အထွေထွေညီလာခံ
ယေရှုခရစ်တော်အား နှုတ်နှင့်အကျင့်အားဖြင့် သက်သေခံခြင်း
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


9:45

ယေရှုခရစ်တော်အား နှုတ်နှင့်အကျင့်အားဖြင့် သက်သေခံခြင်း

ကျွန်တော်တို့ရဲ့ ဘဝတွေကို ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်နဲ့ဟန်ချက်ညီစွာ ကြိုးစားနေထိုင်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံဟာ ရွေးနှုတ်ရှင်နဲ့သူ့နာမတော်ရဲ့ အသက်ရှိတဲ့ သက်သေခံချက်တစ်ခုဖြစ်လာပါလိမ့်မယ်။

ဗတ္တိဇံခံရာမှာ၊ ကျွန်တော်တို့ပြုလုပ်တဲ့ ကတိတွေတစ်ခုကတော့ ယေရှုခရစ်တော်ရဲ့ နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူလိုခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိရည်ရွယ်ချက်ကတော့ ယေရှုဟာ ခရစ်တော်ဖြစ်ကြောင်း နှုတ်နဲ့အကျင့်အားဖြင့် မကြာခဏ သက်သေခံပြီး သူ့သားတော်ရဲ့ နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူကြောင်း ဘုရားသခင်ကို ပြသနိုင်တယ်ဆိုတာ နှိုးဆော်ဖို့ပဲဖြစ်ပါတယ်။

ပြန်လည်ရှင်ပြန်ထမြောက်ပြီး အမေရိကတိုက်မှ လူများကို အမှုတော်ဆောင်ပြီးသွန်သင်ပြီးတဲ့နောက် ကယ်တင်ရှင်ကြေညာခဲ့တာကတော့၊

“သင်တို့သည် ငါ၏နာမတော်တည်းဟူသော ခရစ်တော်၏ နာမတော်ကို သင်တို့အပေါ်၌ခံယူရမည်ဟု ဆိုလေသည့် ကျမ်းစာများကို သူတို့မဖတ်ကြသလော။ အကြောင်းမူကား၊ ဤနာမတော်အားဖြင့် သင်တို့သည် နောက်ဆုံးသောနေ့၌ အခေါ်ခံရလိမ့်မည်၊

“အကြင်သူသည် မိမိအပေါ်၌ ငါ၏နာမတော်ကို ခံယူ၍၊ အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် နောက်ဆုံးသောနေ့၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”

ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို သင်ကြားခဲ့ပါတယ် “ကယ်တင်ရှင်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူတဲ့အခါ — ကျွန်တော်တို့ရဲ့ နှုတ်နဲ့အကျင့်အားဖြင့်— ယေရှုဟာခရစ်တော်ဖြစ်ကြောင်း ကြေညာပြီး တစ်ပါးသူများထံသက်သေခံရမှာဖြစ်ပါတယ်။”

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းဝင်များအနေနဲ့ ကျွန်တော်တို့မှာ ဘယ်နေရာရောက်ရောက် ကယ်တင်ရှင်နဲ့သူရဲ့နာမတော်ကို သက်သေခံသူများအဖြစ် ရပ်တည်နိုင်တဲ့ အခွင့်ထူးနှင့်ကောင်းချီးများ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတွေကို ယေရှုခရစ်တော်ရဲ့ ဧဝံဂလိတရားတော်နဲ့ဟန်ချက်ညီစွာ ကြိုးစားနေထိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနေအထိုင်အပြုအမူဟာ ရွေးနှုတ်ရှင်နဲ့သူ့နာမတော်ရဲ့ အသက်ရှိတဲ့ သက်သေခံချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင်၊ ကျွန်တော်တို့ဟာ ခရစ်တော်ကို ယုံကြည်ခြင်း၊ ခံစားခြင်း၊ သိမြင်ခြင်းတို့ကို တပါးသူများနဲ့ဝေငှခြင်းအားဖြင့် ခရစ်တော်ကို နှုတ်ဖြင့် သက်သေခံကြပါတယ်။

