ကျွန်တော်တို့၏ခိုင်မြဲသောအဖော်
သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့ရဲ့ခိုင်မြဲသောအဖော်အဖြစ်ရှိစေဖို့ သင်နဲ့ကျွန်တော့်မှာ အခွင့်အရေးရှိပါတယ်။
ကျွန်တော်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီညီလာခံမှာ ကျွန်တော်တို့ဟာ သွန်းလောင်းတဲ့ဗျာဒိတ်တော်တစ်ခုနဲ့ ကောင်းချီးခံစားခဲ့ကြရပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်ရဲ့ အစေခံတွေက သမ္မာတရား၊ အားပေးမှုနဲ့ လမ်းညွှန်မှုစကားတွေကို ဟောပြောခဲ့ပါတယ်၊ ပြောလည်းပြောဦးမှာပါ။
ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လက်တွေ့ဟောပြောတဲ့အကြောင်း ဒီညီလာခံမှာသက်သေခံတဲ့သက်သေခံချက်များဖြင့် ကျွန်တော် တို့ထိခံစားခဲ့ရပါပြီ။ ကျွန်တော်တို့ဟာ ဆုတောင်းပြီး ဝိညာဉ်တော်ရဲ့ လှုံ့ဆော်မှုတွေကို ပမာဏပြုကြတာနဲ့အမျှ၊ ရှေ့မှာ ခက်ခဲမှုတွေတိုးနေတဲ့ကာလတစ်လျှောက်မှာ ကျွန်တော်တို့ကို လမ်းပြမယ့် ပိုကြီးမြတ်တဲ့အတွေးအမြင်တွေနဲ့ ကောင်းချီးမင်္ဂလာတွေကို ရကြပါတယ်။
“လာမယ့်ကာလတွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်ခြင်း၊ လမ်းညွှန်ခြင်း၊ နှစ်သိမ့်ခြင်းနဲ့ ပုံမှန် လွှမ်းမိုးမှုတို့ မရှိဘဲနှင့် ဝိညာဉ်ပကတိရှင်သန်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး”၆ ဆိုတဲ့ ဥက္ကဌ ရပ်ဆဲလ်အမ်နယ်လဆင်ရဲ့ သတိပေးခြင်းကို ကျွန်တော်တို့ တစ်ဖန်ကြားခဲ့ကြပါတယ်။
ကျွန်တော့်ကလေးတွေ၊ မြေးတွေ၊ မြစ်တွေရဲ့ ရှေ့လာမယ့်ခက်ခဲတဲ့ကာလတွေမှာ အလွန်အရေးကြီးတဲ့ လမ်းညွှန်မှုကို ဘယ်လိုရရှိရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကို သွန်သင်ပေးနိုင်မယ့်အရာကို စဉ်းစားစေဖို့ ပရောဖက်ရဲ့ သတိပေးခြင်းက ကျွန်တော့်ကို ပို့ဆောင်ပါတယ်။
ဒါကြောင့်၊ ဒီနေ့အမှာစကားကတော့ ကျွန်တော် ကျွန်တော့်အမျိုးအနွယ်တွေနဲ့ အတူမရှိတော့မယ့် ရှေ့လာမယ့် စိတ်လှုပ်ရှားစရာကာလမှာ သူတို့ကို ကူညီနိုင်မယ့် အကျဉ်းချုပ်စာတစ်စောင်ဖြစ်ပါတယ်။ သူတို့ကို ကူညီမယ့်အရာ၊ ကျွန်တော်သိလာခဲ့တဲ့အရာကို သူတို့သိစေချင်ပါတယ်။
သူတို့နေတဲ့ခေတ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ခိုင်မြဲသောလွှမ်းမိုးမှုရရှိဖို့ သူတို့မှာလိုမယ့်အရာကို ကျွန်တော်ပိုပြီးနားလည်လာခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော့်ရဲ့ ခိုင်မြဲသောအဖော်ဖြစ်ဖို့၊ တတ်စွမ်းသမျှဖိတ်ခေါ်ခြင်းနဲ့ပတ်သက်လို့ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံကို ဒီနေ့ပြောပြဖို့အတွေးထဲမှာ ခံစားခဲ့ရပါတယ်။ ကျွန်တော်ဆုတောင်းတာက ကျွန်တော်သူတို့ကို အားပေးနိုင်စွမ်းရှိစေမယ့်အကြောင်းပါ။
