ကျမ်းစာများ
၂ နီဖိုင်း ၅


အခန်းကြီး ၅

နီဖိုင်း​အမျိုး​သား​တို့​သည် လာမန်​အမျိုး​သား​တို့​ထံ​မှ ခွဲ​ထွက်​ကြ၏၊ မောရှေ​၏​ပညတ်​တရား​ကို စောင့်​ထိန်းကြ၏၊ ထို့အတူ ဗိမာန်​တော်​တစ်​ခုကို တည်​ဆောက်​ကြ​၏—လာမန်​အမျိုး​သား​တို့​သည် သူ​တို့​၏ မ​ယုံ​ကြည်​မှု​ကြောင့် ကိုယ်​တော်​ရှင်​၏ မျက်​မှောက်​မှ​ပယ်​ရှင်း​ခံ​ရ​ကြ​၏၊ အကျိန်​ခံ​ရ​ကြ​ပြီး နီဖိုင်း​အမျိုး​သား​တို့​အဖို့ ကျာ​ပွတ်​ဖြစ်​လာ​ကြ​၏။ ဘီစီ ၅၈၈–၅၅၉ ခန့်။

ရှု​လော့၊ အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ငါ​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​ထံ​သို့ များ​စွာ​တောင်း​လျှောက်​သည်​မှာ ငါ့​အစ်​ကို​တို့​၏​အမျက်​ကြောင့်​ပေ​တည်း။

သို့​ရာ​တွင်၊ ရှု​လော့၊ ငါ့​အသက်​ကို နှုတ်​ယူရန် သူ​တို့​ကြိုး​စား​အားထုတ်ကြ​လေ​သည်​အထိ၊ ငါ့​ကို​ဆန့်​ကျင်​သည့် သူ​တို့​၏​အမျက်​တိုး​ပွား​၍​လာ​၏။

ထို​မှ​တစ်​ပါး၊ သူ​တို့​သည် ငါ့​ကို​ဆန့်​ကျင်​၍ ညည်း​ညူ​အပြစ်​တင်​ကြ​သည်​ကား၊ ငါ​တို့​၏​ညီ​ငယ်​သည် ငါ​တို့​အပေါ်​အုပ်​စိုးရန် စဉ်း​စား​၏။ သူ့​ကြောင့်၊ ငါ​တို့​ဒုက္ခ​အမြောက်​အမြား ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍၊ သူ​၏​စကား​များ​ကြောင့် ငါ​တို့​သည် နောက်​ထပ်​၍ ဒုက္ခ​မ​ရောက်​ကြ​စေ​ခြင်း​ငှာ၊ သူ့​ကို ယခု ကွပ်​မျက်​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ့​အား ငါ​တို့​ကို အုပ်​စိုး​သူ​အဖြစ် ငါ​တို့​ခွင့်မ​ပြု။ ဤ​လူ​များ​ကို​အုပ်​စိုး​ခြင်း​သည်​ကား၊ အစ်​ကို​ကြီး​များ​ဖြစ်​သော ငါ​တို့​နှင့်ဆိုင်သည့်​အရာ​ဖြစ်​သည်​ဟု​ဆို​ကြ​၏။

ယခု​တွင်၊ သူတို့ ငါ့​ကို ဆန့်​ကျင်​ညည်း​ညူ​အပြစ်​တင်သည့် ခပ်သိမ်းသော စကား​တို့​ကို ဤ​ပုရပိုက်​ပြား​များ​ပေါ်၌ ငါ​မ​ရေး။ သို့​ရာ​တွင်၊ ငါ့​အသက်​ကို သူတို့နှုတ်​ယူ​ရန် ကြိုး​စားအားထုတ်​ကြ​ကြောင်း​ပြောရန် ငါ့​အတွက် လုံ​လောက်​ပေ​ပြီ။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ငါ​နှင့်​အတူ​လိုက်​လို​သူ​ခပ်သိမ်း​နှင့်​အတူ၊ သူ​တို့​ထံ​မှ ထွက်​ခွာ၍ တော​ရိုင်း​ထဲ​သို့ ထွက်​ပြေး​သွား​ရ​မည့်​အကြောင်း ငါ့​ကို ကိုယ်​တော်​ရှင်​သ​တိ​ပေး​တော်​မူ​လေ​၏။

