အခန်းကြီး ၉
ကာကုပ်သည် ယုဒလူမျိုးတို့ သူတို့၏ကတိတော်မြေ၌ စုဝေးကြလိမ့်မည်ဖြစ်ကြောင်းကို ရှင်းပြ၏—အပြစ်ဖြေခြင်းမင်္ဂလာသည် လူသားကို ကျရှုံးခြင်းမှ ရွေးနှုတ်တော်မူ၏—သေသူတို့၏ ကိုယ်ခန္ဓာများသည် သင်္ချိုင်းတွင်းမှ လည်းကောင်း၊ သူတို့၏ဝိညာဉ်များသည် ငရဲနှင့် အတိသုခဘုံတို့မှ လည်းကောင်း ထွက်ပေါ်လာကြမည်—သူတို့သည် တရားစီရင်ခံရကြမည်—အပြစ်ဖြေခြင်းမင်္ဂလာသည် သေခြင်း၊ ငရဲ၊ နတ်ဆိုးနှင့် အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းတို့မှ ကယ်တင်တော်မူ၏—ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်ရကြ၏—အပြစ်များအတွက် ပြစ်ဒဏ်များကို ဖော်ပြထား၏—ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားသည် တံခါးမှူးဖြစ်တော်မူ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤအရာတို့ကို ငါဟောပြောလေ၍၊ ခပ်သိမ်းသော ဣသရေလအမျိုးသားတို့နှင့် ပဋိညာဉ်ပြုတော်မူလေသည့် ကိုယ်တော်ရှင်၏ ပဋိညာဉ်များအကြောင်းကို သင်တို့သိနိုင်ကြစေခြင်းမှာ—
၂ သူသည် ယုဒလူမျိုးတို့အား၊ သူတို့အမွေခံရာမြေသို့ ပြန်ရစေမည့်အချိန်၊ သူတို့၏ ခပ်သိမ်းသောကတိတော်မြေတို့ကို တည်ထောင်ရစေမည့် အချိန်တည်းဟူသော၊ ဘုရားသခင်၏ မှန်သော အသင်းတော်နှင့် သိုးစုသို့ သူတို့ပြန်လည်ဆောင်ယူခံရကြမည့် အချိန်ကျရောက်လာသည့် တိုင်အောင်၊ မိမိ၏သန့်ရှင်းသော ပရောဖက်တို့၏ နှုတ်အားဖြင့် ရှေးဦးစွာကတည်းကပင်၊ လူမျိုးအစဉ်အဆက် ဟောပြောတော်မူလေကြောင်းပေတည်း။
၃ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့၏သားမြေးတို့အပေါ် ကိုယ်တော်ရှင်ဘုရားသခင်ပေးတော်မူမည့် ကောင်းချီးမင်္ဂလာများကြောင့်၊ သင်တို့ ရွှင်လန်းဝမ်းမြောက်၍၊ ဦးခေါင်းကို အစဉ်အမြဲမော့နိုင်စေကြောင်း၊ ဤအရာများကို သင်တို့အား ငါပြော၏။
၄ အကြောင်းမူကား၊ ဖြစ်လာမည့်အရာများအကြောင်းကို သိရန်၊ သင်တို့မှ များစွာသောသူတို့လွန်စွာ ရှာဖွေကြသည်ကို ငါသိ၏။ သို့ဖြစ်၍၊ ငါတို့အသားဆွေးမြေ့၍၊ သေရကြမည်ကို သင်တို့သိကြောင်း ငါသိ၏။ အဘယ်သို့ပင်ဖြစ်စေ၊ ငါတို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ကို ငါတို့မြင်ရကြလိမ့်မည်။
၅ ထိုမှတစ်ပါး၊ ငါတို့လာခဲ့ကြသည့် ယေရုရှလင်မှလူများသို့ သူကိုယ်တိုင် ကိုယ်ထင်ပြမည့်အကြောင်း သင်တို့သိကြသည်ကို ငါသိ၏။ ထိုအမှု သူတို့၌ ဖြစ်ရမည်မှာ မရှိမဖြစ်လိုအပ်၏။ အကြောင်းမူကား၊ ကြီးမြတ်သည့် ဖန်ဆင်းရှင်သည် ခပ်သိမ်းသော လူသားတို့ကို သူ၏ဩဇာခံများ ဖြစ်လာကြစေခြင်းငှာ၊ သူ့ကိုယ်ကို ဇာတိကိုယ်ခန္ဓာ၌ရှိသော လူသား၏ ဩဇာခံဖြစ်လာစေရန် အခွင့်ပေးတော်မူ၍၊ ခပ်သိမ်းသော လူသားတို့အတွက် အသေခံတော်မူ၏။
