အခန်းကြီး ၄
လေဟိသည် သူ၏အမျိုးအနွယ်ကို အကြံပေး၏၊ ကောင်းချီးလည်းပေး၏—သူသေ၍ သင်္ဂြိုဟ်ခံ၏—နီဖိုင်းသည် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ ရွှင်လန်းဝမ်းမြောက်၏—နီဖိုင်းသည် ကိုယ်တော်ရှင်ကို ကာလအစဉ်အဆက်ကိုးစား၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ယခုမူကား၊ ငါ၊ နီဖိုင်းသည်၊ အဲဂုတ္တုပြည်သို့ ဆောင်ယူခံခဲ့ရသော ယောသပ်နှင့်စပ်လျဉ်း၍၊ ငါ့အဘပြောလေသည့် ပရောဖက်ပြုဟောချက်များအကြောင်းကို ပြော၏။
၂ အကြောင်းမူကား၊ ရှုလော့၊ သူသည် သူ၏အမျိုးအနွယ်ခပ်သိမ်းတို့အကြောင်းကို အမှန်ပင်ပရောဖက်ပြု၍ဟောခဲ့၏။ သူရေးခဲ့သော ပရောဖက်ပြုဟောချက်များထက် ပို၍အရေးကြီးသည့်အရာ မရှိ။ သူသည် ငါတို့နှင့် ငါတို့၏အနာဂတ်မျိုးဆက်များအကြောင်း ပရောဖက်ပြု၍ဟောခဲ့၏။ ထိုစကားများကို ကြေးပုရပိုက်ပြားများပေါ်၌ ရေးထား၏။
၃ သို့ဖြစ်၍၊ ငါ့အဘသည် ယောသပ်၏ ပရောဖက်ပြုဟောချက်များအကြောင်း ပြောဆိုခြင်းကို လက်စသတ်ခဲ့လေပြီးမှ၊ လာမန်၏သားသမီးများ၊ မိမိ၏သားများနှင့် မိမိ၏သမီးများကိုခေါ်၍၊ ပြောလေသည်မှာ၊ ရှုလော့၊ ငါ့သားဦး၏သားသမီးများဖြစ်သော ငါ့သားများနှင့် ငါ့သမီးများတို့၊ ငါ၏စကားများကို သင်တို့နားညောင်းကြစေကြောင်း ငါအလိုရှိ၏။
၄ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်မှာ၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြသမျှ၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်။ ငါ၏ပညတ်တော်များကို မစောင့်ထိန်းကြသမျှ၊ ငါ၏မျက်မှောက်မှ ပယ်ရှင်းခံရကြလိမ့်မည်။
၅ သို့ရာတွင်၊ ငါ့သားများနှင့် ငါ့သမီးများတို့၊ ရှုလော့၊ ငါသည် သင်တို့အပေါ် ကောင်းချီးမင်္ဂလာကို မပေးရလျှင်၊ ငါ့သင်္ချိုင်းတွင်းသို့ ဆင်းမသွားနိုင်။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် သွားရမည့် လမ်းအတိုင်း ပြုစုပျိုးထောင်ခံရလျှင်၊ ထိုလမ်းမှ စွန့်ခွာမသွားမည်ကို ငါသိ၏။
၆ သို့ဖြစ်၍၊ သင်တို့အကျိန်ခံရလျှင်၊ ရှုလော့၊ ငါသည် ထိုကျိန်ခြင်းအမင်္ဂလာကို သင်တို့ထံမှယူ၍၊ သင်တို့မိဘများ၏ ဦးခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ သင်တို့အပေါ်၌ ငါ၏ကောင်းချီးမင်္ဂလာကို ပေး၏။
