လက်ခံလိုက်လျှောက်ဖို့နှိမ့်ချပါ
နှိမ့်ချခြင်းဆိုတာ ဘုရားသခင်ရှိရာနေရာကို ပြန်သွားဖို့ အဆင်သင့်ပြင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။
အယ်လမာရဲ့ ၅ခုမြောက်အခန်းကြီးမှာ၊ပြန်လည်ဆန်းစစ်ဖို့ကောင်းတဲ့ မေးခွန်းတစ်ခု ထုတ်ထားပါတယ်၊ “ဤအချိန်၌ သေရန် ခေါ်တော်မူခြင်းခံရလျှင်၊ လုံလုံလောက်လောက်နှိမ့်ချလေပြီဟု သင်တို့စိတ်ထဲ၌ ဆိုနိုင်ကြပြီလော။”၁ အဲဒီမေးခွန်း ဆိုလိုတာကတော့ နှိမ့်ချခြင်းဆိုတာ ဘုရားသခင်ရှိရာနေရာကို ပြန်သွားဖို့ အဆင်သင့်ပြင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ သတ်မှတ်ချက်တစ်ခုဆိုတာပါပဲ။
ကျွန်တော်တို့အားလုံးက ကိုယ့်ကိုကိုယ် တော်တော်လေး နှိမ့်ချတယ်လို့ ထင်ကြပေမယ့် အတွင်းမှာတော့ ပင်ကိုသဘာဝအရ မကြာခဏ မာနထောင်လွှားတတ်တယ်ဆိုတာကို တချို့သောဘဝအတွေ့အကြုံတွေက သဘောပေါက်စေပါတယ်။
ကျွန်တော့်သမီးနှစ်ယောက် အိမ်မှာရှိနေတဲ့ နှစ်တွေတုန်းက သူတို့နဲ့ဇနီးသည်ကို ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ ကျွန်တော်တာဝန်ယူထားတဲ့ လုပ်ငန်းဌာနကို ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်ရဲ့ အမှန်ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အိမ်နဲ့မတူတဲ့ နေရာတစ်ခုကို သူတို့ကိုပြချင်လို့ပါ၊ အဲဒီနေရာမှာ လူတိုင်းက ကျွန်တော်ခိုင်းတာမှန်သမျှကို မေးခွန်းပြန်မထုတ်ဘဲ လုပ်ပေးကြပါတယ်။ ကျွန်တော်တို့ အရှေ့ဂိတ်ကိုရောက်လာတဲ့အခါ ကျွန်တော့်ကားကိုမြင်တာနဲ့ အမြဲတမ်းအလိုအလျောက်ပွင့်တတ်တဲ့ ဂိတ်က ဒီတစ်ခါမှာပွင့်မလာတော့ ကျွန်တော်အံ့ဩသွားခဲ့ပါတယ်။ အဲဒီအစား ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ လုံခြုံရေးဂိတ်စောင့်တစ်ယောက်က ကားဆီကိုလာပြီး ကျွန်တော့်ကုမ္ပဏီအိုင်ဒီကတ်ကို တောင်းပါတယ်။
ဒီထဲကို ကားနဲ့မောင်းဝင်ဖို့ ဘယ်တုန်းကမှ အိုင်ဒီကတ် မလိုခဲ့ဘူးလို့ ကျွန်တော် သူ့ကိုပြောခဲ့ပြီး အထက်စီးဆန်ပြီး မာနထောင်လွှားတဲ့ မေးခွန်းမျိုးမေးခဲ့ပါတယ်၊ “မင်း ဘယ်သူနဲ့စကားပြောနေမှန်းရော သိရဲ့လား။”
သူက ပြန်ဖြေပါတယ်၊ “ကောင်းပါပြီ၊ ခင်ဗျားမှာ ကုမ္ပဏီအိုင်ဒီကတ်ပြားမရှိတဲ့အတွက် ခင်ဗျားကို ကျွန်တော်က ဘယ်သူမှန်းမသိနိုင်ပါဘူး၊ ပြီးတော့ ကျွန်တော် ဒီဂိတ်ကိုစောင့်နေသမျှတော့၊ ကိုက်ညီတဲ့သက်သေခံကတ်ပြားမရှိဘဲ ခင်ဗျား ဥပစာကိုဝင်ခွင့်ရမှာမဟုတ်ပါဘူး။”