၆ အကြောင်းမူကား၊ သေခြင်းသည် ခပ်သိမ်းသောလူသားများသို့ ရောက်လာသောကြောင့်၊ ကြီးမြတ်တော်မူသည့် ဖန်ဆင်းရှင်၏ ကရုဏာကြီးတော်မူသော အစီအစဉ်ကို ပြီးပြည့်စုံစေခြင်းငှာ၊ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး ရှိရမည်ဖြစ်၍၊ ကျရှုံးခြင်းကြောင့် လူသားများသို့ ရှင်ပြန်ထမြောက်ခြင်းကို ပေးရမည်။ လွန်ကျူးခြင်းကြောင့် ကျရှုံးခြင်းသည်လည်း ရောက်လာ၏။ လူသားသည် ကျရှုံးလာသောကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရကြ၏။
၇ သို့ဖြစ်၍၊ အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာ ရှိရပေမည်—အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာ မရှိလျှင်၊ ဤပုပ်ပျက်ခြင်းကို မပုပ်ပျက်ခြင်းနှင့် မခြုံနိုင်။ သို့ဖြစ်၍၊ လူသားသို့ ကျရောက်သည့် ပထမတရားစီရင်တော်မူခြင်းသည် အဆုံးမရှိသည့်ကာလတိုင်အောင် ဆက်၍တည်ရှိနေရမည်။ ထိုသို့ဆိုလျှင်၊ ဤကိုယ်ခန္ဓာသည် မထမြောက်ရတော့စေကြောင်း၊ လဲလျောင်း၍ ပုပ်ပျက်၍၊ အမိမြေကြီးသို့ ပြိုကျပျက်စီးရပေမည်။
၈ အို ဘုရားသခင်၏ဉာဏ်ပညာတော်၊ သူ၏ ကရုဏာတော်နှင့် ကျေးဇူးတော်တို့။ ရှုလော့၊ ကိုယ်ခန္ဓာသည် မထမြောက်ရတော့လျှင်၊ ငါတို့၏ဝိညာဉ်များသည် ထာဝရဘုရားသခင်၏ မျက်မှောက်ရှေ့မှ လဲကျသူ၊ မထမြောက်ရတော့သည့် နတ်ဆိုးဖြစ်လာခဲ့သူ ကောင်းကင်တမန်၏ဩဇာခံ ဖြစ်လာရကြပေမည်။
၉ ငါတို့၏ဝိညာဉ်များသည်လည်း သူကဲ့သို့ဖြစ်လာရကြမည်။ ငါတို့သည်လည်း နတ်ဆိုးများဖြစ်လာရကြမည်။ ငါတို့ဘုရားသခင်၏မျက်မှောက်တော်မှ ပိတ်ပင်ခြင်းကို ခံရရန်နှင့် မုသားတို့၏အဘနှင့်အတူ သူကဲ့သို့ ဝမ်းနည်းပူဆွေးမှု၌ ဆက်၍တည်ရှိစေရန်၊ နတ်ဆိုးအဖို့၊ ထိုမှတစ်ပါး၊ ငါတို့၏ပထမဦးဆုံးသောမိဘများကို လှည့်ဖြားသည့် သူ့ကိုယ်သူ အလင်း၏ ကောင်းကင်တမန်ဖြစ်ယောင်ဆောင်၍၊ လူ့အသက်သတ်သည့် လျှို့ဝှက်ဂိုဏ်းများနှင့် လျှို့ဝှက်သောမှောင်မိုက်ခြင်းအမှုအမျိုးမျိုးသို့ လူသားတို့ကို နှိုးဆော်သည့် ထိုသူအဖို့ ကောင်းကင်တမန်များ ဖြစ်လာရကြပေမည်။
၁၀ အို ဤကြောက်ရွံ့ဖွယ်ကောင်းသော ဘီလူး၏ချုပ်ကိုင်ခြင်း၊ အထူးသဖြင့် ထိုဘီလူး၊ ကိုယ်ခန္ဓာ၏ သေခြင်းနှင့် ဝိညာဉ်၏သေခြင်းဟုလည်း ငါခေါ်သည့် သေခြင်းနှင့် ငရဲမှ ငါတို့၏လွတ်မြောက်ခြင်း အတွက် နည်းလမ်းကို ပြင်ဆင်ပေးသူ ငါတို့ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းမှာ ကြီးလှပေစွတကား။
၁၁ ငါတို့၏ဘုရားသခင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၏ ကယ်လွှတ်တော်မူသည့် နည်းလမ်းတော်ကြောင့်၊ ဇာတိပကတိဖြစ်သော၊ ငါပြောထားလေသည့် ဤသေခြင်းသည် ၎င်း၏သေခြင်းကို လွှတ်ပေးလိမ့်မည်။ ထိုသေခြင်းကား၊ သင်္ချိုင်းတွင်း ဖြစ်၏။
၁၂ ဝိညာဉ်ပကတိသေခြင်းဖြစ်သော၊ ငါပြောထားလေသည့် ဤသေခြင်းသည် ၎င်း၏သေခြင်းကို လွှတ်ပေးလိမ့်မည်။ ထိုဝိညာဉ်ပကတိသေခြင်းကား၊ ငရဲ ဖြစ်၏။ သို့ဖြစ်၍၊ သေခြင်းနှင့် ငရဲတို့သည် မိမိတို့၏သေခြင်းကို လွှတ်ပေးရကြမည်ဖြစ်၍၊ ငရဲသည် မိမိ၏ဖမ်းဆီးချုပ်နှောင်သော ဝိညာဉ်များကို လွှတ်ပေးရမည်။ သင်္ချိုင်းတွင်းသည် မိမိဖမ်းဆီးချုပ်နှောင်သော ကိုယ်ခန္ဓာတို့ကို လွှတ်ပေးရမည်။ လူတို့၏ကိုယ်ခန္ဓာများနှင့် ဝိညာဉ်များသည် တစ်ခုနှင့်တစ်ခု ပြန်လည်ပေါင်းစည်းကြပေလိမ့်မည်။ ထိုအမှုမှာ၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအားဖြင့် ဖြစ်လေသတည်း။
