ခရစ်တော်နှင့်အတူ ပဋိညာဉ်လမ်းကြောင်း၌ လျှောက်လှမ်းခြင်း
ကျွန်မတို့အတွက် ထိခိုက်ဒဏ်ရာရပြီး ကျိုးပဲ့ကြေကွဲခဲ့တဲ့ ကိုယ်တော်ဟာ ကျွန်မတို့ကို သေခြင်းရှိတဲ့အမှုကိုခွင့်ပြုမှာဖြစ်ပေမယ့်၊ အဲဒီစိန်ခေါ်မှုတွေကို တစ်ကိုယ်တည်း ရင်ဆိုင်ဖို့တော့ တောင်းဆိုမှာမဟုတ်ပါဘူး။
ကျွန်မရဲ့မိတ်ဆွေကောင်း အီလန်က အစ္စရေးနိုင်ငံက လမ်းကြောင်းတစ်ခုကို ပြောပြခဲ့ပါတယ်။ “အဲဒီလမ်းကို ယေရှုခြေတော်ရာလမ်းလို့ခေါ်ပါတယ် ၊ ဘာလို့လဲဆိုတော့ နာဇရက်မြို့ကနေ ကပေရနောင်မြို့အထိ ယေရှုလျှောက်ခဲ့တဲ့လမ်းလို့ လူတွေကယုံကြည်ကြလို့ပါ။” လို့သူပြောပြခဲ့ပါတယ်။ ကျွန်မ ချက်ချင်းပဲ အဲဒီလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်ပြီး၊ အစ္စရေးကို ခရီးထွက်ဖို့ စီစဉ်ခဲ့ပါတယ်။
ခရီးမထွက်ခင် ခြောက်ပတ်အလို၊ ကျွန်မခြေချင်းဝတ်ကျိုးခဲ့ပါတယ်။ ကျွန်မရဲ့အမျိုးသားက ဒဏ်ရာအတွက်စိတ်ပူနေချိန်မှာ၊ ကျွန်မရဲ့ အကြီးမားဆုံးပူပန်မှုကတော့ တစ်လကြာရင် ယေရှုခြေတော်ရာလမ်းကို ဘယ်လိုလျှောက်ရမလဲဆိုတာပါပဲ။ ကျွန်မကပင်ကို ခေါင်းမာတတ်တော့၊ လေယာဉ်လက်မှတ်တွေကို မဖျက်ခဲ့ပါဘူး။
လှပတဲ့ဇွန်လနံနက်ခင်းမှာ အစ္စရေးလမ်းပြနဲ့ ကျွန်မတွေ့ဆုံခဲ့ပါတယ်။ ကျွန်မ မော်တော်ယာဉ်ထဲကနေ ခြေတစ်ပေါင်ကျိုးခုန်ဆင်းလိုက်ပြီးနောက် ချိုင်းထောက်တစ်စုံနဲ့ ဒူး စကူတာတစ်စီးကို ဆွဲထုတ်လိုက်ပါတယ်။ ကျွန်မတို့ရဲ့ လမ်းညွှန်၊ မိုင်ယာက၊ ကျွန်မရဲ့ ပုံစံကို တစ်ချက်ကြည့်ပြီး၊ “ ဒီလမ်းကို ဒီလိုအခြေအနေနဲ့ လျှောက်နိုင်မယ်လို့တော့ ကျွန်မ မထင်ဘူး” လို့ ပြောပါတယ်။
“လျှောက်နိုင်လောက်မှာမဟုတ်ပါဘူး၊” လို့ ကျွန်မပြန်ဖြေလိုက်ပါတယ်။ “ဒါပေမယ့် ကျွန်မရဲ့ ကြိုးစားမှုကို ရပ်တန့်နိုင်တဲ့အရာတော့ မရှိပါဘူး” သူမက ခေါင်းအသာလေးညိတ်ပြီး၊ ကျွန်မတို့ စတင်ခဲ့ကြပါတယ်။ ကျွန်မ သူ့ကိုချစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မ ဒီလမ်းကို ခြေကျိုးနဲ့လျှောက်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပေးခဲ့လို့ပါ။