ဒီဖြစ်စဉ်အပေါ် ကျွန်တော့်သမီးတွေရဲ့ အမူအရာကို အကဲခတ်ချင်လို့ နောက်ကြည့်မှန်ကို လှမ်းကြည့်ဖို့ တွေးလိုက်ပါသေးတယ်၊ ဒါပေမယ့် သူတို့က ဒီအချိန်ရဲ့ စက္ကန့်တိုင်းကို ကျေကျေနပ်နပ်ကြီး ကြည့်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်! ကျွန်တော့်ဘေးက ဇနီးသည်ကတော့ ကျွန်တော့်အပြုအမူကို မနှစ်သက်တဲ့ပုံနဲ့ ခေါင်းခါနေပါတယ်။ မတတ်သာတဲ့အဆုံးမှာ ကျွန်တော်က ဂိတ်စောင့်ကို တောင်းပန်လိုက်ပြီး သူ့ကိုရိုင်းပျစွာဆက်ဆံခဲ့တဲ့အတွက် စိတ်မကောင်းပါဘူးလို့ ပြောခဲ့ပါတယ်။ “ခင်ဗျားကို ခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် ကုမ္ပဏီအိုင်ဒီကတ်မရှိဘဲ ခင်ဗျားဒီနေ့ဝင်လို့ရမှာမဟုတ်ပါဘူး!”လို့ သူကပြောခဲ့ပါတယ်။
ကျွန်တော့်ရဲ့ အိုင်ဒီကတ်ကို ပြန်ယူဖို့ အိမ်ကို ဖြေးဖြေးချင်းမောင်းလာရင်း တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကို သင်ယူခဲ့ပါတယ်၊ အဲဒါကတော့ ကျွန်တော်တို့ဟာ နှိမ့်ချဖို့ မရွေးချယ်တဲ့အခါမှာ အရှက်တကွဲအကျိုးနည်းဖြစ်ရတယ်ဆိုတာပါပဲ။
သုတ္တံကျမ်းမှာ ကျွန်တော်တို့တွေ့နိုင်ပါတယ်၊ “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။”၂ နှိမ့်ချခြင်း တိုးလာစေဖို့အတွက်၊ ကျွန်တော်တို့ဟာ ဧဝံဂေလိတရားတော်မှာ အဲဒီနှိမ့်ချခြင်းရဲ့ အမှန်ဆိုလိုတဲ့သဘောကို နားလည်ရပါမယ်။
တချို့လူတွေက နှိမ့်ချခြင်းကို အခြားအရာတွေနဲ့ ရောထွေးတတ်ကြပါတယ်၊ ဥပမာအားဖြင့်၊ ချို့တဲ့ခြင်းလိုအရာမျိုး။ ဒါပေမယ့် တကယ်တမ်းမှာ ချို့တဲ့ပြီး မာနထောင်လွှားတဲ့လူတွေ အများအပြားရှိသလို ပြည့်စုံပေမယ့် နှိမ့်ချတတ်တဲ့သူတွေလည်း အများအပြားရှိပါတယ်။ အင်မတန်အရှက်ကြီးပြီး ကိုယ့်ကိုကိုယ် အထင်ကြီးမှုနည်းပါးတဲ့ တခြားသူတွေမှာတောင် အပြင်ပန်းမှာ နှိမ့်ချတဲ့ပုံပေါက်ပေမယ့် အတွင်းမှာတော့ မာနခေါင်ခိုက်တတ်ကြပါတယ်။
ဒါဆိုရင် နှိမ့်ချခြင်းဆိုတာ ဘာလဲ။ ငါ၏ဧဝံဂေလိတရားတော်ကိုသင်လော့ အရ အဲဒါက “ဘုရားသခင်ရဲ့အလိုတော်အတိုင်း နာခံလိုစိတ် ဖြစ်ပါတယ်၊ အဲဒါက သင်ကြားပေးလို့ရပါတယ်။ အဲဒါက ဝိညာဉ်ရေးရာတိုးတက်ဖို့အတွက် ပဓာနကျတဲ့ ဓာတ်ကူပစ္စည်းတစ်မျိုးဖြစ်ပါတယ်။”၃
ခရစ်တော်ကဲ့သို့သော အရည်အချင်းတွေ ဖွံ့ဖြိုးလာဖို့ ကျွန်တော်တို့အတွက် သေချာပေါက် အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဘယ်လောက်ထိနှိမ့်ချမှုရှိခဲ့ကြသလဲ သို့မဟုတ် ဘယ်လောက်ထိနှိမ့်ချသင့်သလဲဆိုတာကို ကျွန်တော်တို့ ပရောဖက်ရဲ့အကြံပြုချက်အတိုင်း လေ့လာကြည့်ပါမယ်။ ကျွန်တော်တို့တစ်ဦးချင်းစီအတွက် ဗြုန်းခနဲပေါ်လာမယ့် ပဟေဠိတစ်ခုကတော့၊
-
ကျွန်တော်တို့ရဲ့ အပြန်အလှန်ပြောဆိုဆက်ဆံမှုတိုင်းမှာ အသင်းတော်ရဲ့ နာမည်အပြည့်အစုံကို ပြောဖြစ်ခဲ့ကြပါသလား။ ဥက္ကဌနယ်လဆင်က ပြောခဲ့ပါတယ်၊ “ကိုယ်တော်ရှင်ရဲ့အသင်းတော်ကနေ ကိုယ်တော်ရှင်ရဲ့နာမည်ကို ဖယ်ရှားတာက စာတန်အတွက် အရေးပါတဲ့အောင်မြင်မှုတစ်ခုပါပဲ။”၄