၁၃ အို ငါတို့ဘုရားသခင်၏ အစီအစဉ်မှာ ကြီးမြတ်လှပေစွတကား။ အကြောင်းမူကား၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏အတိသုခဘုံသည် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များကို လွှတ်ပေးရမည်ဖြစ်၍၊ သင်္ချိုင်းတွင်းသည် ဖြောင့်မတ်သောသူတို့၏ ကိုယ်ခန္ဓာကို လွှတ်ပေးရပေမည်။ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည်လည်း မိမိကိုယ်တိုင်သို့ တစ်ဖန်ပြန်လည်ပေါင်းစည်း၍၊ ခပ်သိမ်းသော လူသားတို့သည် မပုပ်ပျက်တတ်ခြင်းနှင့် သေခြင်းမရှိသောအဖြစ်သို့ ရောက်လာကြ၍၊ ထိုအချိန်၌ ငါတို့၏အသိပညာသည်၊ စုံလင်ရာသို့ရောက်ရမည်မှတစ်ပါး၊ သူတို့သည် ဇာတိကိုယ်ခန္ဓာ၌ ရှိသော ငါတို့ကဲ့သို့ စုံလင်သောအသိပညာရှိ၍၊ အသက်ရှင်သောသူများ ဖြစ်ကြလေ၏။
၁၄ သို့ဖြစ်၍၊ ငါတို့၏အလုံးစုံသောအပြစ်ရောက်ခြင်း၊ ငါတို့၏မသန့်ရှင်းခြင်းနှင့် ငါတို့၏အဝတ်အချည်းအစည်းရှိခြင်းတို့အကြောင်းကို သိသည့် စုံလင်သောအသိပညာ ငါတို့မှာရှိကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် မိမိတို့ပျော်မွေ့ခြင်းနှင့် မိမိတို့၏ဖြောင့်မတ်ခြင်း အကြောင်းကိုသိသည့် စုံလင်သောအသိပညာရှိကြလိမ့်မည်ဖြစ်၍၊ စင်ကြယ်ခြင်းဖြင့်၊ အထူးသဖြင့်၊ ဖြောင့်မတ်ခြင်းဝတ်ရုံဖြင့်ပင် ဝတ်ဆင်ကြလိမ့်မည်။
၁၅ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ခပ်သိမ်းသောလူသားတို့သည် ဤပထမသေခြင်းမှ အသက်ရှင်ခြင်းသို့ ပြောင်းလဲလေလျှင်၊ သေခြင်းမရှိသောသူများဖြစ်လာကြသောကြောင့်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၏တရားပလ္လင်ရှေ့သို့ ရောက်ရှိလာကြလိမ့်မည်။ ထို့နောက်တွင်းကား၊ တရားစီရင်ခြင်းကျရောက်လာပြီးနောက်၊ သူတို့သည် ဘုရားသခင်၏သန့်ရှင်းတော်မူသော တရားစီရင်ခြင်းအတိုင်း တရားစီရင်ခံရကြမည်။
၁၆ ဖြောင့်မတ်သောသူတို့သည် ဖြောင့်မတ်လျက်ရှိနေကြလိမ့်ဦးမည်။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းလျက်ရှိနေကြလိမ့်ဦးမည်ဟူသော မပျက်စီးနိုင်သည့် သူ၏ထာဝရနှုတ်ကပတ်တော်ကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသောကြောင့်၊ ကိုယ်တော်ရှင်အမှန်အသက်ရှင်တော်မူသည်အတိုင်း၊ ဆက်ဆက်ဖြစ်လေ၏။ သို့ဖြစ်၍၊ ညစ်ညမ်းသောသူတို့သည်ကား၊ နတ်ဆိုးနှင့် သူ၏ကောင်းကင်တမန်များဖြစ်ကြ၍၊ သူတို့အတွက် ပြင်ဆင်ထားသည့် ထာဝရတည်မြဲသောမီးထဲသို့ သွားကြလိမ့်မည်။ သူတို့၏စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းမှာ၊ ကာလအစဉ်အဆက်၊ အမြဲတက်သည့်မီးလျှံတို့၏ ကန့်နှင့်ရောသောမီးအိုင်ကဲ့သို့ဖြစ်၍ အဆုံးမရှိ။
