အထွေထွေညီလာခံ
ချစ်ခြင်းစကားပြောကြားရာ
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


13:14

ချစ်ခြင်းစကားပြောကြားရာ

ကျွန်တော်တို့ရဲ့ နှလုံးသားတွေနဲ့ အိမ်တွေမှာ၊ ဧဝံဂေလိတရားတော် အမှုတော်ဆောင်တာဝန်တွေမှာ၊ လှုပ်ရှားမှုတွေမှာ၊ အမှုတော်ဆောင်ခြင်းနဲ့ အစေခံခြင်းတွေမှာ ကိုယ်တော်ရဲ့ ဒီနေရာက ချစ်ခြင်းကို ပြောဖို့နဲ့ ကြားနာဖို့သင်ယူနိုင်ကြပါစေ။

ကျွန်တော်တို့မူလတန်းကလေးတွေက၊ “ချစ်ခြင်းစကားပြောကြားရာ” ကိုသီဆိုကြပါတယ်။

ကျွန်တော်တစ်ခါက ညီအစ်မဂေါင်ကို လည်ဆွဲသီးလေးတစ်ခုပေးခဲ့ပါတယ်။ အဲဒီမှာ ဒေါ့-ဒေါ့၊ ဒေါ့-ဒေါ့၊ ဒေါ့-ဒေါ့-ဒက်ရှ်၊ လို့ရေးခြစ်ခဲ့ပါတယ်။ အချက်ပြသင်္ကေတတွေနဲ့အကျွမ်းဝင်တဲ့သူတွေဆိုရင်၊ အိုင်၊ အိုင်၊ ယူ ဆိုတဲ့စာလုံးတွေကို သိမှာပါ။ ဒါပေမယ့် ကျွန်တော်က ဒုတိယသင်္ကေတတစ်ခု ထည့်ခဲ့ပါတယ်။ မန်ဒရင်းတရုတ်စကားမှာ၊ “အိုင်း” ဆိုတာ “ချစ်တယ်” လို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်၊ နှစ်ထပ်သင်္ကေတ၊ စာသားက “မင်းကိုငါချစ်တယ်” ဖြစ်ပါတယ်။ ချစ်ရတဲ့ ဆူစန်၊ “ငါ၊ မင်းကို၊ ချစ်တယ်”။

ကျွန်တော်တို့ အချစ်ကို ဘာသာစကားများစွာနဲ့ ပြောကြပါတယ်။ လူသားမိသားစုဟာ သက်ရှိဘာသာစကား ၇၁၆၈မျိုးပြောတယ်လို့ကြားဖူးပါတယ်။ အသင်းတော်မှာ ကျွန်တော်တို့ မှတ်တမ်းတင်ထားတဲ့ အဓိက ဘာသာစကား ၅၇၅ မျိုးပြောကြပါတယ်၊ ဒေသသုံးစကားများစွာပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ ရည်ရွယ်ချက်၊ သွယ်ဝိုက်ချက်တွေနဲ့ ပြီးတော့၊ အနုပညာ၊ ဂီတ၊ အက၊ ယုတ္တိသင်္ကေတတွေ၊ အချင်းချင်းစိတ်ဖော်ပြချက်တွေနဲ့ပြတဲ့ စိတ်ခံစားမှုတို့ကိုလည်း ကျွန်တော်တို့ဆက်သွယ်ကြပါတယ်။

ဒီနေ့၊ ဧဝံဂေလိတရားတော်ရဲ့ ချစ်ခြင်းစကားသုံးမျိုးကို ပြောကြရအောင်၊ နွေးထွေးရိုသေခြင်းစကား၊ အစေခံစွန့်လွှတ်ခြင်းစကား၊ ပြီးတော့ ပဋိညာဉ်နဲ့ဆိုင်တဲ့စကားတို့ဖြစ်ပါတယ်။