ကျွန်တော်တို့က နှုတ်နဲ့အကျင့်အားဖြင့် ကယ်တင်ရှင်ကိုသက်သေခံကြောင်း နှိမ့်ချစွာဝေငှတဲ့အခါမှာ သန့်ရှင်းသောဝိညာဉ်တော်က ရည်ရွယ်ချက်အမှန်၊ ပွင့်လင်းတဲ့နှလုံးသားနဲ့ လိုလားတဲ့စိတ်ဆန္ဒရှိသူတွေကို ယေရှုဟာ ခရစ်တော်ဖြစ်ကြောင်း အတည်ပြုပါတယ်။

အသင်းဝင်တွေရဲ့ မကြာသေးမီက အတုယူဖွယ်ကောင်းတဲ့ ပုံဥပမာနှစ်ခုကို ကျွန်တော်ဝေငှလိုပါတယ်၊ သူတို့တွေဟာ ဘုရားကျောင်းအစည်းအဝေးတွေမှာ ကယ်တင်ရှင်အကြောင်းကို ဖြူစင်စွာသက်သေခံခြင်းအားဖြင့် ယေရှုခရစ်တော်ရဲ့နာမတော်ကို သူတို့အပေါ်မှာခံယူကြောင်း ဘုရားသခင်အားပြသခဲ့ကြပါတယ်။

ပထမဦးဆုံးဥပမာကိုပြောရရင် ကျွန်တော်ရဲ့အမျိုးသမီးဖြစ်သူ အယ်လင်းနဲ့ ကျွန်တော်တို့ဟာ ၂၀၂၂ ခုနှစ်မှာ စပိန်နိုင်ငံကို အလည်သွားပြီး အဲဒီက ဘုရားကျောင်းရဲ့ ဒေသအသင်းတော်မှာ တနင်္ဂနွေအစည်းအဝေးများကို တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်က တရားဟောစင်နောက်မှာထိုင်ပြီး ကျွန်တော်ရဲ့အမျိုးသမီးက ဝတ်ပြုမယ့်လူစုထဲမှာ ထိုင်တဲ့အခါ သူရဲ့ဘေးမှာ အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတာကိုသတိထားမိပါတယ်။ ပွဲတော်အစီအစဉ်ပြီးဆုံးသွားတဲ့အခါ၊ ကျွန်တော်က အယ်လင်းဆီကို လမ်းလျှောက်သွားပြီး သူမရဲ့ မိတ်ဆွေအသစ်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူကလည်းမိတ်ဆက်ပေးပြီး အဲဒီအမျိုးသမီးက အသင်းဝင်မဟုတ်ဘဲ ဘုရားကျောင်းကို နှစ်နှစ်လောက် လာနေခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်။ ကျွန်တော် အဲဒါကိုကြားလိုက်တဲ့အခါ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ ဒီအမျိုးသမီးကို ဒီလိုအချိန်အကြာကြီး ပြန်လာပြီး အစည်းအဝေးတက်ဖို့ ဘာကလှုံ့ဆော်ပေးတာလဲလို့ မေးမြန်းခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ချစ်ချစ်ခင်ခင်နဲ့ “သင်တို့ရဲ့ အစည်းအဝေးတွေမှာ ယေရှုခရစ်တော်အကြောင်း ပြောတာမို့လို့ ကျွန်မက ဒီနေရာကိုလာရတာကြိုက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။”

သိသာထင်ရှားစွာပဲ၊ အဲဒီစပိန်နိုင်ငံ ဒေသအသင်းတော်မှာရှိတဲ့ အသင်းဝင်တွေက သူတို့ရဲ့အစည်းအဝေးတွေမှာ ခရစ်တော်အကြောင်းကို ပြောကြားခြင်း၊ သွန်သင်ပေးခြင်း၊ နဲ့သက်သေခံခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။

