ဖြုန်းတီးသူနှင့် အိမ်သို့ပို့ဆောင်သည့်လမ်း
ရွေးချယ်မှုများက သင့်ကိုကယ်တင်ရှင်နှင့် သူ့ရဲ့အသင်းတော်ကနေ ဝေးကွာသွားစေသော်လည်း၊ အနာငြိမ်းစေသူသခင်က အိမ်သို့ပို့ဆောင်သည့်လမ်းတွင် မတ်တပ်ရပ်ကာ သင့်ကိုကြိုဆိုနေပါတယ်။
တစ်စုံတစ်ယောက်သောသူမှာ သားနှစ်ယောက်ရှိခဲ့ပါတယ်။
တချို့လူတွေကတော့ ဒီဇာတ်လမ်းဟာပြောဖူးသမျှ ဇာတ်လမ်းထဲမှာအကောင်းဆုံးလို့ပြောကြပါတယ်။၁ ဒီဇာတ်လမ်းကိုကမ္ဘာတစ်ဝှမ်းလုံးမှာ ဘာသာစကားထောင်ပေါင်းများစွာဖြင့်ဘာသာပြန်ထားပါတယ်၊လွန်ခဲ့တဲ့ထောင်စုနှစ် နှစ်ခုအတောအတွင်းမှာ၊ ကမ္ဘာတစ်နေရာရာကသူတစ်ယောက်ယောက်က ဒီဇာတ်လမ်းကိုမပြောဘဲနေမဝင်ဘူးဆိုတာဖြစ်နိုင်ပါတယ်။
ဒီဇာတ်လမ်းကို ကမ္ဘာပေါ်သို့ လာခဲ့တဲ့ “ပျောက်သောသူတို့ကိုရှာ၍ကယ်တင်ကုန်အံ့သော”၂ ယေရှုခရစ်တော်၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ရွေးနှုတ်ရှင် ကပြောပြခဲ့ပါတယ်။ သူကဒီလိုရိုးရှင်းတဲ့စကားတွေနဲ့ပြောပါတယ်၊ “တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။”၃
ချက်ချင်းပါပဲ၊ ကျွန်တော်တို့ ကြေကွဲစရာ ပဋိပက္ခတစ်ခုကြောင်းသိလိုက်ရပါတယ်။ သားတစ်ယောက်၄ က သူရဲ့ဘဝကိုအိမ်မှာနေရတာ ငြီးငွေ့လာကြောင်းသူ့အဖေကိုပြောပါတယ်။ သူကလွတ်လပ်မှုကိုလိုချင်ပါတယ်။ ရိုးရာယဥ်ကျေးမှုနဲ့ သူ့မိဘတွေရဲ့သင်ကြားမှုတွေကို စွန့်ချင်ပါတယ်။ သူရထိုက်တဲ့ အမွေဥစ္စာကို အခုပဲဝေပေးဖို့တောင်းဆိုပါတယ်။၅
အဲ့ဒါကိုကြားရတဲ့အခါ သူ့အဖေဘယ်လိုခံစားရမလဲဆိုတာစဥ်းစားကြည့်ပါ။ သူ့သားအလိုချင်ဆုံးက မိသားစုကိုထားခဲ့ပြီး ဘယ်တော့မှပြန်မလာဖြစ်နိုင်လောက်တော့ဘူးဆိုတာ သူသိလိုက်ရတဲ့အခါမှာပါ။
ကြီးစွာသောစွန့်စားမှု
သားဖြစ်သူဟာ စွန့်စားမှုအတွက် စိတ်လှုပ်ရှားမှုတွေကိုခံစားခဲ့ရမှာပါ။ အချိန်အကြာကြီးပြီးတဲ့နောက်မှာတော့၊ သူက သူ့ဘာသာနေနိုင်ပါပြီ။ သူရဲ့ငယ်ရွယ်စဥ်အရွယ်က ရိုးရာဓလေ့ရဲ့ စည်းကမ်းတွေနဲ့ နိယာမစည်းမျဥ်းတွေကနေလွတ်လပ်ခဲ့ပါပြီ၊ နောက်ဆုံးမှာတော့ သူ့မိဘတွေရဲ့လွမ်းမိုးမှုတွေမပါဘဲ သူကိုယ်တိုင်ရွေးချယ်မှုတွေ လုပ်နိုင်ပါပြီ။ အပြစ်ရှိတယ်ခံစားစရာမလိုတော့ပါဘူး။ သူနဲ့တူတဲ့လူတွေရဲ့အသိုင်းအဝိုင်းမှာ နေပြီးတော့ သူဘဝကိုသူနေချင်သလိုနေနိုင်ပါပြီ။
