အခန်းကြီး ၁၂
ဟေရှာယသည် နောက်ပိုင်းကာလ ဗိမာန်တော်၊ ဣသရေလအမျိုးတို့၏ စုဝေးခြင်း၊ နှစ်တစ်ထောင်ကာလတရားစီရင်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို မြင်၏—မာနကြီးသောသူများနှင့် ဆိုးညစ်သောသူများသည် ဒုတိယအကြိမ် ကြွလာတော်မူသောအခါ၌ နှိမ့်ချခံရကြလိမ့်မည်—ဟေရှာယအခန်းကြီး ၂ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယုဒပြည်နှင့် ယေရုရှလင်မြို့အကြောင်းကို အာမုတ်၏သားဟေရှာယမြင်ရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
၂ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ နောက်ဆုံးသောကာလ၌ ကိုယ်တော်ရှင့်အိမ်တော်၏တောင်ကို တောင်တို့၏ထိပ်ပေါ်မှာတည်၍၊ တောင်ငယ်တို့၏ အထက်၌ ချီးမြှောက်သောအခါ၊ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ ရွေ့လျားကြလိမ့်မည်။
၃ များစွာသောလူတို့ကလည်း၊ လာကြလော့။ ကိုယ်တော်ရှင်၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင်၏အိမ်တော်သို့ တက်သွားကြကုန်အံ့။ သူသည် မိမိတရားလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူ၍၊ ငါတို့သည် သူ၏လမ်းကြောင်းများသို့ လိုက်ကြမည်ဟု သွား၍ ပြောဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ပညတ်တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
၄ သူသည် လူမျိုးတို့တွင် တရားစီရင်၍၊ များစွာသောလူတို့ကို ဆုံးမတော်မူလိမ့်မည်။ သူတို့သည်လည်း မိမိတို့၏ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ မိမိတို့လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်—တစ်ပြည်ကို တစ်ပြည်ဆန့်ကျင်၍ ဓားကိုမြှောက်ကြလိမ့်မည်မဟုတ်၊ စစ်အတတ်ကိုလည်း နောက်ထပ် သင်ကြလိမ့်မည်မဟုတ်။
၅ အို ယာကုပ်အမျိုးသားတို့၊ သင်တို့လာကြ၍၊ ကိုယ်တော်ရှင်၏အလင်းတော်သို့ လိုက်ကြကုန်အံ့။ ထိုမှတစ်ပါး၊ လာကြလော့။ အကြောင်းမူကား၊ သင်တို့ရှိသမျှ၊ အယောက်တိုင်းသည် မိမိ၏ဆိုးညစ်သောလမ်းများသို့ လမ်းလွဲကြလေပြီ။
၆ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ သူတို့သည် အရှေ့ပြည်မှ အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့၊ အနာဂတ္တိဆရာတို့ကို စေ့စေ့နားထောင်၍၊ သူတို့ကိုယ်သူတို့ သူတစိမ်းတို့၌ နှစ်သက်ကြသောကြောင့်၊ ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။
၇ သူတို့ပြည်သည်လည်း ရွှေ၊ ငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့်လည်း ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
၈ သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်လည်း ကြွယ်ဝ၏။ သူတို့လက်နှင့်လုပ်သောအရာ၊ သူတို့လက်ချောင်းများနှင့်ပြုလုပ်သောအရာကိုပင် သူတို့ကိုးကွယ်ကြသည်တကား။
၉ သာမန်လူသည် ဦးညွှတ်ပျပ်ဝပ်ခြင်းမရှိ။ မြတ်သောလူသည်လည်း မိမိကိုယ်ကို နှိမ့်ချခြင်းမရှိ။ ထို့ကြောင့်၊ သူ့ကို ခွင့်လွှတ်ခြင်းမရှိ။
