အခန်းကြီး ၂၆
ခရစ်တော်သည် နီဖိုင်းအမျိုးသားတို့ကို အမှုတော်ဆောင်လိမ့်မည်—နီဖိုင်းသည် သူ့လူမျိုးတို့၏ ပျက်စီးခြင်းကို ကြိုတင်၍မြင်၏—သူတို့သည် မြေမှုန့်မှ စကားပြောကြလိမ့်မည်—တပါးအမျိုးသားတို့သည် မှားသောအသင်းတော်များနှင့် လျှို့ဝှက်ဂိုဏ်းများကို တည်ထောင်ကြလိမ့်မည်—ကိုယ်တော်ရှင်သည် လူသားတို့အား ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းများ ကျင့်သုံးခြင်းကို တားမြစ်တော်မူ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ခရစ်တော်သည်လည်း သေခြင်းမှ ထမြောက်လေပြီးနောက်၊ သင်တို့၊ ငါ၏သားမြေးများနှင့် ငါ၏ချစ်လှစွာသောညီအစ်ကိုတို့ထံ ကိုယ်ထင်ပြတော်မူလိမ့်မည်။ သင်တို့ကို သူပြောမည့် နှုတ်ကပတ်တော်များသည်ကား၊ သင်တို့ဆောင်ရွက်ရမည့် ပညတ်တရားဖြစ်ပေလိမ့်မည်။
၂ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ မျိုးဆက်များစွာ ကွယ်လွန်သွားကြ လိမ့်မည်။ ငါ၏လူမျိုးတို့၌လည်း ကြီးစွာသောစစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ ရှိကြလိမ့်မည်။
၃ မေရှိယကြွလာတော်မူပြီးနောက်၊ သူ၏မွေးဖွားခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့၏ နိမိတ်လက္ခဏာများကိုလည်း ငါ၏လူမျိုးများသို့ ပေးထားတော်မူလိမ့်မည်။ ထို့အတူ၊ ကြီးစွာသောကြောက်မက်ဖွယ်ထိုကာလသည် ဆိုးညစ်သောသူတို့ထံ ရောက်ရှိလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ပျက်စီးကြလိမ့်မည်။ သူတို့သည် ပရောဖက်များနှင့် သန့်ရှင်းသူများကို နှင်ထုတ်ကြ၊ ကျောက်ခဲနှင့်ပစ်ကြ၊ ကွပ်မျက်ကြသောကြောင့် ပျက်စီးကြ၏။ သို့ဖြစ်၍၊ သူတို့တစ်ဖက်၌ သန့်ရှင်းသူတို့အသွေး၏ တောင်းလျှောက်သံသည် မြေကြီးမှနေ၍၊ ဘုရားသခင်ထံသို့ မြင့်တက်လိမ့်မည်။
၄ သို့ဖြစ်၍၊ မာနကြီးသောသူနှင့် ဆိုးညစ်စွာပြုသောသူခပ်သိမ်းတို့ကို ထိုကာလကျရောက်သောအခါ လောင်မြိုက်စေလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။ အကြောင်းမူကား၊ သူတို့သည် ရိုးပြတ်ကဲ့သို့ ဖြစ်လိမ့်မည်။
၅ ထို့အတူ၊ ပရောဖက်များနှင့် သန့်ရှင်းသူများကို သတ်ကြသောသူတို့ကို မြေကြီးနက်နဲရာက ဝါးမျိုလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၍၊ တောင်များက သူတို့ကိုဖုံးလိမ့်မည်။ လေပွေကသူတို့ကို အဝေးသို့ သယ်ဆောင်သွားလိမ့်မည်။ အဆောက်အအုံများသည် သူတို့အပေါ်သို့ လဲကျ၍၊ သူတို့ကို အစိတ်စိတ်ကွဲအောင်ချေမှုန်း၍၊ အမှုန့်ဖြစ်အောင် ကြိတ်လိမ့်မည်။