အလွန်ဝေးလှတဲ့တိုင်းပြည်တစ်ပြည်ကိုရောက်ပြီးတဲ့အခါမှာ၊ သူဟာ မိတ်ဆွေအသစ်တွေဖွဲ့ပြီး သူအမြဲအိမ်မက်မက်ခဲ့ရတဲ့ဘဝမှာ စနေထိုင်နေပါတယ်။ သူဟာ ငွေကြေးတွေကိုအကန့်အသတ်မရှိဘဲ သုံးတာကြောင့်လူတော်တော်များများရဲ့ အနှစ်သက်ရဆုံးလူဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဖြုန်းတီးမှုကြောင့် အကျိုးရကြတဲ့သူရဲ့ မိတ်ဆွေသစ်တွေ သူ့ကိုမဝေဖန်ကြပါဘူး။ သူတို့ဟာ အောင်ပွဲခံကြ၊ချီးကျူးကြ၊ သူရဲ့ရွေးချယ်မှုတွေကိုအားပေးကြပါတယ်။၆
အဲ့ဒီအချိန်မှာသာ လူမှုကွန်ယက်သာရှိခဲ့မယ်ဆိုရင်၊ ရယ်မောနေတဲ့သူငယ်ချင်းတွေနဲ့ ဓာတ်ပုံများဖြင့် စာမျက်နှာမှာပြည့်နှက်နေမှာပါ။ #အကောင်းဆုံးဘဝမှာနေထိုင်ခြင်း #အပျော်ဆုံးပဲ #ဒါကိုအရင်ထဲကလုပ်ခဲ့သင့်တာ။
အငတ်ဘေး
ဒါပေမယ့် ပွဲတော်တွေကျင်းပတာအကြာကြီးမခံလိုက်ပါဘူး၊ ကြာကြာခံခဲပါတယ်။ ကိစ္စနှစ်ခုဖြစ်ခဲ့ပါတယ်၊ ပထမတစ်ခုက၊ သူ့မှာပိုက်ဆံမရှိတော့ပါဘူး၊ ပြီးတော့ ဒုတိယတစ်ခုက၊ ဒေသမှာအငတ်ဘေးကျရောက်ခဲ့ပါတယ်။၇
ပြသာနာတွေကြီးလာတာနဲ့အမျှ၊ သူကြောက်လာပါတယ်။ အရင်က သုံးဖြုံးတာမရပ်နိုင်တဲ့ မော်မော်ကြွားကြွားရှိသူကအခုမှာတော့တစ်နပ်စာ စားဖို့အတွက်တောင်မတတ်နိုင်တော့ပါဘူး၊ နေစရာရှိဖို့ဆိုတာတော့ဝေးပါတယ်။ သူဘယ်လိုအသက်ရှင်မလဲ။
သူ့ရဲ့မိတ်ဆွေတွေကိုသူအရမ်း ရက်ရောပေးကမ်းခဲ့တယ်၊ သူတို့ကသူ့ကိုအခုကူညီမလား။ သူအကူအညီနည်းနည်းပေးဖို့တောင်းနေတာကိုကျွန်တော် တွေးကြည့်ပါတယ်၊ အခုလောလောဆယ်ပဲ၊ သူ့ခြေထောက်ပေါ်သူပြန်ရပ်တည်နိုင်တဲ့အထိပါပဲ။
“အဘယ်သူမျှအစာကိုမကြွေး” လို့ကျမ်းစာတွေမှာပြောပြထားပါတယ်။၈
အသက်ရှင်ဖို့အပြင်းအထန်ကြိုးစားရင်း၊ သူ့ကိုဝက်စာကျွေးဖို့ငှားတဲ့ ဒေသခံလယ်သမားတစ်ဦးကိုရှာတွေ့ခဲ့ပါတယ်။၉
အခုအချိန်မှာအရမ်းဆာလောင်နေပါပြီ၊ စွန့်ပယ်ခြင်းနဲ့အထီးကျန်ခြင်းကိုခံစားရပြီး ထိုလူငယ်က အရာအားလုံးဘယ်လိုကြောက်စရာကောင်းလိုက်အောင်မှားယွင်းသွားတာလဲဆိုတာကို စဥ်းစားမိခဲ့မှာပါ။