မတ်စောက်တဲ့လမ်းနဲ့ ကျောက်တုံးတွေကို ကိုယ့်ဘာသာကိုယ် အချိန်အတော်ကြာ လျှောက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မရဲ့ စစ်မှန်တဲ့သံဓိဋ္ဌာန်ကြောင့် စိတ်လှုပ်ရှားသွားတဲ့၊ မိုင်ယာက ကြိုးပါးပါးလေးကို ဆွဲထုတ်ပြီး၊ ကျွန်မစကူတာရဲ့ လက်ကိုင်တန်းတွေမှာ ချည်နှောင်ပြီး ဆွဲခေါ်လာပါတော့တယ်။ သူက ကျွန်မကို တောင်ကုန်းတွေ၊ ရှောက်သီးခြံတွေနဲ့ ဂါလိလဲအိုင်ကမ်းခြေတစ်လျှောက် ဆွဲခေါ်လာပါတယ်။ ခရီးစဉ်အဆုံးမှာ၊ ကျွန်မရဲ့ ကြင်နာတတ်တဲ့ လမ်းညွှန်ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်၊ သူက ကျွန်မကိုယ်တိုင် ဘယ်တော့မှမပြီးမြောက်နိုင်မယ့် အရာတစ်ခုကို ပြီးမြောက်အောင် ကူညီပေးခဲ့ပါတယ်။
ပြည်တော်တစ်လျှောက် ခရီးသွားရန်နှင့် သူ့အကြောင်းကို သက်သေခံရန် ဧနောက်ကို ကိုယ်တော်ခေါ်တော်မူသောအခါ၊ ဧနောက်ဟာ တွန့်ဆုတ်နေခဲ့ပါတယ်။၁ သူဟာ စကားလေးသော လူငယ်လေးတစ်ယောက်သာဖြစ်ခဲ့ပါတယ်။ သူ့အခြေအနေမှာ အဲဒီလမ်းကို ဘယ်လိုလျှောက်နိုင်ခဲ့ပါ့မလဲ။ သူ့မှာ ကျိုးပဲ့နေတဲ့အရာတွေကြောင့် သူမျက်စိကွယ်သွားခဲ့ပါတယ်။ သူ့ကို အတားအဆီးဖြစ်စေတဲ့အရာအတွက် ကိုယ်တော်ရဲ့ ရိုးရှင်းတဲ့ အဖြေကတော့“ငါနှင့်အတူလျှောက်လော့။”၂ ပဲဖြစ်ပါတယ်။ ဧနောက်လိုပဲ၊ ကျွန်မတို့အတွက် ထိခိုက်ဒဏ်ရာရပြီး ကျိုးပဲ့ကြေကွဲခဲ့တဲ့ ကိုယ်တော်ဟာ၊၃ သေခြင်းရှိတဲ့အမှုကိုခွင့်ပြုမှာဖြစ်ပေမယ့်၊ အဲဒီစိန်ခေါ်မှုတွေကို တစ်ကိုယ်တည်း ရင်ဆိုင်ဖို့ ကျွန်မတို့ကို တောင်းဆိုမှာမဟုတ်ဘူးဆိုတာ သတိရ ရပါမယ်။၄ ကျွန်မတို့ရဲ့ အခြေအနေတွေ သို့မဟုတ် လက်ရှိသွားရာလမ်းက ဘယ်လောက်ပဲလေးလံနေပါစေ၊ ကိုယ်တော်က ကျွန်မတို့ကို သူနဲ့အတူလျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။၅
တောအရပ်မှာ ဒုက္ခရောက်နေတဲ့အချိန် ကိုယ်တော်နှင့်တွေ့ဆုံခဲ့တဲ့ လူငယ်ကို စဉ်းစားကြည့်ပါ။ ယာကုပ်ဟာ အိမ်နဲ့ဝေးတဲ့နေရာကို ခရီးထွက်ခဲ့ပါတယ်။ ညအမှောင်ထဲမှာ၊ သူဟာ လှေကားတစ်စင်းပါရုံသာမက လက်ငါးချောင်းကတိလို့ ကျွန်မခေါ်ချင်တဲ့၊ ထူးခြားတဲ့ပဋိညာဉ်ကတိတွေလည်း ကိုင်ဆောင်ခဲ့တဲ့ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။၆ အဲဒီညမှာ ကိုယ်တော်ဟာ ယာကုပ်ဘေးမှာ ရပ်နေပြီး၊ သူ့ကိုယ်သူ ယာကုပ်အဘရဲ့ ဘုရားအဖြစ် မိတ်ဆက်ပေးပြီးနောက်၊ ကတိပေးခဲ့ပါတယ်၊
