အထွေထွေညီလာခံ
ခရစ်တော်၏ ငြိမ်း​ချမ်းသည့် တပည့်တော်များ​ဖြစ်ပါစေ
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


13:48

ခရစ်တော်၏ ငြိမ်း​ချမ်းသည့် တပည့်တော်များ​ဖြစ်ပါစေ

“ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များ” ဟာ ဤအသက်တာတွင် ကိုယ်ပိုင်ငြိမ်းချမ်းမှုနှင့် ဘုန်းကျက်သရေရှိသောကောင်းကင်ပြန်လည်ဆုံစည်းမှု တွေ့ရှိမှာဖြစ်တာကို ကျွန်တော်သက်သေခံပါတယ်။

ကျွန်တော်တို့ဟာ “ခရစ်တော်၏ ငြိမ်း​ချမ်းသည့် တပည့်တော်များ​” ထူးခြားသောစိန်ခေါ်မှုများကို တွေ့ကြုံနေရတဲ့အချိန်ကာလတွင် နေထိုင်ကြပါတယ်။ ယေရှုခရစ်တော်ကို ယုံကြည်၊ နှိမ့်ချစွာ ဝတ်ပြုကိုးကွယ်ပြီး သက်သေခံသူများဟာ စုံစမ်းခြင်း၊ ဆင်းရဲဒုက္ခများနှင့်ဘေးအန္တရာယ်များကို အမြဲကြုံတွေ့ရပါတယ်။ ကျွန်တော့်ဇနီး၊ မေရီနဲ့ကျွန်တော်လည်း ထူးမခြားနားပါပဲ။ လွန်ခဲ့တဲ့နှစ်တုန်းက၊ ကျွန်တော်တို့ ရင်းနှီးတဲ့ အထက်တန်းကျောင်းမိတ်ဆွေတွေနဲ့၊ သာသနာပြုအဖော်တွေအများကြီး၊ အချို့က သူတို့ရဲ့အဖိုးတန်ဇနီးတွေ၊ ကွယ်လွန်သွားကြတာ၊ သို့မဟုတ်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်ပြောခဲ့သလို၊ ကန့်လန့်ကာ တခြားတစ်ဖက်သို့ ချီးမြှင့်ခံသွားကြတာကို တွေ့ခဲ့ရပါတယ် ။ ယုံကြည်ခြင်းနှင့် သက်ဝင်ခြင်း၌ ကြီးပြင်းလာသူအချို့ ပဋိညာဉ်လမ်းကြောင်းမှ ထွက်ခွာသွားတာကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။

ဝမ်းနည်းစရာကတော့၊ ကြေကွဲဖွယ်ကားတိုက်မှုတစ်ခုမှာ သေဆုံးသွားသော ၂၃ နှစ်အရွယ် မြေးလေးကို ကျွန်တော်တို့ဆုံးရှုံးခဲ့ရပါတယ်။ ချစ်လှစွာသော မိတ်ဆွေများ၊ မိသားစုဝင်များနှင့်၊ လုပ်ဖော်ကိုင်ဖက်အချို့ တို့လည်း ကျန်းမာရေးစိန်ခေါ်ချက်များကို အကြီးအကျယ်ခံစားခဲ့ရပါတယ်။

စမ်းသပ်မှုများ ကြုံလာတိုင်း၊ ကျွန်တော်တို့ဟာ တစ်ယောက်နှင့်တစ်ယောက်၏​ဝန်များကို ငိုကြွေး​မြည်တမ်းပြီး ထမ်းဆောင်ရန် ကြိုးစားကြပါတယ်။ ကျွန်တော်တို့ဟာ မပြီးမြောက်မယ့်အရာတွေနဲ့ မသီဆိုလိုက်ရမယ့် သီချင်းတွေအတွက် ငိုကြွေးမြည်တမ်းခဲ့ကြပါတယ်။ ဒီသေခြင်းရှိရာခရီးမှာ လူကောင်းတွေက မကောင်းမှုတွေ ကြုံရတတ်ပါတယ်။ ဟာဝိုင်ယီ မာဝီမြို့မှာဖြစ်ခဲ့တဲ့၊ အကြီးအကျယ်မီးလောင်မှုတွေ၊ ချီလီတောင်ပိုင်းနဲ့၊ ကနေဒါနိုင်ငံအရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်တွေဟာ တစ်ခါတလေ လူကောင်းတွေ ရင်ဆိုင်နေရတဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေရဲ့ နမူနာတွေပါပဲ။

