မြင့်မြတ်သော မိဘအုပ်ထိန်းမှု သင်ခန်းစာများ
မိဘများဟာ ၎င်းတို့ရဲ့ အဖိုးတန်သားသမီးများကို ကောင်းကင်ဘုံသို့ ပြန်လည်ပို့ဆောင်ရန် ကောင်းကင်ဘုံရှင်အဘနှင့် ပူးပေါင်းလုပ်ဆောင်ကြပါတယ်။။
သင့်လက်ထဲတွင် မွေးကင်းစကလေးကို ချီဖူးပါသလား။ မွေးကင်းစကလေးတိုင်းကနေ ထွက်ပေါ်လာတဲ့ အလင်းတစ်ခုရှိပါတယ်၊ အဲ့ဒါက အထူးမေတ္တာနှောင်ကြိုးကိုဖြစ်စေပြီး မိဘတွေရဲ့နှလုံးသားကို ဝမ်းမြောက်ခြင်းနဲ့ပြည့်စေပါတယ်။ ၁ မက္ကဆီကန်စာရေးဆရာတစ်ဦးက ရေးသားခဲ့ပါတယ်၊ “မွေးကင်းစကလေးက ဖခင်ရဲ့လက်ညှိုးလေးကို သူရဲ့လက်သီးသေးသေးလေးထဲမှာ ပထမဆုံးဆုပ်ကိုင်လိုက်တဲ့အခါ၊ သူ့အဖေနဲ့ထာဝရဆက်ဆံရေးအစပြုလိုက်ခြင်းဖြစ်ပါတယ်။” ၂
မိဘအုပ်ထိန်းမှုဟာ ဘဝ၏ အထူးခြားဆုံး အတွေ့အကြုံများထဲမှ တစ်ခုဖြစ်ပါတယ်။ မိဘများဟာ ၎င်းတို့ရဲ့ အဖိုးတန်သားသမီးများကို ကောင်းကင်ဘုံသို့ ပြန်လည်ပို့ဆောင်ရန် ကောင်းကင်ဘုံရှင်အဘနှင့် ပူးပေါင်းလုပ်ဆောင်ကြပါတယ်။။ ၃ ယနေ့ ကျွန်တော်တို့ရဲ့မိဘအမွေကိုချန်ထားခဲ့နိုင်ဖို့ ကျွန်တော်တို့အားကူညီရန် အသက်ရှင်သောပရောဖက်များသွန်သင်ချက်များနှင့် ကျမ်းစာများ၌တွေ့ရသော မိဘအုပ်ထိန်းမှုသင်ခန်းစာအချို့ကို မျှဝေလိုပါတယ်။
ဧဝံဂေလိတရားယဉ်ကျေးမှု၏ ပို၍မြင့်မားသော နေရာသို့တက်လှမ်းပါ
ကျွန်တော်တို့ဟာ မိသားစုနှင့်အတူ ဧဝံဂေလိတရားယဉ်ကျေးမှု၏ ပို၍မြင့်မားသောနေရာသို့ တက်လှမ်းရပါမယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ကြေညာခဲ့ပါတယ်၊ “မိသားစုများဟာ ကောင်းကင်ဘုံမှ လမ်းညွှန်မှုကို ခံယူထိုက်ပါတယ်။ မိဘများဟာ သားသမီးများအား ကိုယ်ပိုင်အတွေ့အကြုံ၊ အကြောက်တရား သို့ စာနာစိတ်ဖြင့် လုံလောက်စွာ အကြံမပေးနိုင်ပါ။”၄
ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုနောက်ခံများ၊ မိဘအုပ်ထိန်းမှုပုံစံများနှင့် ကိုယ်ပိုင်အတွေ့အကြုံများဟာ အဖိုးတန်သော်လည်း၊ ဤစွမ်းရည်များဟာ ကျွန်တော်တို့ရဲ့သားသမီးများကို ကောင်းကင်ဘုံသို့ပြန်သွားဖို့ ကူညီပေးရန် မလုံလောက်ပါ။ ကျွန်တော်တို့ဟာ ပိုမြင့်တဲ့၊ “တန်ဖိုးနဲ့အလေ့အကျင့်တွေပါတဲ့၊” ၅ စနစ်တစ်ခု၊ ချစ်ခြင်းနဲ့မျှော်လင့်ခြင်းပါတဲ့ ယဉ်ကျေးမှုတစ်ခုဆီကို ရောက်ရှိရာလမ်းတစ်ခုလိုအပ်ပါတယ်၊ အဲဒီမှာ ကျွန်တော်တို့ ကိုယ့်သားသမီးတွေနဲ့ “ပိုပြီးမြင့်မြတ်၊ ပိုပြီးသန့်ရှင်းတဲ့နည်းတစ်ခုနဲ့” ၆ အပြန်အလှန်ဆက်သွယ်ကြပါတယ်။ ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ် အုတ်ခ်စ်က ဧဝံဂေလိတရား၏ယဉ်ကျေးမှုကို ဘဝရဲ့ ထူးခြားတဲ့နည်းတစ်ခု၊ “တန်ဖိုးများ၊ မျှော်လင့်ချက်များနှင့် အလေ့အကျင့်များရဲ့ စနစ်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ … ဤဧဝံဂေလိတရား၏ယဉ်ကျေးမှုဟာ ကယ်တင်ခြင်းအစီအစဥ်၊ ဘုရားသခင်၏ ပညတ်တော်များနှင့် အသက်ရှင်သောပရောဖက်များ၏ … သွန်သင်ချက်များမှ ဆင်းသက်လာပါတယ်။ ၎င်းက မိသားစုတွေကို ပြုစုပျိုးထောင်ရာနှင့် တစ်ဦးချင်းစီ၏ဘဝနေထိုင်ရာမှာ ကျွန်တော်တို့ကို လမ်းပြပေးပါတယ်။” ၇
ယေရှုခရစ်တော်ဟာ ဤဧဝံဂေလိတရားယဉ်ကျေးမှု၏ဗဟိုဖြစ်ပါတယ်။ ယုံကြည်ခြင်းမျိုးစေ့များ ရှင်သန်ကြီးထွားနိုင်မယ့် မြေသြဇာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ကျွန်တော်တို့ရဲ့မိသားစုများမှာ ဧဝံဂေလိတရားယဉ်ကျေးမှုကို လက်ခံကျင့်သုံးခြင်းဟာ အလွန်အရေးကြီးပါတယ်။ ပို၍မြင့်သောနေရာသို့တက်လှမ်းရန်၊ ဥက္ကဋ္ဌ အုတ်ခ်စ် က ကျွန်တော်တို့အား “ယေရှုခရစ်တော်၏အသင်းတော်ရဲ့သွန်သင်ချက်များနှင့်ဆန့်ကျင်ဘက်ဖြစ်သော ကိုယ်ပိုင် သို့မဟုတ် မိသားစုထုံးတမ်းစဉ်လာ သို့မဟုတ် ကျင့်ထုံးများကို စွန့်လွှတ်ဖို့” ၈ဖိတ်ခေါ်ထားပါတယ်။ မိဘများခင်ဗျာ၊ ဧဝံဂေလိတရားယဉ်ကျေးမှုကို ထူထောင်ဖို့ တွန့်ဆုတ်ခြင်းက ရန်သူကို ကျွန်တော်တို့ရဲ့အိမ်တွေမှာ ခြေကုပ်ချနိုင်ရန် သို့မဟုတ်၊ ပိုဆိုးတာက၊ သားသမီးတွေရဲ့ နှလုံးသားထဲမှာခြေကုပ်ချနိုင်ဖို့ အခွင့်ပေးတာပါပဲ။
ကျွန်တော်တို့ဟာ ဧဝံဂေလိတရားယဉ်ကျေးမှုကို မိသားစုတွင် ထင်ရှားသောယဉ်ကျေးမှုဖြစ်စေဖို့ ရွေးချယ်တဲ့အခါ၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးလွှမ်းမိုးမှုဖြင့်၊ ၉ ကျွန်တော်တို့၏ လက်ရှိမိဘအုပ်ထိန်းမှုပုံစံ၊ ဓလေ့ထုံးတမ်းများနှင့် ကျင့်ထုံးများကို ဆန်ခါချပေး၊ ချိန်ညှိပေး၊ သန့်စင်ပေးပြီး ပို၍ကောင်းမွန်လာစေပါလိမ့်မယ်။
အိမ်ကို ဧဝံဂေလိတရားသင်ယူခြင်း၏ဗဟိုဖြစ်စေပါ