-
ငါသည် သင့်ဘက်မှာရှိ၏။
-
သင့်အား ငါစောင် မမည်။
-
ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။
-
သင့်ကို ငါမစွန့်။
ယာကုပ်က ရွေးချယ်စရာတစ်ခု ရှိခဲ့ပါတယ်။ သူဟာ သူ့အဘရဲ့ ဘုရားနဲ့ သိကျွမ်းခြင်းဖြင့် ရိုးရှင်းစွာအသက်ရှင်ဖို့ ရွေးချယ်နိုင်ပါတယ် သို့မဟုတ် ကိုယ်တော်နဲ့ ပဋိညာဉ်ပြုထားတဲ့ ဆက်ဆံရေးမှာ အသက်ရှင်ဖို့ ရွေးချယ်နိုင်ပါတယ်။ နှစ်အတန်ကြာပြီးနောက် ယာကုပ်ဟာ ထိုပဋိညာဉ်ကတိများအတွင်း အသက်ရှင်ခဲ့ကြောင်း၊“ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်”၈ လို့ သက်သေခံခဲ့ပါတယ်။ ယာကုပ်အတွက် ကိုယ်တော်ပြုခဲ့သလိုပဲ၊ ကျွန်မတို့ရဲ့အသက်တာကို သူ့နဲ့ ချည်နှောင်ဖို့ ရွေးချယ်မယ်ဆိုရင် ပူပန်သောကရောက်ချိန်မှာ ကျွန်မတို့တစ်ဦးချင်းစီကို ကိုယ်တော်က ဖြေကြားပေးပါလိမ့်မယ်။ လမ်းခရီးမှာ ကျွန်မတို့နဲ့အတူ လျှောက်လှမ်းမယ်လို့ ကိုယ်တော်ကတိပေးထားပါတယ်။
အဲဒီလျှောက်လှမ်းခြင်းကို ဗိတ္တိဇံပဋိညာဉ်ဖြင့်အစပြုခဲ့တဲ့၊ ဗိမာန်တော်မှာ ကျွန်မတို့ပြုလုပ်တဲ့ နက်ရှိုင်းတဲ့ပဋိညာဉ်တွေဆီ ဦးတည်သွားသော—ပဋိညာဉ်လမ်းကြောင်းလို့ ကျွန်မတို့ ခေါ်ကြပါတယ်။ အဲဒီစကားတွေကို သင်ကြားပြီး အမှန်ခြစ်ဘောက်ဇ်တွေကို စဉ်းစားမိနိုင်ပါတယ်။ သင်တို့ မြင်သမျှက သတ်မှတ်ချက်တွေပဲရှိတဲ့ လမ်းကြောင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနီးကပ်ကြည့်လိုက်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ ပဋိညာဉ်ဆိုတာာ စာချုပ်တစ်ခုသာ မဟုတ်ပေမယ့်၊ အရေးကြီးပါတယ်။ အဲ့ဒါဟာ ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် က သွန်သင်ပေးခဲ့ပါတယ်၊ “ပဋိညာဉ်လမ်းကြောင်းဆိုတာ ဘုရားသခင်နဲ့ဆက်ဆံရေးပဲ ဖြစ်ပါတယ်။”၉