ပထမ၊ နွေးထွေးရိုသေခြင်း ဧဝံဂေလိစကား။

နွေးထွေးရိုသေခြင်းနဲ့၊ ညီအစ်မဂေါင်က ကလေးတွေနဲ့ လူငယ်တွေကို “သင်တို့မိဘတွေ သင်တို့ကိုချစ်တယ်ဆိုတာကို သင်တို့ဘယ်လိုသိလဲ” လို့ မေးပါတယ်။

ဂွါတီမာလာမှာ၊ ကလေးတွေကပြောပါတယ်၊ “ကျွန်တော့်မိဘတွေက ကျွန်တော်တို့ကို ကျွေးမွေးဖို့ အလုပ်ကြိုးစားကြပါတယ်။” မြောက်အမေရိကမှာ၊ ကလေးတွေက ပြောကြပါတယ်၊ “ကျွန်တော့်မိဘတွေက ညမှာကျွန်တော့်ကို ပုံပြင်ဖတ်ပြတယ်၊ အိပ်ရာထဲမှာ သိပ်ပေးပါတယ်။” သန့်ရှင်းတဲ့မြေမှာ၊ ကလေးတွေက ပြောကြပါတယ်၊ “ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လုံခြုံစေပါတယ်။” ဂါနာ၊ အနောက်အာဖရိကမှာ၊ ကလေးတွေက ပြောကြပါတယ်၊ “ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ကလေးတွေ၊ လူငယ်တွေရဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး ကူညီပါတယ်။”

ကလေးတစ်ယောက်ကပြောပါတယ်၊ “ကျွန်မအမေဟာ တစ်နေ့လုံးအလုပ်လုပ်ပြီးလို့ ပင်ပန်း‌နေတာတောင်မှ ကျွန်မနဲ့ အပြင်မှာထွက်ကစားပါတယ်။” သူမရဲ့အမေဟာ သူမရဲ့နေ့စဉ်ပေးဆပ်ခြင်းက အရေးပါခဲ့တယ်ဆိုတာသိရလို့ငိုပါတယ်။ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်၊ “ကျွန်မအမေနဲ့ကျွန်မ တစ်ခါတစ်လေမှာ သဘောမတိုက်ဆိုင်ကြပေမယ့်၊ ကျွန်မအမေကို ကျွန်မယုံကြည်စိတ်ချပါတယ်။” သူမရဲ့အမေလည်း ငိုပါတယ်။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဒီမှာပြောတဲ့ချစ်ခြင်းဆိုတာ ကြားရတယ်၊ တန်ဖိုးထားခံရတယ်ဆိုတာ သိဖို့လိုပါတယ်။

နွေးထွေးရိုသေခြင်းဖြင့်၊ ကျွန်တော်တို့ရဲ့ ပွဲတော်နဲ့ အခြားအစည်းအဝေးတွေက ယေရှုခရစ်တော်ကို အာရုံစိုက်ပါတယ်။ ကျွန်တော်တို့ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းကို ရိုသေစွာပြောကြပါတယ်၊ လက်တွေ့အစစ်အမှန်ပါ၊ စိတ်ထဲမှာရှိတဲ့ အပြစ်ဖြေခြင်းသာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ကိုယ်တော်ရဲ့ နာမနဲ့၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်လို့ ခေါ်ကြပါတယ်။ ကောင်းကင်ဘုံရှင်အဘကို တိုင်တည်တဲ့အခါ ရိုသေသောဆုတောင်းခြင်းစကားကို သုံးပါတယ်၊ အချင်းချင်းစကားပြောတဲ့အခါ နွေးထွေးတဲ့ လေးစားမှုကို သုံးပါတယ်။ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ကို ဗိမာန်တော်ပဋိညာဉ်တွေရဲ့ ဗဟိုမှာ သိမှတ်ကြတဲ့အခါ၊ “ဗိမာန်တော်သို့ သွားခြင်း” လို့ ရည်ညွှန်းတာပိုနည်းပြီး၊ “ကိုယ်တော်ရှင်၏အိမ်ထဲရှိ ယေရှုခရစ်တော်ထံသို့ လာခြင်း”လို့ ပိုပြီးရည်ညွှန်းကြပါတယ်။ ပဋိညာဉ်တိုင်းကတိုးတိုးလေးပြောပါတယ်၊ “ချစ်ခြင်းကိုဒီမှာပြောတယ်။”