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က အိမ်ဟာ “ဧဝံဂေလိတရားသင်ယူခြင်း၏ဗဟို” ၁၀ ဖြစ်သင့်တယ်လို့ သင်ပေးခဲ့ပါတယ်။ ဧဝံဂေလိတရားတော်သင်ယူခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကောင်းကင်ဘုံရှင်အဖ နှင့် ယေရှုခရစ်တော်ထံ ကျွန်တော်တို့၏ ပြောင်းလဲခြင်းကို ပိုမိုနက်ရှိုင်းစေပြီး သူတို့နှင့် ပိုပြီးတူလာဖို့ ကူညီပေး ၁၁ ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အိမ်တွေမှာ မြင့်မြတ်သောဧဝံဂေလိတရားယဉ်ကျေးမှုကို ထူထောင်နိုင်စေဖို့ ပရောဖက်များနှင့် တမန်တော်များဖော်ပြထားသော အရေးကြီးတဲ့မိဘအုပ်ထိန်းမှုတာဝန်သုံးခုကို စဉ်းစားကြည့်ရအောင်။
ပထမ၊ လွတ်လပ်စွာ သင်ကြားပေးပါ။
ကောင်းကင်ဘုံရှင်အဘက ယေရှုခရစ်တော်နှင့် သူ၏ဩဝါဒနှင့်စပ်လျဉ်း၍ အာဒံအား ညွှန်ကြားခဲ့ပါတယ်။ “[သူ၏]သားသမီးတို့ကို လွတ်လပ်စွာသွန်သင်ပေးရန်” ၁၂သင်ကြားပေးခဲ့ပါတယ်။ တစ်နည်းဆိုရရင်၊ ကောင်းကင်ဘုံရှင်အဘဟာ အာဒံအား ဤအရာများကို လွတ်လပ်စွာ၊ ရက်ရောစွာနှင့် ဖိအားပေးခြင်းမရှိဘဲ သင်ကြားပေးခဲ့ပါတယ်။၁၃ ကျမ်းစာက ကျွန်တော်တို့အား “အာဒံနှင့်ဧဝသည် ဘုရားသခင်၏နာမတော်ကို ကောင်းချီးပေး၍၊ ခပ်သိမ်းသောအရာတို့ကို သူတို့၏သားများနှင့် သမီးများအား ဖော်ပြခဲ့ကြ၏”၁၄လို့ဆိုထားပါတယ်။
ကျွန်တော်တို့ဟာ သားသမီးတွေနဲ့ အဓိပ္ပာယ်ရှိရှိ အချိန်ပေးတဲ့အခါ သူတို့ကိုလွတ်လပ်စွာ သင်ကြားပေးကြပါတယ်။ ရုင်မြင်သံကြားဖန်သားပြင်သုံးတဲ့ အချိန်ကဲ့သို့ ထိခိုက်လွယ်သော အကြောင်းအရာများကို ဆွေးနွေးတဲ့အခါ၊ ကျွန်တော်တို့ဟာ အသင်းတော်ကရရှိနိုင်သော အရင်းအမြစ်များကို အသုံးပြု၍ ဖိအားပေးခြင်းမရှိဘဲ သင်ကြားပေးကြပါတယ်။၁၅ ကျွန်တော်တို့ဟာ လာ၍ ငါ့နောက်သို့ လိုက်လော့ကို အသုံးပြုပြီး၊ ဝိညာဉ်တော်ကို ဆရာအဖြစ်အခွင့်ပေးပြီး ကျွန်တော်တို့ ကလေးတွေနဲ့အတူ ကျမ်းစာတွေကိုလေ့လာတဲ့အခါ လွတ်လွတ်လပ်လပ်သင်ပေးနိုင်ကြပါတယ်။
ဒုတိယ၊ စံပြတပည့်တော်ဖြစ်ခြင်း
ဂျူးအတော်များများက၊ ကယ်တင်ရှင်ကို ကိုယ်တော်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ ယေရှုက သူ၏စံပြ၊ သူ၏ခမည်းတော်ထံ အာရုံစိုက်ခဲ့တယ်လို့ ညွှန်ကြားခဲ့တာကို ယောဟန်ကျမ်းထဲမှာ ကျွန်တော်တို့ ဖတ်ခဲ့ရပါတယ်။ ကိုယ်တော်သင်ကြားခဲ့ပါတယ်၊ “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏။”၁၆ မိဘများခင်ဗျာ၊ သားသမီးတွေအတွက် စံပြဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ။ တပည့်တော်ဖြစ်ခြင်း။