အိမ်ထောင်ရေးပဋိညာဉ်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ထိမ်းမြားခြင်းရက်စွဲဟာ အရေးကြီးပေမယ့် အလားတူအရေးကြီးတဲ့အရာကတော့ ရှေ့လျှောက် အတူတကွပေါင်းသင်းနေထိုင်တဲ့ အသက်တာမှာ ပုံဖော်ရမယ့် ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဘုရားသခင်နဲ့ ပဋိညာဉ်ဆက်ဆံရေးလည်း အလားတူပါပဲ။ ခရီးလမ်းတစ်လျှောက်မှာ သတ်မှတ်ချက်တွေလည်းရှိပြီး၊ မျှော်လင့်ချက်တွေလည်းရှိပါလိမ့်မယ်။ ပြီးတော့ ကိုယ်တော်က ကျွန်မတို့ အယောက်ချင်းစီတိုင်းကို ဖိတ်ခေါ်ထားပါတယ်၊ ကျွန်မတို့ တတ်နိုင်သမျှ၊ ပြည့်ဝတဲ့ စိတ်နှလုံးသားရည်ရွယ်ချက်နဲ့ လှမ်းလာဖို့ ၊ သူနဲ့အတူ “ရှေ့သို့ဆက်လျှောက်“၁၀ ဖို့နဲ့ သူကတိပေးထားတဲ့ကောင်းချီးတွေ ရောက်လာမယ်ဆိုတာ ယုံကြည်ဖို့ ဖြစ်ပါတယ်။ ထိုကောင်းချီးများဟာ ၃၈ နှစ်၊၁၁ ၁၂ နှစ်၊၁၂ ချက်ချင်းဆိုသလို၊၁၃ ကိုယ်တော့်အချိန်၊ ကိုယ့်တော်နည်းလမ်းနဲ့ မကြာခဏ ရောက်လာတတ်ကြောင်း ကျမ်းစာက ကျွန်မတို့ကို နှိုးဆော်ထားပါတယ်။ သင့်ရဲ့ခရီးလမ်းကတောင်းဆိုတဲ့အခါ၊ သူ့ရဲ့ စောင်မမှုက ရောက်ရှိလာပါလိမ့်မယ်။၁၄
သူရဲ့သာသနာဟာ နှိမ့်ချခြင်းသာသနာဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ ကျွန်မတို့ရှိရာအရပ်မှာ ကျွန်မတို့နဲ့ တွေ့ဆုံပါလိမ့်မယ်။ ဒါဟာ ဥယျာဉ်၊ လက်ဝါးကပ်တိုင်နဲ့၊ သင်္ချိုင်း ရှိရခြင်း အကြောင်းရင်း ဖြစ်ပါတယ်။ ကျွန်မတို့ကျော်လွှားနိုင်အောင် ကူညီဖို့ ကယ်တင်ရှင်ကို စေလွှတ်ခဲ့ပါတယ်။၁၅ သို့သော် နေမြဲတိုင်းနေမယ်ဆိုရင် ကျွန်မတို့ရှာဖွေနေတဲ့ လွတ်မြောက်ခြင်းကို မရပါဘူး။ ယာကုပ်ကို မြေမှုန့်ထဲမှာ မထားခဲ့သလို၊ ကျွန်မတို့ကိုလည်း ကိုယ်တော်ရှင်က ရောက်ရာအရပ်မှာ ထားခဲ့မှာမဟုတ်ပါဘူး။
သူရဲ့သာသနာဟာ မြှင့်တင်ခြင်းသာသနာလည်းဖြစ်ပါတယ်။ သူရှိတဲ့နေရာအထိ ကျွန်မတို့ကို မြှင့်တင်ဖို့ ကျွန်မတို့အတွင်း၌၁၆ လုပ်ဆောင်ပါလိမ့်မယ်၊ တစ်ဆက်တည်းမှာပဲ ကျွန်မတို့ဟာ ကိုယ်တော်ကဲ့သို့ ဖြစ်လာနိုင်ပါတယ်။ ယေရှုခရစ်တော်က ကျွန်မတို့ကို မြှင့်တင်ဖို့ ကြွရောက်ခဲ့ပါတယ်။၁၇ ကိုယ်တော်ဟာ သူ့လိုဖြစ်လာဖို့ကူညီပေးချင်ပါတယ်။ ဒါဟာ ဗိမာန်တော်တည်ရှိနေရခြင်း အကြောင်းရင်း ဖြစ်ပါတယ်။
