ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်ကြ၏
ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့မှာ တူညီတဲ့မြင့်မြတ်သောဇာတိနဲ့ တူညီတဲ့ အကန့်အသတ်မဲ့အလားအလာတွေရှိပါတယ်။
ဣသရေလရှင်ဘုရင်အသစ် တင်မြှောက်ဖို့အတွက် ကိုယ်တော်ရှင်က ပရောဖက်ရှမွေလကို ယေရှဲရဲ့အိမ်ကို သွားခိုင်းတဲ့ အဖြစ်အပျက်ကို မှတ်မိကြပါသလား? ရှမွေလက ယေရှဲရဲ့ သားဦးဖြစ်တဲ့ ဧလျာဘကို မြင်ခဲ့တယ်။ ဧလျာဘက အရပ်ရှည်ပြီး ခေါင်းဆောင်တစ်ဦးရဲ့ အသွင်အပြင်ရှိပုံပေါ်ခဲ့ပါတယ်။ ရှမွေလက အဲဒါကိုမြင်ပြီး ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ကောက်ချက်ချမှုဖြစ်ခဲ့ပြီး ကိုယ်တော်က ရှမွေလကို“သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ လူသည် အဆင်းသဏ္ဌာန် ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်၏။”လို့ မိန့်တော်မူခဲ့ပါတယ်။၁
ရှောလုကိုကောင်းချီးပေးဖို့ ကိုယ်တော်ရှင်က တပည့်တော်အာနနိကို စေလွှတ်တဲ့ အဖြစ်အပျက်ကို မှတ်မိကြပါသလား? ရှောလုက သန့်ရှင်းသူတွေကို မဆိုင်းမတွရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ အကြောင်းကို အာနနိက အရင်ကြားထားပါတယ်။ အဲဒါကြောင့် အာနနိက ရှောလုကို အမှုတော်မဆောင်သင့်ဘူးဆိုပြီး ကောက်ချက်ချတယ်။ အဲဒါက မှားယွင်းတဲ့ကောက်ချက်ချမှုဖြစ်ပါတယ်၊ ကိုယ်တော်ရှင်က အာနနိကို “ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေး ကောက်သော တန်ဆာဖြစ်၏။” လို့သွန်သင်ခဲ့ပါတယ်။”၂
အဲဒီတော့ ဒီဥပမာနှစ်ခုမှာ ရှမွေလနဲ့ အာနနိတို့ရဲ့ ပြဿနာက ဘာများလဲ။ သူတို့ဟာ သူတို့မျက်စိနဲ့မြင်ပြီး သူတို့နားနဲ့ကြားတယ်၊ ရလဒ်ကတော့ ပုံပန်းသွင်ပြင်နဲ့ တဆင့်စကားပေါ်မူတည်ပြီး သူတစ်ပါးကို ဆုံးဖြတ်လိုက်တာပဲ။
ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ ဖောက်ပြားနေတဲ့မိန်းမကိုတွေ့ခဲ့တဲ့အချိန်မှာ ဘယ်လိုမြင်ခဲ့ကြလဲ။ အကျင့်ပျက်ပြားပြီး သေဒဏ်ခံသင့်တဲ့ အပြစ်သားလို့ မြင်ခဲ့ကြတယ်။ ဒါပေမယ့် ယေရှုက သူမကိုတွေ့တဲ့အခါ ဘယ်လိုမြင်ခဲ့ပါသလဲ။ ကိုယ်ခန္ဓာအားနည်းချက်ကို ခဏတာမလွန်ဆန်နိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့မြင်ပြီး နောင်တရခြင်းနဲ့သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ပြန်လည်ကယ်ဆယ်နိုင်လိမ့်မယ်လို့ မြင်ခဲ့တယ်။ တပ်မှုးတစ်ယောက်ရဲ့ အစေခံက လက်ခြေသေရောဂါနဲ့ ဖျားနာနေတာကို လူတွေ တွေ့တဲ့အခါ ဘယ်လိုမြင်ခဲ့ကြပါသလဲ။ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ကျူးကျော်သူ၊ တိုင်းတစ်ပါးသားအဖြစ် မြင်ကောင်းမြင်ခဲ့ကြပါလိမ့်မယ်။ ယေရှုက သူ့ကိုတွေ့တဲ့အခါမှာတော့ ဘယ်လိုမြင်ခဲ့ပါသလဲ။ သူ့အိမ်သားတစ်ဦးရဲ့ အရေးကိစ္စအတွက် စိုးရိမ်ပူပန်ပြီး ကိုယ်တော်ရှင်ကို ရိုးသားစွာနဲ့ ယုံကြည်စွာ ရှာဖွေနေတဲ့ယောင်္ကျားတစ်ယောက်လို့မြင်ခဲ့ပါတယ်။ လူတွေက သွေးသွန်အနာစွဲနေတဲ့ မိန်းမတစ်ယောက်ကို တွေ့တဲ့အခါမှာ ဘယ်လိုမြင်ခဲ့ကြပါသလဲ။ မသန့်ရှင်းတဲ့မိန်းမ၊ ရှောင်ကြဉ်ရမယ့် အပယ်ခံတစ်ဦးလို့ မြင်ကောင်းမြင်ခဲ့ကြပါလိမ့်မယ်။ ယေရှုက သူမကိုတွေ့တဲ့အခါမှာတော့ ဘယ်လိုမြင်ခဲ့ပါသလဲ? သူမ ထိန်းချူပ်လို့မရတဲ့အခြေအနေတွေကြောင့် ဖျားနာနေရ၊ အထီးကျန်နေရ၊ ရွံရှာခံနေရပြီး အနာရောဂါပျောက်ကင်းဖို့နဲ့ လူပြန်ဝင်ဆံ့ဖို့ မျှော်လင့်နေတဲ့အမျိုးသမီးတစ်ယောက်လို့ မြင်ခဲ့ပါတယ်။
အမှုကိစ္စတိုင်းမှာ ကိုယ်တော်ရှင်က အဲဒီလူတွေရဲ့ ဖြစ်တည်မှုအတိုင်း လက်ခံပေးပြီး တစ်ဦးချင်းစီကို သင့်တော်သလို အမှုတော်ဆောင်ပေးခဲ့ပါတယ်။ နီဖိုင်းနဲ့သူရဲ့အစ်ကို ယာကုပ်ဟောကြားခဲ့တာကတော့
“ခပ်သိမ်းသောသူတို့ကို သူ့ထံသို့လာကြရန် ဖိတ်ခေါ်တော်မူ၏။ မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ။ သူသည် သာသနာပလူတို့ကိုလည်း အောက်မေ့တော်မူ၏။ ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်၏။”၃
“သူ၏အမြင်၌ လူတစ်ဦးသည် အခြားတစ်ဦးကဲ့သို့ပင် အဖိုးထိုက်ပေ၏။”၄
အဲသလိုမျိုးပဲ ကျွန်တော်တို့ရဲ့ မျက်လုံးတွေ၊ နားတွေနဲ့ အကြောက်တရားတွေကနေ ကျွန်တော်တို့ကိုလမ်းလွဲစေဖို့ အခွင့်မပေးပါနဲ့ ၊ ကိုယ်တော်ရှင်လုပ်ခဲ့သလိုမျိုး ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့စိတ်တွေကို ဖွင့်ထားပြီး ကျွန်တော်တို့အနားမှာရှိတဲ့သူတွေကို လွတ်လပ်စွာအမှုတော်သာဆောင်ကြပါ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော့်အမျိုးသမီး အစ်ဇဘယ်က ပုံမှန်မဟုတ်တဲ့ အမှုတော်ဆောင်ခြင်းတာဝန်ကို လက်ခံရရှိခဲ့ပါတယ်။ သူမကို ကျွန်တော်တို့အသင်းတော်စုမှာရှိတဲ့ အသက်ကြီးကြီးမုဆိုးမတစ်ယောက်ဆီ အလည်သွားစေခဲ့ပါတယ်၊ အဲဒီညီအစ်မက ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး သူမရဲ့အထီးကျန်မှုက သူမရဲ့ဘဝကို ခါးသီးစေပါတယ်။ သူမရဲ့ ကန့်လန့်ကာတွေက ဟောင်းနွမ်းနေပြီး သူမရဲ့တိုက်ခန်းက ပိတ်လှောင်နေခဲ့ပါတယ်၊ သူမဆီကို အလည်မလာစေချင်တဲ့အပြင် “ငါလုပ်ပေးနိုင်တာဘာမှမရှိဘူး” ဆိုတဲ့ပုံစံက ပေါ်လွင်နေခဲ့ပါတယ်။ အစ်ဇဘယ်က မတုန်လှုပ်ဘဲ တုံ့ပြန်ခဲ့ပါတယ် “ရှိတာပေါ့။ အစ်မဆီကို အလည်လာဖို့ ခွင့်ပြုတာက ကျွန်မတို့အတွက် တစ်ခုခုလုပ်ပေးနိုင်တာပါပဲ။” နောက်တော့ အစ်ဇဘယ်က ယုံကြည်မှုရှိစွာနဲ့ ပြန်သွားခဲ့ပါတယ်။
အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ အဲဒီကောင်းတဲ့ညီအစ်မက ခြေထောက်ခွဲစိတ်မှုလုပ်ခဲ့ရပြီး သူမရဲ့ပတ်တီးတွေကို နေ့တိုင်းလဲပေးဖို့လိုခဲ့ပါတယ်၊ အဲဒါက သူမကိုယ်တိုင်လုပ်လို့မရပါဘူး။ အစ်ဇဘယ်က ရက်ပေါင်းများစွာ သူမအိမ်ကိုသွားခဲ့ပြီး ခြေထောက်ဆေးပေးပြီး ပတ်တီးတွေလဲပေးခဲ့ပါတယ်။ သူမက အကျည်းတန်မှုကိုလည်းမမြင်ခဲ့သလို အနံ့ဆိုးတွေလည်းမနံခဲ့ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့နူးညံ့တဲ့ပြုစုစောင့်ရှောက်မှုကိုလိုအပ်နေတဲ့သူ၊ ဘုရားသခင်ရဲ့ လှပတဲ့သမီးတစ်ယောက်လို့ပဲမြင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကျွန်တော်နဲ့မရေမတွက်နိုင်တဲ့လူတွေဟာ ကိုယ်တော်ရှင်မြင်သလို မြင်နိုင်တဲ့ အစ်ဇဘယ်ရဲ့ဆုကျေးဇူးကြောင့် ကောင်းချီးခံစားခဲ့ရပါတယ်။ သင်က ပန္နက်ဥက္ကဌဖြစ်ဖြစ် အသင်းတော်စုကဧည့်ကြိုပဲဖြစ်ဖြစ်၊ အင်္ဂလန်ရဲ့ ပြည့်ရှင်ဖြစ်ဖြစ် တင်းကုပ်ထဲမှာနေတဲ့သူပဲဖြစ်ဖြစ်၊ သူမရဲ့ဘာသာစကားကိုပြောတဲ့သူဖြစ်ဖြစ် တခြားဘာသာစကားကိုပြောတဲ့သူပဲဖြစ်ဖြစ်၊ ပညတ်တော်အားလုံးကို စောင့်ထိန်းတဲ့သူဖြစ်ဖြစ် မစောင့်ထိန်းနိုင်တဲ့သူပဲဖြစ်ဖြစ် သူမကတော့ သူမရဲ့အကောင်းဆုံးဆိုတဲ့ပန်းကန်ပြားတွေပေါ်မှာ သူမရဲ့အကောင်းဆုံးဆိုတဲ့အစားအစာကို သင့်အတွက် တည်ခင်းပေးမှာပဲဖြစ်ပါတယ်။ စီးပွားရေးအခြေအနေ၊ အသားအရောင်၊ နောက်ခံယဉ်ကျေးမှု၊ နိုင်ငံသား၊ ဖြောင့်မတ်ခြင်းအတိုင်းအတာ၊ လူမှုရေးအဆင့်အတန်း သို့မဟုတ် တခြားဘယ်လိုစံနှုန်းတွေ၊ ဂုဏ်ပုဒ်တွေကမှ သူမအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ သူမက သူမနဲ့နှလုံးသားနဲ့ပဲ ကြည့်ပါတယ်၊ သူမက လူတိုင်းကို ဘုရားသားသမီးလို့ပဲ မြင်ပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က သွန်သင်ခဲ့ပါတယ်၊
“ဂုဏ်ပုဒ်တွေက ရန်သူမာရ်နတ်ကို ပျော်ရွှင်စေတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ကျွန်တော်တို့တွေကို တသီးတခြားဖြစ်စေပြီး ကိုယ့်ကိုကိုယ်မြင်တဲ့အမြင် နဲ့ တစ်ဦးပေါ်တစ်ဦးမြင်တဲ့အမြင်တွေကို ကန့်သတ်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ အချင်းချင်း ချီးမြှောက်တာထက် ဂုဏ်ပုဒ်တွေကိုပဲချီးမြှောက်နေကြတာ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်
“ဂုဏ်ပုဒ်တွေက ဝေဖန်မှုတွေနဲ့မလိုမုန်းထားမှုကို ဖြစ်စေနိုင်ပါတယ်။ နိုင်ငံသား၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လိင်အမျိုးအစား၊ ပညာရပ်ဆိုင်ရာဘွဲ့များ၊ ယဉ်ကျေးမှု သို့မဟုတ် တခြားသိသာတဲ့စံနှုန်းတွေကြောင့် တစ်ပါးသူကိုလုပ်တဲ့ ဘယ်လို အနိုင်ကျင့်တာမျိုး သို့မဟုတ် ဘက်လိုက်မှုမျိုးမဆိုက ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ကို စိတ်ဆိုးစေပါတယ်။”၅