မိဘများအနေဖြင့်၊ ကျွန်တော်တို့ဟာ ပထမပညတ်ကို ဆွေးနွေးသောအခါ ဘုရားသခင်ကို ဦးစားပေးရန် အရေးကြီးကြောင်း သွန်သင်နိုင်သလို၊ လောကီအာရုံများကို ဖယ်ထား၍ အပတ်စဉ် ဥပုသ်နေ့ကို သန့်ရှင်းအောင်ထိန်းသိမ်းတာကလည်း စံပြဖြစ်စေပါတယ်။ ဆီလက်ရှယ်လ်လက်ထပ်ခြင်းဩဝါဒအကြောင်း ပြောတဲ့အခါ ဗိမာန်တော်ပဋိညာဉ်တွေရဲ့ အရေးပါပုံကို သွန်သင်နိုင်သလို၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို လေးစားပြီး အိမ်ထောင်ဖက်ကို သိက္ခာရှိရှိ ဆက်ဆံတာကလည်း စံပြဖြစ်စေပါတယ်။
တတိယ၊ လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဟာ၊ သားသမီးများရဲ့သက်သေခံချက်၏ အဓိကအုတ်မြစ်ဖြစ်သင့်ပြီး၊ ဤသက်သေခံချက်များဟာ ကလေးတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဗျာဒိတ်တော်အားဖြင့် ရောက်လာပါလိမ့်မယ်။ ၁၇ သားသမီးများကို သူတို့၏သက်သေခံချက်တည်ဆောက်ရာတွင် ကူညီပေးရန်အတွက်၊ သူတို့အား မှန်ကန်သောအရာကိုရွေးချယ်ရန်နှင့်၁၈ ဘုရားသခင်၏ပဋိညာဉ်လမ်းကြောင်း၌ တစ်သက်တာအတွက်ပြင်ဆင်ရန် သူတို့၏ရွေးချယ်ပိုင်ခွင့်ကိုအသုံးပြုတတ်ဖို့အားပေးသင့်ပါတယ်။ ၁၉
ကျွန်တော်တို့ရဲ့ ကလေးအယောက်တိုင်းကို ယေရှုခရစ်တော်နဲ့ ကိုယ်တော်ရဲ့ ဧဝံဂေလိတရားတော်အကြောင်း သူ သို့မဟုတ် သူမရဲ့ ကိုယ်ပိုင်သက်သေခံချက်အတွက် တာဝန်ယူဖို့၊ အဲဒါ တိုးတက်စေရန် အားဖြည့်ဖို့၊ သမ္မာတရားကို ကျွေးမွေးဖို့၊ မယုံကြည်သူအမျိုးသားအမျိုးသမီးတွေရဲ့ အတွေးအခေါ်တွေနဲ့ မညစ်ညမ်းစေဖို့၊ ဥက္ကဋ္ဌ နယ်လ်ဆင်ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံကြဖို့ တိုက်တွန်းခြင်းဟာ ပညာရှိရာရောက်ပါလိမ့်မယ်။၂၀
ဖြောင့်မတ်သော၊ ရည်ရွယ်ချက်ပါသော မိဘအုပ်ထိန်းခြင်း
မိဘတစ်ဦးအနေနဲ့ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘ၏ မြင့်မြတ်သောရည်ရွယ်ချက်များကို မောရှေအားပေးသော ဗျာဒိတ်တော်တွင် ဖော်ပြထားပါတယ်၊ “အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်—လူသား၏သေခြင်းမရှိရာနှင့် ထာဝရအသက်ကိုဖြစ်ပေါ်စေရန်မှာ ငါ၏အမှုတော်နှင့် ငါ၏ဘုန်းတော်ဖြစ်၏။“ ၂၁ ဥက္ကဋ္ဌ နယ်လဆင်က၊ ထပ်ပြောထားပါတယ်၊ “ထာဝရကာလတစ်လျှောက်လုံးတွင် ဘုရားသခင်ဟာ သင်အကြီးမားဆုံးသောကောင်းချီးမင်္ဂလာများကို လက်လွတ်မခံစေဖို့ သင့်ရွေးချယ်ခွင့်ကို ချိုးဖောက်ခြင်းမရှိဘဲ သူတတ်နိုင်သမျှ ဆောင်ရွက်ပေးပါလိမ့်မယ်”။၂၂