ဒုတိယဥပမာကတော့၊ ဘရာဇီးနိုင်ငံဧရိယာတစ်ခုမှာ တာဝန်ထမ်းဆောင်ပြီးတဲ့အခါ၊ အသင်းတော်ဌာနချုပ်မှာ အမှုတော်ဆောင်ဖို့ ကျွန်တော့်ဆီ တာဝန်အသစ်တစ်ခုရောက်လာခဲ့ပါတယ်။ ဒီနှစ်ဂျူလိုင်လကုန်၊ ဆော့လိတ်မြို့ကို ပြောင်းရတဲ့အခါ၊ တနင်္ဂနွေအစည်းအဝေးတွေကို ကျွန်တော်တို့ရဲ့ ပျော်စရာကောင်းတဲ့ အသင်းတော်စုအသစ်မှာ တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးတွေထဲကတစ်ခုကတော့ အစာရှောင်ခြင်းနဲ့သက်သေခံခြင်း အစည်းအဝေးဖြစ်ပါတယ်။ ပွဲတော်ကို တရိုတသေသုံးဆောင်ပြီးနောက်မှာ အသင်းဝင်များဟာ မတ်တပ်ရပ်ကြပြီး စစ်မှန်သောကယ်တင်ရှင်အကြောင်းသက်သေခံချက်များကို ဝေငှကြပါတယ်။ အစည်းအဝေးဟာ ယေရှုခရစ်တော်အပေါ်မှာ ဗဟိုပြုခဲ့ပြီး ကျွန်တော်တို့ဟာ သိသိသာသာ ဝိညာဉ်တော်ကို ခံစားမိခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ဉာဏ်ပွင့်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ခိုင်မာစေခဲ့ပါတယ်။ အမှန်တရားကို ရိုးသားစွာရှာဖွေနေတဲ့ အသင်းတော်ကမိတ်ဆွေများသာ အဲဒီအစည်းအဝေးမှာရှိခဲ့မယ်ဆိုရင်၊ အဲဒီနေရာဟာ ယေရှုခရစ်တော်ရဲ့အသင်းတော်ဖြစ်ကြောင်း အသိအမှတ်ပြုကြပါလိမ့်မယ်။

သားတော်ရဲ့ နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူတဲ့အခါ ဝမ်းမြောက်ကြောင်း ယေရှုခရစ်တော်ကိုသက်သေခံဖို့နဲ့ ဘုရားသခင်ကိုအချက်ပြဖို့အတွက် အသင်းတော်အစည်းအဝေးတွေက ရွေးချယ်စရာနေရာတွေဖြစ်လာတာ မုချကောင်းချီးပါပဲ။

မိမိအပြုအမူအားဖြင့် ကယ်တင်ရှင်ကိုသက်သေခံပြီး ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူထားတဲ့ အားကြီးတဲ့ ဥပမာတစ်ခုအကြောင်းကို ယခု ဖော်ပြလိုပါတယ်။

အရင်ဩဂုတ်လတုန်းက၊ ကျွန်တော်က ယူဘမြို့က ဖယ်သာရေးဗားကယ်လီဖိုးနီးယား ဗိမာန်တော်ရဲ့ ဖွင့်လှစ်မိတ်ဆက်ပွဲကို အယ်လ်ဒါ ဂျွန်နသန် ရှမစ်ကို အဖော်ပြုပြီး တက်ရောက်ခဲ့ပါတယ်။ အဲဒီနေရာမှာ၊ ကျွန်တော်က ဗိမာန်တော်လည်ပတ်တဲ့ အဖွဲ့တွေကို လမ်းညွှန်ရတဲ့ ကောင်းချီးကိုရခဲ့ပါတယ်။ အဖွဲ့တစ်ခုမှာ ဗာဂျယ် အက်ကင်ဆန်လို့ခေါ် တဲ့၊ ကျွန်တော်တို့ရဲ့ အသင်းဝင်တစ်ဦးနဲ့၊ တခြားအသင်းတော်က သူငယ်ချင်းခုနှစ်ယောက်ပါဝင်ခဲ့ပါတယ်။ လည်ပတ်လို့ပြီးတဲ့အခါ၊ ဗိမာန်တော်ပေါင်းစည်းခန်းထဲမှာ၊ ညီအစ်ကို အက်ကင်ဆန်ကနေ ဗိမာန်တော်ကို လာရောက်ခဲ့တဲ့ သူ့သူငယ်ချင်းများအတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြပြီး စိတ်လှုပ်ရှားဝမ်းသာခဲ့ပါတယ်။ သူဝေငှလို့အပြီးမှာပဲ အဖွဲ့ထဲက၊ အမျိုးသမီးတစ်ယောက်က မတ်တပ်ရပ်ပြီး၊ “ငါတို့အားလုံး ဗာဂျယ်ကိုချစ်တယ် လို့ ပြောခဲ့ပါတယ်။ သူက သူ့ရဲ့ယုံကြည်မှုကို ကျွန်မတို့ဆီ ဘယ်တော့မှ မသွတ်သွင်းပါဘူး။ ဒါပေမယ့် သူက သူ့ရဲ့ယုံကြည်မှုကိုလည်း မရှက်ပါဘူး။ သူက သူယုံကြည်တဲ့အတိုင်းနေထိုင်နေတာပါ။”