ပြင်သစ်က ကျွန်တော်မဟုတ်ပါဘူး၊ ကျွန်တော်မွေးတဲ့နေရာပါ။ အဖြူရောင်က ကျွန်တော်မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့အသားအရောင် သို့မဟုတ် ချို့တဲ့မှုပါ။ ပါမောက္ခက ကျွန်တော်မဟုတ်ပါဘူး၊ ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့ လုပ်ခဲ့တဲ့အလုပ်ပါ။ အထွေထွေအာဏာပိုင်ခုနှစ်ကျိပ်ဝင် က ကျွန်တော်မဟုတ်ပါဘူး၊ လက်ရှိအချိန် ဘုရားသခင်ရဲ့နိုင်ငံထဲမှာ ကျွန်တော်အမှုတော်ထမ်းရတဲ့နေရာတစ်ခုပါ။
“ပထမဦးစွာ၊” ဥက္ကဌနယ်လဆင် ကျွန်တော်တို့ကို အမှတ်ရစေခဲ့တဲ့အတိုင်း ၊ ကျွန်တော်ဟာ “ဘုရားသားသမီးတစ်ယောက် ဖြစ်ပါတယ်။”၆ သင်ရော သင့်ပတ်ဝန်းကျင်ကလူတွေရော အားလုံးက ဘုရားသားသမီးတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့တွေဟာ ဒီလိုဝမ်းမြောက်ဖွယ်အမှန်တရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တတ်ဖို့ ကျွန်တော်ဆုတောင်းပါတယ်။ အဲဒါက အရာအားလုံးကို ပြောင်းလဲစေပါတယ်။
ကျွန်တော်တို့ဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ပျိုးထောင်ခံရမယ်၊ မတူညီတဲ့ လူမှုစီးပွားအခြေအနေတွေကနေ လာကြတယ်၊ နိုင်ငံသား၊ အသားအရောင်၊ ကြိုက်နှစ်သက်ရာအစားအစာ၊ နိုင်ငံရေးတိမ်းညွှတ်မှု စတဲ့ ကျွန်တော်တို့ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေက အများကြီးကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ်တော်ရဲ့ သားသမီးတွေဖြစ်ကြပါတယ်၊ ခြွင်းချက်မရှိပါဘူး။ ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့မှာ တူညီတဲ့ ကောင်းကင်ဘုံဇာတိရှိပြီး တူညီတဲ့ အကန့်အသတ်မဲ့အလားအလာတွေရှိကြပါတယ်။
စီ၊ အက်စ်၊ လူးဝစ်က ဒီလိုပြောခဲ့ပါတယ်၊ “နတ်ဘုရားနဲ့နတ်ဘုရားမ အလောင်းအလျာတွေရှိတဲ့ လူ့အဖွဲ့အစည်းမှာ အလေးအနက်ထားပြီး နေဖို့လိုအပ်ပါတယ်၊ သင်စကားပြောနေတဲ့ ပျင်းစရာအကောင်းဆုံး စိတ်ဝင်စားဖို့မကောင်းဆုံး လူတစ်ယောက်က တစ်နေ့မှာ သင့်အနေနဲ့ အခုချက်ချင်းတွေ့ခဲ့ရင်တောင် အခိုင်အမာ ကိုးကွယ်ချင်စိတ်ဖြစ်လာမယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေနိုင်တယ်ဆိုတာကို သတိရပါ။ အဲဒီမှာ သာမန် လူတွေဆိုတာမရှိပါဘူး။ သင်က ဘယ်တော့မှ ရိုးရိုးသေခြင်းရှိရာလူတစ်ယောက်နဲ့ စကားမပြောဖူးပါဘူး။ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေ၊ အနုပညာတွေနဲ့ လူအဖွဲ့အစည်းတွေက - သေကြေပျက်စီးသွားမယ့်အရာတွေပါ၊ သူတို့ရဲ့ သက်တမ်းက ကျွန်တော်တို့နဲ့ယှဉ်ရင် မှက်တစ်ကောင်ရဲ့သက်တမ်းလိုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စနောက်နေတဲ့၊ အလုပ်အတူတူလုပ်နေတဲ့၊ ထိမ်းမြားထားတဲ့၊ ပစ်ပယ်ထားတဲ့၊ အခွင့်အရေးယူခဲ့ကြတဲ့သူတွေကသာ ထာဝရရှင်သန်သူတွေဖြစ်ပါတယ်။”၇