၆ မိုးချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေကြီးလှုပ်ခြင်းနှင့် ခပ်သိမ်းသော ဖျက်ဆီးခြင်းအမျိုးမျိုးတို့ဖြင့်လည်း ဆုံးမခံရကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏အမျက်တော်မီးသည် သူတို့တစ်ဖက်၌ ထွက်လိမ့်မည်၊ သူတို့သည်လည်း ရိုးပြတ်ကဲ့သို့ဖြစ်လိမ့်မည်၊ ကျရောက်လာသော ထိုကာလကလည်း သူတို့ကို လောင်မြိုက်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၇ အို ငါ၏လူမျိုးတို့အထဲမှ ကွပ်မျက်ခံရသူများ ဆုံးရှုံးခြင်းကြောင့်နာကျင်ခြင်းနှင့် ငါ့ဝိညာဉ်၏ပြင်းစွာသောဝေဒနာတို့က ကြီးလှပေစွ။ အကြောင်းမူကား၊ ငါနီဖိုင်းသည် ထိုအရာကို မြင်လေ၍၊ ကိုယ်တော်ရှင်၏မျက်မှောက်ရှေ့ ၌၊ ငါ့ကို ဝါးမျိုလုနီးပါးဖြစ်လေ၏။ သို့ရာတွင်၊ ငါ၏ဘုရားသခင်ထံသို့ ကိုယ်တော်၏အမှုတော်တို့သည် တရားမျှတတော်မူပါပေ၏ဟု ငါဟစ်ကြွေးရမည်။
၈ သို့ရာတွင်၊ ရှုလော့၊ အလုံးစုံသောညှဉ်းဆဲခြင်းများ ရှိသော်ငြားလည်း၊ ပရောဖက်တို့၏စကားများကို စေ့စေ့နားထောင်လျက်၊ သူတို့ကိုဖျက်ဆီးခြင်းလည်းမရှိဘဲ၊ ပေးထားတော်မူသော နိမိတ်လက္ခဏာများကို ကြိုတင်မျှော်မှန်းလျက်၊ ခရစ်တော်ကို မြဲမြံခြင်းဖြင့် မျှော်လင့်ကြသည့် ဖြောင့်မတ်သောသူတို့သည်ကား—ရှုလော့၊ ထိုသူတို့သည် မပျက်စီးမည့််သူများဖြစ်၏။
၉ သို့ရာတွင်၊ ဖြောင့်မတ်ခြင်း၏သားတော်သည် သူတို့၌ ပေါ်လာတော်မူမည်။ သူတို့ကို အနာငြိမ်းစေလိမ့်မည်၊ မျိုဆက်သုံးဆက်ကွယ်လွန်သွားသည့်တိုင်အောင် သူနှင့်အတူ ငြိမ်းချမ်းခြင်း၌ ရှိကြလိမ့်မည်၊ လေးဆက်မြောက်သောမျိုးဆက်မှ များစွာတို့သည်လည်း ဖြောင့်မတ်ခြင်းရှိလျက် ကွယ်လွန် သွားကြလိမ့်မည်။
၁၀ ဤအရာများ ဖြစ်ပျက်ပြီးလေသောအခါ၊ မြန်ဆန်သောဖျက်ဆီးခြင်းသည် ငါ၏လူမျိုးများသို့ ကျရောက်လာ၏။ အကြောင်းမူကား၊ ငါ၏ဝိညာဉ်က နာကျင်သော်လည်း ထိုအမှုကို ငါမြင်ရလေပြီ။ သို့ဖြစ်၍၊ ထိုအမှုဖြစ်လာလိမ့်မည်ကို ငါသိ၏။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးမရှိသောအရာအတွက် ရောင်းကြ၏။ အကြောင်းမူကား၊ သူတို့၏မာနနှင့် မိုက်မဲခြင်းတို့၏ အကျိုးကျေးဇူးအတွက် ဖျက်ဆီးခြင်းကို ရိတ်သိမ်းရကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် နတ်ဆိုးကို အရှုံးပေးသောကြောင့်၊ အလင်းထက် မှောင်မိုက်ခြင်းအမှုများကို ရွေးချယ်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ငရဲသို့ ဆင်းသွားရကြမည်။
၁၁ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် လူသားကို အစဉ်အမြဲမပဲ့ပြင်မဆုံးမ။ ဝိညာဉ်တော်က လူသားကို ပဲ့ပြင်ဆုံးမခြင်း ရပ်တန့်တော်မူပြီးနောက်၊ မြန်ဆန်သောဖျက်ဆီးခြင်း ကျရောက်လာ၍၊ ဤအမှုက ငါ၏ဝိညာဉ်ကို ဝမ်းနည်းပူဆွေးစေ၏။
၁၂ ထိုကဲ့သို့ပင် ယေရှုသည် ခရစ်တော်အမှန်ဖြစ်ကြောင်း၊ ယုဒလူမျိုးတို့ကို နားသွင်းခြင်းနှင့်စပ်လျဉ်း၍ ငါပြောလျှင်၊ တပါးအမျိုးသားတို့သည်လည်း နာသွင်းခံရမည်မှာ၊ ယေရှုသည် ခရစ်တော်၊ ထာဝရဘုရားသခင်ဖြစ်ကြောင်းနှင့်၊