၇ သို့ဖြစ်၍၊ ငါ၏ကောင်းချီးမင်္ဂလာကြောင့်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သင်တို့ပျက်စီးရစေကြောင်း အခွင့်ပေးတော်မူမည်မဟုတ်။ သို့ဖြစ်၍၊ သူသည် သင်တို့နှင့် သင်တို့၏အမျိုးအနွယ်တို့ကို ကာလအစဉ်အဆက် ကရုဏာကြီးတော်မူလိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် လာမန်၏သားများနှင့်သမီးများတို့အား ပြောဆိုခြင်းကို လက်စသတ်ခဲ့လေပြီးမှ၊ လေမွေလ၏သားများနှင့် သမီးများတို့ကို သူ့ရှေ့သို့ ခေါ်ဆောင်စေ၏။
၉ ထို့နောက်၊ သူတို့ကို ဆိုလေသည်ကား၊ ရှုလော့၊ ငါ့ဒုတိယသား၏ သားများနှင့်သမီးများဖြစ်ကြသော ငါ့သားများနှင့် သမီးများတို့၊ ရှုလော့၊ လာမန်၏သားများနှင့် သမီးများတို့အား ပေးခဲ့သည်နှင့်တူသော ကောင်းချီးမင်္ဂလာကို သင်တို့အား ငါပေး၏။ သို့ဖြစ်၍၊ သင်တို့ရှင်းရှင်းဖျက်ဆီးမခံရ။ ထို့ပြင်၊ နောက်ဆုံး၌ သင်တို့၏အမျိုးအနွယ်များ ကောင်းချီးခံစားရလိမ့်မည်။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် သူတို့အား ပြောဆိုခြင်းကို လက်စသတ်လေပြီးလျှင်၊ ရှုလော့၊ ဣရှမေလ၏သားများနှင့် အထူးသဖြင့် သူ၏အိမ်သူအိမ်သားခပ်သိမ်းတို့ကိုပင် ပြောလေ၏။
၁၁ သူတို့အား ပြောဆိုခြင်းကို လက်စသတ်လေပြီးမှ၊ ရှမ်ကို ပြောလေသည်ကား၊ သင်နှင့် သင်၏အမျိုးအနွယ်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်သည် သင်၏ညီနီဖိုင်းကဲ့သို့ပင် ဤပြည်ကို အမွေခံရလိမ့်မည်။ သင်၏အမျိုးအနွယ်တို့သည် သူ၏အမျိုးအနွယ်တို့နှင့်အတူ ရေတွက်ခံရလိမ့်မည်။ သင်သည်လည်း သင်၏ညီကဲ့သို့ပင်ဖြစ်၍၊ သင်၏အမျိုးအနွယ်သည် သူ၏အမျိုးအနွယ် ကဲ့သို့ပင်ဖြစ်လိမ့်မည်။ သင်၏အသက်တာတစ်လျှောက်လုံး၌လည်း ကောင်းချီးခံစားရလိမ့်မည်။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘလေဟိသည် သူ့စိတ်နှလုံး၏ခံစားချက်နှင့် သူ့ကိုယ်ထဲ၌ရှိသော ကိုယ်တော်ရှင်၏ဝိညာဉ်တော်အတိုင်း သူ၏အိမ်သူအိမ်သားခပ်သိမ်းတို့ကို ပြောပြလေပြီးနောက်၊ အိုမင်းလာ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသေ၍၊ သင်္ဂြိုဟ်ခံ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသေပြီးနောက်၊ နေ့များစွာမကြာမီ၌၊ ကိုယ်တော်ရှင်၏ဆုံးမခြင်းများကြောင့်၊ လာမန်၊ လေမွေလနှင့် ဣရှမေလ၏သားတို့သည် ငါ့ကို အမျက်ထွက်ကြ၏။