ကျွန်မတို့ သတိရဖို့လိုပါတယ်၊ ကျွန်မတို့ကို မြှင့်တင်ပေးမှာက ခရီးလမ်းတစ်ခုတည်းမဟုတ်ဘဲ ၊ ခရီးသွားဖော် -ကျွန်မတို့ရဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။ အဲဒါ ကြောင့် ပဋိညာဉ်ဆက်ဆံရေးဆိုတာ ရှိလာခြင်းဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာ ကျွန်မရောက်နေတုန်း၊ အနောက်ဘက်တံတိုင်းကို သွားလည်ခဲ့ပါတယ်။ ဂျူးတွေအတွက်တော့၊ ဒီနေရာဟာ အစ္စရေးနိုင်ငံမှာ အမြင့်မြတ်ဆုံးနေရာဖြစ်ပါတယ်။ အဲဒီမှာ သူတို့ဗိမာန်တော်ရဲ့ အကြွင်းအကျန်တွေပဲရှိပါတယ်။ အများစုက အဲဒီကြီးမြတ်တဲ့နေရာကို သွားလည်တဲ့အခါ သူတို့ရဲ့ အကောင်းဆုံးတွေကို ဝတ်ဆင်ကြပါတယ်၊ သူတို့ရွေးချယ်ထားတဲ့ အဝတ်တန်ဆာက ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို ဆည်းကပ်ထားတဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ကျမ်းစာဖတ်ရန်၊ ဝတ်ပြုကိုးကွယ်ရန်၊ ဆုတောင်းမှုများ ဝေဝေဆာဆာပြုလုပ်ရန် နံရံကို သွားရောက်လည်ပတ်ကြပါတယ်။ သူတို့ရဲ့နှလုံးသားထဲက ဗိမာန်တော်တစ်ခုအတွက် နေ့စဉ်နေ့တိုင်း အသနားခံကြပါတယ်၊ ၊ သူတို့ရဲ့ ဆုတောင်းချက်တိုင်းဟာ၊ ပဋိညာဉ်အိမ်တော်ကို တောင့်တနေကြပါတယ်။ သူတို့ရဲ့ ဆည်းကပ်မှုကို ကျွန်မလေးစားပါတယ်။
အစ္စရေးနိုင်ငံကနေ ကျွန်မအိမ်ပြန်ရောက်တဲ့အခါ၊ ပဋိညာဉ်တွေနဲ့ပတ်သက်ပြီး ကျွန်မပတ်ဝန်းကျင်က ပြောဆိုမှုတွေကို ပိုပြီးနားထောင်ခဲ့ပါတယ်။ လူတွေ မေးနေတာကို သတိထားမိတာက၊ ပဋိညာဉ်လမ်းကြောင်းအတိုင်း ဘာကြောင့် လျှောက်လှမ်းသင့်တာလဲ။ ပဋိညာဉ်ပြုလုပ်ဖို့အတွက် အိမ်တော်ကို ဝင်ရောက်ဖို့ လိုအပ်ပါသလား။ သန့်ရှင်းတဲ့အဝတ်တန်ဆာကို ဘာကြောင့်ဝတ်ရတာလဲ။ ကိုယ်တော်နဲ့ ပဋိညာဉ်ဆက်ဆံရေးမှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံသင့်ရတာလဲ။ ဒီလိုကောင်းမွန်ပြီး အရေးကြီးတဲ့ မေးခွန်းတွေရဲ့ အဖြေက ရိုးရှင်းပါတယ်၊ အဲဒါက ယေရှုခရစ်တော်နဲ့ သင် ဘယ်အဆင့်ထိ ဆက်ဆံရေးရှိလိုကြောင်းပေါ် မူတည်ပါတယ်။၁၈ ကျွန်မတို့အယောက်စီတိုင်း အဲဒီလေးနက်တဲ့ကိုယ်ပိုင်မေးခွန်းတွေအတွက် ကျွန်မတို့ရဲ့ကိုယ်ပိုင်အဖြေကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။