ဟေလမန်ရဲ့သားတွေဖြစ်တဲ့၊ နီဖိုင်း နဲ့ လေဟိ၊ ပြီးတော့သူတို့နဲ့အတူအလုပ်လုပ်ကြတဲ့ ကိုယ်တော်ရှင်ရဲ့ အခြားအစေခံတွေရဲ့အကြောင်းကို စဉ်းစားကြ၊ ဆုတောင်းကြမယ့်အကြောင်း သူတို့ကို ကျွန်တော်စပြောလိုပါတယ်။ သူတို့ဟာပြင်းထန်တဲ့ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရပါတယ်။ ဆိုးညစ်တဲ့နေရာတစ်ခုမှာအစေခံနေကြပြီး၊ ဆိုးရွားတဲ့လှည့်စားမှုတွေနဲ့ ပတ်သက်ခဲ့ကြရပါတယ်။ ဟေလမန်ရဲ့မှတ်တမ်းထဲက ဒီကျမ်းပိုဒ်တစ်ပိုဒ်ဆီက ကျွန်တော် ခွန်အားရပါတယ်၊ သင်လည်း ရနိုင်ပါတယ်။
“ခုနစ်ဆယ့်ကိုးနှစ်မြောက်၌လည်း၊ ရန်တွေ့ခြင်းများစွာ ရှိစပြု၏။ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းနှင့်လေဟိ၊ ထို့အတူ မှန်သောဩဝါဒအချက်များကို သိသည့် သူတို့၏ညီအစ်ကိုများစွာတို့သည် များစွာသော ဗျာဒိတ်တော်တို့ကို နေ့စဉ်ရရှိလျက်၊ ထို့ကြောင့်၊ လူတို့အား ဟောပြောသဖြင့်၊ ထိုတစ်နှစ်တည်းတွင် သူတို့၏ရန်တွေ့ခြင်းများကို အဆုံးသတ်ကြ၏။”၂
ဒီမှတ်စာက ကျွန်တော့်ကို အားပေးပါတယ်၊ သင့်ကိုလည်းအားပေးနိုင်ပါတယ်။ ဟေလမန်ရဲ့သားတွေဟာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ အတွေ့အကြုံအများကြီးနဲ့ သွန်သင်ခံ၊ လမ်းညွှန်ခံခဲ့ကြရပါတယ်။ ဒါက ကျွန်တော်တို့ဟာ ဝိညာဉ်တော်အားဖြင့်၊ သူ့ထံက တစ်ခုပြီးတစ်ခု သွန်သင်ခံရနိုင်တယ်ဆိုတာကို အာမခံပါတယ်၊ ကျွန်တော်တို့လိုအပ်တာကိုလည်း ရရှိပါတယ်၊ အဲဒီနောက် ကျွန်တော်တို့ အသင့်ဖြစ်တဲ့အခါ၊ ထပ်ပြီးတော့ ရရှိပါလိမ့်မယ်။
လာဗန်ရဲ့ ပုရပိုက်ပြားတွေကိုရဖို့ ယေရုရှလင်ကိုပြန်သွားဖို့ မိန့်မှာခံရတဲ့ နီဖိုင်းရဲ့ မှတ်တမ်းထဲကလိုပဲ ကျွန်တော် အားပေးခံခဲ့ရပါတယ်။ သူလုပ်ခဲ့တဲ့ရွေးချယ်မှုကို သင်သတိရပါ။ သူပြောခဲ့ပါတယ်၊ “ကိုယ်တော်ရှင် မိန့်တော်မူလေသည့်အရာတို့ကို အကျွန်ုပ်သွား၍ဆောင်ရွက်ပါမည်။”၃
ကိုယ်တော်ရှင်ထံမှဖြစ်သော်လည်း ကျွန်တော့်အတိတ်ကအတွေ့အကြုံတွေထက် အလွန်များလွန်း၊ကျွန်တော်လုပ်နိုင်တာထက် ကျော်လွန်တယ်လို့ ထင်ရတဲ့ တာဝန် လုပ်ငန်းတွေကို စတင်တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်က နီဖိုင်းရဲ့ အတွေ့အကြုံအားဖြင့် ကျွန်တော့်ကို အားပေးပါတယ်။
နီဖိုင်းရဲ့ အတွေ့အကြုံအကြောင်း သူပြောတာကို သင်အမှတ်ရပါ၊ “ထိုအချိန်ကား၊ ညအချိန်ဖြစ်လေ၏။ ငါသည်လည်း [ငါ၏ညီအစ်ကိုတို့ကို] တံတိုင်းအပြင်၌ ပုန်းကွယ်စေ၏။ သူတို့ ပုန်းကွယ်ကြလေပြီးမှ၊ ငါ၊ နီဖိုင်းသည် မြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်၍၊ လာဗန်၏အိမ်ဆီသို့ သွား၏။”