ဗလာကျင်းနေတဲ့ဝမ်းဗိုက်ကပဲ သူ့ကိုဒုက္ခခံစေတာမဟုတ်ဘူး။ ဗလာကျင်းနေတဲ့ ဝိညာဥ်လည်းဖြစ်ပါတယ်။ လောကရေးရာ စိတ်ဆန္ဒတွေကိုဖြည့်ဆည်းပေးခြင်းကသူ့ကိုပျော်ရွှင်စေမယ်၊ ပြီးတော့ သေခြင်းရှိရာ စည်းကမ်းတွေကအဲ့ဒီပျော်ရွှင်မှုအတွက် အတားအဆီးဖြစ်တယ်လို့သူထင်ခဲ့ပါတယ်။ အခုတော့သူပိုသိနေပါပြီ။ ပြီးတော့၊ အို၊ အဲ့ဒီအသိပညာအတွက် သူပေးခဲ့ရတဲ့တန်ဖိုးကကြီးပါတယ်။၁၀
ရုပ်ပိုင်းဆိုင်ရာနဲ့ ဝိညာဥ်ပိုင်းဆိုင်ရာ ဆာလောင်လာတာနဲ့ အမျှ၊ သူရဲ့အတွေးတွေသူ့အဖေဆီကိုပြန်ရောက်သွားပါတယ်။ ဒါတွေအားလုံးဖြစ်ပြီးတဲ့နောက်မှာသူ့အဖေကသူ့ကိုကူညီမှာလား။ သူ့အဖေရဲ့အစေခံတွေထဲက အနှိမ့်ချဆုံးသူတောင်မှ စားစရာနဲ့ မုန်တိုင်းကနေရှောင်ဖို့နေစရာရှိပါတယ်။
ဒါပေမယ် သူ့အဖေဆီကိုပြန်သွားမလား။
ဘယ်တော့မှမပြန်ပါဘူး။
အမွေတွေကိုသူဖြုန်းတီးပစ်လိုက်တယ်ဆိုတာ သူ့ရဲ့ရွာကိုသူဝန်ခံမလား။
မဖြစ်နိုင်ပါဘူး။
သူက မိသားစုကိုအရှက်ရစေတယ် ပြီးတော့ မိဘတွေကိုကြေကွဲစေတယ်ဆိုတယ်လို့ သတိပေးခဲ့တဲ့အိမ်နီးချင်းတွေကိုသူရင်ဆိုင်မလား။ သူကလွတ်လပ်ပြီးကိုယ့်ကိုယ်ကိုယ်ရပ်တည်နိုင်ပြီလို့အကြွားထုတ်ခဲ့တဲ့ သူရဲ့မိတ်ဆွေအဟောင်းတွေဆီကိုပြန်သွားမလား။
မခံမရပ်နိုင်စရာပါ။
သို့ပေမယ့် ဆာလောင်ခြင်း၊အထီးကျန်မှု နဲ့ နောင်တတွေက “သတိရ”မှုမရှိမချင်း လွယ်လွယ်ကူကူထွက်မသွားပါဘူး။၁၁
သူဘာလုပ်ရမလဲဆိုတာသိခဲ့ပါတယ်။
ပြန်လာခြင်း
အခုကျွန်တော်တို့ ကြွေကွဲဝမ်းနည်းရတဲ့ အိမ်ရဲ့အရှင်ဖြစ်တဲ့ အဖေဆီကိုပြန်သွားရအောင်။ ဘယ်လောက် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတောင်ဖြစ်နိုင်တဲ့အချိန်တွေ ကုန်ပြီးသူ့သားအတွက်စိတ်ပူခဲ့ရမလဲ။
သားဖြစ်သူသွားရာလမ်းကို ဘယ်နှစ်ခါလောက် ငုံ့ကြည့်ပြီး သားဖြစ်သူထွက်ခွာသွားချိန်မှာ ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေကိုဘယ်လောက်ပြန်ခံစားလိုက်ရမလဲ။ သားဖြစ်သူဘေးကင်းဖို့၊ အမှန်တရားကိုရှာဖွေပြီး ပြန်လာဖို့ ညနက်တွေမှာ ဘုရားသခင်ကိုအသနားခံခြင်း ဘယ်နှခါလောက်ဆုတောင်းခဲ့ရမလဲ။