၁၇ အို ငါတို့ဘုရားသခင်၏ ကြီးမြတ်တော်မူခြင်းနှင့် တရားမျှတတော်မူခြင်းသည် ကြီးလှပေစွတကား။ အကြောင်းမူကား၊ သူသည် သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုတော်မူ၏။ ထိုနှုတ်ကပတ်တော်တို့သည်လည်း သူ၏နှုတ်မှ ထွက်သွား၍၊ သူ၏ပညတ်တရားကို ပြီးပြည့်စုံစေရပေမည်။
၁၈ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သောသူများ၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၏ သန့်ရှင်းသူများ၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကို ယုံကြည်လေသူများ၊ လောက၏ ညှဉ်းဆဲနှိပ်စက်မှုများကို သည်းခံ၍၊ ၎င်း၏အရှက်ခွဲခြင်းကို ဂရုမပြုလေသူများ၊ သူတို့သည် ကမ္ဘာတည်ကတည်းက မိမိတို့အတွက်ပြင်ဆင်ထားလေသော ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရကြလိမ့်မည်ဖြစ်၍၊ သူတို့၏ဝမ်းမြောက်ခြင်းမှာ၊ ကာလအစဉ်အဆက် ပြည့်စုံလိမ့်မည်။
၁၉ အို ငါတို့၏ဘုရားသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၏ ကရုဏာတော်သည် ကြီးမြတ်လှပေစွတကား။ အကြောင်းမူကား၊ သူသည် မိမိ၏သန့်ရှင်းသူတို့ကို ထိုကြောက်ရွံ့ဖွယ်ကောင်းသော ဘီလူးဖြစ်သည့်နတ်ဆိုး၊ သေခြင်း၊ ငရဲနှင့် အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းတည်းဟူသော ကန့်နှင့်ရောသည့် မီးအိုင်တို့မှ ကယ်လွှတ်တော်မူ၏။
၂၀ အို ငါတို့ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းသည် ကြီးမြတ်လှပေစွတကား။ အကြောင်းမူကား၊ သူသည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၍၊ သူမသိသည့်အရာ တစ်စုံတစ်ခုမျှမရှိ။
၂၁ သူသည် ခပ်သိမ်းသော လူသားတို့အား သူ၏အသံတော်ကို စေ့စေ့နားထောင်ကြမည်ဆိုလျှင်၊ ကယ်တင်နိုင်ခြင်းငှာ၊ လောကထဲသို့ ကြွလာတော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ခပ်သိမ်းသောလူသားတို့၏နာကျင်မှုများ၊ အထူးသဖြင့်၊ အာဒံ၏မိသားစုနှင့် ဆိုင်သောသူ၊ လူသတ္တဝါမှန်သမျှ၊ ယောက်ျား၊ မိန်းမနှင့်ကလေးများတို့၏ နာကျင်မှုများကို ခံစားတော်မူ၏။
၂၂ ဤသို့ သူခံစားသည်မှာ ခပ်သိမ်းသောလူသားတို့ ၌ ရှင်ပြန်ထမြောက်ခြင်း ဖြစ်လာစေခြင်းငှာ၊ ကြီးမြတ်သော တရားစီရင်ရာနေ့၌၊ သူ၏ရှေ့ ၌ ခပ်သိမ်းသောသူတို့ကို ရပ်ကြစေခြင်းငှာ ပေတည်း။
၂၃ သူသည် ခပ်သိမ်းသော လူသားတို့အား၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို စုံလင်သောယုံကြည်ခြင်းရှိ၍၊ နောင်တရ၍ သူ၏နာမတော်၌ ဗတ္တိဇံခံရမည့်အကြောင်း မိန့်တော်မူ၏။ သို့မဟုတ်လျှင်၊ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။
၂၄ သူတို့သည် နောင်တမရ၊ ထို့အတူ သူ၏နာမတော်ကို မယုံကြည်၊ ထို့အတူ သူ၏နာမတော်၌ ဗတ္တိဇံမခံ၊ ထို့အတူ အဆုံးတိုင်အောင် မတည်ကြည်လျှင်၊ အပြစ်စီရင် ခံရကြမည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားသည် ထိုသို့ ဟောတော်မူလေ၏။