၁၀ အို အသင် ဆိုးညစ်သောသူတို့၊ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းနှင့် သူ့အာနုဘော်၏ဘုန်းတော်တို့က သင့်ကို ဒဏ်ခတ်တော်မူလိမ့်မည်ဖြစ်သောကြောင့် ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
၁၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ လူတို့၏မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏စိတ်မြင့်သောသဘောကိုလည်း ရှုတ်ချရမည်။ ကိုယ်တော်ရှင်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
၁၂ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်၏နေ့သည် ခပ်သိမ်းသောပြည်သားတို့ထံ၊ အမှန်စင်စစ်၊ အယောက်တိုင်းထံ၊ အထူးသဖြင့်၊ မာနကြီးသောသူနှင့် မော်ကြွားသောသူထံသို့လည်းကောင်း၊ ဘဝင်မြင့်သောသူမှန်သမျှထံသို့လည်းကောင်း မကြာမြင့်မီတွင် ကျရောက်လာမည်။ ထိုသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
၁၃ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏နေ့ကျရောက်လာ လိမ့်မည်ကား၊ လေဗနုန် အာရဇ်ပင်တို့မြင့်တက်၍ ဘဝင်မြင့်ကြသောကြောင့် ထိုအပင်ရှိသမျှထံသို့လည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှထံသို့လည်းကောင်း၊
၁၄ မြင့်သောတောင်ရှိသမျှထံသို့လည်းကောင်း၊ တောင်ကုန်းရှိသမျှထံသို့လည်းကောင်း၊ ဘဝင်မြင့်ကြသည့် ပြည်ရှိသမျှထံသို့လည်းကောင်း၊ လူမျိုးရှိသမျှထံသို့လည်းကောင်း၊
၁၅ မြင့်သောရဲတိုက်ရှိသမျှထံသို့လည်းကောင်း၊ ခိုင်ခံ့သောတံတိုင်းရှိသမျှထံသို့လည်းကောင်း၊
၁၆ ပင်လယ်၌ရှိသောသင်္ဘောခပ်သိမ်းတို့ထံသို့လည်းကောင်း၊ တာရှုသင်္ဘောခပ်သိမ်းတို့ထံသို့လည်းကောင်း၊ နှစ်သက်ဖွယ်သော ရှုခင်းအလုံးစုံတို့ထံသို့လည်းကောင်း ကျရောက်လာလိမ့်မည်။
၁၇ ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ကိုယ်တော်ရှင်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
၁၈ ရုပ်တုဆင်းတုတို့ကိုလည်း သူရှင်းရှင်းဖြိုဖျက်လိမ့်မည်။
၁၉ ကိုယ်တော်ရှင်သည် မြေကြီးကို ချောက်လှန့်အံ့သောငှာ၊ ထတော်မူသောအခါ၊ သူ့ကိုကြောက်ခြင်းအရှိန်က သူတို့အပေါ်ကျရောက်လာ၍၊ သူ့အာနုဘော်၏ဘုန်းတော်အရှိန်က သူတို့ကို ဒဏ်ခတ်လိမ့်မည်ဖြစ်သောကြောင့် သူတို့သည်လည်း ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
၂၀ ထိုကာလ၌ လူသည် မိမိကိုးကွယ်ခြင်းငှာ၊ မိမိလုပ်ထားသော ငွေဆင်းတုရုပ်တုများနှင့် ရွှေဆင်းတုရုပ်တုများကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။
၂၁ မြေကြီးကို ချောက်လှန့်အံ့သောငှာ ကိုယ်တော်ရှင်ထတော်မူသောအခါ၊ သူ့ကို ကြောက်ခြင်းအရှိန်သည် သူတို့အပေါ်ကျရောက်လာ၍၊ သူ့အာနုဘော်၏ဘုန်းတော်အရှိန်က သူတို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဖြစ်သောကြောင့်၊ ကျောက်တွင်းထဲသို့လည်းကောင်း၊ ကြမ်းတမ်းသည့်ကျောက်များပေါ်သို့လည်းကောင်း ပြေးဝင်ကြလိမ့်မည်။
၂၂ နှာခေါင်းနှင့်အသက်ရှူတတ်သောလူသားကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာ ရှိသနည်း။