ကျွန်တော်တို့ မြတ်ပုလဲကျမ်းထဲမှာ ကိုယ်တော်ရှင်က အာဗြဟံကို ဝိညာဉ်တွေရဲ့ထာဝရ သဘောသဘာဝကို ထုတ်ဖော်ပြောပြခဲ့တာကို ဖတ်ကြရပါတယ်။ အာဗြဟံဟာ ကျွန်တော်တို့ရဲ့ မြေကြီးသားမတိုင်မီဘဝ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ဖန်ဆင်းခြင်း၊ ရွေးနုတ်ရှင်ကိုရွေးချယ်ခြင်းနှင့် လူသား၏ ဒုတိယအရိပ်အရာဖြစ်တဲ့ သေခြင်းရှိသောဘဝအကြောင်းကို လေ့လာခဲ့ရပါတယ်။ ရွေးနုတ်ရှင်က ကြေညာခဲ့ပါတယ်၊

“ဤသူတို့ နေထိုင်နိုင်ရန် မြေကြီးကိုလည်း ငါတို့ ဖန်ဆင်းကြမည်၊

“သူတို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်မှာလေသည့် ခပ်သိမ်းသောအရာမှန်သမျှကို သူတို့လုပ်ဆောင်ခြင်းရှိ မရှိ ဤနည်းအားဖြင့် ငါတို့စမ်းသပ်ကြမည်။”

ယခု ကျွန်တော်တို့အားလုံးဟာ ဘုရားသခင့်ကြီးမြတ်သောကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းအစီအစဉ်ကြီး၏ အစိတ်အပိုင်းအဖြစ် ဘုန်းကြီးသောနိုင်ငံတော်ဆီသို့ ချီတက်ခြင်း၏ ဒုတိယအရိပ်အရာ၌ ရောက်ရှိနေကြပါတယ်။ ကျွန်တော်တို့ဟာ ရွေးချယ်ခွင့်နှင့်အတူ ကောင်းချီးခံစားရပြီး သေခြင်းရှိခြင်းရဲ့စမ်းသပ်မှုများကို ခံရပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့အတွက် ဘုရားသခင်နဲ့တွေ့ဆုံဖို့ ပြင်ဆင်ရန် သတ်မှတ်ရမယ့်အချိန်ပါပဲ။ အစီအစဉ်တွင် ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အခန်းကဏ္ဍကို သိရှိရတာကြောင့် ကျွန်တော်တို့ကောင်းချီးခံစားရပါတယ်။ ကျွန်တော်တို့မှာ ပြန်လည်ဆောင်ယူထားသော ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်—ရဲ့အသင်းသားများဖြစ်လာရန် အခွင့်ထူးရှိပါတယ်။ ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များအနေနဲ့၊ ကိုယ်တော့်ပညတ်တွေကို အသက်ရှင်နေထိုင်ဖို့ ကျွန်တော်တို့ ကြိုးစားကြပါတယ်။ ကိုယ်တော်၏တပည့်တော်များအတွက် အဲ့ဒါဟာ တစ်ခါမှမလွယ်ကူခဲ့ပါဘူး။ ကယ်တင်ရှင်အတွက် သူ၏သေခြင်းရှိရာသာသနာကို သစ္စာရှိစွာဆောင်ရွက်ရန်လည်း မလွယ်ကူခဲ့ပါ။