အသင်းတော်ကဝေါဟာရတွေ အဓိပ္ပာယ်ဖွင့်ဆိုချက်လိုတယ်လို့ အသင်းသားအသစ်တွေက ပြောကြပါတယ်။ “ပန္နက်အိမ်”ဆိုတာ အမဲနှပ်ညစာ လို့အဓိပ္ပာယ်ရောက်နိုင်တာ၊ “အသင်းတော်စုအဆောက်အအုံ”ဆိုတာ ဆေးရုံတစ်ရုံကို ညွှန်းဆိုနိုင်တာ၊ “အဖွင့်လေ့ကျင့်ခန်းများ“ ဆိုတာ အသင်းတော်ကားပါကင်မှာ ခေါင်း၊ ပခုံး၊ ဒူး၊ ခြေဖျား လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သလိုဖြစ်နိုင်တာဆိုတာတွေနဲ့ပတ်သက်လို့ တွေးမိပြီး ရယ်မိပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ ချစ်ခြင်းစကားအသစ်ကို သင်ယူရင်း နားလည်မှုရှိကြ၊ ကြင်နာကြရအောင်။ အသင်းတော်မှာ အသစ်၊ ပြောင်းလဲသူတစ်ယောက်ကို သူ့စကတ်တိုလွန်းတယ်လို အပြောခံရပါတယ်။ ဗွေယူမယ့်အစား၊ သူမက ပြန်ပြောပါတယ်၊ “ကျွန်မနှလုံးသားက ပြောင်းလဲပြီးပါပြီ၊ ကျွန်မစကတ် အမီလိုက်နေတာကို ကျေးဇူးပြု၍ သည်းခံပေးပါ။”

ကျွန်တော်တို့သုံးတဲ့စကားလုံးတွေဟာ ကျွန်တော်တို့ကို အခြားခရစ်ယာန်တွေ၊ မိတ်ဆွေတွေနဲ့ ပိုနီးစေနိုင် သို့မဟုတ် ဝေးစေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ သာသနာပြုအမှု၊ ဗိမာန်တော်အမှု၊ လူသားခြင်းစာနာမှုနဲ့ လူမှုဖူလုံရေးအကြောင်းကို၊ ကိုယ့်ဘာသာကိုယ်လုပ်တယ်လို့ယုံကြည်ကြတယ်လို့ အခြားသူတွေထင်အောင်ပြောကြပါတယ်။ ကျွန်တော်တို့ ဘုရားသခင့်အမှုတော်နဲ့ ဘုန်းတော်ကို ၊ ယေရှုခရစ်တော်ရဲ့ ကောင်းမှုတွေ၊ ကရုဏာနဲ့ ကျေးဇူးတော်၊ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းယဇ် တို့ကို နွေးထွေးရိုသေတဲ့ ကျေးဇူးတရားနဲ့ အမြဲပြောကြရအောင်။

ဒုတိယ၊ အစေခံခြင်းနဲ့စွန့်လွှတ်ခြင်းဧဝံဂေလိတရားတော်စကား။

ကျွန်တော်တို့အပတ်တိုင်း ပြန်စုတဲ့အခါတိုင်း ဥပုသ်နေ့၌ ဝမ်းမြောက်၍၊ အသင်းတော်အမှုတော်ဆောင်တာဝန်တွေ၊ မိဿဟာယ၊ လူမှုရေးနဲ့ အစေခံခြင်းတို့အားဖြင့် ပွဲတော်ပဋိညာဉ်ကတိကဝတ်ကို ယေရှုခရစ်တော်နှင့် အခြားသူတွေဆီကို ဖော်ပြနိုင်ပါတယ်။