မိဘများအနေဖြင့်၊ ကျွန်တော်တို့ဟာ သားသမီးများကို စောင့်ရှောက်ရာတွင် ဘုရားသခင့်ကိုယ်စားလှယ်များဖြစ်ကြပါတယ်။၂၃ ကျွန်တော်တို့သားသမီးတွေ ကိုယ်တော်ရဲ့လွှမ်းမိုးမှုကို ခံစားနိုင်တဲ့ဝန်းကျင်တစ်ခုဖြစ်စေဖို့ရန် ကျွန်တော်တို့တတ်နိုင်သမျှ လုပ်ဆောင်ရပါမယ်။
ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော်တို့ကို ပွဲကြည့်ပရိသတ်တွေအနေနဲ့ ဘေးနားမှာထိုင်ပြီး၊ သားသမီးတွေရဲ့ ဝိညာဉ်ရေးအသက်တာတွေကို စောင့်ကြည့်ဖို့ ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး။ မိဘအုပ်ထိန်းခြင်းဆိုင်ရာ ဤအယူအဆကို ကိုယ်တွေ့ အတွေ့အကြုံတစ်ခုဖြင့် ဖော်ပြပါရစေ။ ကျွန်တော် ဂွာတီမာလာနိုင်ငံရှိ အသင်းတော်ခွဲငယ်တစ်ခုမှာ မူလတန်းအတန်းတက်နေစဉ်၊ ကျွန်တော့်မိဘများဟာ အမျိုး၏အဘကောင်းချီးမင်္ဂလာများ၏တန်ဖိုးအကြောင်း စတင်သင်ကြားပေးခဲ့ပါတယ်။ အမေက သူမ၏ အဖိုးတန်အမျိုး၏အဘကောင်းချီးမင်္ဂလာများကိုရရှိခြင်း၏ အတွေ့အကြုံကို မျှဝေရန် အချိန်ယူခဲ့ပါတယ်။ သူမဟာ ကျွန်တော့်ကိုအမျိုး၏အဘကောင်းချီးမင်္ဂလာများနဲ့ဆက်နွှယ်တဲ့ ဩဝါဒကို သင်ပေးခဲ့ပြီး ကတိထားရာကောင်းချီးတွေကို သက်သေခံခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ဖြင့် မိဘအုပ်ထိန်းခြင်းဟာ ကျွန်တော်၏အမျိုး၏အဘကောင်းချီးမင်္ဂလာကိုလက်ခံလိုစိတ်ရှိရန် လှုံ့ဆော်ပေးခဲ့ပါတယ်။
ကျွန်တော်အသက် ၁၂နှစ်မှာ၊ မိဘတွေက အမျိုး၏အဘကောင်းချီးပေးသူတစ်ယောက်ရှာဖွေဖို့ ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ ခရိုင်မှာ အမျိုး၏အဘကောင်းချီးပေးသူမရှိတာကြောင့် အဲလိုလုပ်ဖို့လိုအပ်ခဲ့ပါတယ်။ ၁၅၆ ကီလိုမီတာ (၉၇ မိုင်) အကွာ ပန္နက်တစ်ခုမှာရှိတဲ့ အမျိုး၏အဘကောင်းချီးပေးသူတစ်ယောက်ဆီ ကျွန်တော်သွားခဲ့ပါတယ်။ အမျိုး၏အဘကောင်းချီးပေးသူက ကျွန်တော့်ကို ကောင်းချီးပေးဖို့ ခေါင်းပေါ် လက်တင်ခဲ့တဲ့အချိန်ကို ကျွန်တော် ထင်ထင်ရှားရှားမှတ်မိပါသေးတယ်။ အားကောင်းတဲ့ဝိညာဉ်ပကတိအတည်ပြုမှုအားဖြင့် ကျွန်တော်သိခဲ့ပါတယ်၊ သံသယမပါပါဘူး၊ ကျွန်တော့်ကောင်းကင်ဘုံရှင်အဘ ကျွန်တော့်ကို သိတယ်ဆိုတာကိုပါ။