သို့​ဖြစ်​၍၊ အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ငါ​၏​မိသားစု၊ ဇော်ရမ်​နှင့်​သူ​၏​မိသားစု၊ ငါ​၏​အစ်​ကို​ကြီး​ရှမ်​နှင့်​သူ​၏​မိသားစု၊ ငါ​၏​ညီ​ငယ်​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောသပ်၊ ညီ​အစ်​မ​များ​အပါ​အဝင် ငါ​နှင့်​အတူ​လိုက်​လို​သူခပ်သိမ်းတို့​ကို ခေါ်​ယူ​ခဲ့​၏။ ငါ​နှင့်​အတူ​လိုက်​လိုသူခပ်သိမ်း​တို့​သည် ဘုရားသခင်​၏ သတိ​ပေး​ခြင်း​များ​နှင့် ဗျာဒိတ်​တော်​များ​ကို ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍၊ ထို​သူ​တို့​သည် ငါ​၏​စကား​များ​ကို စေ့စေ့နား​ထောင်​ကြ​၏။

ငါ​တို့​သည်​လည်း ငါ​တို့​၏​တဲ​များ​နှင့် နိုင်​သ​မျှ​သော​အရာ​တို့​ကို ယူ​ဆောင်​၍ ရက်​ပေါင်း​များ​စွာ​ကြာ​အောင် တော​ရိုင်း​ထဲ​၌ ခရီး​သွား​ကြ​၏။ ငါ​တို့​သည် ရက်​ပေါင်း​များ​စွာ​ကြာ​အောင် ခရီး​သွား​ကြ​လေ​ပြီး​နောက်၊ ငါ​တို့​တဲ​များ​ကို ဆောက်​ကြ​၏။

ငါ​၏​လူ​များ​က ထို​နေ​ရာ​၏​အမည်​ကို နီဖိုင်း​ဟု ခေါ်​လို​ကြ​၏။ သို့​ဖြစ်​၍၊ ငါ​တို့​သည် ထို​နေ​ရာ​ကို နီဖိုင်း​ဟု ခေါ်​ကြ​၏။

ငါ​နှင့်​အတူ​ရှိသည့် ခပ်သိမ်းသော​သူ​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ နီဖိုင်း​လူ​မျိုး​များ​ဟု​ခေါ်​ဆိုရန် ဆုံး​ဖြတ်​ကြ​၏။

၁၀ ငါ​တို့​သည် အရာ​ရာ​၌ ကိုယ်​တော်​ရှင်​၏​စီရင်​တော်​မူ​ချက်​များ၊ ထုံး​ဥပဒေသ​များ​နှင့် ပညတ်​တော်​များ​ကို မောရှေ​၏​ပညတ်​တရား​အတိုင်း စောင့်​ထိန်းရန် အား​ထုတ်​ကြ​၏။

၁၁ ကိုယ်​တော်​ရှင်​သည် ငါ​တို့​နှင့်​အတူ​ရှိ​တော်​မူ​လေ​၏။ ငါ​တို့​သည်​လည်း လွန်​စွာ​အောင်မြင်​ကြ​၏။ အကြောင်း​မူ​ကား၊ ငါ​တို့​စိုက်​ပျိုး​၍၊ တစ်ဖန်မြောက်မြား​စွာ ရိတ်​သိမ်း​ရ​၏။ သိုး​စု၊ နွား​စု​တို့​နှင့် အမျိုး​မျိုး​သော​တိရစ္ဆာန်​တို့​ကို​လည်း မွေး​မြူ​စ​ပြု​ကြ​၏။

၁၂ ငါ​နီဖိုင်း​သည်​လည်း ကြေး​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထွင်း​ထား​သည့် မှတ်​တမ်း​များ၊ ထို့​အတူ ရေး​ထား​သည့်​အတိုင်း​ငါ့​အဘ​အတွက် ကိုယ်​တော်​ရှင်​၏​လက်​တော်​ဖြင့် ပြင်​ဆင်​ထား​တော်​မူ​သော​အလုံး၊ သို့​မ​ဟုတ် လမ်း​ညွှန်​လုံး​ကို​လည်း ယူ​ဆောင်​လာ​ခဲ့​၏။

၁၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ထို​ပြည်​၌ လွန်​စွာအောင်မြင်​၍၊ ပွား​များ​စ​ပြု​ခဲ့​ကြ​၏။