ကျွန်တော်အသင်းတော်ရဲ့ ဒေသခံခေါင်းဆောင်တွေကို သူတို့စိုးရိမ်ရတဲ့ အကြောင်းတွေ မေးတဲ့အခါ၊ညီအစ်ကို ညီအမ နှစ်ဦးလုံးက ပြောပါတယ်၊ “အသင်းတော်အသင်းသားအချို့ဟာ အသင်းတော်အမှုတော်ဆောင်တာဝန်တွေကို လက်မခံကြဘူး” လို့ပြောပါတယ်။ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့ အသင်းတော်ထဲမှာ အချင်းချင်းအစေခံဖို့ အမှုတော်ဆောင်တာဝန်က သနားခြင်း၊ စွမ်းအားနဲ့ နှိမ့်ချခြင်းတိုးစေဖို့ အခွင့်အလမ်းပေးပါတယ်။ ကျွန်တော်တို့ဟာ ခွဲခန့်ခံရတာနဲ့အမျှ၊ အခြားသူတွေနဲ့ မိမိကိုယ်ကို မြှင့်တင်ခွန်အားဖြည့်ပေးဖို့ ကိုယ်တော်ရှင်ရဲ့ လမ်းပြလှုံ့ဆော်ခြင်းကို ရရှိနိုင်ကြပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ဘဝအခြေအနေနဲ့ အချိန်ကာလပြောင်းလဲမှုတွေက အစေခံနိုင်စွမ်းကိုသက်ရောက်နိုင်စွမ်းရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆန္ဒကိုတော့ ဘယ်တော့မှမသက်ရောက်ဘူးလို့ မျှော်လင့်လို့ရပါတယ်။ ဗိင်္ယာမိန်မင်းကြီးရဲ့စကားနဲ့၊ ကျွန်တော်တို့ ပြောပါတယ်၊ “ငါ့မှာရှိလေလျှင် ပေးပေလိမ့်မည်” ကျွန်တော်တို့တတ်နိုင်သမျှကို ပေးကြပါတယ်။

ပန္နက်နဲ့ အသင်းတော်စု ခေါင်းဆောင်များ၊ ကျွန်တော်တို့အပိုင်းကို လုပ်ဆောင်ကြရအောင်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို ကိုယ်တော်ရှင်ရဲ့အသင်းတော်ထဲမှာ အစေခံဖို့ ခေါ်သွင်း(ဖြေလွှတ်)တဲ့အခါ၊ ကျေးဇူးပြု၍ ဂုဏ်သိက္ခာ၊ လမ်းညွှန်မှုတို့နဲ့ လုပ်ဆောင်ကြရအောင်။ အယောက်တိုင်း တန်ဖိုးထားခံရတယ်လို့ ခံစားမိပြီး အောင်မြင်မယ်လို့ခံစားရအောင်ကူညီပေးပါ။ ကျေးဇူးပြု၍ ညီအစ်မခေါင်းဆောင်တွေနဲ့ တိုင်ပင်ပါ၊ နားထောင်ပါ။ သတိရကြပါ၊ ဥက္ကဋ္ဌ ဂျေ၊ ရူဘင် ကလာ့ခ်က သွန်သင်ခဲ့ပါတယ်၊ ကိုယ်တော်ရှင်ရဲ့ အသင်းတော်၌ ကျွန်တော်တို့ဟာ ကိုယ်တော်ခေါ်သွင်းခံရတဲ့နေရာမှာ အစေခံကြပါတယ်၊ “အဲဒီနေရာကို တစ်ယောက်သောသူဟာ ရှာလည်းမရှာ၊ ငြင်းလည်းမငြင်းပါဘူး။”