-
ကျွန်တော်တို့ပရောဖက်ရဲ့ တိကျသေချာတဲ့ဖိတ်ခေါ်မှုကို လက်ခံပြီး ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ဘဝမှာ လွှမ်းမိုးခွင့်ပေးကြမှာလား။ “ဒီနေ့ ကျွန်တော် နေရာတိုင်းမှာရှိတဲ့ အသင်းဝင်တွေကိုဖိတ်ခေါ်ပြီး မလိုမုန်းထား စိတ်ထားနဲ့အပြုအမူတွေကို စွန့်ခွာတဲ့နေရာမှာ ဦးဆောင်လမ်းပြဖို့ ဖိတ်ခေါ်ပါတယ်။”၅
-
ကျွန်တော်တို့ပရောဖက် သင်ကြားခဲ့သလို လူတွေရဲ့အတွေးအခေါ်တွေထက် ခရစ်တော်ရဲ့ ဩဝါဒကို ယုံကြည်ပြီး ကျွန်တော်တို့ဟာ လောကကြီးကို အောင်နိုင်ကြမှာလား။၆
-
လူတွေနဲ့ လူတွေအကြောင်း ကောင်းတဲ့အရာတွေပြောပြီး ရန်ငြိမ်းစေသူများ ဖြစ်လာကြမှာလား။ ဥက္ကဌ နယ်လဆင် က ကျွန်တော်တို့ကို နောက်ဆုံး အထွေထွေညီလာခံမှာ အောက်ပါအတိုင်း သင်ပေးခဲ့ပါတယ်၊ “လူတစ်ယောက်ရဲ့ရှေ့မှာပဲဖြစ်ဖြစ် နောက်ကွယ်မှာပဲဖြစ်ဖြစ် — သူ့အကြောင်း ကိုယ်ကျင့်တရားကောင်းတာ၊ ချစ်ခင်စရာကောင်းတာ၊ နာမည်ကောင်းရှိတာ သို့မဟုတ် ချီးကျူးထိုက်တာ တစ်ခုခု ပြောစရာရှိတယ်ဆိုရင် — အဲဒါဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးစံနှုန်း ဖြစ်သင့်ပါတယ်။”၇
အဲဒါတွေဟာရိုးရှင်းပေမယ့် ထိရောက်တဲ့ညွှန်ကြားချက်တွေဖြစ်ပါတယ်။ သတိရပါ၊ မောရှေရဲ့လူတွေ အနာငြိမ်းဖို့ လုပ်ရမယ့် တစ်ခုတည်းသောအရာက သူတိုင်ပေါ်မှာမြှောက်ထားတဲ့ ကြေးဝါမြွေကို မျှော်ကြည့်ဖို့ပါပဲ။၈ ဒါပေမယ့် “ထိုနည်းလမ်း၏ ရိုးရှင်းခြင်းနှင့်လွယ်ကူခြင်းကြောင့်၊ ပျက်စီးသူများစွာရှိလေ၏။”၉
ဒီအထွေထွေညီလာခံအတွင်းမှာ ပရောဖက်တွေနဲ့တမန်တော်တွေရဲ့ အားထားရတဲ့ အကြံပြုချက်တွေကို ကျွန်တော်တို့နားထောင်ခဲ့ရသလို ဆက်ပြီးနားထောင်ရဖို့လည်းရှိပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ နှိမ့်ချခြင်းတွေ တိုးလာဖို့ ပြီးပြည့်စုံတဲ့ အချိန်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့အတွေးတွေကို ပိုမိုခိုင်မာတဲ့ယုံကြည်ချက်တစ်ခုနဲ့ အနိုင်ယူကြပါမယ်၊ အဲဒီယုံကြည်ချက်ကတော့ ကိုယ်တော်ရှင်က ဒီလိုရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်များမှတဆင့် အမှန်တကယ်မိန့်တော်မူတယ်ဆိုတာပါပဲ။
နှိမ့်ချခြင်းတိုးလာစေဖို့ အားလုံးထက်အရေးကြီးတဲ့အရာကတော့ ကျွန်တော်တို့ သဘောလည်းပေါက်ပြီး လက်ခံဖို့ပါပဲ၊ အဲဒါကတော့ ကျွန်တော်တို့ရဲ့အမြင့်ဆုံးသောအလားအလာကို ရောက်ရှိဖို့အတွက်ကိုယ်ပိုင်အားထုတ်မှုတစ်ခုတည်းနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားလို့ မရဘူးဆိုတာပါပဲ။ အရာအားလုံးက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာသာ မူတည်ပါတယ်လို့ ၊ ကမ္ဘာတစ်ဝှမ်းက စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောသူတွေ၊ စာရေးဆရာတွေ၊ နည်းပြတွေနဲ့ ဩဇာရှိတဲ့သူတွေက ၊ အထူးသဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွေမှာ ပြောပါလိမ့်မယ်။ ကမ္ဘာကြီးက လူတွေရဲ့လက်ရုံးကို ယုံကြည်အားကိုးပါတယ်။