၁၄ အကြောင်းမူကား၊ ငါနီဖိုင်းသည် သူ၏နှုတ်ကပတ်တော်အတိုင်း ပြောရန် အတင်းစေခိုင်းခံရ၏။ အကြောင်းမူကား၊ ငါသည် သူတို့အား များစွာသောအရာတို့ကို ပြောလေပြီ။ ငါ့အဘကလည်း သူမသေမီက ပြောခဲ့၏။ ထိုပြောခဲ့သောစကားများ၏ အများစုကို ငါ၏အခြားပုရပိုက်ပြားများပေါ်၌ ရေးထား၏။ အကြောင်းမူကား၊ သမိုင်းကြောင်းပို၍များသောအပိုင်းကို ငါ၏အခြားပုရပိုက်ပြားများပေါ်၌ ရေးထား၏။
၁၅ ၎င်းတို့အပေါ်၌၊ ငါ့ဝိညာဉ်၏အမှုအရာများကို ငါရေး၏၊ ကြေးပုရပိုက်ပြားများပေါ်၌ ရေးထွင်းထားသည့် များစွာသောကျမ်းစာများလည်းရှိ၏။ အကြောင်းမူကား၊ ငါ့ဝိညာဉ်သည် ကျမ်းစာများ၌ မွေ့လျော်၏၊ ငါ့စိတ်နှလုံးကလည်း ၎င်းတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်၏၊ ငါ့သားမြေးတို့၏ သင်ယူခြင်းနှင့်အကျိုးအတွက် ၎င်းတို့ကို ရေး၏။
၁၆ ရှုလော့၊ ငါ့ဝိညာဉ်သည် ကိုယ်တော်ရှင်၏အမှုအရာတို့၌ မွေ့လျော်၏။ ငါ့စိတ်နှလုံးကလည်း ငါမြင်ရ၊ ကြားရလေသောအရာများကို အစဉ်မပြတ် မှတ်ကျုံး၍စဉ်းစားဆင်ခြင်၏။
၁၇ အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်၏ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုများကို ငါ့ကို ပြရာ၌ သူ၏ကြီးစွာသော ကောင်းမြတ်ခြင်းရှိသော်ငြားလည်း၊ အို ငါသည် ပူဆွေးသောကများလှသူပါတကားဟု ငါ့စိတ်နှလုံးက ဟစ်ကြွေး၏။ ထိုမှတစ်ပါး၊ ငါ၏လူဇာတိသဘောကြောင့်၊ ငါ့စိတ်နှလုံးက ဝမ်းနည်း၏။ ငါ၏ဒုစရိုက်များကြောင့် ငါ့ဝိညာဉ်က ဝမ်းနည်းပူဆွေး၏။
၁၈ ငါ့ကို အလွန်လွယ်ကူစွာဒုက္ခပေးသော သွေးဆောင်ဖြားယောင်းခြင်းများနှင့် အပြစ်များကြောင့်၊ ငါသည် ပတ်လည်ဝိုင်းထားခံရ၏။
၁၉ ငါသည်ရွှင်လန်းဝမ်းမြောက်လိုသောအခါ၌၊ ငါ၏အပြစ်များကြောင့် ငါ့စိတ်နှလုံးက ညည်းတွား၏။ အဘယ်သို့ပင်ဖြစ်စေ၊ ငါကိုးစားပြီးလေပြီဖြစ်သည့်သူကို သိ၏။
၂၀ ငါ၏ဘုရားသခင်သည် ငါ၏အထောက်အမဖြစ်လေပြီ။ သူသည် ငါ့ကို တောရိုင်းထဲ၌ ငါ၏ဆင်းရဲဒုက္ခများတစ်လျှောက်၌ ဆောင်တော်မူလေပြီ။ မဟာသမုဒ္ဒရာရေများပေါ်၌လည်း ငါ့ကို ကာကွယ်စောင့်မတော်မူလေပြီ။
၂၁ ငါ့ကိုယ်ခန္ဓာကို ဝါးမျိုထားသည်အထိပင်၊ ငါ့ကို သူ၏ချစ်ခြင်းနှင့် ပြည့်စေတော်မူလေပြီ။
၂၂ သူသည် ငါ၏ရန်သူများကို ငါ၏ရှေ့ ၌တုန်လှုပ်စေသည့်တိုင်အောင် အရှက်ရစေတော်မူလေပြီ။
၂၃ ရှုလော့၊ နေ့အချိန်၌ ငါ၏တောင်းလျှောက်ခြင်းကို ကြား၍၊ ညအချိန်၌ ရူပါရုံတို့အားဖြင့် ငါ့အား အသိပညာကို ပေးတော်မူခဲ့လေပြီ။