ဒါနဲ့ တစ်နေ့မှာတော့၊အိမ်ကိုပို့ဆောင်ပေးတဲ့အထီးကျန်ဆန်လှတဲ့လမ်းကိုငုံ့ကြည့်ရင်း၊ အဝေးကပုံရိပ်တစ်ခုသူ့ဆီကိုလမ်းလျှောက်လာတာကိုတွေ့လိုက်ပါတယ်။
ဒါဖြစ်နိုင်လား။
အဲ့ဒီလူတစ်ယောက်အဝေးမှာရှိနေပေမယ့်၊ သူ့ရဲ့သားဖြစ်တယ်ဆိုတာ အဖေဖြစ်သူကချက်ချင်းပဲသိလိုက်ပါတယ်။
သူ့ဆီကိုပြေးသွားခဲ့ပါတယ်၊ သူ့ကိုပွေ့ဖက်ပြီးနမ်းပါတယ်။၁၂
သားဖြစ်သူက သူအကြိမ်ထောင်ပေါင်းများစွာလေ့ကျင့်ထားတဲ့အသံနဲ့ “အဖေ”လို့ခေါ်ပြီးငိုကြွေးပါတယ်၊ “ကျွန်ုပ်သည်ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်းပြစ်မှားပါပြီ။ ကိုယ်တော်၏သားဟူ၍ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကိုထားတော်မှုပါ။”၁၃
ဒါပေမယ့်ဖခင်ဖြစ်သူက သူပြောပြီးပြီးချင်း ချက်ချင်းပြောပါတယ်။ သူ့မျက်လုံးထဲမှာမျက်ရည်တွေနဲ့၊ သူရဲ့အစေခံတွေကို “မြတ်သောဝတ်ရုံကိုယူ၍သူ့ကိုခြုံကြ လို့မိန့်ကြားပါတယ်။ သူ၏လက်၌လက်စွပ်ကိုတန်ဆာဆင်ကြ၊ ခြေနင်းကိုလည်းစီးစေကြ။ စားပွဲတော်ကျင်းပကြ။ ငါ၏သားပြန်လာပြီ”ဟုပြောခဲ့ပါတယ်။၁၄
ပွဲတော်ကျင်းပခြင်း
ဂျာမန်အနုပညာရှင်ဖြစ်တဲ့ ရစ်ချက်ဒ် ဘဒူးရဲ့ပန်းချီကားကို ကျွန်တော်ရဲ့ ရုံးခန်းမှာချိတ်ဆွဲထားပါတယ်။ ဟာရီရက်နဲ့ ကျွန်တော် အဲဒါကို ကြိုက်ပါတယ်။ အဲ့ဒါက ကယ်တင်ရှင်ရဲ့ပုံပမာမှ နှုးညံ့သောမြင်ကွင်းတစ်ခုကို နက်နဲတဲ့ ရှုထောင့်ကနေသရုပ်ဖော်ထားပါတယ်။
သားဖြစ်သူရဲ့ပြန်လာခြင်းကိုလူတိုင်းအပျော်လွန်နေကြတယ့်အချိန်မှာ၊ မပျော်နိုင်တဲ့သူတစ်ယောက်ရှိပါတယ်၊ သူရဲ့အကိုအကြီးပါ။၁၅
သူမှာ စိတ်ခံစားမှုအများကြီးရှိခဲ့ပါတယ်။
သူ့ရဲ့ညီက အမွေတွေကိုတောင်းတဲ့အချိန်တုန်းက သူရှိနေခဲ့ပါတယ်။ သူ့အဖေရဲ့ ကြီးမားတဲ့ဝမ်းနည်းကြွေကွဲမှုကိုသူမျက်မြင်ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။
သူ့ရဲ့ညီထွက်သွားပြီးကတည်းက၊ သူ့အဖေရဲ့ဝန်တွေကို ထမ်းပေးဖို့ကြိုးစားခဲ့ပါတယ်။ နေ့တိုင်း၊ သူ့အဖေရဲ့ ကြေကွဲနေတဲ့နှလုံးသားပြန်ကောင်းလာဖို့ သူအလုပ်ကြိုးစားခဲ့ပါတယ်။