ကျမ်းစာတွေက ရှင်းပါတယ်၊ အများစုက “စားလော့၊ သောက်လော့၊ ပျော်မွေ့လော့၊ အကြောင်းမူကား၊ ငါတို့သည် နက်ဖြန်နေ့၌ သေကြ” မယ်လို့ အလျော့ပေးပြီးရင်ဆိုင်ကြပါလိမ့်မယ်။ အခြားမယုံကြည်သူများဟာ “ထပ်ဆန်းသစ်သောအရာ” နှင့် လူသားများ၏ဒဿနများကို ထောက်ခံအားပေးတဲ့ စိတ်တူကိုယ်တူပါဝင်သူများရဲ့ မှောင်ရီသောနယ်မြေများဆီသို့ ဆုတ်ခွာသွားကြပါတယ်။၁၀ သမ္မာတရားကို အဘယ်နေရာ၌ ရှာရမည်ကို သူတို့မသိပါ။၁၁

ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များဟာ ဘယ်လမ်းကိုမျှ မလိုက်ကြပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နေထိုင်ရာ အဖွဲ့အစည်း၏ နွေးထွေးပြီး၊ ရင်းနှီးသောအသင်းသားများဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်၏သွန်သင်ချက်များကို လိုက်လျှောက်ရန် ဘုရားသခင်၏သားသမီးများအားလုံးကို ချစ်၍၊ မျှဝေကာ ဖိတ်ခေါ်ကြပါတယ်။၁၂ ကျွန်တော်တို့ရဲ့ချစ်လှစွာသော ပရောဖက်၊ ဥက္ကဋ္ဌ နယ်လဆင်ရဲ့၊ အကြံဉာဏ်ကို ကျွန်တော်တို့ လိုက်နာကြပါတယ်၊ ကျွန်တော်တို့“ငြိမ်းချမ်းစေသူရဲ့ အခန်းကဏ္ဍကို ယခုနဲ့ အမြဲတမ်းအတွက် ရွေးချယ်ကြပါတယ်။”၁၃ ဤလှုံဆော်ခံချဉ်းကပ်နည်းဟာ ကျမ်းစာများနှင့်ပရောဖက်ပြုချက် လမ်းညွှန်မှုနှစ်ခုစလုံးနှင့် ကိုက်ညီပါတယ်။

၁၈၂၉ ခုနှစ်တွင် ပြန်လည်ဆောင်ယူထားသော အသင်းတော်ကို မဖွဲ့စည်းရသေးသလို၊ မော်မုန်ကျမ်းကိုလည်း မထုတ်ဝေရသေးပါဘူး။ ဘုရားသခင်၏ဝိညာဉ်တော်စေ့ဆော်မှုကြောင့် ရုန်းကန်နေရသူ အဖွဲ့ငယ်တစ်စုဟာ ပရောဖက်ဂျိုးဇက်စမစ် နောက်လိုက်ခဲ့ကြပါတယ်။ ကိုယ်တော်ဟာ ခက်ခဲတဲ့အချိန်တွေအတွက် ဂျိုးဇက်ထံအကြံဉာဏ်ကို ထုတ်ဖော်ပြခဲ့ပါတယ်၊ “ကြောက်ခြင်းမရှိနှင့် သိုးငယ်စု။ ကောင်းမြတ်ခြင်းကိုပြုလော့။ မြေကြီးနှင့် ငရဲကိုသင်တို့တစ်ဖက်မှာ ပေါင်းစပ်ပါစေ။ အကြောင်းမူကား၊ သင်တို့ကို ငါ၏ကျောက်ပေါ်မှာ တည်ဆောက်ထားလျှင်၊ သူတို့မအောင်နိုင်ကြ။”၁၄ သူတို့ကိုလည်း ကိုယ်တော်အကြံဉာဏ်ပေးခဲ့ပါတယ်၊

“အတွေးအကြံ​မှန်သမျှ၌ ငါ့ကို မှီခို​အားကိုးလော့။ ယုံမှား​သံသယ​မရှိနှင့်။ ကြောက်ခြင်း​မရှိနှင့်။

“… သစ္စာရှိကြလော့။ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလော့။ သင်တို့သည်ကောင်းကင်နိုင်ငံတော်ကို အမွေခံရလိမ့်မည်။”၁၅