ညီအစ်မဂေါင်နဲ့ကျွန်တော်လက်ထပ်တုန်းက၊ အသင်းလူကြီး ဒေးဗစ် ဘီ၊ ဟိုက်ကအကြံပေးပါတယ်၊ “အသင်းတော်ထဲမှာ အမှုတော်ဆောင်တာဝန်တစ်ခုကို အမြဲယူထားပါ။ အထူးသဖြင့် ဘဝမှာအလုပ်ရှုပ်တဲ့အချိန်မှာပေါ့၊“ သူကပြောပါတယ်၊ “မင်းအစေခံတဲ့အခါ မင်းအစေခံတဲ့သူတွေနဲ့ မင်းအတွက် ကိုယ်တော်ရှင်ရဲ့ ချစ်ခြင်းကိုခံစားဖို့ လိုအပ်တယ်။“ ကျွန်တော်တို့ ကိုယ်တော်ရှင်ကို ကိုယ်တော်ရဲ့ဝိညာဉ်တော်ဖြင့် သူ့ရဲ့အသင်းတော်ထဲမှာ၊ အစေခံဖို့ အသင်းတော်ခေါင်းဆောင်တွေကို ဟုတ်ကဲ့လို့ ဖြေကြတာနဲ့အမျှ၊ ချစ်ခြင်းက ဒီနေရာမှာ၊ ဟိုနေရာမှာ၊ နေရာတိုင်းမှာ ပြောကြောင်း ကျွန်တော်ကတိပေးပါတယ်။

ကိုယ်တော်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ဟာ ဇိအုန်အသိုင်းအဝိုင်းအတွက် အနွေးခန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်ကြ၊ အစေခံကြ၊ မွေ့လျော်ကြ၊ ကိုယ်တော်ရဲ့ချစ်ခြင်းကို အတူသင်ယူကြတာနဲ့အမျှ၊ ကိုယ်တော်ရဲ့ ဧဝံဂေလိတရားတော်ထဲမှာ အချင်းချင်း မှီတွယ်ကြပါတယ်။ ကျွန်တော်တို့တွေ နိုင်ငံရေး၊ လူမှုရေးပြဿနာတွေမှာ သဘောကွဲနိုင်ပါတယ်၊ ဒါပေမယ့် အသင်းတော်စုဓမ္မတေးအဖွဲ့မှာ အတူသီဆိုရင်း ဟန်ချက်ညီခြင်းကို ရှာတွေ့ကြပါတယ်။ ကျွန်တော်တို့ အချင်းချင်းရဲ့အိမ်တွေမှာ နှလုံးသားနဲ့ ပုံမှန်အမှုတော်ဆောင်ကြတာနဲ့အမျှ၊ ဆက်သွယ်မှုတွေအားဖြည့်ပြီး ဝေးကွာမှုကို တိုက်ထုတ်ကြပါတယ်။

ပန္နက်ဥက္ကဋ္ဌတွေနဲ့အတူ အသင်းသားအလည်သွားတုန်းက၊ အခြေအနေတိုင်းမှာ အသင်းသားများအတွက် သူတို့ရဲ့လေးနက်တဲ့ ချစ်ခြင်းကို ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့အရင်က အသင်းသားအိမ်တွေကို ကားမောင်းသွားရင်း၊ ပန္နက်ဥက္ကဋ္ဌတစ်ဦးက မှတ်ချက်ချပါတယ်၊ ကျွန်တော်တို့ ရေကူးကန်ပါတဲ့အိမ်မှာနေသည်ဖြစ်စေ၊ ညစ်ပတ်တဲ့ကြမ်းခင်းနဲ့အိမ်မှာနေသည်ဖြစ်စေ၊ အသင်းတော်မှာ အစေခံခြင်းဟာ စွန့်လွှတ်မှုပါလေ့ရှိတဲ့ အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း၊ သူက ဉာဏ်ပါပါနဲ့ သတိပြုမိပါတယ်၊ ကျွန်တော်တို့ ဧဝံဂေလိတရားတော်ထဲမှာ အတူအစေခံ၊ စွန့်လွှတ်ကြတဲ့အခါ၊ ပိုနည်းတဲ့အမှားတွေနဲ့ ပိုများတဲ့ ငြိမ်းချမ်းမှုကို တွေ့ရပါတယ်။ ကိုယ်တော်ကို အခွင့်ပေးတဲ့အခါ၊ ယေရှုခရစ်တော်က ကျွန်တော်တို့ကို ကိုယ်တော်ရဲ့ချစ်ခြင်းကို ဒီမှာပြောဖို့ ကူညီပါတယ်။