သူက ဆက်ပြောပါတယ်၊ “ငါသည် ပြုရမည့်အမှုတို့ကို ကြိုတင်၍သိခြင်းမရှိဘဲ၊ ဝိညာဉ်တော်အားဖြင့် ဆောင်သွားခံရ၏။”၄
နီဖိုင်းဟာ ကိုယ်တော်ရှင်ရဲ့ အမှုတော်မှာ တစ်ညလုံး တစ်မိနစ်ပြီးတစ်မိနစ် ဝိညာဉ်တော်ဖြင့် လမ်းညွှန်ခံရတာကို ကျွန်တော်သိရလို့ ခွန်အားရပါတယ်။
ကျွန်တော်တို့လိုအပ်ပါတယ်၊ သင်လည်းလိုအပ်ပါလိမ့်မယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ခိုင်မြဲသောအဖော်ပြုမှုကိုပါ။ ယခု၊ ကျွန်တော်တို့အဲဒါကို လိုချင်ကြပါတယ်၊ ဒါပေမယ့် ရရှိဖို့က မလွယ်ဘူးဆိုတာ အတွေ့အကြုံအရ သိရပါတယ်။ ကျွန်တော်တို့အယောက်တိုင်း ကိုယ့်နေ့စဉ်ဘဝမှာ ဝိညာဉ်တော်သဘောမတွေ့နိုင်တဲ့ အရာတွေကို တွေးကြ၊ ပြောကြ၊ လုပ်ကြပါတယ်။
အဲဒါမျိုးဖြစ်တဲ့အခါ၊ ဖြစ်မယ့်အခါမျိုးမှာ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ သဘောမကျခြင်းကို ခံစားရနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အထီးကျန်တယ်လို့ ခံစားစေဖို့ သွေးဆောင်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ နောင်တရပြီး ပွဲတော်သုံးဆောင်လို့ သီတင်းပတ်တိုင်း ရရှိတဲ့ “သူ၏ဝိညာဉ်တော်သည် သူတို့နှင့်အတူအစဉ်အမြဲရှိစေခြင်းငှာ”၅ ဆိုတဲ့ သေချာတဲ့ ကတိတော်ကို သတိရဖို့ အရေးကြီးပါတယ်။
သင်ဟာ ဒီနေ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လွှမ်းမိုးမှုကို ခံစားရပြီးပြီဆိုရင်၊ သင့်ဘဝမှာ အပြစ်ဖြေခြင်းမင်္ဂလာက အလုပ်လုပ်နေပြီဆိုတာကို ချိုမြိန်တဲ့သက်သေအဖြစ်မှတ်ယူနိုင်ပါတယ်။
အသင်းလူကြီး ဂျက်ဖရီအာရ် ဟော်လန်က ပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ ဒီဆိုးရွားတယ့်အချိန်တွေရောက်လာတဲ့အခါတိုင်း၊ ကျွန်တော်တို့ကို ဘုရားသခင်စွန့်သွားပြီး၊ သူ ဆုတောင်းခြင်းတွေကို မကြားဘူးဆိုတဲ့ အကြောက်တရားအပေါ်အရှုံးမပေးရပါဘူး။ ကိုယ်တော်က ကျွန်တော်တို့ကို တကယ် ကြားပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို တကယ် မြင်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို တကယ် ချစ်ပါတယ်။”၆
အဲဒီအာမခံချက်က ကျွန်တော့်ကို ကူညီပေးပါတယ်။ ကျွန်တော် ကိုယ်တော်ရှင်နဲ့ ဝေးတယ်လို့ ခံစားရတဲ့အခါ၊ ဆုတောင်းခြင်းအဖြေတွေ နှေးတယ်လို့ ထင်ရတဲ့အခါ၊ နောင်တရခြင်းအခွင့်အရေးတွေအတွက် ကျွန်တော့်ဘဝကို ပြန်သုံးသပ်ဖို့ ဥက္ကဋ္ဌနယ်လဆင်ရဲ့ အကြံပေးမှုကို လိုက်လျှောက်ဖို့ သင်ယူခဲ့ရပါတယ်။ သူက ကျွန်တော်တို့ကို သတိပေးပါတယ်၊ “နေ့စဉ်နောင်တရခြင်းဟာ စင်ကြယ်ခြင်းသို့ လမ်းကြောင်းဖြစ်ပါတယ်၊ စင်ကြယ်ခြင်းက တန်ခိုးကို ဖြစ်စေပါတယ်။”၇
