အခန်းကြီး ၆
ယာကုပ်သည် ယုဒလူမျိုးတို့၏သမိုင်းကို ပြန်လည်ပြောပြ၏။ ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် ပြန်လာခြင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား အမှုတော်ဆောင်ခြင်းနှင့် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရတော်မူခြင်း၊ တပါးအမျိုးသားတို့ထံမှ ရရှိသောကူညီမှု၊ ယုဒလူမျိုးတို့ မေရှိယကို ယုံကြည်သောအခါ၊ နောက်ပိုင်းကာလ၌ သူတို့ထံသို့ ပြန်လည်အပ်နှင်းခြင်း။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ နီဖိုင်းလူမျိုးများသို့ပြောသော နီဖိုင်း၏ညီ၊ ယာကုပ်၏စကားများမူကား။
၂ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါယာကုပ်ကို ဘုရားသခင်ခေါ်သွင်းတော်မူ၍၊ သူ၏သန့်ရှင်းသောအသင်းအတိုင်း ခန့်အပ်ထားခြင်းကို ခံရလျက်၊ ရှင်ဘုရင်တစ်ပါး၊ သို့မဟုတ် ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကဲ့သို့ သင်တို့ကြည်ညိုလေးစား၍၊ ဘေးလွတ်ခြင်းအတွက် သင်တို့အားကိုးရသော၊ ငါ့အစ်ကိုနီဖိုင်းအားဖြင့် ခန့်ထားခံခဲ့ရ၏။ ရှုလော့၊ အလွန်များစွာသောအရာတို့ကို သင်တို့အား ငါပြောလေကြောင်း သင်တို့သိကြ၏။
၃ အဘယ်သို့ပင်ဖြစ်စေ၊ ငါသည် သင်တို့စိတ်ဝိညာဉ်၏ကောင်းကျိုးကို လိုလားသည့်အတွက် တစ်ဖန်ပြောဦးမည်။ ထိုမှတစ်ပါး၊ သင်တို့အတွက် ငါ၏စိုးရိမ်ပူပန်မှုမှာ ကြီးမား၍ အစဉ်အမြဲရှိ နေခဲ့လေသည်ကိုလည်း သင်တို့ကိုယ်တိုင် သိကြ၏။ အကြောင်းမူကား၊ ငါသည် သင်တို့ကို လုံံ့လဝီရိယရှိသမျှနှင့် တိုက်တွန်းခဲ့၏။ ငါ့အဘ၏စကားများကိုလည်း သင်တို့ကို သွန်သင်ပေးခဲ့၏။ ကမ္ဘာကို ဖန်ဆင်းတော်မူခြင်းမှစ၍ ရေးထားသည့် အရာခပ်သိမ်းတို့အကြောင်းကိုလည်း သင်တို့ကို ငါပြောပြီးလေပြီ။
၄ ယခုမူကား၊ ရှုလော့၊ ဖြစ်လျက်ရှိသောအရာများနှင့် ဖြစ်လတ္တံ့သောအရာများအကြောင်း သင်တို့ကို ငါပြောလို၏။ သို့ဖြစ်၍၊ ဟေရှာယ၏စကားများကို ငါဟောပြောမည်။ ထိုအရာတို့သည်ကား၊ ငါ၏အစ်ကိုက သင်တို့အား ငါပြောပြစေကြောင်းအလိုရှိသည့် စကားများပေတည်း။ သင်တို့သင်ယူ၍ ဘုရားသခင်၏နာမတော်အား ချီးမွမ်းနိုင်စေကြောင်း၊ သင်တို့အတွက် ငါဟောပြော၏။
၅ ယခုမူကား၊ ငါဟောပြောမည့်စကားများမှာ ဟေရှာယဟောလေသည့် ခပ်သိမ်းသော ဣသရေလအမျိုးသားတို့အကြောင်း ဖြစ်၏။ သို့ဖြစ်၍၊ ထိုအရာတို့သည် သင်တို့နှင့် သက်ဆိုင်နိုင်ပေ၏။ အကြောင်းမူကား၊ သင်တို့သည် ဣသရေလအမျိုးသားများ ဖြစ်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားများ ဖြစ်ကြသောကြောင့်၊ ဟေရှာယဟောလေသည့် အရာတည်းဟူသော၊ သင်တို့နှင့်သက်ဆိုင်နိုင်သည့် အရာများစွာရှိ၏။
၆ ယခုတွင်၊ ဤစကားများမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်မှာ၊ ရှုလော့၊ ငါသည် တပါးအမျိုးသားတို့ကို လက်ကိုချီ၍၊ လူမျိုးတို့အား အလံကိုထူသဖြင့် သူတို့သည် သင်တို့၏သားများကို လက်နှင့်ပွေ့၍၊ သင်တို့၏သမီးများကို ပခုံးပေါ်မှာထမ်း၍ ဆောင်ခဲ့ကြလိမ့်မည်။