၁၃ ထို့အတူ သူ့ကိုယုံကြည်သူမှန်သမျှတို့ထံ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သူကိုယ်တိုင်ထင်ရှားစွာပြ၍၊ အမှန်စင်စစ်၊ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှထံ ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများ၊ နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကို လူသားတို့၌ သူတို့၏ယုံကြည်ခြင်းအတိုင်း ပြုတော်မူလျက်ရှိသည့်အကြောင်းပေတည်း။
၁၄ သို့ရာတွင် ရှုလော့၊ ဤအရာတို့ကို လူသားတို့အား ကိုယ်တော်ရှင်ဘုရားသခင် ဖော်ပြတော်မူမည့် ကာလများနှင့်စပ်လျဉ်း၍၊ ထိုနောက်ဆုံးသောကာလအကြောင်းကို သင်တို့အား ငါပရောဖက်ပြု၍ဟော၏။
၁၅ ငါ၏အမျိုးအနွယ်များနှင့် ငါ့ညီအစ်ကိုများ၏အမျိုးအနွယ်တို့သည် ယုံကြည်မှုလျော့ပါး ဆုတ်ယုတ်လာကြလိမ့်မည်၊ တပါးအမျိုးသားတို့၏နှိပ်စက်ခြင်းကိုလည်းခံရကြလိမ့်မည်၊ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူတို့၏ပတ်ဝန်းကျင်၌တပ်စခန်းချလိမ့်မည်၊ သူတို့တစ်ဖက်၌ မြေရိုးနှင့်ဝိုင်းထားလိမ့်မည်၊ သူတို့တစ်ဖက်၌ ခံတပ်များကိုလည်း တည်ဆောက်လိမ့်မည်။ သူတို့သည် မြေမှုန့်သို့ နှိမ့်ချခံရ၍ သူတို့မရှိကြတော့သည့်နောက်၌ပင်လျှင်၊ အဘယ်သို့ပင်ဖြစ်စေ၊ ဖြောင့်မတ်သောသူတို့၏စကားများကို ရေးထားတော်မူလိမ့်မည်၊ သစ္စာရှိသောသူတို့၏ဆုတောင်းခြင်းများကို ဖြေကြားလိမ့်မည်၊ ယုံကြည်မှုလျော့ပါး ဆုတ်ယုတ်လာလေသောသူမှန်သမျှသည်လည်း အမေ့မခံရကြ။
၁၆ အကြောင်းမူကား၊ ဖျက်ဆီးခံရသည့်သူတို့သည် မြေထဲက ပြောကြလိမ့်မည်။ သူတို့၏စကားသည် မြေမှုန့်ထဲက ထွက်လာ၍၊ သူတို့၏အသံသည် နတ်ဝင်သူပြောသည့်အသံကဲ့သို့ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်က နတ်ဝင်သူအား သူတို့အကြောင်းကို မြေထဲကထွက်သကဲ့သို့ပင် အသံသေးနှင့်တိုးတိုးပြောနိုင်စေကြောင်း တန်ခိုးကို ပေးတော်မူ၍၊ သူတို့၏စကားသည် မြေမှုန့်ထဲမှ အသံသေးနှင့် တိုးတိုး မြွက်ဆိုကြလိမ့်မည်။
၁၇ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့််တော်မူလေသည်မှာ၊ သူတို့သည် မိမိတို့၌ ဖြစ်လာမည့်အရာများကို ရေး၍၊ စာအုပ်တစ်အုပ်တွင် တံဆိပ်ခတ်ထားမည်ဖြစ်ရာ၊ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာလေသောသူတို့သည် ထိုအရာတို့ကို ရရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏အမှုတော်တို့ကို ဖျက်ဆီးရန် ကြိုးစားကြ၏။
၁၈ သို့ဖြစ်၍၊ ဖျက်ဆီးခံရလေပြီးသောသူတို့ကဲ့သို့ပင်၊ အလျင်အမြန်ဖျက်ဆီးခံရကြလေ၏။ သူတို့၏ကြောက်မက်ဖွယ်သောလူအစုအဝေးသည် လွင့်သွားသောဖွဲကဲ့သို့ ဖြစ်ကြလိမ့်မည်—ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်မှာ၊ အလျင်တဆောချက်ချင်း အမှုရောက်လိမ့်မည်—
၁၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ယုံကြည်မှုလျော့ပါး ဆုတ်ယုတ်လာလေသောသူတို့သည် တပါးအမျိုးသားတို့၏လက်ဖြင့် နှိပ်စက်ခံရကြလိမ့်မည်။