အခုတော့ ဆင်ခြင်တုံတရားမရှိတဲ့သားကပြန်ရောက်လာပြီး၊ လူတွေကသူ့ရဲ့ ဆိုးသွမ်းတဲ့ ညီကို အာရုံအရမ်းစိုက်နေကြပါတယ်။
သူ့အဖေကိုသူပြောပါတယ်၊ “ကာလတာရှည်စွာ”၊ “အဘ၏ခိုင်းစေသမျှကို ကျွန်ုပ်တစ်ခါမျှမငြင်းဆန်ဖူးပါ။ ဒါပေမယ့်၊ ဒီကာလတာရှည်မှာ အဘ ကျွန်ုပ်အတွက်တစ်ခါမျှ ပွဲတော်မကျင်းပပါ။”၁၆
ချစ်ခြင်းရှိတဲ့ဖခင်ကပြန်ပြောပါတယ်၊ “ငါ့သား၊ ငါ၏ဥစ္စာရှိသမျှသည်သင်၏ဥစ္စာဖြစ်၏ ဒါဟာ ပွဲကျင်းပခြင်း သို့မဟုတ် ဆုလာဒ်ချခြင်းမဟုတ်ပါဘူး။ ဒါဟာ ကုသခြင်းဖြစ်တယ်။ ဒီအခိုက်အတန့်ဟာ ကျွန်ုပ်တို့နှစ်ပေါင်းများစွာစောင့်မျှော်နေခဲ့တဲ့အချိန်ဖြစ်တယ်။ သင်၏ ညီဟာသေပြီး ပြန်ရှင်သန်လာခြင်းဖြစ်တယ်။ သူဟာပျောက်ဆုံးခဲ့ပြီး ယခုပြန်ရှာတွေ့ပြီ။”၁၇
ကျွန်တော်တို့အချိန်ကာလအတွက်ပုံပမာ
ကျွန်တော်ချစ်ရတဲ့ညီအကိုမောင်နှမများ၊ ချစ်ရတဲ့ မိတ်ဆွေများခင်ဗျာ၊ ကယ်တင်ရှင်ရဲ့ ပုံပမာတွေအားလုံးလိုပါပဲ၊ ဒီဇာတ်လမ်းဟာလည်း ဟိုးအရင်တုန်းကနေခဲ့တဲ့လူတွေရဲ့အကြောင်းပဲမဟုတ်ပါဘူး။ ဒါက ယနေ့ခေတ် သင်နဲ့ကျွန်တော်တို့ရဲ့အကြောင်းဖြစ်ပါတယ်။
ကျွန်တော်အားလုံးထဲမှာ ပိုများတဲ့ပျော်ရွှင်မှုကို ကိုယ့်ကိုယ်ကိုယ်သာဗဟိုထားပြီး သွားရင်းရှာတွေ့လိမ့်မယ်လို့ ရူးသွပ်စွာတွေးပြီး မြင့်မြတ်တဲ့လမ်းကိုစွန့်ခွာခဲ့ကြတဲ့သူတွေရှိပါသလား။
ကျွန်တော်တို့အားလုံးထဲမှာ နှိမ့်ချခြင်းနဲ့ နှလုံးသားကြေကွဲပြီး ခွင့်လွှတ်ခြင်းနဲ့ ဂရုဏာတော်ကို အလွန်လိုအပ်နေသူရှိပါသလား။
တချို့က “ပြန်သွားဖို့ဖြစ်နိုင်ပါ့မလား လို့တောင်စဥ်းစားတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ အရင်က မိတ်ဆွေတွေက ထာဝရအတွက် သတ်မှတ်လိုက်တာ၊ ငြင်းပယ်တာ၊ ရှောင်သွားတာတွေရှိမလား။ ပျောက်ဆုံးနေတာက ပိုကောင်းမလား။ ငါပြန်သွားရင် ဘုရားသခင်ကဘယ်လိုတုံ့ပြန်မလဲ။”
ဒီပုံပမာက ကျွန်တော်တို့ကို အဖြေပေးပါတယ်။