နှစ်ပေါင်းများစွာ၊ ညီအစ်ကို အက်ကင်ဆန်ရဲ့ ယေရှုခရစ်တော်ပုံပမာနေထိုင်ခြင်းဟာ သူရဲ့သူငယ်ချင်းများအတွက် အားကြီးတဲ့သက်သေခံချက်တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပုံဥပမာဟာ ခရစ်တော်ရဲ့ နာမတော်ကို ခံယူထားကြောင်း ခိုင်မာတဲ့သက်သေပါပဲ။

နိဂုံးချုပ်အနေနဲ့ အသင်းတော်ရဲ့ မှန်ကန်တဲ့နာမည်ကို သုံးပြီး ခရစ်တော်ရဲ့နာမတော်ကို ဘယ်လိုခံယူရမလဲဆိုတာနဲ့ သူ့ကို ဘယ်လိုသက်သေခံရမလဲဆိုတာ ကျွန်တော် လေ့လာထားတဲ့ သင်ခန်းစာတစ်ခုကို ဝေမျှချင်ပါတယ်။

ဘုရားသခင်ရဲ့အသက်ရှင်တဲ့ပရောဖက်ဖြစ်တဲ့၊ ဥက္ကဋ္ဌနယ်လဆင်က၊ ၂၀၁၈ ခုနှစ် အထွေထွေညီလာခံမှာ “အသင်းတော်ရဲ့အမည်မှန်၊” ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားခဲ့တာကတော့၊ “အဲဒါ က အမှားပြင်ဆင်ချက်တစ်ခုဖြစ်တယ်။ အဲဒါ က ကိုယ်တော်ရှင်ရဲ့အမိန့်တော်ဖြစ်တယ်။ ဂျိုးဇက်စမစ်က သူ့အားဖြင့် ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို အမည်မပေးခဲ့သလို၊ မော်မုန်ကလည်း မပေးခဲ့ပါဘူး။ ကယ်တင်ရှင်ကိုယ်တိုင် အမည်ပေးခဲ့တာဖြစ်ပါတယ်၊ ‘သို့ဖြစ်၍ ငါ၏အသင်းတော်အား နောက်ဆုံးကာလများ၌၊ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် ဟုပင်ခေါ်တွင်စေမည်’ [ဩဝါဒနှင့်ပဋိညာဉ်များ ကျမ်း ၁၁၅:၄]။”