ဒါပေမယ့် ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်အားဖြင့် ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်အဖရဲ့ စေတနာနဲ့ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းအပေါ်မှာ ကြီးမားစွာ မှီခိုနေရကြောင်း လေ့လာသင်ယူခဲ့ရတယ်၊ “အကြောင်းမူကား၊ ငါတို့သည် စွမ်းအားရှိသမျှ ဆောင်ရွက်ကြပြီးမှ၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်ရသည်ကို သိကြ၏။”၁၀ အဲဒါကြောင့် ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုလုပ်ပြီး လိုက်နာကြဖို့ အရမ်းအရေးကြီးပါတယ်၊ အဲလိုပြုလုပ်ခြင်းအားဖြင့် ယေရှုခရစ်တော်ရဲ့ အနာငြိမ်းစေသော၊ စွမ်းနိုင်သော၊ စုံလုံသော စွမ်းအားကို သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။
ပွဲတော်အစည်းအဝေးများကို အပတ်တိုင်းတက်ရောက်ခြင်း၊ ဘိသိက်မင်္ဂလာများတွင် ပါဝင်ဖို့ နဲ့ ပဋိညာဉ်များကို ရရှိဖို့၊ အသစ်ပြုလုပ်ဖို့ ဗိမာန်တော်တွင် ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းတို့ဟာ ကောင်းကင်ဘုံရှင်အဖနဲ့ကယ်တင်ရှင်ယေရှုခရစ်တော်အပေါ်မှာ ကျွန်တော်တို့ရဲ့မှီခိုအားထားမှုကို အသိအမှတ်ပြုတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဲဒါက သူတို့ရဲ့ တန်ခိုးတော်ကို ကျွန်တော်တို့ရဲ့ ဘဝထဲသို့ ဖိတ်ခေါ်ပါလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကူညီပေးပြီး နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ ဖန်ဆင်းခြင်းရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက်ဖြစ်ပါတယ်။
မကြာသေးခင်က ကျွန်တော်ရဲ့ နှိမ့်ချနိုင်စွမ်း နဲ့ ကိုယ်တော်ရှင်အပေါ်မှီခိုအားထားမှုကို ထပ်မံစမ်းသပ်ခံခဲ့ရပါတယ်။ ဖြေရှင်းရခက်တဲ့ ပြဿနာဖြစ်ရာ နေရာတစ်ခုကိုသွားဖို့ လေယာဉ်ခရီးစဉ်အတိုတစ်ခုမှီအောင် လေဆိပ်သွားတဲ့တက္ကစီပေါ်မှာ ကျွန်တော်လိုက်လာခဲ့တယ်။ အသင်းသားမဟုတ်တဲ့ တက္ကစီဒရိုင်ဘာက ကျွန်တော့်ကို မှန်ထဲကကြည့်ြီး “ခင်ဗျား ဒီနေ့အဆင်မပြေဖြစ်နေတာကို ကျွန်တော်မြင်နေရတယ်။” လို့ပြောပါတယ်။
“ခင်ဗျားပြောနိုင်တာလား။” ကျွန်တော်မေးပါတယ်။
“ဟုတ်တာပေါ့၊” လို့သူကဖြေပါတယ်။ ပြီးတော့ သူက တစ်ခုခု ပြောပါတယ်၊ “ခင်ဗျားအနားမှာ တကယ်တော့ မကောင်းတဲ့စက်ဝန်းတစ်ခုရှိနေတယ်!”