ကျွန်မရဲ့အဖြေကတော့ ၊ ကျွန်မက ဒီလမ်းကို “ကောင်းကင်မိဘများရဲ့ ချစ်လှစွာသောသမီးတစ်ယောက်၊“၁၉အဖြစ် လျှောက်လှမ်းပါတယ်၊ သူတို့တွေကို မြင့်မြတ်စွာ သိရှိပြီး၂၀ နက်ရှိုင်းစွာ ယုံကြည်ပါတယ်။.၂၁ ပဋိညာဉ်ရဲ့သားသမီးတစ်ယောက်အနေနဲ့၊ ကတိထားရာ၂၂ ကောင်းချီးတွေရဖို့ အရည်အချင်းပြည့်မီပါတယ်။ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းဖို့ရန် ကျွန်မ ရွေးချယ်ခဲ့ပြီး၂၃ ပါပြီ။ ခရစ်တော်ရဲ့သက်သေအဖြစ် ရပ်တည်ဖို့ ကျွန်မကို ခေါ်သွင်းခဲ့၂၄ ပါတယ်။ ဒီလမ်းက ပင်ပန်းတယ်လို့ခံစားရတဲ့အခါ၊ ကျေးဇူးတော်ဖြင့်သာ ကျွန်မ အားကောင်း၂၅ လာပါတယ်။ ကိုယ်တော့်အိမ်တော်ရဲ့ တံခါးဝကို ဖြတ်တိုင်း၊ သူနဲ့ ပိုနက်ရှိုင်းတဲ့ ပဋိညာဉ်ဆက်ဆံရေးကို ကျွန်မခံစားရပါတယ်။ ကျွန်မဟာ သူရဲ့ဝိညာဉ်တော်နဲ့ စင်ကြယ်၂၆ ပြီး၊ သူ့ရဲ့ဆုကျေးဇူးများကို အပ်နှင်းခံ၂၇ ရပြီးလျှင်၊ သူရဲ့နိုင်ငံတော်ကို တည်ဆောက်ခြင်းငှာ ခန့်အပ်ခြင်းခံ၂၈ ရပါတယ်။ နေ့စဉ်နောင်တရခြင်းနဲ့ အပတ်စဉ် ပွဲတော်သုံးဆောင်ခြင်းမှတဆင့်၊ ကျွန်မဟာ မြဲမြံတည်ကြည်၂၉ လာဖို့နဲ့ ကောင်းမှု၃၀ ပြုတတ်ဖို့ သင်ယူနေပါတယ်။ ကိုယ်တော် ပြန်ကြွလာမယ့် ကတိထားရာနေ့ကို စောင့်မျှော်ရင်း ကျွန်မက ဒီလမ်းကို ယေရှုခရစ်တော်နဲ့အတူ လျှောက်လှမ်းနေပါတယ်။ အဲဒီနောက် ကျွန်မဟာ ကိုယ်တော်ရဲ့ တံဆိပ်ခတ်ခံ၃၁ ရပြီး ဘုရားသခင်ရဲ့ သန့်ရှင်းသော၃၂ သမီးတစ်ယောက် အဖြစ် မြှင့်တင်ခြင်းခံရပါလိမ့်မယ်။
အဲဒါကြောင့်ကျွန်မ ပဋိညာဉ်လမ်းကြောင်းကို လျှောက်လှမ်းရခြင်းဖြစ်ပါတယ်။
အဲဒါကြောင့်ကျွန်မ ပဋိညာဉ်ကတိတော်များကို စွဲကိုင်ထားခြင်းဖြစ်ပါတယ်။
အဲဒါကြောင့်ကျွန်မ ကိုယ်တော်ရဲ့ပဋိညာဉ်အိမ်တော်ကို ဝင်ရောက်ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့် အမြဲသတိပေးတဲ့အနေနဲ့ ကျွန်မ သန့်ရှင်းတဲ့အဝတ်တန်ဆာကို ဝတ်ဆင်ခြင်းဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ကိုယ်တော်နဲ့ ပဋိညာဉ်ပြုထားတဲ့ ဆက်ဆံရေးမှာ ကျွန်မနေထိုင်ချင်လို့ဖြစ်ပါတယ်။