၁၄ ငါ​နီဖိုင်း​သည်​လည်း လာဗန်​၏​ဓား​ကို​ယူ​ခဲ့​ပြီး ၎င်းနှင့် ပုံ​စံ​တူ​သော​ဓား​များ​စွာ​တို့​ကို ပြု​လုပ်​ခဲ့​လေ​၏၊ လာမန်​အမျိုး​သား​များ​ဟု ယခု​အချိန်​၌ ခေါ်​တွင်​လေ​သည့် လူ​မျိုး​တို့ အဘယ်​နည်း​ဖြင့်​မ​ဆို ငါ​တို့​ကို လာ​၍​မ​တိုက်​ခိုက်​မ​ဖျက်​ဆီး​စေခြင်း​ငှာပေတည်း။ အကြောင်း​မူ​ကား၊ ငါ​နှင့် ငါ​၏​သား​သမီး​များ၊ ထို့​အတူ၊ ငါ​၏​လူ​များ​ဟု ခေါ်​လေ​သော​သူတို့​အပေါ်​၌​ရှိ​သော သူ​တို့​၏​အမုန်း​တရား​ကို ငါ​သိ​၏။

၁၅ ငါ​သည်​လည်း၊ ငါ​၏​လူ​မျိုး​တို့​အား အဆောက်​အအုံ​များ​တည်​ဆောက်ခြင်း​နှင့် ကြီးစွာအမြောက်​အမြား​ရှိ​သော သစ်​သား၊ သံ၊ ကြေးနီ၊ ကြေးဝါ၊ သံမဏိ၊ ရွှေ၊ ငွေ၊ အဖိုး​တန်​သတ္တုရိုင်း​တို့​ဖြင့် ပြု​လုပ်​ရ​သည့် အလုံး​စုံ​သော အတတ်​ပညာ​တို့​ကို သွန်​သင်​ပေး​ခဲ့​၏။

၁၆ ငါ​နီဖိုင်း​သည် ဗိမာန်​တော်​တစ်​ခု တည်​ဆောက်​၏။ ငါ​သည် ထို​ဗိမာန်​တော်​ကို အဖိုး​ထိုက်​သည့်​အရာ အလွန်​များ​စွာ​နှင့် ဆောက်​လုပ်​မ​ထား​လေ​သည်​မှ​တစ်​ပါး၊ ရှောလမုန်​၏​ဗိမာန်​တော်​အတိုင်း တည်​ဆောက်​၏။ အကြောင်း​မူ​ကား၊ ဤ​ပြည်​၌ ထို​အရာ​တို့​ကို မ​တွေ့​နိုင်။ သို့​ဖြစ်​၍၊ ရှောလမုန်​၏ ဗိမာန်​တော်​နှင့်​ထပ်​တူ​အောင် မ​တည်​ဆောက်​နိုင်။ သို့​ရာ​တွင်၊ တည်​ဆောက်​ပုံ​မှာ ရှောလမုန်​၏ ဗိမာန်​တော်​ကဲ့​သို့​ပင်​ဖြစ်​၍၊ အလွန်​လက်​ရာ​မြောက်​၏။

၁၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ငါ​၏​လူ​တို့​ကို လုံ့လဝီရိယ​ရှိ​စေ​၏၊ ထို့အတူ သူ​တို့​၏​လက်​များ​ဖြင့် အလုပ်​လုပ်​စေ​၏။

၁၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ငါ့​ကို သူ​တို့​၏​ရှင်​ဘုရင် ဖြစ်​စေ​လို​ကြ​၏။ သို့​ရာ​တွင်၊ ငါ​နီဖိုင်း​သည် သူ​တို့​၌ ရှင်​ဘုရင်​မ​ရှိ​စေ​လို​ပေ။ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ့​ကိုယ်​စွမ်း​ရှိ​သည့်​အတိုင်း၊ သူ​တို့​အတွက် ဆောင်​ရွက်​ပေး​၏။

