အခန်းကြီး ၃၂
ကောင်းကင်တမန်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဟောပြောကြ၏—လူသားတို့သည် သူတို့ကိုယ်တိုင် ဆုတောင်း၍၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အသိပညာကို ရရှိရကြမည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ထိုလမ်းဖြင့် သင်တို့ဝင်ကြလေပြီးနောက်၊ ပြုရမည့်အကြောင်းကို၊ သင်တို့စိတ်နှလုံး၌ အတော်အသင့်မှတ်ကျုံး၍ စဉ်းစားဆင်ခြင်ကြသည်ဟု ငါတွေးမိ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ဤအရာတို့ကို သင်တို့စိတ်နှလုံး၌ အဘယ်ကြောင့် မှတ်ကျုံး၍ စဉ်းစားဆင်ခြင်ကြသနည်း။
၂ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြလေပြီးနောက်၊ ကောင်းကင်တမန်တို့၏နှုတ်သတ္တိနှင့်ပြောဆိုနိုင်မည့်အကြောင်း၊ ငါပြောခဲ့သည်ကို သတိမရကြသလော။ ယခုမူကား၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မှတစ်ပါး၊ ကောင်းကင်တမန်တို့၏နှုတ်သတ္တိနှင့် အဘယ်သို့အားဖြင့် ပြောနိုင်ကြမည်နည်း။
၃ ကောင်းကင်တမန်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့်ပြောကြ၏။ သို့ဖြစ်၍၊ သူတို့သည် ခရစ်တော်၏နှုတ်ကပတ်တော်များကို ဟောပြောကြ၏။ သို့ဖြစ်၍၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြလော့ဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့က သင်တို့ပြုရမည့်အရာမှန်သမျှကို ပြောပြလိမ့်မည်။
၄ သို့ဖြစ်၍၊ ယခုတွင်၊ ဤစကားများကို ငါပြောလေပြီးနောက်၊ သင်တို့နားမလည်နိုင်ကြလျှင်၊ သင်တို့မမေးမလျှောက်ကြသောကြောင့်၊ မခေါက်ကြသောကြောင့် ဖြစ်လိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် အလင်းသို့ ဆောင်ယူမခံရဘဲ၊ မှောင်မိုက်၌ ပျက်စီးရကြမည်။
၅ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါတစ်ဖန်ဆိုသည်မှာ၊ ထိုလမ်းဖြင့်ဝင်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့လက်ခံရရှိလျှင်၊ သင်တို့ပြုရမည့်အရာမှန်သမျှကို ပြတော်မူလိမ့်မည်။
၆ ရှုလော့၊ ဤအရာသည်ကား ခရစ်တော်၏ဩဝါဒဖြစ်၍၊ သင်တို့ထံ သူကိုယ်တိုင် ဇာတိကိုယ်ခန္ဓာအားဖြင့် ထင်ရှားစွာပြတော်မူပြီးသည့်တိုင်အောင် ဩဝါဒမရှိတော့လတ္တံ့။ သင်တို့ထံ သူကိုယ်တိုင် ဇာတိကိုယ်ခန္ဓာအားဖြင့် ထင်ရှားစွာပြတော်မူသောအခါတွင်လည်း၊ သူပြောမည့်အရာများကို လုပ်ဆောင်ရန် အားထုတ်ရကြမည်။
၇ ယခုမူကား၊ ငါနီဖိုင်းသည် နောက်ထပ်၍ မပြောနိုင်တော့။ ဝိညာဉ်တော်က ငါ၏ပြောဆိုခြင်းကို ရပ်တန့်စေ၍၊ လူသားတို့၏ မယုံကြည်မှု၊ ဆိုးညစ်ခြင်း၊ အသိတရားမဲ့ခြင်းနှင့် လည်ပင်းခိုင်မာခြင်းတို့ကြောင့်၊ ငါသည် ငိုကြွေးမြည်တမ်းနိုင်ရုံသာရှိ၏။ အကြောင်းမူကား၊ သူတို့ထံသို့ ရှင်လင်းနိုင်သမျှ ရှင်းလင်းသောစကားဖြင့်ပင် ရှင်းလင်းစွာဖော်ပြစဉ်ကအသိပညာကို မရှာကြ၊ ကြီးစွာသောအသိပညာကိုလည်း နားမလည်ကြ။
၈ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့စိတ်နှလုံး၌၊ မှတ်ကျုံး၍စဉ်းစားဆင်ခြင်လျက်ရှိသေးသည်ကို ငါသိမြင်၏။ ဤအရာအကြောင်းကို ပြောရမည်မှာ၊ ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။ အကြောင်းမူကား၊ သင်တို့သည် လူသားကို ဆုတောင်းရန် သွန်သင်ပေးသည့် ဝိညာဉ်တော်ကို စေ့စေ့နားထောင်လိုကြလျှင်၊ ဆုတောင်းရမည်ကို သိကြလိမ့်မည်။ မကောင်းသောဝိညာဉ်သည် လူသားကို ဆုတောင်းရန် သွန်သင်ခြင်းမရှိ၊ ဆုမတောင်းရမည်ကိုသာ သွန်သင်၏။
၉ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် အစဉ်အမြဲဆုတောင်းရမည်။ အားလည်းမလျော့ရ။ သင်တို့၏ အမှုဆောင်ရွက်ခြင်းသည် သင်တို့စိတ်ဝိညာဉ်၏ကောင်းကျိုးအတွက် ဖြစ်စေကြောင်း အမှုဆောင်ရွက်ခြင်းကို သူရည်စူးတော်မူမည့်အကြောင်း၊ ခမည်းတော်ထံသို့ ခရစ်တော်၏နာမတော်အားဖြင့် ရှေးဦးစွာ ဆုမတောင်းလျှင်၊ ကိုယ်တော်ရှင်အဖို့ အဘယ်အရာကိုမျှ သင်တို့မဆောင်ရွက်ရ။