ကျွန်တော်တို့ရဲ့မိသားစုဟာ နိုင်ငံပေါင်းစုံနဲ့ယဉ်ကျေးမှုပေါင်းစုံထဲမှာ နေထိုင်ရတဲ့ အခွင့်ထူးကိုရခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့သားသမီးတွေဟာလည်း လူမျိုးခြားတွေနဲ့ ထိမ်းမြားဖို့ ကောင်းချီးပေးခံခဲ့ရပါတယ်။ ယေရှခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂလိတရားတော်ဟာ ညီမျှခြင်းသင်္ကေတတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒါကို အမှန်အကန် လက်ခံယုံကြည်ခဲ့ရင် “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။”၈ ဒီလို အံ့ဩဖွယ်ကောင်းတဲ့ အမှန်တရားက ကျွန်တော်တို့ကို လွတ်လပ်စေပါတယ်၊ဂုဏ်ပုဒ်တွေနဲ့အလွှာခွဲခြားမှုတွေက ကျွန်တော်တို့ကိုသာမက လူတစ်ဦးပေါ်တစ်ဦးဆက်ဆံရေးတွေကို အချင်းပွားစေပါတယ်၊ အဲဒါတွေကို ရိုးရှင်းစွာပဲ “ခရစ်တော်အားဖြင့် အောင်နိုင်ပါတယ်။”၉ မကြာခင်မှာပဲ သိသာထင်ရှားလာတာကတော့ ကျွန်တော်တို့တင်မက ကျန်သောသူများဟာ၊“တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။”၁၀
ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ဘာသာစကားပေါင်းစုံ စုဝေးရာ ဒေသအသင်းတော်တစ်ခုမှ အသင်းခွဲဥက္ကဌတစ်ဦးက အဲဒါကို အယ်လ်ဒါ ဂျဲရတ် ဒက်ဗလျူ၊ ဂေါင်း ပြောခဲ့သလို ပဋိညာဉ်အသိုင်းအဝိုင်းလို့ ရည်ညွှန်းခဲ့တယ်လို့ မကြာသေးခင်က ကြားမိပါတယ်။၁၁ အင်မတန်လှပတဲ့ အတွေးအခေါ်တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ကယ်တင်ရှင်နဲ့ သူတို့ရဲ့ ပဋိညာဉ်များကို ဘဝထဲမှာဗဟိုပြုထားပြီး ဧဝံဂလိတရားတော်အတိုင်း ပျော်ရွှင်စွာနေထိုင်ဖို့ ကြိုးစားနေတဲ့ လူအစုအဝေးထဲမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် လူ့သဘာဝ ရွဲ့စောင်းတဲ့မျက်လုံးတွေနဲ့ အချင်းချင်း ကြည့်မယ့်အစား ဧဝံဂလိတရားတော်ဟာ ကျွန်တော်တို့ရဲ့ အမြင်တွေကို ကြည်လင်စေပါတယ်၊ မြင့်မြတ်တဲ့ပဋိညာဉ်တွေအားဖြင့် အပြစ်ကင်းစင်ပြီး အရောင်မပြောင်းတဲ့ မျက်လုံးတွေနဲ့ အချင်းချင်းကြည့်စေဖို့ ကျွန်တော်တို့ကို အခွင့်ပေးပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် သူများအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ လူ့သဘာဝမလိုမုန်းတီးခြင်းတွေနဲ့ ဘက်လိုက်ခြင်းတွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး တဖန် သူများကလည်း ကျွန်တော်တို့အပေါ်မှာထားတဲ့ မလိုမုန်းတီးခြင်းနဲ့ ဘက်လိုက်ခြင်းတွေကို၁၂ အပြန်အလှန် ကောင်းမွန်စွာ လျှော့ချနိုင်မှာဖြစ်ပါတယ်။ အမှန်စင်စစ် ကျွန်တော်တို့ဟာ ချစ်လှစွာသောပရောဖက်ရဲ့ ဖိတ်ကြားချက်ကို လိုက်နာခဲ့ပါတယ်၊ “ကျွန်တော့်ရဲ့ချစ်လှစွာသာညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုပြောဆိုဆက်ဆံကြလဲဆိုတာ တကယ်အရေးကြီးပါတယ်။ အိမ်မှာ၊ အသင်းတော်မှာ၊ အလုပ်ခွင်မှာ၊ အွန်လိုင်းမှာ တခြားသူတွေနဲ့ စကားပြောပုံက တကယ်ကို အရေးကြီးပါတယ်။ ဒီနေ့မှာ တစ်ပါးသူများကို ပိုပြီးမြင့်မြတ်တဲ့နည်းလမ်းနဲ့ ဆက်ဆံဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။”၁၃
ဒီနေ့လည်မှာ အဲဒီဖိတ်ကြားချက်အားဖြင့် ကျွန်တော်ရဲ့ ကတိသစ္စာကို ချစ်စရာကောင်းတဲ့မူလတန်းကလေးများရဲ့ ကတိသစ္စာနဲ့ ထပ်လောင်းအားဖြည့်ချင်ပါတယ်။
အများစုလို သင်မလျှောက်လျှင်၊
တချို့မင်းကို စွန့်သွားမည်ပင်၊
သို့သော် ကျွန်ုပ်တော့ မစွန့်။ ကျွန်ုပ်တော့မစွန့်။
လူအများစုလို သင်မပြောလျှင်၊
တချို့က သင့်ကို လှောင်မည်ပင်၊
သို့သော် ကျွန်ုပ်တော့မလှောင်။ ကျွန်ုပ်တော့မလှောင်။
သင်နဲ့အတူလျှောက်မည်ပင်။ သင်နဲ့အတူပြောမည်ပင်။
ဒီလိုမျိုးနဲ့ ကျွန်ုပ်မေတ္တာကိုပြချင်။
ယေရှု ဘယ်သူ့ကိုမှ မစိမ်းကား။
လူတိုင်းအပေါ်မေတ္တာထား။
ဒါကြောင့် ကျွန်ုပ်လည်းထပ်တူပင်။ ကျွန်ုပ်လည်းထပ်တူပင် ။၁၄
ကျွန်တော်သက်သေခံချင်ပါတယ်၊ ကောင်းကင်ဘုံရှင်အဖလို့ ကျွန်တော်တို့ တိုင်တည်တဲ့သူဟာ အမှန်စင်စစ် ကျွန်တော်တို့ရဲ့အဖ ဖြစ်ပါတယ်၊ သူက ကျွန်တော်တို့ကိုချစ်ပါတယ်၊ သားသမီးအယောက်ချင်းစီတိုင်းကို အတွင်းကျကျသိသလို အလေးလည်းထားပါတယ်၊ ကျွန်တော်တို့အားလုံးဟာ အမှန်တကယ် သူနဲ့တူညီမှုရှိကြပါတယ်။ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးဆက်ဆံပုံက သားတော်ဖြစ်တဲ့ ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ အဆုံးစွန်သောပေးဆပ်ခြင်းနဲ့အပြစ်ဖြေခြင်းအတွက် ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ကျေးဇူးသိတတ်မှုကို တိုက်ရိုက်ထင်ဟပ်စေတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်ဆုတောင်းပါတယ်၊ ကိုယ်တော်ရှင်လိုပဲ ကျွန်တော်တို့ဟာ တစ်ပါးသူတွေကို ချစ်ရပါမယ်၊ ဘာကြောင့်လဲဆိုတာ့ အဲဒါက မှန်ကန်တဲ့အရာဖြစ်နေလို့ပါပဲ၊ လူတွေက မှန်တာကို လုပ်နေတာကြောင့် ဒါမှမဟုတ် “အမှန်” ဆိုတဲ့ ပုံစံခွက်နဲ့ ကိုက်နေတာကြောင့်မဟုတ်ပါဘူး။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။