ဒီနွေမှာ၊ အင်္ဂလန် လောက်ဘရော့ဖ်နဲ့ အောက်စဖို့ဒ်မှာ ကျွန်တော်တို့ မိသားစု အလွန်ကောင်းမြတ်တဲ့အသင်းတော်အသင်းသားတွေကို တွေ့ခဲ့ပါတယ်။ ဒီအဓိပ္ပာယ်ရှိတဲ့ အသင်းတော်စုလူမှုရေးနဲ့ အစေခံလှုပ်ရှားမှုတွေက ခိုင်မြဲတဲ့ ဧဝံဂေလိတရားတော်ရင်းနှီးမှုအသစ်ကို ဘယ်လိုတည်ဆောက်နိုင်ကြောင်းကျွန်တော့်ကို သတိပေးပါတယ်။ အချိန်အတော်ကြာကျွန်တော်ဒီလိုခံစားခဲ့ရပါတယ်၊ အသင်းတော်ထဲက နေရာအတော်များများမှာ၊ ဧဝံဂေလိတရားတော်ရည်ရွယ်ချက်နဲ့ စီစဉ်ထားပြီးအကောင်အထည်ဖော်တဲ့ အသင်းတော်စုလှုပ်ရှားမှု အနည်းငယ်က ကျွန်တော်တို့ကို ပိုပြီးပိုင်ဆိုင်ခြင်း၊ စည်းလုံးခြင်းတို့နဲ့ တွဲစပ်နိုင်တယ်ဆိုတာပါပဲ။

လမ်းပြလှုံ့ဆော်တဲ့ အသင်းတော်စုလှုပ်ရှားမှု‌ခေါင်းဆောင်တစ်ဦးနဲ့ ကော်မတီက တစ်ဦးချင်းနဲ့ သန့်ရှင်းသူအသိုက်အဝန်းတစ်ခုကို အားဖြည့်ပေးပါတယ်။ လူတိုင်းကို ကောင်းမွန်စွာစီစဉ်ထားတဲ့ လှုပ်ရှားမှုတွေက တန်ဖိုးထားခံရ၊ ပါဝင်ခွင့်ရ၊ လိုအပ်တဲ့ကဏ္ဍမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်လို့ ခံစားရဖို့ ကူညီပေးပါတယ်။ အဲဒီလိုလှုပ်ရှားမှုတွေက အသက်အရွယ်တွေ၊ နောက်ကြောင်းတွေကို ဆက်သွယ်ပေးပါတယ်၊ တာရှည်ခံတဲ့ အမှတ်တရတွေဖြစ်စေပါတယ်၊ စားရိတ်နည်းနည်း သို့မဟုတ် မကုန်ဘဲနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ပျော်ရွှင်စာရာကောင်းတဲ့ ဧဝံဂေလိတရားတော်လှုပ်ရှားမှုတွေက အိမ်နီးချင်းနဲ့ မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ပါတယ်။

လူမှုရေးနဲ့ အစေခံခြင်းက အတူဖြစ်လေ့ရှိပါတယ်။ အရွယ်ရောက်လူငယ်တွေသိပါတယ်၊ သင် တစ်ယောက်ယောက်နဲ့ တကယ်ခင်ချင်တယ်ဆိုရင်၊ လှေကားတစ်ဖက်တစ်ချက်မှာရပ်ပြီး အစေခံခြင်း အလုပ်တစ်ခုမှာ ဆေးသုတ်ကြည့်ပါ။