ရှင်းပါတယ်၊ ကျွန်တော်တို့ ဒုက္ခကြုံတွေ့ရတဲ့အခါ ကျွန်တော်တို့၏ကောင်းကင်ကြမ္မာဟာ ပြောင်းလဲခြင်းမရှိဘူးဆိုတာပါပဲ။ ဟေဗြဲကျမ်းတွင် ကျွန်တော်တို့အား “သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြ”၁၆ ဖို့ အကြံဉာဏ်ပေးထားပါတယ်။ ယေရှုခရစ်တော်ဟာ “ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူ”၁၇ ဖြစ်ပါတယ်။

သားဖြစ်သူ မော်ရော်နိုင်းအား ကိုးကားထားသော၊ မော်မုန်၏စကားများကို ကျွန်တော်နှစ်သက်ပါတယ်၊ “ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များ … လူသားတို့နှင့်​အတူ သင်တို့၏​ငြိမ်း​ချမ်းသော​အကျင့်တို့​ကြောင့်၊”၁၈ ဟု မိန့်တော်မူထားပါတယ်။

ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များဖြစ်ရန် ကြိုးစားနေသော အသင်းတော်ရှိ ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့၏သခင်၊ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ကို အာရုံစိုက်တဲ့အခါ ပိုမိုတောက်ပသောနေ့ဟာ ကျွန်တော်တို့ကိုစောင့်ကြိုနေပါတယ်။ စမ်းသပ်မှုတွေဟာ သေခြင်းရှိရာအသက်တာရဲ့ တစိတ်တပိုင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း လူသားတိုင်းရဲ့ အသက်တာမှာ ဖြစ်ပျက်နေပါတယ်။ ၎င်းတွင် နိုင်ငံများနှင့်တစ်ဦးချင်းအကြား ကြီးမားသောပဋိပက္ခများလည်း ပါဝင်ပါတယ်။

အသင်းတော်ခေါင်းဆောင်တွေကို မကြာခဏ မေးလေ့ရှိပါတယ်၊ “တရားမျှတသောဘုရားသခင်က အထူးသဖြင့် လူကောင်းများထံ၊ မကောင်းတဲ့အရာတွေ ဘာကြောင့်ဖြစ်ပျက်ခွင့်ပေးရတာလဲ။” ပြီးတော့ “ဖြောင့်မတ်သူတွေနဲ့ သခင်၏အမှုတော်မှာ ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေကနေ မလွတ်ကင်းရတာလဲ။”

အဖြေအားလုံးကို ကျွန်တော်တို့မသိကြပါ၊ သို့သော်လည်း၊ ကျွန်တော်တို့အယောက်စီအတွက် စောင့်မျှော်နေသော တောက်ပတဲ့အနာဂတ်တွင် ယုံကြည်ခြင်းနှင့် စိတ်ချမှုတို့ဖြင့် စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများနှင့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ဖို့ ခွင့်ပြုထားတဲ့ အရေးကြီးသောစည်းကမ်းများကို ကျွန်တော်တို့ သေချာသိကြပါတယ်။ လစ်ဘာတီအကျဉ်းထောင်တွင် အကျဉ်းသားဖြစ်ခဲ့စဉ်၊ ပရောဖက်ဂျိုးဇက်စမစ်ထံပေးခဲ့တဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ထက် ဆင်းရဲဒုက္ခကို ဖြတ်သန်းခြင်းနှင့်ပတ်သက်၍ သာ၍ကောင်းသောပုံသက်သေ ကျမ်းစာတွင်မရှိပါဘူး။

တစ်စိတ်တစ်ဒေသအားဖြင့် ကိုယ်တော်ရှင် မိန့်တော်မူသည်မှာ၊

“ငရဲ၏မေရိုးတို့က သင့်ကိုမျိုရန် နှုတ်ကိုဟ၍ ကျယ်ကျယ်ဖွင့်လျှင်၊ ခပ်သိမ်းသော ဤအရာတို့သည် သင့်အား အတွေ့အကြုံကို ပေးလိမ့်မည်၊ ထို့အတူ သင်၏ကောင်းကျိုးအတွက်ဖြစ်လိမ့်မည်