ကျွန်တော့်မှာ အင်မတန် ဖြေရှင်းရခက်တဲ့ အခြေအနေတစ်ခုရှိနေကြောင်း ကျွန်တော်သူ့ကိုရှင်းပြခဲ့တယ်၊ အဲဒီနောက် သူကမေးတယ် “အဲဒါကိုဖြေရှင်းဖို့ ခင်ဗျားရဲ့အစွမ်းအစတွေအကုန် သုံးပြီးပြီလား။”
ကျွန်တော် လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပြီးပြီလို့ သူ့ကိုပြောခဲ့ပါတယ်။
အဲဒီနောက် သူက ကျွန်တော် ဘယ်တော့မှမေ့လို့မရမယ့် အရာတစ်ခုကို ပြောလိုက်ပါတယ်၊ “ဒါဆို ဒီကိစ္စကို ဘုရားလက်ထဲပဲ အပ်လိုက်ပါ၊ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။”
“ခင်ဗျား ဘယ်သူနဲ့စကားပြောနေမှန်းရောသိရဲ့လား။”လို့ ကျွန်တော်သူ့ကို မေးချင်စိတ်ပေါက်လာတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် မလုပ်ခဲ့ပါဘူး။ ကျွန်တော်လုပ်ခဲ့တာကတော့ တစ်နာရီကြာတဲ့ပျံသန်းမှုတစ်လျှောက်လုံး ကိုယ်တော်ရှင်ရှေ့မှာ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး ကြီးမြတ်တဲ့အကူအညီကို တောင်းခံတာပါပဲ။ ကျွန်တော် လေယာဉ်ပေါ်ကနေဆင်းတဲ့အချိန်မှာတော့ အဲဒီ ဖြေရှင်းဖို့ခက်ခဲနေတဲ့ပြဿနာက အဆင်ပြေသွားပြီး ကျွန်တော် ဝင်ပါပေးဖို့တောင် မလိုအပ်တော့ပါဘူး။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်ရဲ့ မိန့်မှာခြင်း၊ ဖိတ်ကြားခြင်း နဲ့ ကတိပြုခြင်းတွေက ရှင်းလင်းပြီး နှစ်သိမ့်မှုကိုပေးပါတယ်၊ “နှိမ့်ချနေလော့၊ သင့်ဘုရား ပို့ဆောင်တော်မူမည်၊ လက်တော်ဖြင့်သာ ပို့ဆောင်ကာ တောင်းဆုများလည်း ပြည့်စေမှာ။”၁၁
ကျွန်တော်တို့တွေဟာ ပရောဖက်တွေရဲ့ အကြံပြုချက်များကို နှိမ့်ချစွာလိုက်နာပြီး ဘုရားသခင်နဲ့ယေရှုခရစ်တော်သည်သာလျှင် ကျွန်တော်တို့ကို ပြောင်းလဲပေးနိုင်ကြောင်း လက်ခံရပါမယ်—ကိုယ်တော်ရဲ့အသင်းတော်မှာ လက်ခံရရှိထားတဲ့ ဩဝါဒနဲ့ပဋိညာဉ်များအားဖြင့် — ဒီဘဝမှာ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို ပြောင်းလဲနိုင်ပြီး တစ်နေ့မှာ ခရစ်တော်အားဖြင့် စုံလင်ခြင်းသို့ ရောက်ရှိစေနိုင်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်ဖြင့်၊ အာမင်။