၂၄ နေ့အချိန်တွင် ငါသည်သူ့ရှေ့ ၌ အားကြီးသောဆုတောင်းခြင်းဖြင့် ရဲရင့်လာလေပြီ။ ထိုမှတစ်ပါး၊ ငါ့အသံကို အထက်သို့ ငါတက်စေလေပြီ။ ကောင်းကင်တမန်များလည်း၊ ဆင်းလာ၍ ငါ့ကို အမှုတော်ဆောင်ကြ၏။
၂၅ သူ့ဝိညာဉ်တော်၏အတောင်များပေါ်၌ ငါ့ကိုယ်ခန္ဓာကို တင်၍၊ အလွန်မြင့်သည့် တောင်များပေါ်သို့ သယ်ဆောင်သွားတော်မူလေပြီ။ ငါ့မျက်လုံးများကလည်း၊ ကြီးစွာသောအရာများ၊ အမှန်စင်စစ်၊ လူသားအတွက် အလွန်ကြီးစွာသောအရာများကိုပင် မြင်ရ၏။ ထို့ကြောင့်၊ ငါသည် ၎င်းတို့ကို မရေးသင့်ကြောင်း မိန့်တော်မူခံရလေ၏။
၂၆ အို ဤသို့ဖြစ်က၊ ငါသည် အလွန်ကြီးစွာသောအရာများကို မြင်၍၊ ကိုယ်တော်ရှင်သည် လူသားများသို့ သူ၏ကိုယ့်ကိုယ်ကို နှိမ့်ချတော်မူခြင်းဖြင့်၊ အလွန်များစွာသော ကရုဏာတော်ဖြင့် အကြည့်အရှုကြွရောက်လျှင်၊ ငါ၏ဆင်းရဲဒုက္ခများကြောင့်၊ အဘယ်အတွက် ငါ့စိတ်နှလုံးကငိုကြွေး၍၊ င့ါဝိညာဉ်က ဝမ်းနည်းခြင်းချိုင့်ဝှမ်းမှာနေ၍၊ ငါ့အသားကို ဆွေးမြေ့စေ၍၊ ငါ့ခွန်အားကို လျော့စေရမည်နည်း။
၂၇ ငါ၏လူဇာတိသဘောကြောင့်၊ အပြစ်ကို အဘယ့်အတွက် ငါအရှုံးပေးရမည်နည်း။ ထိုမှတစ်ပါး၊ ငါ၏ငြိမ်းချမ်းခြင်းကို ဖျက်ဆီး၍၊ ငါ့ဝိညာဉ်ကို ဒုက္ခပေးစေရန်၊ မာရ်နတ်အား ငါ့စိတ်နှလုံး၌ နေရာရစေကြောင်း၊ သွေးဆောင်ဖြားယောင်းခြင်းများကို အဘယ့်အတွက် ငါလမ်းဖွင့်ပေးရမည်နည်း။ ငါ့ရန်သူကြောင့်၊ အဘယ့်အတွက် ငါအမျက်ထွက်ရမည်နည်း။
၂၈ နိုးလော့၊ ငါ့ဝိညာဉ်။ အပြစ်ကြောင့် စိတ်ဓာတ်ကျခြင်း မရှိတော့နှင့်။ အို ငါ၏စိတ်နှလုံး၊ ရွှင်လန်းဝမ်းမြောက်လော့။ ငါ့ဝိညာဉ်၏ရန်သူအတွက် နေရာ မပေးတော့နှင့်။
၂၉ ငါ၏ရန်သူများကြောင့် နောက်တစ်ဖန် အမျက်မထွက်နှင့်။ ငါ၏ ဆင်းရဲဒုက္ခများကြောင့် ငါ၏ခွန်အားကို မလျော့စေနှင့်။
၃၀ အို ငါ၏စိတ်နှလုံး၊ ရွှင်လန်းဝမ်းမြောက်လော့။ ကိုယ်တော်ရှင်ထံ တောင်းလျှောက်၍၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အဆက် ချီးမွမ်းပါမည်။ ထိုမှတစ်ပါး၊ အကျွန်ုပ်၏ဝိညာဉ်သည် အကျွန်ုပ်၏ ကယ်တင်ခြင်း၏ကျောက်နှင့် အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၌ ရွှင်လန်းဝမ်းမြောက်ပါမည်ဟု ဆိုလော့။
၃၁ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို ရွေးနှုတ်လိမ့်မည်လော။ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်ရန်သူများ၏လက်မှ၊ ကယ်လွှတ်ပေးလိမ့်မည်လော။ ကိုယ်တော်သည် အကျွန်ုပ်ကို အပြစ်ဖြစ်ပေါ်လာသောအခါ၌ တုန်လှုပ်စေလိမ့်မည်လော။