“လူ့သားတော်သည် အောက်အရပ် ခပ်သိမ်းသောလူတို့ဆီသို့ ဆင်းသက်တော်မူ၏။ သင်သည် သူ့ထက် သာ၍ကြီးမြတ်သလော။

“… လူသားပြုနိုင်သည့်အရာကို ကြောက်ခြင်းမရှိနှင့်၊ အကြောင်းမူကား၊ ဘုရားသခင်သည် သင်နှင့်အတူ ကာလအစဉ်အဆက်အမြဲရှိလိမ့်မည်။”၁၉

ရှင်းပါတယ် ကျွန်တော်တို့မှာ ကျွန်တော်တို့ကို ပုဂ္ဂိုလ်ရေးအရသိကျွမ်းပြီး ချစ်မြတ်နိုးသော ကျွန်တော်တို့၏ ဝေဒနာများကို အပြည့်အဝနားလည်ပေးသော ကောင်းကင်ဘုံရှင်အဘ ရှိပါတယ်။ သူ၏သားတော်၊ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင် ဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင် နှင့် ဥက္ကဋ္ဌ အမ်၊ ရပ်ဆဲလ် ဘဲလော့ဒ် တို့ဟာ ငါ၏ဧဝံဂေလိအားဟောကြားလော့ ရဲ့ဒုတိယမြောက်ထုတ်ဝေမှုအသစ်ရဲ့အရေးပါမှုကို အလေးအနက်ဖော်ပြခဲ့ကြပါတယ်။၂၀ သူတို့ရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော်ဝေမျှပါတယ်။ ဤထုတ်ဝေမှုအသစ်ဟာ၊ မြင့်မြတ်သောကျမ်းစာကို ချဲ့ထွင်ကာ၊ အားကောင်းစွာပဲ အောက်ပါတို့ကိုကြေညာထားပါတယ်။

“သူ၏အပြစ်ဖြေခြင်းယဇ်၌၊ ယေရှုခရစ်တော်သည် ကျွန်တော်တို့၏ နာကျင်မှုများ၊ ဆင်းရဲ​ဒုက္ခများနှင့်သူတို့၏​အနာ​ရောဂါ​ဝေဒနာများကို သူ့အပေါ်၌ ခံယူလိမ့်မည်။ ထို့အတွက်ကြောင့်၊ ကိုယ်တော်သည် ‘မိမိလူမျိုးတို့ကို သူတို့၏​အနာ​ရောဂါ​ဝေဒနာများ​အလျောက်၊ လူဇာတိ​အတိုင်း အဘယ်သို့​အားဖြင့် မစရမည်’ကို ​သိပါတယ် (အယ်လမာ ၇း၁၂၊ လည်းရှု အပိုဒ်ငယ် ၁၁)။ သူဟာ၊ ‘ငါ့ထံသို့ လာလော့၊’ ဟုဖိတ်ခေါ်ပါတယ်၊ ကျွန်တော်တို့လာလျှင်၊ ကိုယ်တော်ဟာ ကျွန်တော်တို့အား အနားယူခြင်း၊ မျှော်လင့်ခြင်း၊ ခွန်အား၊ တွေးခေါ်ပုံရှုထောင့်နှင့် ကုသခြင်းကို ပေးသနားပါတယ် (ရှင်မဿဲ ၁၁း၂၈၊ လည်းရှု အပိုဒ်ငယ် ၂၉-၃၀)။

“ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းကို အမှီပြုလျှင်၊ ကျွန်တော်တို့၏စမ်းသပ်မှုများ၊ ဖျားနာမှုများနှင့် နာကျင်မှုတို့ကို ခံနိုင်ရန် ကိုယ်တော်ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ရွှင်လန်းမှု၊ ငြိမ်သက်မှုနှင့် သက်သာမှုတို့ဖြင့် ပြည့်နှက်နိုင်ပါတယ်။ “ဘဝနှင့်စပ်လျဉ်းသော မမျှတသော အရာမှန်သမျှသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၂၁ မှန်ရာသို့ ရောက်နိုင်ပါတယ်။”