မြို့ငယ်လေးက ၁၂ နှစ်သားကောင်လေးကျွန်တော့်အဖို့ အဲဒါက အင်မတန်အရေးကြီးပါတယ်။ အဲဒီနေ့မှာ ကျွန်တော်ရဲ့စိတ်နှလုံးဟာ ကောင်းကင်ဘုံရှင်အဘထံသို့ လှည့်သွားခဲ့ပါတယ်၊ ကျွန်တော့်အမေနှင့် အဖေတို့ရဲ့ ရည်ရွယ်ရှိရှိ အုပ်ထိန်းခြင်းကြောင့်ပါ၊ ကျွန်တော် သူတို့ကို ထာဝရကျေးဇူးတင်နေမှာပါ။
မူလတန်းအထွေထွေ ဥက္ကဋ္ဌဟောင်း၊ ညီအစ်မ ဂျွိုင်း ဒီ ဂျုံး၊ ကသင်ကြားခဲ့ပါတယ်၊ “ကျွန်မတို့ဟာ သားသမီးတွေဆီ ပြောင်းလဲခြင်း သူ့ဘာသာသူဖြစ်လာမှာကို စောင့်လို့မရပါဘူး။ မတော်တဆပြောင်းလဲခြင်းဟာ ယေရှုခရစ်တော်၏ဧဝံဂေလိတရားရဲ့နိယာမ မဟုတ်ပါဘူး။”၂၄ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ လှုံဆော်မှုပါတဲ့ဖိတ်ကြားချက်များဟာ ကျွန်တော်တို့သားသမီးတွေ သူတို့ရဲ့ရွေးချယ်ပြုမူနိုင်ခွင့်ကို အသုံးပြုပုံမှာ ခြားနားချက်တစ်ခုကို ဖြစ်စေနိုင်ပါတယ်။ ဥက္ကဋ္ဌ နယ်လဆင်က အလေးထားပြောခဲ့ပါတယ်၊ “ဖြောင့်မတ်သော၊ ရည်ရွယ်ချက်ဖြင့် မိဘအုပ်ထိန်းခြင်းထက် တခြား ဘယ်အလုပ်ကမှ ထူးကဲမကောင်းမွန်နိုင်ပါဘူး” ၂၅
နိဂုံး
မိဘများခင်ဗျာ၊ ဤကမ္ဘာကြီးဟာ ကျွန်တော်တို့ကလေးများတွေရဲ့အာရုံစိုက်မှုအတွက် ယှဉ်ပြိုင်နေတဲ့အတွေးအခေါ်များ၊ ယဉ်ကျေးမှုများနှင့် ဒဿနများဖြင့် ပြည့်နေပါတယ်။ ကြီးမားကျယ်ဝန်းသော အဆောက်အအုံက သူ့အဖွဲ့ဝင်အင်အားကို ခေတ်အမီဆုံးမီဒီယာချန်နယ်တွေကို သုံးပြီး၊ နေ့စဉ်ကြော်ငြာနေပါတယ်။ “သို့ရာတွင်၊ ဘုရားသခင်သည် သူ့သားတော်၏ဆုကျေးဇူအားဖြင့်၊” ပရောဖက် မော်ရော်နိုင်းသင်ကြားခဲ့ပါတယ်၊ “သာ၍မြတ်သောလမ်းကို ပြင်ဆင်တော်မူ၏။” ၂၆
ကျွန်တော်တို့ဟာ ပဋိညာဉ်များအားဖြင့် ဘုရားသခင်နှင့်ပူးပေါင်း၍ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရာတွင် ကိုယ်တော့်ကိုယ်စားလှယ်များဖြစ်လာတာနှင့်အမျှ၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို သန့်ရှင်းစင်ကြယ်စေ၊ ကျွန်တော်တို့ရဲ့ သွန်သင်မှုတွေကို လမ်းပြလှုံ့ဆော်၊ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်ချက်တွေကို ဖေးမပါလိမ့်မယ်၊ ဒါကြောင့် “ကျွန်တော်တို့ရဲ့ ကလေးတွေ သူတို့၏အပြစ်များမှ လွှတ်ခြင်းအတွက် အဘယ်အရင်းအမြစ်ကို မှီခိုနိုင်မည်အကြောင်း သိနိုင်ကြပါလိမ့်မယ်။”၂၇ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။