၂၅ သို့ဖြစ်၍၊ ပညတ်တရားကို သူပြုထားတော်မူလေ၏။ ပညတ်တရား ပေးမထားသောနေရာ၌ အပြစ်ဒဏ်မရှိ။ ထို့အတူ၊ အပြစ်ဒဏ်မရှိသောနေရာ၌ ပြစ်ဒဏ်ချမှတ်ခြင်းမရှိ။ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသောနေရာ၌ အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၏ ကရုဏာတော်တို့သည် သူတို့အပေါ်အကျိုးပြုသက်ရောက်၏။ အကြောင်းမူကား၊ သူတို့သည် သူ၏တန်ခိုးတော်အားဖြင့် ကယ်လွှတ်ခံရကြ၏။
၂၆ အကြောင်းမူကား၊ ပညတ်တရား ပေးမထားလေသူများအတွက် အပြစ်ဖြေခြင်းမင်္ဂလာက သူ၏တရားတော်မူခြင်း၏လိုအပ်ချက်များကို ပြီးပြည့်စေသဖြင့်၊ သူတို့သည် ထိုကြောက်ရွံ့ဖွယ်ကောင်းသော ဘီလူး၊ သေခြင်း၊ ငရဲ၊ နတ်ဆိုးနှင့် အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းတည်းဟူသော ကန့်နှင့်ရောသောမီးအိုင်တို့မှ ကယ်လွှတ် ခံရကြ၏။ ထို့အတူ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် သူတို့အား အသက်ရှူခြင်းကို ပေးတော်မူသည့် ဘုရားသခင်ထံသို့ ပြန်လည်ဆောင်ယူ ခံရကြ၏။
၂၇ သို့ရာတွင်၊ ပြုထားတော်မူသောပညတ်တရား၊ အမှန်စင်စစ်၊ ငါတို့မှာကဲ့သို့ ဘုရားသခင်၏အလုံးစုံသော ပညတ်တော်များရှိ၍၊ ထိုပညတ်တို့ကို လွန်ကျူး၍၊ မိမိအစမ်းသပ်ခံကာလ၏နေ့ရက်များကို ဖြုန်းတီးသောသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ အလွန်ဆိုးရွားသည်မှာ ထိုသူ၏အခြေအနေဖြစ်၏။
၂၈ အို မာရ်နတ်၏ စဉ်းလဲလှသော အစီအစဉ်။ အို လူသား၏ စိတ်ကြီးဝင်ခြင်း၊ ချည့်နဲ့ခြင်းနှင့် မိုက်မဲခြင်းတို့။ သူတို့သည် အကြားအမြင်များသောအခါ ဉာဏ်ပညာရှိကြပြီဟု တွေး၍၊ ဘုရားသခင်၏သွန်သင်တော်မူခြင်းကို စေ့စေ့နားမထောင်ကြ။ အကြောင်းမူကား၊ မိမိတို့ကိုယ်တိုင်အားဖြင့် သိသည်ဟု ထင်၍၊ ဂရုမပြုဘဲနေကြ၏။ သို့ဖြစ်၍၊ သူတို့၏ ဉာဏ်ပညာသည် မိုက်မဲခြင်းဖြစ်၍၊ သူတို့ကို အကျိုးပြုခြင်းမရှိ။ ထို့အတူ သူတို့သည် ပျက်စီးကြလိမ့်မည်။
၂၉ သို့ရာတွင်၊ သူတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းများကို စေ့စေ့နားထောင်ကြလျှင်၊ အကြားအမြင်များခြင်းသည်ကား၊ ကောင်းမြတ်၏။
၃၀ သို့ရာတွင်၊ လောကအရာတို့၌ ကြွယ်ဝလေသည့် ကြွယ်ဝသောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် ကြွယ်ဝသောကြောင့်၊ ဆင်းရဲသားများကို မထီမဲ့မြင်ပြု၍၊ သိမ်မွေ့အောက်ကျို့သောသူတို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍၊ သူတို့၏စိတ်နှလုံးသည် သူတို့၏ဘဏ္ဍာများအပေါ်၌ ရှိလေ၏။ သို့ဖြစ်၍၊ သူတို့၏ဘဏ္ဍာသည် သူတို့၏ဘုရားဖြစ်၏။ ရှုဦးလော့၊ သူတို့၏ဘဏ္ဍာများသည်လည်း သူတို့နှင့်အတူ ပျက်စီးလိမ့်မည်။
၃၁ နားမထောင်မည့် နားပင်းသောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပျက်းစီးကြလိမ့်မည်။
၃၂ မကြည့်မည့် မျက်စိမမြင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်လည်း ပျက်စီးကြလိမ့်မည်။
၃၃ စိတ်နှလုံးအားဖြင့်အရေပြားလှီးခြင်းကို မခံသောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ဒုစရိုက်များအကြောင်း အသိပညာက နောက်ဆုံးသောနေ့၌ သူတို့ကို ဒဏ်ခတ်လိမ့်မည်။