ကျွန်တော်တို့ဟာ ဝမ်းမြောက်စွာဖြင့် ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များဖြစ်နိုင်ပါတယ်။

သူ၏သားသမီးများအတွက် အဘ၏ပျော်ရွှင်ခြင်းအစီအစဉ်တွင် မြေကြီသားမတိုင်ခင်ဘဝနှင့်မြေကြီးသားဘဝ သာမက ကျွန်တော်တို့ ဆုံးရှုံးခဲ့ရသူများနှင့် ကြီးကျယ်ပြီး ဘုန်းအသရေရှိသော ပြန်လည်ပေါင်းစည်းခြင်းအပါအဝင်၊ ထာဝရအသက်တာ စွမ်းပကားလည်း ပါဝင်ပါတယ်။ မှားယွင်းမှုအားလုံး မှန်ကန်ပါလိမ့်မယ်၊ လုံးဝ ရှင်းလင်းတိကျ၊ အမှားကင်းတဲ့ ရှုထောင့်နဲ့ နားလည်မှုတို့နဲ့ တွေ့မြင်ရပါလိမ့်မယ်။

အသင်းတော်ခေါင်းဆောင်များသည် ဤရှုထောင့်ကို သုံးချက်တီးပြသည့် သရုပ်ဆောင်မှု၏အလယ်သို့ လျှောက်သွားသူတစ်ဦးနှင့် နှိုင်းယှဉ်ထားပါတယ်။၂၂ အဘအစီအစဉ်နှင့် ပတ်သက်၍ အသိပညာမရှိသူများဟာ ပထမသရုပ်ပြမှု (သို့မဟုတ် မြေကြီသားမတိုင်ခင်ဘဝတည်ရှိခြင်း)နှင့် ထိုတွင်တည်ထောင်ထားသော ရည်ရွယ်ချက်များကို နားမလည်ကြပါ၊ တတိယသရုပ်ပြမှုတွင် ပါလာသော အဘအစီအစဉ်၏ ဘုန်းအသရေ ပြည့်စုံသော ရှင်းလင်းချက်နှင့် သန္နိဋ္ဌာန်တို့ကိုလည်း၊ သူတို့နားမလည်ကြပါ။

အများစုဟာ သူတို့ကိုယ်ပိုင်အမှားတွေကြောင့်၊ အဆုံးစွန်ထိ ထိခိုက်မှုမရှိကြောင်း၊ အကျိုးသက်ရောက်မှုမရှိတဲ့ပုံပေါက်တဲ့သူ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသော အစီအစဉ်ရှိကြောင်း သဘောမပေါက်ကြပါ။၂၃

ကျမ်းစာများက ရှင်းပါတယ်၊ ဖြောင့်မတ်သူများ၊ ကယ်တင်ရှင်နောက်လိုက်၍ သူ၏ပညတ်တော်တို့ကို စောင့်ထိန်းသော ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များ ဟာ ကောင်းချီးပေးခံရပါလိမ့်မယ်။ ဘဝအခြေအနေ မည်သို့ပင်ရှိပါစေ ဖြောင့်မတ်သူများအတွက် အရေးကြီးဆုံးကျမ်းစာတစ်ခုမှာ၊ သူ၏လူမျိုးတို့အားမိန့်သော ဗင်္ယာမိန်မင်းကြီး၏မိန့်ခွန်းအပိုင်းတွင် ပါဝင်ပါတယ်။ ပညတ်တော်များကို သစ္စာရှိစွာ စောင့်ထိန်းသူများဟာ ဤအသက်တာတွင် အရာခပ်သိမ်း၌ ကောင်းချီးခံစားရကြောင်း၊ “ကောင်းကင်ဘုံ​ထဲသို့ ဝင်ခွင့်​ရ[၍] … အဘယ်တော့​မျှအဆုံး​မရှိသော ပျော်ရွှင်ခြင်း​အခြေ​အနေ၌ ဘုရားသခင်နှင့် အတူ​နေထိုင်နိုင်ကြ၏။”၂၄ ဟု ကိုယ်တော် ကတိပေးထားပါတယ်။