၃၂ အကျွန်ုပ်နှလုံးသားသည် ကျိုးပဲ့၍၊ အကျွန်ုပ်၏စိတ် ကြေကွဲသောကြောင့်၊ ငရဲ၏တံခါးတို့သည် အကျွန်ုပ်ရှေ့ ၌ အစဉ်မပြတ် ပိတ်နေပါစေ။ အို ကိုယ်တော်ရှင်၊ နိမ့်သောချိုင့်ဝှမ်း၏လမ်းကြောင်းသို့ အကျွန်ုပ်လိုက်နိုင်စေခြင်းငှာလည်းကောင်း၊ ညီညာသောလမ်းမ၌ အကျွန်ုပ်မလွဲမသွေရှိနိုင်စေခြင်းငှာလည်းကောင်း အကျွန်ုပ်ရှေ့၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတံခါးတို့ကို ပိတ်မထားပါနှင့်။
၃၃ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းဝတ်ရုံတော်ဖြင့် အကျွန်ုပ်၏ပတ်လည်မှာ ရစ်ပတ်တော်မူပါ။ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်ရန်သူတို့၏ရှေ့၌ အကျွန်ုပ်ထွက်မြောက်ရာလမ်းကို ပြင်ဆင်တော်မူပါ။ အကျွန်ုပ်ရှေ့၌ အကျွန်ုပ်၏လမ်းကြောင်းကို ဖြောင့်စေတော်မူပါ။ ကျွန်ုပ်၏လမ်း၌ ထိမိ၍လဲစရာတုံးကို ချမထားပါနှင့်—သို့ရာတွင်၊ အကျွန်ုပ်ရှေ့၌ အကျွန်ုပ်၏လမ်းကို ရှင်းလင်းပေးတော်မူပါ၊ အကျွန်ုပ်၏လမ်းကို ဆီးကာမထားပါနှင့်၊ သို့ရာတွင်၊ အကျွန်ုပ်ရန်သူတို့၏ လမ်းများကို ဆီးကာထား တော်မူပါ။
၃၄ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကိုးစားလျက်အစဉ်အမြဲ ကိုးစားပါမည်။ အကျွန်ုပ်သည် လူ၏လက်ရုံးကို မကိုးစားပါ။ အကြောင်းမူကား၊ လူ၏လက်ရုံးကို ကိုးစားသောသူသည် ကျိန်ခြင်းကို ခံရကြောင်း အကျွန်ုပ်သိပါ၏။ ထိုမှတစ်ပါး၊ လူကိုကိုးစား၍၊ လူ၏လက်ရုံးကို အမှီပြုသောသူသည် ကျိန်ခြင်းကို ခံရ၏။
၃၅ ထိုမှတစ်ပါး၊ ဘုရားသခင်သည် တောင်းသောသူအား စေတနာစိတ်နှင့်ပေးမည်ကို အကျွန်ုပ်သိပါ၏။ ထိုမှတစ်ပါး၊ အကျွန်ုပ်သည် လွဲမှားစွာမတောင်းလျှင်၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ထို့ကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ကြွေးကြော်ပါမည်။ ထိုမှတစ်ပါး၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်းကျောက်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ထံသို့ တောင်းလျှောက်ပါမည်။ ရှုတော်မူပါ၊ အကျွန်ုပ်၏အသံသည် အကျွန်ုပ်၏ထာဝရတည်မြဲသောဘုရားသခင်နှင့် အကျွန်ုပ်၏ကျောက်၊ ကိုယ်တော်ထံသို့ ကာလအစဉ်အဆက် မြင့်တက်၍လာပါမည်။ အာမင်။