အစေခံလုပ်ငန်းတစ်ခုတွင် ဆေးသုတ်နေသည့် အရွယ်ရောက်လူငယ်များ

ဟုတ်ကဲ့၊ ဘယ်သူတစ်ဦးမျှ၊ ဘယ်မိသားစုမျှမစုံလင်ပါဘူး။ ကျွန်‌တော်တို့အားလုံး ဒီမှာချစ်ခြင်းကို ပိုပြီးကောင်းကောင်းပြောဖို့ အကူအညီလိုအပ်ပါတယ်။ “စုံလင်သောမေတ္တာသည်သံဝေဂကို ပယ်ရှားတတ်၏” ယုံကြည်ခြင်း၊ အစေခံခြင်းနဲ့ စွန့်လွှတ်ခြင်းက ကျွန်တော်တို့ကို မိမိကိုယ်ထက် ကျော်လွန်ပြီးကယ်တင်ရှင်ဆီကို ဆွဲခေါ်ပါတယ်။ ကိုယ်တော်၌ ကျွန်တော်တို့ရဲ့ အစေခံခြင်းနဲ့ စွန့်လွှတ်မှုက ပိုပြီးသနားစိတ်များ၊ ပိုပြီးသစ္စာရှိ၊ ပိုပြီးအတ္တနည်းလေ၊ ကျွန်တော်တို့အတွက် ယေရှုခရစ်တော်ရဲ့ ထာဝရအပြစ်ဖြေခြင်းသနားမှုနဲ့ ကျေးဇူးတော်ကို နားလည်ဖို့ ကျွန်တော်တို့ ပိုပြီးစတင်နိုင်လေဖြစ်ပါတယ်။

အဲဒါက ကျွန်တော်တို့ကို ပဋိညာဉ်နဲ့ဆိုင်တဲ့ ဧဝံဂေလိတရားတော်ဘာသာစကားဆီကို ဆောင်ယူပါတယ်။

ကျွန်တော်တို့ဟာ အတ္တဗဟိုပြုလောကမှာ နေကြပါတယ်။ တော်တော်များများက “ကိုယ့်ကိုယ်ကိုပဲရွေးချယ်” ကြသူတွေပါ။ ကျွန်တော်တို့ဟာ ကိုယ့်စိတ်ဝင်စားရာကို ဘယ်လိုလိုက်ရမယ်ဆိုတာ ကိုယ်အသိဆုံးလို့ ယုံကြည်နေကြသလိုပါပဲ။

ဒါပေမယ့်အဲဒါက အလုံးစုံမမှန်ပါဘူး။ ယေရှုခရစ်တော်က ဒီမအိုဟောင်းတဲ့ ထာဝရသမ္မာတရားကို၊ သရုပ်ဖော်ပါတယ်။

“အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏၊ ထိူသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည်ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည်အသက်ကိုတွေ့လိမ့်မည်။

“အမျိုးသား [သို့မဟုတ် အမျိုးသမီး] သည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍၊ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။”

ယေရှုခရစ်တော်က ပိုကောင်းတဲ့နည်း—မြင့်မြတ်သောပဋိညာဉ်ပေါ်မှာတည်ဆောက်တဲ့ ဆက်ဆံရေး၊ သေခြင်း၏ကြိုးများထက်ပိုပြီးခိုင်မာသည့်နည်းကို ပေးပါသည်။ ဘုရားသခင်နှင့် အချင်းချင်းဆိုင်သည့် ပဋိညာဉ်က ကျွန်တော်တို့ရဲ့ အမြတ်နိုးဆုံး ဆက်ဆံရေးတွေကိုကုစားနိုင်၊ သန့်ရှင်းစေနိုင်ပါတယ်။ အမှန်ပါပဲ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သိတာ၊ ချစ်တာထက် ကျွန်တော်တို့ကို ပိုသိ ပိုချစ်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့အားလုံး ပဋိညာဉ်ပြုတဲ့အခါ၊ ကျွန်တော်တို့ကိုယ်တိုင်ဖြစ်တာထက် ပိုပြီးဖြစ်နိုင်ပါတယ်။ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ဉာဏ်ပညာက ကျွန်တော်တို့ကို ကောင်းတဲ့ ဆုကျေးဇူးတိုင်းကို ကိုယ်တော်ရဲ့ အချိန်နဲ့ နည်းအတိုင်း ကောင်းချီးပေးနိုင်ပါတယ်။