ကျွန်တော်တို့ အားလုံးနီးပါးဟာ ကျွန်တော်တို့အသက်တာများတွင် ခန္ဓာရေးရာနှင့် ဝိညာဉ်ရေးရာမုန်တိုင်း များ၊ အချို့ ပျက်စီးခြင်းထိလည်း ကြုံတွေ့ ခဲ့ရကြောင်း သိကြပါတယ်။ ကောင်းကင်ဘုံရှိ ချစ်လှစွာသောအဘနှင့် သူ၏သားတော်၊ သူ၏ပြန်လည်ဆောင်ယူထားသောအသင်းတော်၏ဦးခေါင်းဖြစ်သော ယေရှုခရစ်တော်တို့ဟာ ကျွန်တော်တို့အား ပြင်ဆင်ရန်၊ အန္တရာယ်များအကြောင်း သတိပေးရန်နှင့်၊ ပြင်ဆင်ကာကွယ်ဖို့ လမ်းညွှန်ချက်ပေးရန် ကျမ်းစာများနှင့် ပရောဖက်များ ပေးထားပါတယ်။ တချို့ လမ်းညွှန်ချက်တွေက ချက်ချင်းလုပ်ဆောင်ဖို့လိုအပ်ပြီး တချို့က အနာဂတ်မှာ နှစ်ပေါင်းများစွာ အကာအကွယ်ပေးဖို့ ပေးထားပါတယ်။ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၌ ကိုယ်တော်၏နိဒါန်း၊ အပိုဒ်ငယ် ၁၊ ကျွန်တော်တို့အား “ပရောဖက်များ၏ စကားများကို ပမာဏပြုလော့”၂၅ ဟုဆုံးမထားပါတယ်။

အပိုဒ်ငယ် ၁ တွင်လည်း ကျွန်တော်တို့အား “သင်တို့ ပြင်ဆင်ကြလော့၊ ဖြစ်လာမည့်အရာအတွက် သင်တို့ပြင်ဆင်ကြလော့၊” ဟုသတိပေးထားပါတယ်။၂၆ ကိုယ်တော်ဟာ သူ၏လူမျိုးတို့အား ရင်ဆိုင်ရမည့်စိန်ခေါ်ချက်များအတွက် ကြိုတင်ပြင်ဆင်ရန် အခွင့်အရေးပေးထားပါတယ်။

ကိုယ်တော်ဟာ ဆောင်းရာသီစု၌၊ ဇန်နဝါရီလ ၄ရက်နေ့၊ ၁၈၄၇ ခုနှစ်တွင် ဥက္ကဋ္ဌ ဘရင်ဂမ် ယန်း အား တန်ခိုးကြီးမားသော ဗျာဒိတ်တော်တစ်ခု ပေးခဲ့ပါတယ်။၂၇ ဤဗျာဒိတ်တော်ဟာ လာမည့်အရာအတွက် လူမျိုးတို့အား ကိုယ်တော်ပြင်ဆင်ပေးနေသော ဂန္ထဝင်ပြယုဂ်ဖြစ်ပါတယ်။ သစ္စာရှိသောသန့်ရှင်းသူများဟာ ဆော့လိတ်ချိုင့်ဝှမ်း တောင်ပေါ်ရှိ သန့်ရှင်းရာဌာနသို့ စတင်ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့ဟာ နော်ဗူးဗိမာန်တော်ကို အောင်မြင်စွာ တည်ဆောက်ခဲ့ကြပြီး မြင့်မြတ်သောကယ်တင်ရာဘိသိတ်မင်္ဂလာများကို လက်ခံရရှိခဲ့ကြပါတယ်။ သူတို့ဟာ မစ်ဆူရီမြို့ကနေ မောင်းထုတ်ခံရပြီး၊ သူတို့ရဲ့ညှဉ်းပန်းနှိပ်စက်သူတွေက သူတို့ကိုကြောက်စရာကောင်းတဲ့ ဆောင်းရာသီမှာ နော်ဗူးမြို့ကနေ မောင်းထုတ်ခဲ့ကြပါတယ်။ ဘရင်ဂမ်သို့ ဗျာဒိတ်တော်က ထွက်ခွာမှုအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်ပေးခဲ့ပါတယ်။ ကိုယ်တော်ဟာ ဆင်းရဲသား၊ မုဆိုးမများ၊ အဖမဲ့များ နှင့် သန့်ရှင်းသူများ အဓိကအဖွဲ့အဖြစ် မော်မုန်တပ်ရင်းတွင် အမှုထမ်းကြသူများ၏ မိသားစုများကို အန္တရာယ်များသော ခရီးတွင် လျှောက်လှမ်းရာတွင် ကြည့်ရှုစောင့်ရှောက်ရန် အထူးအလေးပေးဖော်ပြထားပါတယ်။