၁၉ ရှု​ဦး​လော့၊ ငါ​သည် သူ​တို့​၏​အုပ်​စိုး​သူ​နှင့် ဆရာ​ဖြစ်​လိမ့်​မည်​ဟူ​သော ငါ​၏​အစ်​ကို​များ​အပေါ်​၌ သူ​တို့​နှင့်​စပ်​လျဉ်း​၍​ဟော​လေ​သည့် ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​များ ပြီး​ပြည့်​စုံ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ့​အသက်​ကို သူ​တို့​နှုတ်​ယူရန် ကြိုး​စား​အား​ထုတ်​ကြ​သည့်​အချိန်​အထိ၊ ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​အတိုင်း ငါ​သည် သူ​တို့​၏​အုပ်​စိုး​သူ​နှင့်​ဆရာ ဖြစ်​လေ​၏။

၂၀ သို့​ဖြစ်​၍၊ သူ​တို့​သည် သင်​၏​စကား​များ​ကို စေ့စေ့နား​မ​ထောင်​သ​မျှ၊ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​မှ ပယ်​ရှင်း​ခံ​ရ​မည်​ဟု​ဆို၍၊ ငါ့​ကို မိန့်​တော်​မူ​လေ​သော ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​သည်​ကား၊ ပြီး​ပြည့်​စုံ​လေ​ပြီ။ ရှု​ဦး​လော့၊ သူ​တို့​သည် မျက်​မှောက်​တော်​မှ ပယ်​ရှင်း​ခံ​ရ​ကြ​လေ​၏။

၂၁ ထို့​အတူ၊ သူ​တို့​၏​ဒုစရိုက်​ကြောင့်၊ ကျိန်ခြင်း​အမင်္ဂလာ​ကို အမှန်​စင်​စစ်၊ ပြင်း​ထန်​သော​ကျိန်ခြင်း​အမင်္ဂလာ​ကို သူ​တို့​အပေါ်​သို့ ကျ​ရောက်​စေ​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​တို့​သည် သူ့​ကို​ဆန့်​ကျင်​၍ သူ​တို့​စိတ်​နှ​လုံး​ကို မီး​ကျောက်​ကဲ့​သို့​ဖြစ်​လာ​သည်​အထိ မာ​ကျော​စေ​ကြ​၏။ သို့​ဖြစ်​၍​၊ သူ​တို့​သည် အသား​ဖြူ​၍၊ အလွန်​ချော​မော​၍ နှစ်​သက်​ဖွယ်​ဖြစ်​ကြ​သော​ကြောင့် ငါ​၏​လူမျိုးတို့အဖို့ စွဲ​မက်​စရာ​မ​ဖြစ်​နိုင်​ကြ​စေခြင်းငှာ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ​တို့​အပေါ်၌ နက်မှောင်​သော​အရေ​ပြား​ကို ရောက်လာစေ​၏။

၂၂ ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်​တော်​မူ​လေသည်​ကား၊ သူ​တို့​၏​ဒုစရိုက်​များ​မှ နောင်တမရ​ကြ​လျှင်၊ ငါ​သည် သူ​တို့​ကို သင်​၏​လူ​များ​အဖို့ ရွံ​ရှာ​မုန်း​တီး​ဖွယ်​ရာ​ဖြစ်​စေ​မည်။

၂၃ ကျိန်ခြင်း​သည် သူ​တို့​၏​အမျိုး​အနွယ်​နှင့်​သွေး​စပ်​ရော​နှော​သော​သူ​၏​အမျိုး​အနွယ်​ပေါ်​သို့ ကျ​ရောက်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် တူ​သော​ကျိန်ခြင်း​အမင်္ဂလာ​ဖြင့်​ပင် အကျိန်ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​မြွက်​ဆို​၍၊ ထို​အမှု ဖြစ်​လေ​၏။

၂၄ သူ​တို့​အပေါ်​၌​ကျ​ရောက်​ခဲ့​သော ကျိန်ခြင်း​အမင်္ဂလာ​ကြောင့်​လည်း၊ သူ​တို့​သည် မ​ကောင်း​သော​အကြံ၊ ဉာဏ်များခြင်း​တို့​နှင့်​ပြည့်​သည့် ပျင်း​ရိ​သူ​များ​ဖြစ်​လာပြီး တော​ရိုင်း​ထဲ​၌ အသား​စား​သား​ရဲ​များ​ကို လိုက်​လံ​ဖမ်း​ဆီး​ကြ​၏။