ကျွန်တော်တို့ရဲ့အဘဘုရားသခင်က သူ့ရဲ့ချစ်ခြင်းနဲ့ နားလည်မှုတွေပြည့်နှက်နေတဲ့ နှလုံးသားနဲ့ ကျွန်တော်တို့ဆီကိုပြေးလာပါမယ်။ သူက ကျွန်တော်တို့ကိုပွေ့ဖက်ပြီးတော့ ပခုံးပေါ်မှာဝတ်ရုံကိုတင်ပေးပါမယ်၊ လက်မှာလက်စွပ်ဝတ်ပေးပြီး၊ ခြေမှာဖိနပ်ဝတ်ပေးပြီးတော့ “ဒီနေ့ငါတို့ပွဲတော်ဆင်နွဲမယ် လို့ကြွေးကြော်ပါမယ်။ တစ်ချိန်ကသေပြီး၊ ပြန်လည်ရှင်သန်လာသောငါ၏ကလေးအတွက်။”
ကျွန်တော်တို့ပြန်လာတာကိုကောင်းကင်က ဝမ်းမြောက်ပါလိမ့်မယ်။
ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း နှင့် ချီးကျူးထောပနာဖြင့် ပြည့်၏
ကျွန်တော်အချိန်ခဏယူပြီး သင်တို့တစ်ယောက်ချင်းစီကို ပြောခွင့်ပြုပါခင်ဗျာ။
သင့်ရဲ့ဘဝမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကျွန်တော်ချစ်ရတဲ့မိတ်ဆွေ တမန်တော် အသင်းလူကြီး ဂျက်ဖရီ အာ ဟော်လန်ဒ် ရဲ့စကားတွေကို ပြန်ပြောပြီး ကြေညာချင်ပါတယ်၊ “သင်ဟာ ခရစ်တော်၏ [အပြစ်ဖြေရာယဇ်] ၏ အဆုံးမရှိသောအလင်းရောင်ထက် နိမ့်ကျနစ်မြုပ်ဖို့ မဖြစ်နိုင်ပါဘူး။”၁၈
ရွေးချယ်မှုများက သင့်ကိုကယ်တင်ရှင်နှင့် သူ့ရဲ့အသင်းတော်ကနေ ဝေးကွာသွားစေသော်လည်း၊ ကုသပေးသူအရှင်သခင်က အိမ်သို့ပို့ဆောင်သည့်လမ်းတွင် မတ်တပ်ရပ်ကာ သင့်ကိုကြိုဆိုနေပါတယ်။ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလအသင်းသားများအနေနဲ့ ကျွန်တော်တို့ဟာယေရှုခရစ်တော်ရဲ့ ဥပမာကိုလိုက်လျှောက်ပြီးတော့ သင့်ကိုကျွန်တော်တို့ရဲ့ ညီအကိုမောင်နှမအနေနဲ့ ပွေ့ဖက်ပါမယ်။ သင်နဲ့အတူဝမ်းမြောက်ပြီးတော့ ပွဲတော်ဆင်နွဲပါမယ်။
သင့်ရဲ့ပြန်လာခြင်းက တခြားသူတွေရဲ့ ကောင်းချီးတွေကိုမလျှော့သွားစေပါဘူး။ ခမည်းတော်၏ကျေးဇူးက အနန္တဖြစ်ပါတယ်၊ တစ်စုံတစ်ယောက်သောသူအား ပေးကမ်းသောအရာသည် အခြားသူများ၏ အခွင့်အရေးကို အနည်းငယ်မျှ လျော့ပါးမသွားပါဘူး။၁၉
ပြန်လာဖို့လုပ်တာဟာလွယ်ကူတယ်လို့ကျွန်တော် ဟန်မဆောင်ပါဘူး။ ကျွန်တော်အဲ့ဒါကိုသက်သေခံနိုင်ပါတယ်။ တကယ်တော့၊ သင်ရွေးချယ်ရတယ့်အရာထဲမှာ အခက်ဆုံးပဲဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်၊ သင်ဟာ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဆီကိုပြန်လာဖို့ဆုံးဖြတ်ပြီး သူတို့ဆီကိုလျှောက်လာတဲ့ အခိုက်အတန့်မှာ၊ သူရဲ့တန်ခိုးတော်သင့်ဘဝထဲကိုဝင်လာပြီး ပြောင်းလဲပေးမယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်။၂၀