၇ ရှင်ဘုရင်တို့သည် သင်တို့၏ကျွေးဖခင်များ၊ မိဖုရားတို့သည် သင်တို့၏ကျွေးမွေးစောင့်ရှောက်သောမိခင်များ ဖြစ်ကြလိမ့်မည်။ သူတို့သည် သင့်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ကိုယ်တော်ရှင်ဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်။ အကြောင်းမူကား၊ ငါ့ကိုစောင့်မျှော်သောသူတို့သည် ရှက်ကြောက်ရမည်မဟုတ်။
၈ ယခုမူကား၊ ဤစကားများအကြောင်းကို ငါယာကုပ်အတော်အသင့်ပြောပြလို၏။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့စွန့်ခွာလာခဲ့သော ယေရုရှလင်မြို့ ၌ ရှိလေသောသူတို့ကို ကွပ်မျက်၍၊ ဖမ်းဆီးချုပ်နှောင်ပြီးသယ်ဆောင်သွား ခံရကြောင်း ငါ့ကို ကိုယ်တော်ရှင်ပြတော်မူလေ၏။
၉ သို့သော်လည်း၊ သူတို့တစ်ဖန်ပြန်လာမည့်အကြောင်း ငါ့ကို ကိုယ်တော်ရှင်ပြတော်မူလေ၏။ ကိုယ်တော်ရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားသည် သူကိုယ်တိုင်၊ ဇာတိကိုယ်ခန္ဓာအားဖြင့် ထိုသူတို့ထံ ထင်ရှားစွာပြလာလိမ့်မည်ဖြစ်ကြောင်းကိုလည်း ငါ့ကို ပြတော်မူလေ၏။ သူကိုယ်တိုင်ထင်ရှားစွာပြပြီးနောက်၊ ငါ့ကို ပြောသည့် ကောင်းကင်တမန်၏ စကားများအတိုင်း ထိုသူတို့သည် သူ့ကို ရိုက်ပုတ်၍၊ လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်။
၁၀ သူတို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားအား ဆန့်ကျင်၍၊ သူတို့စိတ်နှလုံးကို မာကျောစေ၍၊ သူတို့၏လည်ပင်းကို ခိုင်မာစေကြလေပြီးနောက်၊ ရှုလော့၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၏တရားစီရင်တော်မူခြင်းများသည် သူတို့အပေါ် ကျရောက်လာလိမ့်မည်။ တိုက်ခိုက်ခြင်းနှင့် ဒုက္ခပေးခြင်းကို သူတို့ခံရကြမည့်ကာလသည်လည်း ကျရောက်လာ၏။
၁၁ သို့ဖြစ်၍၊ သူတို့သည် အရပ်ရပ်သို့ နှင်ထုတ် ခံရကြပြီးနောက်၊ ကောင်းကင်တမန်က မြွက်ဆိုလေသည်ကား၊ များစွာသောသူတို့သည် ဇာတိကိုယ်ခန္ဓာ၌ ဒုက္ခပေးခံရမည်ဖြစ်သော်လည်း၊ ပျက်စီးစေရန် အခွင့်ပေးမခံရလတ္တံ့၊ သစ္စာရှိသောသူတို့၏ ဆုတောင်းခြင်းများကြောင့် ပေတည်းဟု ဆို၏။ သူတို့သည် အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲခံရ၊ ထို့အတူ တိုက်ခိုက်ခံရ၊ ထို့တူ မုန်းတီးခံရကြလိမ့်မည်။ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာကြီးတော်မူမည်ဖြစ်၍၊ သူတို့၏ရွေးနှုတ်ရှင်အကြောင်း အသိပညာသို့ ရောက်ကြသောအခါ၊ သူတို့၏အမွေခံရာပြည်သို့ တစ်ဖန် အတူတကွစုဝေး ခံရကြလိမ့်မည်။