ကိုယ်တော်ဟာ ဖြောင့်မတ်စွာရှင်သန်ဖို့ အခြားအကြံပေးချက်အပြင်၊ ယနေ့ ဆက်လက်ကျင့်သုံးနိုင်မယ့် အခြားနိယာမနှစ်ခုကို ကိုယ်တော် အလေးပေးဖော်ပြထားပါတယ်။

ပထမအနေဖြင့်၊ ကိုယ်တော်က သူတို့အား “သီချင်းဆိုခြင်းဖြင့်၊ တေးဂီတဖြင့်၊ ကခြင်းဖြင့်၊ ထို့အတူ ချီးမွမ်းခြင်းနှင့်‌ ကျေးဇူးတော်ချီးမွမ်းခြင်းတို့၏ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ရှင်ကို ချီးမွမ်းကြလော့”၂၈ ဟု အားပေးခဲ့ပါတယ်။

ဒုတိယအနေဖြင့်၊ ကိုယ်တော်က သူတို့အား “ဝမ်းနည်းလျှင်၊ သင်၏ဘုရားသခင်ကိုယ်တော်ရှင်ကို ပဌနာပြုခြင်းအားဖြင့်တောင်းလျှောက်လော့၊ သင်၏စိတ်ဝိညာဥ် ရွှင်လန်း ဝမ်းမြောက်နိုင်စေကြောင်းပေတည်း။”၂၉ ဟု အကြံပေးခဲ့ပါတယ်။

ဒီသွန်သင်ချက်နှစ်ခုက ယနေ့အတွက် ကြီးမားတဲ့အကြံပေးချက်ဖြစ်ပါတယ်။ ချီးမွမ်းခြင်း၊ တေးဂီတနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ဖြင့် ပြည့်စုံသောအသက်တာများဟာ ထူးခြားသောာကောင်းချီးများဖြစ်ပါတယ်။ ဆုတောင်းခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်ပြီး ကောင်းကင်ဆိုင်ရာအကူအညီကို အားကိုးခြင်းဟာ ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များဖြစ်ရန် အစွမ်းထက်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုအမြဲရှိရန် ကြိုးစားခြင်းက စိတ်ဓာတ်ကျခြင်းကို ရှောင်ရှားရန် ကူညီပေးပါတယ်။

သဘောပေါက်လွယ်သောဓမ္မသီချင်းတစ်ပုဒ်ရဲ့ နောက်ဆုံးစာသားက လှပတဲ့နည်းနဲ့ အခြေခံအဖြေကို ဖော်ပြပေးတယ်၊ “ကမ္ဘာမြေကြီးမှာ အနာကို မကုသနိုင်တဲ့ ပူဆွေးမှုမရှိဘူး။”၃၀

ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါးအနေဖြင့်၊ “ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များ” ဟာ ဤအသက်တာတွင် ကိုယ်ပိုင်ငြိမ်းချမ်းခြင်းနှင့် ဘုန်းအသရေရှိသောကောင်းကင်ဆိုင်ရာပြန်လည်ဆုံစည်းမှုရရှိမှာဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကယ်တင်ရှင်၏ ဂုဏ်တော်နှင့် သူ၏အပြစ်ဖြေခြင်း၏အမှန်တရားကို ကျွန်တော် ယုံယုံကြည်ကြည်သက်သေခံပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။