ကောင်းကင်တမန်တွေဝမ်းမြောက်ကြပါလိမ့်မယ်။
ကျွန်တော်တို့ရော၊ ခရစ်တော်ထဲက သင့်ရဲ့မိသားစုရော ဝမ်းမြောက်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့၊ ဖြုန်းတီးတဲ့သူတစ်ယောက်ဟာဘယ်လိုမျိုးလဲကျွန်တော်တို့သိရပါပြီ။ ကျွန်တော်တို့ ခရစ်တော်ရဲ့ တူညီတဲ့အပြစ်ဖြေခြင်းတန်ခိုးတော်ကိုနေ့စဥ် ကိုးစားပါတယ်။ ကျွန်တော်တို့ ဒီလမ်းကိုသိပါတယ်၊ သင်နဲ့အတူလျှောက်ပါမယ်။
မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့လမ်းကြောင်းက အပြစ်ရှိကြောင်းခံစားရခြင်း၊ ဝမ်းနည်းခြင်း နှင့် ပူဆွေးခြင်းတို့ ကနေ မဝေးနိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ဒီအထိရောက်လာကြပါပြီ၊ “ခရစ်တော်၏နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့လျက်၊ အဆုံးတိုင်အောင်တည်ကြည်မည်ဆိုလျှင်၊ သင်တို့သည် ထာဝရအသက်ကို ရကြလိမ့်မည်။” ပြီးတော့ ကျွန်တော်တို့အတူ၊ “စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသော[လူသား]တို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ရမည်” ဖြစ်ပါတယ်။၂၁ ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့ ခွန်အားဖြစ်တာကြောင့် ကျွန်တော်တို့အတူတကွ ”၂၂ “ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြ” ပါတယ်။၂၃
ကျွန်တော်တို့အယောက်ချင်းစီတိုင်းဟာ ဒီလေးနက်တဲ့ ပုံပမာထဲက အိမ်ကိုပို့ဆောင်ပေးတဲ့လမ်းကိုဝင်ဖို့ ဖခင်ရဲ့ခေါ်သံကိုကြားနိုင်ကြပြီး နောင်တရရန်ခွန်အားရှိဖို့၊ ခွင့်လွှတ်ခြင်းရရှိဖို့၊ ဂရုဏာနှင့် နားလည်မှုရှိသော ဘုရားသခင်ထံ ပြန်သွားမည့်လမ်းကို လိုက်လျှောက်ကြရန်ကျွန်တော်ဆုတောင်းပါတယ်။ ထိုအရာအတွက်ကျွန်တော်သက်သေခံပြီး သင့်အားကောင်းချီးပေးပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။