သင်လည်း အဲလိုလုပ်နိုင်ပါတယ်။ သင်ရောက်ရှိရာနေရာမှ စတင်ပါ။၃၃ သင့်အခြေအနေက သင်ကိုအဟန့်အတားမဖြစ်ပါစေနဲ့။ လမ်းကြောင်းပေါ်ကအရှိန် သို့မဟုတ် နေရာဟာ တိုးတက်မှုလောက် အရေးမကြီးဘူးဆိုတာ၊ သတိရပါ။၃၄ ပဋိညာဉ်လမ်းကြောင်းပေါ်က သင်ယုံကြည်ရသူတစ်ဦးကို၊ သူတို့ သိရှိလာခဲ့တဲ့ ကယ်တင်ရှင်အကြောင်း သင့်ကို ပြောပြဖို့တောင်းဆိုပါ။ သူ့အကြောင်း ပိုလေ့လာပါ။ ဆက်ဆံရေးမှာ ကိုယ်တော်နဲ့ပဋိညာဉ်ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံပါ။ သင့်အသက်အရွယ် သို့မဟုတ် သင့်အခြေအနေက အရေးမကြီးပါဘူး။ သင်က သူနဲ့အတူ လျှောက်လှမ်းနိုင်ပါတယ်။
ယေရှုခြေတော်ရာလမ်းကို လျှောက်ပြီးတော့၊ မိုင်ယာက သူမရဲ့ ကြိုးကိုပြန်မယူခဲ့ပါဘူး။ သူမက အဲ့တာကို စကူတာမှာပဲ ချည်ထားခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ ကျွန်မရဲ့ဆယ်ကျော်သက်တူတွေနဲ့ သူတို့ရဲ့သူငယ်ချင်းက ဂျေရုဆလင်မြို့က လမ်းတွေတစ်လျှောက် ကျွန်မကို တစ်လှည့်စီ ဆွဲခေါ်ခဲ့ကြပါတယ်။၃၅ ယေရှုရဲ့ ဇာတ်ကြောင်းတွေကို ကျွန်မ မလွဲချော်စေဖို့ သူတို့သေချာကူညီခဲ့ကြပါတယ်။ တိုးတက်လာတဲ့ မျိုးဆက်တွေရဲ့ ခွန်အားတွေကို သတိရမိပါတယ်။ သင့်ဆီကနေ ကျွန်မတို့ သင်ယူနိုင်ပါတယ်။ သင့်မှာ လမ်းပြသူဖြစ်တဲ့ ၊ယေရှုခရစ်တော်ကို သိလိုတဲ့ ရိုးသားသောဆန္ဒ ရှိပါတယ်။ ကျွန်မတို့ကို ကိုယ်တော်ထံချည်နှောင်ထားတဲ့ ကြိုးရဲ့ခွန်အားကို သင်ယုံကြည်ပါတယ်။ သင်က တခြားသူတွေကို ကိုယ်တော်ဆီ ပို့ဆောင်ပေးရာမှာ တမူထူးခြားစွာ အရည်အချင်းရှိပါတယ်။၃၆
ကျေးဇူးတော်ကြောင့်၊ ကျွန်မတို့ ဒီလမ်းကို အတူတကွလျှောက်လှမ်းနိုင်ခဲ့ပြီး လမ်းတစ်လျှောက်မှာ အားအင်တွေပေးဖို့ တောင်းလျှောက်နိုင်ခဲ့ပါတယ်။ ၃၇ ခရစ်တော်နဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ဝေငှတာနဲ့အမျှ၊ ကျွန်မတို့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို အားကောင်းပါစေလိမ့်မယ်။ ဒီအကြောင်းကို ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်မသက်သေခံပါတယ်၊ အာမင်။