သင်ဟာ သန့်ရှင်းတော်ဝိညာဉ်တော်ကို ခံစားရခြင်းမှာ အခက်တွေ့နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိထားမိရင်၊ နောင်တရစရာ၊ ခွင့်လွှတ်ခြင်းရရှိစရာ တစ်ခုခုရှိမရှိ ဆင်ခြင်နိုင်ပါတယ်။၈ သန့်ရှင်းစေဖို့ လုပ်ရမယ့်အရာကို သိဖို့ ယုံကြည်ခြင်းနဲ့ ဆုတောင်းနိုင်ပါတယ်၊ ထိုကဲ့သို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ခိုင်မြဲသောအဖော်ပြုမှုအတွက် ပိုပြီးအရည်အချင်းပြည့်လုနီးပါးဖြစ်လာနိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အဖော်ပြုမှုကို ရရှိဖို့ အလိုရှိရင်၊ မှန်သောအကြောင်းရင်းတွေအတွက် အလိုရှိရပါမယ်။ သင်ရဲ့ရည်ရွယ်ချက်တွေက ကိုယ်တော်ရှင်ရဲ့ ရည်ရွယ်ချက်တွေ ဖြစ်ရပါမယ်။ သင့်ရဲ့စေ့ဆော်မှုတွေဟာ အတ္တကြီးလွန်းရင်၊ သင်ဟာ ဝိညာဉ်တော်ရဲ့ လှုံ့ဆော်မှုကို ရရှိဖို့နဲ့ ခံစားမိဖို့ခက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ကျွန်တော့်အတွက်နဲ့ သင့်အတွက် အရေးကြီးတဲ့အချက်က ကယ်တင်ရှင်အလိုရှိတဲ့အရာကို အလိုရှိဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စေ့ဆော်မှုတွေဟာ ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းဖြင့် လှုံ့ဆော်ခံရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းတွေဟာ “ကျွန်ုပ်အလိုရှိသည့်အရာမှန်သမျှသည် ကိုယ်တော်အလိုရှိသည့်အရာဖြစ်ပါသည် ဆိုတာမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်တော်၏အလိုတော်ပြည့်စုံပါစေသော်။”
ကယ်တင်ရှင်ရဲ့ယဇ်နဲ့ ကျွန်တော့်အပေါ် ကိုယ်တော်ရဲ့ ချစ်ခြင်းကိုသတိရဖို့ကြိုးစားပါတယ်။ ထို့နောက်၊ ကျွန်တော် ကောင်းကင်ဘုံရှင်အဘကို ကျေးဇူးတော်ချီးမွမ်းဖို့ ဆုတောင်းတဲ့အခါ၊ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ကြားတဲ့အကြောင်း၊ ကျွန်တော်နဲ့ ကျွန်တော်ချစ်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်တဲ့အရာကို ကျွန်တော်ရရှိမယ့်အကြောင်း ချစ်ခြင်းနဲ့ အာမခံချက်ကို ခံစားရပါတယ်။ အဲဒါက ကျွန်တော့်သက်သေခံချက်ကို ခွန်အားဖြည့်ပေးပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်သက်သေခံတဲ့အရာတွေအားလုံးထဲမှာ၊ ကျွန်တော်တို့အတွက် အဖိုးအထိုက်ဆုံးဟာ ယေရှုဟာ ခရစ်တော်ဖြစ်တဲ့အကြောင်း၊ အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်တဲ့အကြောင်း ဖြစ်ပါတယ်။ ကယ်တင်ရှင်က ကတိပေးခဲ့ပါတယ်၊ “ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။”၉
