်တို့ အဲသလိုလုပ်ကြလျှင်၊ ကျွန်တော်တို့ကိုထူးခြားတဲ့လူမျိုး၊ “ခရစ်တော်ရဲ့သားသမီးများ၊ ဘုရားသခင့်ရဲ့နိုင်ငံတော်အမွေခံသူများ”၂၈ အဖြစ်သတ်မှတ်တဲ့ မြင့်မြတ်သောဆက်သွယ်ချက်မပျောက်ဘဲ၊ အီဂွါကူရေတံခွန်တွေစီးသလို၊ ကိုယ့်နည်းနဲ့ကိုယ် စီးဆင်းကြမယ့်အကြောင်း ကျွန်တော်ကတိပေးပါတယ်။

ကျွန်တော်တို့ လူ့ဇာတိဘဝမှာ ဒီနည်းနဲ့ ဆက်စီးကြနဲ့အမျှ၊ ကိုယ်တော့်သားသမီးတွေကြားမှာဘုရားသခင်ဖန်ဆင်းထားတဲ့ ထွေပြားခြင်းမှာ၊ ကျွန်တော်တို့ဘဝတွေကို တောင်ပစေမယ့်၊ ပိုပြီးတန်ဖိုးထားဖို့ အံ့ဩဖွယ်အလင်းပေးမယ့်၊ ပိုပြီးကောင်းချီးခံစားရမယ့်အလင်းနဲ့ နေ့သစ်တစ်နေ့ စတင်မယ့်အကြောင်း၂၉ ကျွန်တော် သက်သေခံပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ သားသမီးတွေကြားမှာ လေးစားမှုနဲ့ ဂုဏ်သိက္ခာကို တိုးစေဖို့ ကိုယ်တော်ရဲ့ လက်တွေထဲမှာ ကိရိယာတွေအမှန်ဖြစ်လာပါလိမ့်မယ်။ ဘုရားသခင်အသက်ရှင်တော်မူပါတယ်။ ယေရှုဟာ လောကရဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌနယ်လဆင်ဟာ ကျွန်တော်တို့ခေတ်အတွက် ဘုရားသခင်ရဲ့ ပ‌ရောဖက်ဖြစ်ပါတယ်။ ဒီသမ္မာတရားတွေကို ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။