၂၀ တပါးအမျိုးသားတို့သည် မိမိတို့၏မာနမျက်လုံးများဖြင့် ဘဝင်မြင့်လျက်ရှိကြ၍၊ သူတို့၏ထိမိ၍လဲစရာတုံး၏ကြီးမားခြင်းကြောင့် ထိမိ၍လဲကြလေပြီး၊ အသင်းတော်များစွာကို တည်ထောင်ကြ၏။ သို့သော်လည်း၊ သူတို့သည် ဘုရားသခင်၏တန်ခိုးတော်နှင့် အလွန်တရာအံ့ဩဖွယ်ရာများကို မထီမဲ့မြင်ပြကြ၏၊ သူတို့၏ကိုယ်ပိုင်ဉာဏ်ပညာနှင့် ကိုယ်ပိုင်အတတ်ပညာဖြင့်ဟောပြောခြင်းကို ချီးမွမ်းထောပနာပြု၍ အကျိုးအမြတ်ကိုရနိုင်ကြပြီး၊ ဆင်းရဲသားတို့၏မျက်နှာကို အောက်ခံပြု၍ ကြိတ်ကြ၏။
၂၁ ထို့အတူ၊ ဂုဏ်ပြိုင်ခြင်းများ၊ ရန်တွေ့ခြင်းများနှင့် ရန်ငြိုးထားခြင်းကို ဖြစ်စေသည့် အသင်းတော်များစွာကို တည်ထောင်ထား၏။
၂၂ ထို့အတူ၊ နတ်ဆိုး၏ဂိုဏ်းများအတိုင်း၊ ရှေးလွန်လေပြီးသောကာလများကကဲ့သို့ပင်၊ လျှို့ဝှက်ဂိုဏ်းများလည်းရှိ၏။ အကြောင်းမူကား၊ နတ်ဆိုးသည် ဤအရာခပ်သိမ်းတို့ကို တည်ထောင်သူဖြစ်လေ၏။ ထိုမှတစ်ပါး၊ လူအသက်ကို သတ်ခြင်းနှင့် မှောင်မိုက်ခြင်းအမှုများကို တည်ထောင်သူ ဖြစ်၏။ ထိုမှတစ်ပါး၊ သူ၏ခိုင်မာသောကြိုးများဖြင့် ထိုသူတို့ကို အစဉ်အမြဲချည်နှောင်သည့်တိုင်အောင်၊ လည်ပင်း၌ ပျော့ပျောင်းသောကြိုးဖြင့် ဆွဲ၍ခေါ်သွား၏။
၂၃ အကြောင်းမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုတို့၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မှောင်မိုက်၌ အလုပ်လုပ်တော်မူခြင်းမရှိဟု သင်တို့ကို ငါဆို၏။
၂၄ လောကသားတို့၏အကျိုးအတွက်မှတစ်ပါး၊ အဘယ်အရာကိုမျှ သူပြုတော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောလူသားတို့ကို သူ့ထံသို့ ဆွဲ၍ခေါ်နိုင်ခြင်းငှာ၊ သူ၏အသက်ကိုစွန့်တော်မူ၍ပင်၊ လောကသားတို့ကို ချစ်တော်မူ၏။ သို့ဖြစ်၍၊ သူ၏ကယ်တင်ခြင်းကို မခံယူစေကြောင်း၊ အဘယ်သူ့ကိုမျှ မိန့်တော်မမူ။
၂၅ ရှုလော့၊ ငါ့ထံမှ ထွက်ခွာသွားလော့ဟုဆို၍ အဘယ်သူ့ကို သူအော်ဟစ်သနည်း။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သူမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောအသင် မြေကြီးစွန်းသားတို့၊ ငါ့ထံသို့လာ၍၊ နို့နှင့် ပျားရည်တို့ကို ငွေမပေးဘဲ၊ အဖိုးအခမပေးဘဲ လာ၍ဝယ်ကြလော့။
၂၆ ရှုလော့၊ တရားဇရပ်များမှ သို့မဟုတ် ကိုးကွယ်ရာအိမ်များမှ ထွက်ခွာသွားရမည်ဟု အဘယ်သူကို သူမိန့်တော်မူဖူးလေသနည်း။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။
၂၇ သူ၏ကယ်တင်ခြင်းကို သူတို့မခံယူစေကြောင်း၊ တစ်စုံတစ်ဦးကို သူမိန့်တော်မူလေသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သူသည် ထိုအရာကို ခပ်သိမ်းသောလူသားတို့အတွက် အခမဲ့ ပေးထားတော်မူခဲ့လေပြီ။ သူ၏လူမျိုးတို့အား၊ ခပ်သိမ်းသောလူသားတို့ကို နောင်တရခြင်းသို့ ဖျောင်းဖျစေကြောင်းကိုလည်း မိန့်တော်မူလေ၏။
