အခန်းကြီး ၃၀
ပြောင်းလဲခဲ့သည့် တစ်ပါးအမျိုးသားတို့သည် ပဋိညာဉ်ခံလူမျိုးတို့နှင့်အတူ ရေတွက်ခံရလိမ့်မည်—များစွာသောလာမန်အမျိုးသားများနှင့် ယုဒလူမျိုးတို့သည် နှုတ်ကပတ်တော်ကို ယုံကြည်လိမ့်မည်၊ နှစ်သက်ဖွယ်လည်းဖြစ်လာကြလိမ့်မည်—ဣသရေလအမျိုးတို့သည် ပြန်လည်အပ်နှင်း ခံရလိမ့်မည်၊ ဆိုးညစ်သောသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ကို ငါပြောလိုသည်မှာ၊ သင်တို့သည် တပါးအမျိုးသားတို့ထက်ပို၍ ဖြောင့်မတ်သည်ဟု ထင်မှတ်ကြစေကြောင်း ငါအခွင့်မပေး။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ဘုရားသခင်၏ပညတ်တော်များကို မစောင့်ထိန်းလျှင်၊ အားလုံးပျက်စီးခြင်းသို့ အမှန်ရောက်ကြလိမ့်မည်။ ပြောထားပြီးလေသော စကားများကြောင့်လည်း၊ တပါးအမျိုးသားတို့ရှင်းရှင်းဖျက်ဆီးခံရကြ၏ဟု သင်တို့မထင်မှတ်ကြနှင့်။
၂ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ နောင်တရမည့် တပါးအမျိုးသားမှန်သမျှတို့သည် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးများဖြစ်ကြ၏။ ထို့အတူ၊ နောင်တမရမည့် ယုဒလူမှန်သမျှတို့သည် နှင်ထုတ်ခံရကြမည်။ အကြာင်းမူကား၊ ကိုယ်တော်ရှင်သည် နောင်တရကြ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် မိမိ၏သားတော်ကို ယုံကြည်ကြသောသူတို့နှင့်မှတစ်ပါး၊ အဘယ်သူနှင့်မျှ ပဋိညာဉ်မပြု။
၃ ယခုမူကား၊ ငါသည် ယုဒလူမျိုးတို့နှင့် တပါးအမျိုးသားတို့အကြောင်း အတော်အသင့် နောက်ထပ်ပရောဖက်ပြု၍ ဟောလို၏။ အကြောင်းမူကား၊ ငါပြောလေပြီးသောကျမ်း ပေါ်ထွက်လာလိမ့်မည်၊ တပါးအမျိုးသားတို့အဖို့ ရေးထား၍၊ ကိုယ်တော်ရှင်အဖို့ တံဆိပ်ခတ်ပြီးနောက်တွင် ရေးထားလေသော နှုတ်ကပတ်တော်တို့ကို ယုံကြည်မည့်သူ များစွာရှိလိမ့်မည်။ ထိုသူတို့သည်လည်း နှုတ်ကပတ်တော်တို့ကို ငါတို့အမျိုးအနွယ်များ၏ ကျန်ကြွင်းသောသူများဆီသို့ ဆောင်ယူသွားကြလိမ့်မည်။
၄ ထို့နောက်တွင်၊ ငါတို့အမျိုးအနွယ်များ၏ ကျန်ကြွင်းသောသူတို့သည်လည်း ငါတို့နှင့်စပ်လျဉ်း၍၊ ယေရုရှလင်မြို့မှ ငါတို့အဘယ်သို့အားဖြင့် ထွက်လာခဲ့ကြောင်း၊ ထို့အတူ သူတို့သည် ယုဒလူမျိုးတို့၏အမျိုးအနွယ်များ ဖြစ်ကြကြောင်းတို့ကို သိကြလိမ့်မည်။
၅ ခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလည်း သူတို့၌ ဟောကြားလိမ့်မည်။ သို့ဖြစ်၍၊ သူတို့သည် မိမိတို့၏ဘိုးဘေးတို့အကြောင်း အသိပညာနှင့် မိမိတို့၏ဘိုးဘေးတို့၌ ရှိခဲ့လေသည့် အသိပညာတည်းဟူသောခရစ်တော် အကြောင်း အသိပညာသို့လည်း ပြန်လည်ဆောင်ယူခံရကြလိမ့်မည်။
၆ ထို့နောက်တွင်၊ သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုအမှုမှာ သူတို့အတွက် ဘုရားသခင်၏လက်တော်မှ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ကြောင်းကို သိကြလိမ့်မည်။ သူတို့၏မျက်လုံးမှ မှောင်မိုက်ခြင်းအကြေးသည်လည်း ကွာကျစပြုလိမ့်မည်။ သူတို့၌ များစွာသောမျိုးဆက်တို့သည်လည်း စင်ကြယ်သော၊ နှစ်သက်ဖွယ်သောလူမျိုးများဖြစ်မလာဘဲ ကွယ်လွန်မသွားရ။
၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ကွဲပြားပြန့်ကျဲသည့် ယုဒလူမျိုးတို့သည်လည်း ခရစ်တော်ကို ယုံကြည်စပြုကြလိမ့်မည်။ ထိုပြည်၏မျက်နှာပြင်ပေါ်တွင် စုဝေးစပြုကြလိမ့်မည်။ ခရစ်တော်ကို ယုံကြည်မည့်သူမှန်သမျှသည်လည်း နှစ်သက်ဖွယ်လူမျိုးများဖြစ်လာကြလိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မြေကြီးပေါ်ရှိမိမိလူမျိုးများသို့ ပြန်လည်အပ်နှင်းခြင်းကို ပြီးမြောက်စေခြင်းငှာ၊ ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့၌ သူ၏အမှုတော်ကို အစပြုတော်မူလိမ့်မည်။
၉ ထို့အတူ ကိုယ်တော်ရှင်ဘုရားသခင်သည် ဆင်းရဲသားတို့၏အမှုကို ဖြောင့်မတ်ခြင်းတရားအတိုင်း စီရင်၍၊ မြေကြီးပေါ်ရှိသိမ်မွေ့အောက်ကျို့သောသူတို့အတွက် ဖြောင့်မတ်စွာ အပြစ်တင်ဆုံးမ လိမ့်မည်။ မြေကြီးကို သူ၏နှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးညစ်သောသူကို သူ၏နှုတ်တော်မှထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
၁၀ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် လူမျိုးတို့၌ ကြီးစွာသောကွဲပြားခြင်းကို ဖြစ်စေမည့်အချိန် အလျင်အမြန်ကျရောက်လာသောအခါ၊ ဆိုးညစ်သောသူတို့ကို ဖျက်ဆီး၍၊ သူ၏လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။ ထိုသို့ဆိုလျှင်၊ သူသည် ဆိုးညစ်သောသူများကို မီးဘေးဖြင့်ပင် ဖျက်ဆီးရပေမည်။
၁၁ ဖြောင့်မတ်ခြင်းတရားသည် သူ၏ခါးပန်း၊ သစ္စာရှိခြင်းသည် သူ၏ခါးစည်း ဖြစ်လိမ့်မည်။
၁၂ ထို့နောက်တွင်ကား၊ တောခွေးသည် သိုးသငယ်နှင့် အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ ကလေးသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။
၁၃ နွားမနှင့် ဝံမသည် အတူကျက်စား၍၊ သူတို့၏သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကို စားလိမ့်မည်။
၁၄ နိုစို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။
၁၅ သူတို့သည် ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ကိုယ်တော်ရှင်အကြောင်း အသိပညာနှင့် ပြည့်စုံလိမ့်မည်။
၁၆ သို့ဖြစ်၍၊ ခပ်သိမ်းသောပြည်သားတို့၏ အမှုများကို ဖော်ပြလိမ့်မည်။ အထူးသဖြင့်၊ ခပ်သိမ်းသောအမှုတို့ကို လူသားတို့ထံ ဖော်ပြလိမ့်မည်။
၁၇ လျှို့ဝှက်သောအရာမရှိဘဲ ဖော်ပြလိမ့်မည်။ မှောင်မိုက်ခြင်းအမှုမရှိဘဲ အလင်း၌ ထင်ရှားစွာပြလိမ့်မည်။ မြေကြီးပေါ်၌ တံဆိပ်ခတ်ထားသောအရာ မရှိဘဲ ဖြေလွှတ်လိမ့်မည်။
၁၈ သို့ဖြစ်၍၊ လူသားတို့အား ဖော်ပြထားပြီးလေသည့် အရာခပ်သိမ်းတို့ကို ထိုကာလ၌၊ ဖော်ပြလိမ့်မည်။ စာတန်သည်လည်း လူသားတို့၏စိတ်နှလုံးကို အချိန်ကြာမြင့်စွာ အစိုးရခြင်း မရှိရတော့လတ္တံ့။ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါ၏စကားများကို ငါလက်စသတ်၏။