၃၄ မုသားပြောသောသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် ငရဲသို့တိုင်အောင်ပစ်ချခံရလိမ့်မည်။
၃၅ လူ့အသက်ကို တမင်သက်သက်၊ သတ်သောသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် သေရလိမ့်မည်။
၃၆ မတရားသောမေထုန်အမှုများကို ကျူးလွန်သောသူတို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ငရဲသို့ ပစ်ချ ခံရကြလိမ့်မည်။
၃၇ ထိုမှတစ်ပါး၊ ရုပ်တုများကို ကိုးကွယ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ခပ်သိမ်းသော နတ်ဆိုးတို့၏နတ်ဆိုးမင်းသည် ထိုအရာတို့၌ မွေ့လျော်၏။
၃၈ အချုပ်အားဖြင့်၊ မိမိတို့၏အပြစ်များ၌ သေသည့် သူခပ်သိမ်းတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ထံသို့ ပြန်လာကြလိမ့်မည်၊ သူ၏မျက်နှာတော်ကို မြင်ကြသော်လည်း၊ သူတို့၏ အပြစ်များ၌ ဆက်၍တည်ရှိနေကြ၏။
၃၉ အို ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ထိုသန့်ရှင်းတော်မူသောဘုရားသခင်ကိုဆန့်ကျင်၍၊ လွန်ကျူးခြင်း၌ အလွန်ဆိုးရွားခြင်းနှင့် ထိုစဉ်းလဲသောနတ်ဆိုး၏သွေးဆောင်ခြင်းများသို့ အလျှော့ပေးခြင်း၏ အလွန်ဆိုးရွားခြင်းကိုလည်း အောက်မေ့ကြလော့။ လောကီဆိုင်ရာစိတ်သဘောသည် သေခြင်းဖြစ်၍၊ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ထာဝရရှင်ရာဖြစ်ကြောင်းကို သတိရကြလော့။
၄၀ အို ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါ၏စကားများကို နားညောင်းကြလော့။ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၏ကြီးမြတ်တော်မူခြင်းကို အောက်မေ့ကြလော့။ ငါသည် သင်တို့ကို ဆန့်ကျင်၍၊ ခက်ခဲသောအရာများကို ပြောလေပြီဟု မဆိုကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ဆိုကြလျှင်၊ သမ္မာတရားကို ဆန့်ကျင်ကဲ့ရဲ့ပြောဆိုကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ငါပြောလေပြီ။ သမ္မာတရားနှုတ်ကပတ်တော်များသည် ခပ်သိမ်းသော မသန့်ရှင်းခြင်းတို့နှင့်ဆန့်ကျင်၍ ခက်ခဲကြောင်းကို ငါသိ၏။ သို့ရာတွင်၊ ဖြောင့်မတ်သောသူတို့သည် သမ္မာတရားကို ချစ်သောကြောင့်၊ ထိုအရာတို့ကို ကြောက်ခြင်းမရှိ၍၊ မတုန်လှုပ်ကြ။
၄၁ အို ထိုသို့ဆိုလျှင်၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့ ကိုယ်တော်ရှင်၊ သန့်ရှင်းတော်မူသောဘုရားထံသို့ လာကြလော့။ သူ၏လမ်းခရီးတော်တို့ ဖြောင့်မတ်တော်မူကြသည်ကို သတိရကြလော့။ ရှုလော့၊ လူသားအတွက် လမ်းသည်ကျဉ်းမြောင်းသော်လည်း၊ သူ့ရှေ့ ၌ ဖြောင့်သောလမ်းကြောင်းမှာရှိ၍၊ တံခါးမှူးသည်ကား၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်၏။ သူသည်အဘယ်အစေခံကိုမျှ မခန့်ထား။ ထိုတံခါးမှတစ်ပါး၊ အခြားအဘယ်လမ်းမျှမရှိ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်ဟူသည်ကား၊ သူ၏နာမတော်ဖြစ်သောကြောင့်၊ သူ့ကို မလှည့်စားနိုင်။