၂၅ ကိုယ်​တော်​ရှင်​ဘုရားသခင်​က​လည်း ငါ့​ကို မိန့်​တော်​မူ​လေ​သည်​ကား၊ ထို​သူ​တို့​သည် သင်​၏​အမျိုး​အနွယ်​များ​အတွက်၊ ငါ့​ကို သတိ​ရ​ကြ​စေခြင်း​ငှာ၊ နှိုး​ဆော်​ရာ ကျာ​ပွတ်​ဖြစ်​လိမ့်​မည်။ ငါ့​ကို သတိ​မ​ရ​ကြ၊ ငါ​၏​နှုတ်​ကပတ်​တော်​ကို စေ့စေ့နားမ​ထောင်​ကြ​လျှင်၊ ပျက်​စီး​သည့်​တိုင်​အောင် ထို​သူ​တို့​က ဒုက္ခ​ပေး​ကြ​လိမ့်​မည်။

၂၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ယာကုပ်​နှင့်​ယောသပ်​အား ငါ့​လူ​မျိုး​တို့​၏​ပြည်​၌ ယဇ်ပုရောဟိတ်​များ​နှင့် ဆရာ​များ ဖြစ်​စေခြင်း​ငှာ ခန့်​ထား​၏။

၂၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ပျော်​ပျော်​ရွှင်​ရွှင် နေ​ထိုင်​ခဲ့​ကြ​၏။

၂၈ ငါ​တို့ ယေရုရှလင်​ကို စွန့်​ခွာ​ခဲ့​သည့်​အချိန်​မှ​စ​၍ နှစ်​သုံး​ဆယ် ကြာ​ခဲ့​ပေ​ပြီ။

၂၉ ငါ​နီဖိုင်း​သည်​လည်း၊ ငါ​ပြု​လုပ်​သော ပုရပိုက်​ပြား​များ​ပေါ်​၌ ငါ့​လူ​မျိုး​တို့​အကြောင်း မှတ်​တမ်း​များ​ကို ဤ​မျှ​အထိ​ရေး​မှတ်​လေ​ပြီ။

၃၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​က ငါ့​ကို မိန့်​တော်​မူ​သည်​မှာ၊ အခြား​ပုရပိုက်​ပြား​များ​ကို ပြု​လုပ်​လော့။ ငါ့​အမြင်​၌​ကောင်း​မြတ်​သော​အရာ​များ​စွာ​တို့​ကို သင့်​လူ​မျိုး​တို့​၏​အကျိုး​အတွက် ထို​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထွင်း​ရမည်။

၃၁ သို့​ဖြစ်​၍၊ ငါ​နီဖိုင်း​သည် ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို နာခံရန် ဤ​အရာ​များကို ရေး​ထွင်း​ရ​မည့် ပုရပိုက်​ပြား​များ​ကို သွား​၍​ပြု​လုပ်​၏။

၃၂ ငါသည် ဘုရားသခင်​နှစ်​သက်​စေ​သော​အရာ​များ​ကို ရေး​ထွင်း​၏။ ငါ​၏​လူ​မျိုး​တို့​သည်လည်း ဘုရားသခင်​၏ အမှု​တော်​များ​ကို နှစ်​သက်​ကြ​လျှင်၊ ဤ​ပုရပိုက်​ပြား​များ​ပေါ်​ရှိ ငါ​၏​ရေး​ထွင်း​ခြင်း​များ​ကို နှစ်​သက်​ကြ​ပေ​မည်။

၃၃ ငါ​၏​လူ​မျိုး​တို့​သည် မိမိ​တို့​သမိုင်း​ကြောင်း​၏ ပို​၍​အသေး​စိတ်​သော​အပိုင်း​ကို သိ​လို​ကြ​လျှင်၊ ငါ​၏​အခြား​ပုရပိုက်​ပြား​များ​ကို စေ့​စေ့​ဖတ်​ရှု​ရ​မည်။

၃၄ ငါ​တို့​၏​ညီ​အစ်​ကို​များ​နှင့် စစ်​တိုက်ခြင်း​များ၊​ရန်​တွေ့ခြင်း​များ ရှိ​နေ​လျက်၊ နှစ်​ပေါင်း​လေး​ဆယ် ကြာ​ခဲ့​လေ​ပြီ​ဟု ပြောရန် ငါ့​အဖို့​လုံလောက်​ပေ​ပြီ။

ပုံနှိပ်သည်