လွန်ခဲ့တဲ့နှစ်များစွာက၊ ကျွန်တော် စိတ်ခြောက်ခြားနေတဲ့မိခင်တစ်ယောက်ဆီက ဖုန်းခေါ်သံကို ကြားခဲ့ပါတယ်။ သူ့သမီးအိမ်ကအဝေးကို ထွက်သွားခဲ့ကြောင်းကျွန်တော့်ကို ပြောပါတယ်။ သူ့သမီးဆီက ဘာမှမကြားရလို့ တစ်ခုခုဆိုးဆိုးရွားရွားဖြစ်နေတယ်လို့ သူမကထင်နေပါတယ်။ ကူညီဖို့ ကျွန်တော့်ကို တောင်းဆိုပါတယ်။
သမီးရဲ့ အိမ်သင်ဆရာဖြစ်ခဲ့သူကို ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။ အဲဒီအမည်အားဖြင့်၊ အဲဒါဟာ ကြာလှပြီဖြစ်တဲ့အချိန်ကဆိုတာ သင်ပြောနိုင်ပါတယ်။ ကျွန်တော် သူ့ကို ဖုန်းခေါ်ပါတယ်။ သူက လူငယ်ပါ။ သူနဲ့သူ့အဖော်က ထိုကလေးကို စိုးရိမ်မှုနဲ့သာမဟုတ်ပဲ၊ သူမက ဝမ်းနည်းပူဆွေးခြင်းကို ဖြစ်စေမယ့် ရွေးချယ်မှုတွေ ပြုခါနီးဖြစ်တယ်လို့ လမ်းပြလှုံ့ဆော်မှုကြောင့် ညမှာနိုးလာခဲ့ကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ ဝိညာဉ်တော်ရဲ့ အဲဒီလမ်းပြလှုံ့ဆော်မှုကြောင့်ပဲ၊ သူမကို တွေ့ဖို့ သွားခဲ့ကြပါတယ်။
အစမှာတော့၊ သူမရဲ့ အခြေအနေကို သူတို့ကို မပြောချင်ခဲ့ပါဘူး။ လမ်းပြလှုံ့ဆော်မှုအောက်မှာ၊ သူတို့က သူမကို နောင်တရဖို့နဲ့ သူမအတွက်ရှိတဲ့ ကိုယ်တော်ရှင်ရဲ့လမ်းကြောင်းကို ရွေးချယ်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒီတော့မှ၊ သူမ သဘောပေါက်ခဲ့ပါတယ်။ သူမဘဝနဲ့ပတ်သက်လို့ သူတို့သိနိုင်ခဲ့တဲ့တစ်ခုတည်းသောနည်းလမ်းဟာ ဘုရားသခင်ဆီက ဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ မိခင်တစ်ဦးဟာ သူမရဲ့ ချစ်ခြင်းပါတဲ့ စိုးရိမ်မှုကို ကောင်းကင်ဘုံရှင်အဘဆီလှည့်ခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က အဲဒီအိမ်သင်ဆရာတွေကို လွှတ်ခဲ့ပါတယ်၊ သူတို့တတွေ ကိုယ်တော်ရှင်ကို အစေခံလိုကြတဲ့အတွက်ပါပဲ။ သူတို့ဟာ ဩဝါဒနှင့် ပဋိညာဉ်များကျမ်းမှာတွေ့ရတဲ့ အကြံပေးခြင်းနဲ့ ကတိတော်ကို လိုက်လျှောက်ခဲ့ကြပါတယ်။
“သင်၏ ဝမ်းသည်လည်း ခပ်သိမ်းသောလူတို့ဆီသို့၊ ထို့အတူ ယုံကြည်ခြင်းရှိရာ အိမ်သူအိမ်သားတို့ဆီသို့ မေတ္တာဖြင့် ပြည့်စေလော့၊ ကိုယ်ကျင့်သီလကိုလည်း သင်၏အတွေးများကို မရပ်မတန့် အလှဆင်စေလော့။ ထို့နောက်တွင်၊ သင်၏စိတ်ချယုံကြည်ခြင်းသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အားကြီးလာလိမ့်မည်။ ယဇ်ပုရောဟိတ်အခွင့်ဩဝါဒသည်လည်း ကောင်းကင်မှ နှင်းကဲ့သို့ သင်၏စိတ်ဝိညာဉ်အပေါ် ဖြည်းညှင်းစွာ သက်ရောက်လိမ့်မည်။
“သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အမြဲတမ်းအဖော်၊ ထို့အတူ သင်၏ ရာဇလှံတံ၊ မပြောင်းလဲသော ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားရာဇလှံတံဖြစ်လိမ့်မည်။ သင်၏အုပ်ချုပ်ခံဒေသသည်လည်း ထာဝရတည်မြဲသောအုပ်ချုပ်ခံဒေသဖြစ်လိမ့်မည်၊ အတင်းပြုရခြင်းမရှိဘဲနှင့်လည်း သင့်ဆီသို့ ကာလအစဉ်အဆက် အမြဲစီးလိမ့်မည်။”၁၀
ကိုယ်တော်ရှင်ဟာ ကိုယ်တော့်ကတိကို တည်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုခရစ်တော်ရဲ့ အသင်းတော်ရဲ့ သစ္စာရှိပဋိညာဉ်ခံအသင်းသားတွေဆီကို စေလွှတ်ထားပါတယ်။ ယခု၊ သင့်အတွေ့အကြုံဟာ တစ်မူထူးခြားပါလိမ့်မယ်၊ သင့်ရဲ့ယုံကြည်ခြင်းနဲ့၊ သင့်အတွက်နဲ့ သင်ချစ်တဲ့အစေခံတဲ့သူတွေအတွက် အကိုက်ညီဆုံးနည်းနဲ့ ဗျာဒိတ်တော်ရရှိနိုင်ဖို့ ဝိညာဉ်တော်က လမ်းညွှန်ပါလိမ့်မယ်။ သင်တို့ရဲ့ ယုံကြည်မှုတိုးပွားမယ့်အကြောင်း ကျွန်တော့်စိတ်နှလုံးတစ်ခုလုံးနဲ့ ဆုတောင်းပါတယ်။
အဘဘုရားသခင်အသက်ရှင်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်က သင့်ကိုချစ်ပါတယ်။ ကိုယ်တော်က သင်ရဲ့ ဆုတောင်းသံတိုင်းကို ကြားပါတယ်။ ကျွန်တော်တို့ကို လမ်းညွှန်ဖို့၊ နှစ်သိမ့်ဖို့နဲ့ သမ္မာတရားအကြောင်း သက်သေခံရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ဖို့ အဘဆီကို ယေရှုခရစ်တော်ဆုတောင်းခဲ့ပါတယ်။ အဘနဲ့ ကိုယ်တော်ရဲ့ ချစ်သား တောတန်းကလေးမှာ ဂျိုးဇက်စမစ်ဆီပေါ်လာတော်မူခဲ့ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်ဟာ ဘုရားသခင်၏ ဆုကျေးဇူးနှင့် တန်ခိုးဖြင့် မော်မုန်ကျမ်းကို ဘာသာပြန်ခဲ့ပါတယ်။
ကောင်းကင်ဘုံရှင်တမန်တော်တွေက ယဇ်ပုရောဟိတ်အခွင့် သော့တွေကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် က ကမ္ဘာတစ်ဝှမ်းလုံးအတွက် ဘုရားသခင်ရဲ့အသက်ရှင်သော ပရောဖက်ဖြစ်ပါတယ်။
ယေရှုခရစ်တော်ရဲ့ သက်သေတစ်ဦးအဖြစ်၊ ကိုယ်တော်အသက်ရှင်တဲ့အကြောင်း၊ ကိုယ်တော်က ကိုယ်တော့်အသင်းတော်ကို ဦးဆောင်တဲ့အကြောင်း ကျွန်တော်သိပါတယ်။ သင်တို့နဲ့ ကျွန်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့ရဲ့ခိုင်မြဲတဲ့အဖော်အဖြစ်ရရှိဖို့၊ ကယ်တင်ရှင်ကို သတိရကြ၊ ချစ်ကြ၊ပြီး ကျွန်တော်တို့စိတ်နှလုံးမှာ ကိုယ်တော်ရဲ့ချစ်ခြင်းရှိဖို့ တောင်းကြသမျှ အဲဒီသမ္မာတရားတွေကိုအတည်ပြုခံရဖို့ အခွင့်အလမ်းရှိကြပါတယ်။ ကျွန်တော်တို့တတွေကောင်းချီးရမယ့်အကြောင်း၊ ဒီနေ့မှာရော၊ ကျွန်တော်တို့ဘဝရဲ့ နေ့တိုင်းမှာရော၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အဖော်ပြုမှုကို ရရှိမယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။ သင်တို့ကို ကျွန်တော်ချစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။