ကျွန်တော်တို့အားလုံးက အဲဒီနေ့မှာ ပရောဖက်နောက်ကိုလိုက်လျှောက်ဖို့ နဲ့ အသင်းတော်ရဲ့ထုတ်ဖော်လိုက်တဲ့နာမည်ကို အဲဒီအချိန်ကစပြီး အသုံးပြုဖို့ သန္နိဋ္ဌာန်ပြု ဆုံးဖြတ်ချက်ချပြီး အထွေထွေညီလာခံကနေထွက်လာခဲ့ပါတယ်။ အသင်းတော်ရဲ့ နာမည်အမှန်ကို အသုံးပြုတာ သေချာမှုရှိအောင် ကျွန်တော့်ကိုယ်ကျွန်တော် အမှန်တကယ် သတိထားခဲ့ပါတယ်။ ပထမဆုံးအခေါက်တွေမှာတော့၊ ကျွန်တော် တော်တော်လေးသတိထားရပြီး အရင်လိုမသုံးနှုန်းဖို့ ကိုယ့်ကိုကိုယ် တားရပါတယ်။ ပထမအကြိမ်ကြိုးစားမှုတွေအပြီးမှာတော့၊ အသင်းတော်ရဲ့ ထုတ်ဖော်ထားတဲ့နာမည်ကို အသုံးပြုဖို့ ပိုပြီးလွယ်ကူလာခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ အသင်းတော်ရဲ့နာမည်ကို မြန်မြန်ပြောခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ လူတွေက အသင်းတော်ရဲ့နာမည်အပြည့်အစုံကို အလေးမထားဘဲ အနည်းငယ်ရှည်တယ်လို့ တွေးမိကြမှာကို ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျွန်တော်နောက်ပိုင်းမှာ သဘောပေါက်သွားတာက အသင်းတော်ရဲ့အမည်အပြည့်အစုံကို ရည်ရွယ်ချက်ရှိရှိ ပြောခြင်းဟာ ယေရှုခရစ်တော်ရဲ့နာမတော်ကို ပြောကြားဖို့နဲ့ သူ့ရဲ့နာမတော်ကို သူ့အသင်းတော်ရဲ့အမည်အားဖြင့် အတိအလင်းကြေညာပြီး ကယ်တင်ရှင်အကြောင်းသက်သေခံဖို့ တန်ဖိုးရှိတဲ့အခွင့်အရေးကို ပေးတယ်ဆိုတာပါပဲ။ ကျွန်တော်က တခြားသူတွေနဲ့ အသင်းတော်ရဲ့ အမည်မှန်ကို ပြောတဲ့အခါမှာ၊ ယေရှုခရစ်တော်ကို မကြာခဏအောက်မေ့သတိရပြီး သူ့ရဲ့လွှမ်းမိုးမှုကို ကျွန်တော့်ဘဝထဲမှာ ခံစားရတယ်ဆိုတာကိုလည်း သတိပြုမိခဲ့ပါတယ်။

ပရောဖက်ကိုလိုက်လျှောက်ခြင်းအားဖြင့်၊ ကျွန်တော်တို့တွေဟာ အသင်းတော်ရဲ့အမည်မှန်ကို အသုံးပြုပြီး ယေရှုခရစ်တော်အကြောင်းကိုပိုပြီး သက်သေခံနိုင်မယ့်အပြင် ကိုယ်တော်ရဲ့နာမတော်ကိုလည်း ကျွန်တော်တို့အပေါ်မှာ အပြည့်အဝ ခံယူနိုင်မှာဖြစ်ပါတယ်။

ဒီဥပုသ်နံနက်ခင်းမှာ၊ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ သက်သေခံချင်တာကတော့ ဥက္ကဋ္ဌ နယ်လဆင်က ဘုရားသခင်ရဲ့ အသက်ရှင်သောပရောဖက်ဖြစ်ပြီး ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းက ခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်ဖြစ်ပါတယ်။ ကျွန်တော်က ဘုရားသခင်ရဲ့သားတော်နဲ့ သူ့ရဲ့ ဂုဏ်ကျေးဇူးကို နှိမ့်ချစွာ သက်သေခံပါတယ်။ ကိုယ်တော်က ဘုရားသခင်ရဲ့ သားဦးနဲ့ သန္ဓေတည်မွေးဖွားတဲ့ တစ်ဦးတည်းသော သားတော်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်၊ ရွေးနှုတ်ရှင်နဲ့ ဧမာနွေလ ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။