၄၂ ခေါက်သောသူမှန်သမျှကို သူဖွင့်ပေးတော်မူလိမ့်မည်။ မိမိတို့၏အကြားအမြင်များခြင်း၊ မိမိတို့၏ဉာဏ်ပညာနှင့် မိမိတို့၏စည်းစိမ်ဥစ္စာများကြောင့်၊ မာနထောင်လွှားသော သူများဖြစ်သည့် ဉာဏ်ပညာရှိသူ၊ စာတတ်သူနှင့် ကြွယ်ဝသောသူ—အမှန်စင်စစ်၊ ထိုသူတို့သည်ကား၊ သူဂရုမပြုသောသူများဖြစ်ကြ၏။ ဤအရာတို့ကို စွန့်ပစ်ခြင်း၊ ဘုရားသခင်ရှေ့၌ မိမိတို့ကိုယ်ကို လူမိုက်များဟုမှတ်ယူခြင်း၊ နက်လှစွာသောနှိမ့်ချခြင်းဖြင့် ဆင်းလာခြင်းတို့ မရှိကြလျှင်၊ ထိုသူတို့အတွက် သူဖွင့်ပေးတော်မူလိမ့်မည်မဟုတ်။
၄၃ သို့ရာတွင်၊ ဉာဏ်ပညာရှိသူနှင့် ပညာတတ်တို့၏အရာများ—အထူးသဖြင့်၊ သန့်ရှင်းသူတို့အတွက် ပြင်ဆင်ထားသော ထိုပျော်ရွှင်မှုကို သူတို့ထံမှ ကာလအစဉ်အဆက် ကွယ်ဝှက်၍ထားလေ၏။
၄၄ အို ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါ၏စကားများကို သတိရကြလော့။ ရှုလော့၊ ငါသည် ငါ၏အဝတ်တန်ဆာများကိုချွတ်၍၊ သင်တို့ရှေ့၌ ခါလိုက်၏။ ငါ၏ ကယ်တင်ခြင်း၏ဘုရားသခင်သည် အလုံးစုံတို့ကို စစ်ဆေးတော်မူသည့် မျက်လုံးတော်ဖြင့်၊ ငါ့ကိုကြည့်ရှုတော်မူမည့်အကြောင်း၊ ငါဆုတောင်း၏။ သို့ဖြစ်၍၊ ခပ်သိမ်းသောလူတို့ သူတို့၏အမှုများကို တရားစီရင်ခံရကြမည့်အချိန်၌၊ ငါသည် သင်တို့၏ဒုစရိုက်များကို ငါ့ဝိညာဉ်မှ ခါလိုက်သည်ကိုလည်းကောင်း၊ ငါသည် သူ၏ရှေ့၌ အသရေရှိစွာရပ်၍၊ သင်တို့၏အသွေးနှင့် ကင်းစင်သည်ကိုလည်းကောင်း ဣသရေလအမျိုး၏ဘုရားသခင်သက်သေခံတော်မူလေသည်ကို နောက်ဆုံးသောနေ့၌ သင်တို့သိကြလိမ့်မည်။
၄၅ အို ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့၏အပြစ်များကို ကျောခိုင်းကြလော့။ သင့်တို့ကို ခိုင်မြဲစွာချည်နှောင်လိုသောသူ၏ သံကြိုးတို့ကို ခါချလိုက်ကြလော့။ သင်တို့ကယ်တင်ခြင်း၏ကျောက်ဖြစ်သူ ထိုဘုရားသခင်ထံသို့ လာကြလော့။
၄၆ တရားမျှတတော်မူခြင်းကို ဖြောင့်မတ်သောသူများသို့ ပေးတော်မူမည့် ထိုအသရေထင်ရှားသောနေ့၊ တရားစီရင်တော်မူရာနေ့အတွက် သင်တို့၏စိတ်ဝိညာဉ်များကို ပြင်ဆင်ကြလော့။ သင်တို့သည် ကြောက်ရွံ့ဖွယ်ကောင်းသောအကြောက်တရားနှင့် တွန့်ဆုတ်မသွားနိုင်စေခြင်းငှာ၊ သင်တို့၏ အလွန်ဆိုးရွားသော အပြစ်ရောက်ခြင်းကို စုံလင်စွာမအောက်မေ့နိုင်စေခြင်းငှာနှင့် ကိုယ်တော်၏တရားစီရင်တော်မူခြင်းတို့သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ အို ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်—သို့ရာတွင်၊ အကျွန်ုပ်၏အပြစ်ရောက်ခြင်းကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်၏ပညတ်တရားကို အကျွန်ုပ်လွန်ကျူး၍၊ အကျွန်ုပ်၏လွန်ကျူးခြင်းတို့သည် အကျွန်ုပ်၏အမှုများဖြစ်ပါ၏။ နတ်ဆိုးသည်လည်း အကျွန်ုပ်ကို ရရှိသဖြင့်၊ အကျွန်ုပ်သည် သူ၏အလွန်ဆိုးရွားသော ဝမ်းနည်းပူဆွေးမှုများ၏ သားကောင်ဖြစ်ရပြီဟု ဟစ်ကြွေးရန် အတင်းစေခိုင်း မခံရစေခြင်းငှာပေတည်း။