၁၂ ပရောဖက်ရေးထားလေသော တပါးအမျိုးသားတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် နောင်တရ၍ ဇိအုန်ကိုဆန့်ကျင်တိုက်ခိုက်ခြင်းမရှိဘဲ၊ သူတို့ကိုယ်ကို ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးနှင့် ပူးပေါင်းခြင်းမရှိကြလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏သားသမီးများထံ ပြုထားသော ပဋိညာဉ်များကို ပြီးပြည့်စုံစေလိမ့်မည်။ ဤအကြောင်းကြောင့်၊ ပရောဖက်က ရေးထားခဲ့လေ၏။
၁၃ သို့ဖြစ်၍၊ ဇိအုန်နှင့် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့ကို ဆန့်ကျင်တိုက်ခိုက်ကြသောသူတို့သည် ပဋိညာဉ်ခံလူမျိုးတို့၏ခြေမှ မြေမှုန့်ကိုလျက်ကြလိမ့်မည်။ ကိုယ်တော်ရှင်၏လူမျိုးတို့မူကား ရှက်ကြောက်ရလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏လူမျိုးတို့သည် သူ့ကိုမျှော်လင့်သောသူများဖြစ်ကြ၏။ သူတို့သည် မေရှိယကြွလာတော်မူခြင်းကိုလည်း စောင့်မျှော်လျက်ရှိကြ၏။
၁၄ ရှုဦးလော့၊ ပရောဖက်၏စကားများအတိုင်း၊ မေရှိယသည် သူတို့အား ကယ်ယူရန်၊ သူကိုယ်တိုင် ဒုတိယအကြိမ် တစ်ဖန်ကြွလာတော်မူမည်။ သို့ဖြစ်၍၊ သူတို့၏ရန်သူများကို ဖျက်ဆီးသည်အထိ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်ကို ဆောင်လျက်၊ သူတို့ထံ သူကိုယ်တိုင် ထင်ရှားစွာပြတော်မူမည်။ သူ့ကို သူတို့ယုံကြည်မည့်အချိန်၌ ထိုကာလကျရောက်လာ၏။ သူ့ကိုယုံကြည်သူ၊ အဘယ်သူကိုမျှ၊ ဖျက်ဆီးလိမ့်မည်မဟုတ်။
၁၅ သူ့ကို မယုံကြည်သောသူတို့သည် မီးဖြင့်လည်းကောင်း၊ မိုးသက်မုန်တိုင်းဖြင့်လည်းကောင်း၊ မြေကြီးလှုပ်ခြင်းဖြင့်လည်းကောင်း၊ အသွေးသွန်းလောင်းခြင်းတို့ဖြင့်လည်းကောင်း၊ ကာလနာဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း ဖျက်ဆီးခံရကြလိမ့်မည်။ ကိုယ်တော်ရှင်သည် ဘုရားသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်ကြောင်းကိုလည်း သူတို့သိကြလိမ့်မည်။
၁၆ အကြောင်းမူကား၊ လုယူရာဥစ္စာကို အားကြီးသောသူ၏လက်မှ ယူရမည်လော၊ တရားသော အကျဉ်းသားကို လွှတ်ပေးရမည်လော။
၁၇ သို့ရာတွင်၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူသိမ်းသွားသော အကျဉ်းသားတို့ကို နှုတ်ယူရလိမ့်မည်။ ကြောက်မက်ဖွယ်သောသူ လုယူရာဥစ္စာကို လွှတ်ပေးရလိမ့်မည်။ အကြောင်းမူကား၊ တန်ခိုးကြီးသောဘုရားသခင်သည် သူ၏ပဋိညာဉ်ခံလူမျိုးတို့ကို ကယ်လွှတ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်နှင့်ရန်တွေ့သောသူကို ငါရန်တွေ့၍—
၁၈ သင့်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို သူတို့ကိုယ်တိုင်၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်နှင့် ယစ်မူးသကဲ့သို့၊ သူတို့ကိုယ်တိုင်၏အသွေးနှင့် သူတို့ယစ်မူးရကြလိမ့်မည်။ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် သင်၏ကယ်တင်ရှင်၊ သင်၏ရွေးနှုတ်ရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို ခပ်သိမ်းသောလူတို့ သိရကြလိမ့်မည်။