၂၈ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ၏ကောင်းမြတ်ခြင်းကို မခံယူရစေကြောင်း တစ်စုံတစ်ဦးကို မိန့်တော်မူလေသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ ခပ်သိမ်းသောလူသား တို့၌ တစ်ဦးသည် အခြားတစ်ဦးကဲ့သို့ အထူးအခွင့်အရေးရှိ၍၊ အဘယ်သူမျှတားမြစ်မခံရ။
၂၉ ဘာသာရေးဖြင့် ကိုယ်ကျိုးရှာခြင်းများ မရှိရမည့်အကြောင်း သူမိန့်တော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းဟူသည်ကား၊ လူတို့သည် အကျိုးအမြတ်နှင့် လောက၏ချီးမွမ်းခြင်းကို ရရှိခြင်းငှာ၊ ဟောပြောကြ၏၊ မိမိတို့ကိုယ်ကို လောက၏အလင်းအဖြစ် တည်ထောင်ကြ၏၊ သို့ရာတွင် ဇိအုန်မြို့၏ကောင်းကျိုးကိုကား ရှာဖွေခြင်းမရှိကြ။
၃၀ ရှုလော့၊ ကိုယ်တော်ရှင်သည် ဤအမှုတို့ကို တားမြစ်ထားတော်မူ၏။ သို့ဖြစ်၍၊ လူသားအားလုံးတို့၌ မေတ္တာ၊ ချစ်ခြင်းဖြစ်သောမေတ္တာရှိကြစေကြောင်း ပညတ်တော်ကို ကိုယ်တော်ရှင်ဘုရားသခင်ပေးထားတော်မူလေပြီ။ သူတို့သည် မေတ္တာမရှိလျှင်၊ အချည်းနှီး သက်သက်ဖြစ်လေ၏။ သို့ဖြစ်၍၊ သူတို့၌ မေတ္တာရှိလျှင်၊ ဇိအုန်မြို့၌ အလုပ်လုပ်သောသူကို ပျက်စီးစေရန် အခွင့်ပေးကြမည်မဟုတ်။
၃၁ သို့ရာတွင် ဇိအုန်မြို့ ၌ အလုပ်လုပ်သောသူတို့သည် ဇိအုန်မြို့အဖို့ အလုပ်လုပ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ငွေရဖို့ အလုပ်လုပ်ကြလျှင်၊ ပျက်စီးကြလိမ့်မည်။
၃၂ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားတို့အား လူအသက်ကိုမသတ်ရစေကြောင်း၊ မုသားမပြောရစေကြောင်း၊ သူ့ ဥစ္စာကို မခိုးရစေကြောင်း၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏ နာမတော်ကို အချည်းနှီးမမြွက်ဆိုရစေကြောင်း၊ ငြူစူသောစိတ်မရှိရစေကြောင်း၊ ရန်ငြိုးထားခြင်းမရှိရစေကြောင်း၊ အချင်းချင်း ရန်မတွေ့ရစေကြောင်း၊ မတရားသောမေထုန်အမှုများကို မကျူးလွန်ရစေကြောင်း၊ ဤအမှုတို့မှ အဘယ်အရာကိုမျှ သူတို့ မပြုရစေကြောင်းကိုလည်း ပညတ်ထားတော်မူ၏။ အကြောင်းမူကား၊ ထိုအမှုတို့ကို ပြုသူမှန်သမျှသည် ပျက်စီးလိမ့်မည်။
၃၃ အကြောင်းမူကား၊ ဤဒုစရိုက်များ၌ အဘယ်တစ်ခုမျှ ကိုယ်တော်ရှင်ထံမှလာသည်မဟုတ်။ အကြောင်းမူကား၊ သူသည် လူသားတို့၌ ကောင်းမြတ်သောအရာကို ပြုတော်မူ၏။ ထို့အတူ သူသည် လူသားတို့အဖို့ ရှင်းလင်းသောအရာမှတစ်ပါး၊ အဘယ်အရာကိုမျှမပြု။ ခပ်သိမ်းသောသူတို့ကို သူ့ထံသို့လာ၍ သူ၏ကောင်းမြတ်ခြင်းကို ခံယူကြရန် ဖိတ်ခေါ်တော်မူ၏။ သူ့ထံသို့လာသည့် မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ အဘယ်သူကိုမျှမငြင်း။ သူသည် သာသနာပလူတို့ကိုလည်း အောက်မေ့တော်မူ၏။ ယုဒလူမျိုးနှင့် တပါးအမျိုးသား နှစ်မျိုးစလုံးနှင့် ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်၏။