၄၇ သို့ရာတွင်၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ဤအရာများ၏ ကြောက်ရွံ့ဖွယ်ကောင်းသော အဖြစ်မှန်ကို သင်တို့အား ငါနှိုးပေးရမည်မှာ၊ မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သလော။ သင်တို့၏စိတ်များ စင်ကြယ်လျှင်၊ သင်တို့၏စိတ်ဝိညာဉ်တို့ကို ငါညှဉ်းပန်းရမည်လော။ သင်တို့သည် အပြစ်မှကင်းလျှင်၊ သမ္မာတရား၏ပွင့်လင်းခြင်းအတိုင်း သင်တို့အပေါ် ၌ ငါပွင့်လင်းရမည်လော။
၄၈ ရှုလော့၊ သင်တို့သန့်ရှင်းကြလေလျှင်၊ သန့်ရှင်းခြင်းအကြောင်းကို သင်တို့အား ငါပြောပေမည်။ သို့ရာတွင်၊ သင်တို့မသန့်ရှင်းကြ၍၊ ငါ့ကို ဆရာတယောက်အဖြစ်မှတ်ယူကြလေသဖြင့်၊ အပြစ်၏အကျိုးဆက်များကို သင်တို့အား ငါသွန်သင်ပေးရမည်မှာ မရှိမဖြစ်လိုအပ်သည့်အရာ ဖြစ်ရပေမည်။
၄၉ ရှုလော့၊ ငါ့စိတ်ဝိညာဉ်သည် အပြစ်ကို စက်ဆုပ်၍၊ ငါ့စိတ်နှလုံးက ဖြောင့်မတ်ခြင်း၌ မွေ့လျော်၏။ ငါသည် ငါ့ဘုရားသခင်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းမည်။
၅၀ လာကြလော့၊ ငါ၏ညီအစ်ကိုတို့၊ ရေငတ်သူမှန်သမျှတို့ ရေရှိရာသို့လာကြလော့။ ငွေမရှိသောသူ၊ လာဝယ်၍၊ စားလော့။ အထူးသဖြင့်၊ စပျစ်ရည်နှင့် နို့ကို ငွေမပေးဘဲ အဖိုးအခမပေးဘဲလာ၍ ဝယ်လော့။
၅၁ သို့ဖြစ်၍၊ အဖိုးမထိုက်သည့်အရာအဖို့ ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သောအရာအဖို့ သင့်လုပ်အားကိုလည်းကောင်း မသုံးလေနှင့်။ ငါ့ကို လုံ့လဝီရိယထက်သန်စွာ စေ့စေ့နားထောင်၍၊ ငါပြောသောစကားများကို သတိရ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားထံသို့လာ၍၊ မပျက်စီး၊ မပုပ်ပျက်နိုင်သည့်အရာကို ပွဲခံပျော်မွေ့၍၊ သင့်စိတ်ဝိညာဉ်ကို ကောင်းသည့်အစာများစွာတို့၌ မွေ့လျော်စေလော့။
၅၂ ရှုလော့၊ ငါ၏ ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ဘုရားသခင်၏နှုတ်ကပတ်တော်များကို သတိရကြလော့။ နေ့အချိန်၌ သူ့ထံသို့ အစဉ်မပြတ် ဆုတောင်းကြလော့။ ညဉ့်အချိန်၌ သူ၏သန့်ရှင်းသောနာမတော်ကို ကျေးဇူးတော် ချီးမွမ်းကြလော့။ သင်တို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေကြလော့။
၅၃ ရှုဦးလော့၊ ကိုယ်တော်ရှင်၏ပဋိညာဉ်များသည် ကြီးမြတ်တော်မူလှပေစွတကား။ လူသားများသို့ သူ၏ကိုယ့်ကိုယ်ကို နှိမ့်ချတော်မူခြင်းများကလည်း ကြီးမြတ်လှပေစွတကား။ သူ၏ကြီးမြတ်တော်မူခြင်း၊ သူ၏ကျေးဇူးတော်နှင့် ကရုဏာတော်တို့ကြောင့် ငါတို့၏အမျိုးအနွယ်တို့သည် လူဇာတိအတိုင်း ရှင်းရှင်းဖျက်ဆီးမခံရကြဘဲ၊ သူကာကွယ်စောင့်မတော်မူမည့် အကြောင်း ကတိထား တော်မူ၏။ အနာဂတ်မျိုးဆက်တို့၌လည်း ထိုသူတို့သည် ဣသရေလအမျိုးသားတို့အဖို့ ဖြောင့်မတ်သောသူတစ်စု ဖြစ်လာ ပေလိမ့်မည်။
၅၄ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့ကို ငါထပ်၍ပြောလို၏။ သို့ရာတွင်၊ နက်ဖြန်နေ့၌ ငါ့စကားများမှ ကျန်ကြွင်းသည်တို့ကို သင်တို့အား ငါဟောကြားဦးမည်။ အာမင်။