ထုတ်လုပ်နိုင်သော ဉာဏ်ရည်တု (အေအိုင်)သည် ဘာသာစကားဘာသာပြန်ရာတွင် ကြီးမားသောတိုးတက်မှုများ ပြုလုပ်ခဲ့ပါတယ်။ “စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်” ဆိုတဲ့ ဒီဥပစာစကားစုကို “ဝိုင်အရက်ကကောင်းသော်လည်း အသားကပုပ်သိုးသည်” ဟုကွန်ပျူတာတစ်လုံးက ဘာသာပြန်မယ့်ခေတ်က ကုန်သွားပါပြီ။ စိတ်ဝင်စားစရာပါပဲ၊ ဘာသာစကားတစ်ခုရဲ့ကျယ်ကျယ်ပြန့်ပြန့်ဥပမာတွေအထပ်ထပ်ပြုခြင်းက ကွန်ပျူတာတစ်လုံးကို သဒ္ဒါနည်းစနစ်တွေ သင်ပေးခြင်းထက် ပိုပြီးထိထိရောက်ရောက်သင်‌ပေးပါတယ်။

ထိုနည်းတူစွာပဲ၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်တိုက်ရိုက်၊ ထပ်တလဲလဲအတွေ့အကြုံတွေက နွေးထွေးရိုသေခြင်း၊ အစေခံခြင်းနဲ့ စွန့်လွှတ်ခြင်း၊ ပဋိညာဉ်ဆိုင်ခြင်း ဧဝံဂေလိတရားတော်ဘာသာစကားတစ်ခုကို သင်ဖို့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးဝိညာဉ်ပကတိနည်းလမ်းဖြစ်ပါလိမ့်မယ်။

ဒါဆို၊ ယေရှုခရစ်တော်က သင့်ကို ဘယ်နေရာမှာ ဘယ်လို ချစ်ခြင်းနဲ့ စကားပြောပါသလဲ။

ဒီမှာ ကိုယ်တော်ရဲ့ ချစ်ခြင်းနဲ့ စကားပြောတာကို သင်ဘယ်နေရာမှာ ဘယ်လိုကြားနာပါသလဲ။

ကျွန်တော်တို့ရဲ့ နှလုံးသားတွေနဲ့ အိမ်တွေမှာ၊ ဧဝံဂေလိတရားတော် အမှုတော်ဆောင်တာဝန်တွေမှာ၊ လှုပ်ရှားမှုတွေမှာ၊ အမှုတော်ဆောင်ခြင်းနဲ့ အစေခံခြင်းတွေမှာ ကိုယ်တော်ရဲ့ ဒီနေရာက ချစ်ခြင်းကို ပြောဖို့နဲ့ ကြားနာဖို့သင်ယူနိုင်ကြပါစေ။

ဘုရားသခင်ရဲ့အစီအစဉ်မှာ ကျွန်တော်တို့အယောက်တိုင်းတစ်နေ့မှာ ဒီဘဝကနေ နောက်ဘဝကို ပြောင်းကြရပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တော်ရှင်ကို တွေ့တဲ့အခါ၊ “ငါ၏ချစ်ခြင်းကို ဒီမှာပြောပြီတကား” လို့ဆိုတဲ့လမ်းညွှန်ကတိတွေပါတဲ့ စကားကိုပြောနေတဲ့ကိုယ်တော်ကို မြင်ယောင်ကြည့်ပါ။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။