အခန်းကြီး ၂၀
အာရှုရိပြည် ပျက်စီးခြင်းသည် ဒုတိယအကြိမ် ကြွလာတော်မူသောအခါ၌ ဆိုးညစ်သူတို့ပျက်စီးခြင်း၏ သင်္ကေတ တစ်ခုဖြစ်၏—ကိုယ်တော်ရှင်နောက်တစ်ဖန် ကြွလာတော်မူပြီးနောက်တွင်၊ အနည်းငယ်သောလူတို့ကျန်ရှိလိမ့်မည်—ထိုကာလ၌၊ ယာကုပ်အမျိုး၏ကျန်ကြွင်းသောသူတို့ ပြန်လာကြမည်—ဟေရှာယအခန်းကြီး ၁၀ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ မတရားသောစီရင်ချက်ကို စီရင်သူ၊ ပြင်းထန်သောမှတ်ချက်ကို မှတ်သားသောစာရေးတို့သည် အမင်္ဂလာရှိကြလေသည်မှာ၊
၂ ချို့တဲ့သောသူတို့အဖို့ မှန်သောတရားစီရင်ခြင်းမှ သွေဖည်ခြင်းငှာလည်းကောင်း၊ ငါ၏လူမျိုး၌ ဆင်းရဲသားတို့၏အခွင့်အရေးကို ဖယ်ရှားခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို မိမိတို့၏ သားကောင်ဖြစ်စေခြင်းငှာလည်းကောင်း၊ အဘမရှိသောသူငယ်တို့၏ဥစ္စာကို လုယူခြင်းငှာလည်းကောင်း ပြုကြသောကြောင့်ပင်တည်း။
၃ သင်တို့သည် ငါကြည့်ရှုစီရင်ရာကာလ၌၊ ထို့အတူ အဝေးကရောက်လတ္တံ့သောဖျက်ဆီးခြင်း၌ အဘယ်သို့ပြုကြလိမ့်မည်နည်း။ အကူအညီရအံ့သောငှာ၊ အဘယ်သူ့ထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့၏ စည်းစိမ်ဥစ္စာကို အဘယ်မှာ ချန်ထားကြလိမ့်မည်နည်း။
၄ ငါ့အကူအညီကိုမရဘဲနှင့် သူတို့သည် ချုပ်ထားလျက်ရှိသောသူတို့အောက်မှာ ဦးညွှတ်ပျပ်ဝပ်ရကြလိမ့်မည်။ ကွပ်မျက်ခံရသောသူတို့အောက်မှာ လဲကျရကြလိမ့်မည်။ ဤအရာခပ်သိမ်းတို့ကြောင့်၊ သူ၏အမျက်တော်သည် မငြိမ်းသော်လည်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
၅ အို အာရှုရိလူ၊ ငါ့အမျက်၏လှံတံ၊ သူတို့ကိုင်သောတောင်ဝှေးသည် သူတို့၏ဒေါသဖြစ်၏။
၆ သူတော်ကောင်းယောင်ဆောင်သောလူမျိုးရှိရာသို့ သူ့ကို ငါစေလွှတ်မည်။ ငါ့အမျက်ခံရာလူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ သူတို့ကို နင်းချေစေခြင်းငှာ သူ့ကို ငါတာဝန်ပေးမည်။
၇ သို့သော်လည်း၊ သူသည် ထို့သို့မရည်ရွယ်၊ သူ၏စိတ်နှလုံးကလည်း ထိုသို့မတွေး။ သို့ရာတွင်၊ သူ၏စိတ်နှလုံး၌၊ အနည်းငယ်သာမဟုတ်သည့် လူမျိုးတို့ကို ဖျက်ဆီး၍၊ ပယ်ရှင်းခြင်းငှာ အလိုရှိ၏။
၈ သူဆိုလေသည်ကား၊ ငါ၏မူးမတ်တို့သည် မင်းကြီးများ ဖြစ်ကြသည်မဟုတ်လော။
၉ ကာလနော်မြို့သည် ခါခေမိတ်မြို့ကဲ့သို့ဖြစ်သည်မဟုတ်လော။ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့ဖြစ်သည်မဟုတ်လော။ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့ဖြစ်သည်မဟုတ်လော။
၁၀ ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍မြတ်သောရုပ်တုဆင်းတုကို ကိုးကွယ်သော နိုင်ငံများကို ငါတည်ထောင်လေသကဲ့သို့လည်းကောင်း၊
၁၁ ရှမာရိမြို့နှင့် သူ့ရုပ်တုတို့ကို ငါပြုသကဲ့သို့လည်းကောင်း၊ ယေရုရှလင်မြို့နှင့် သူ့ရုပ်တုတို့ကို ငါပြုမည်မဟုတ်လောဟု ဆိုတတ်၏။
၁၂ သို့ဖြစ်၍၊ အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်သည် ဇိအုန်တောင်ပေါ်နှင့်၊ ယေရုရှလင်မြို့အပေါ်၌ အမှုတော်ကို ဆောင်ရွက်တော်မူပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားသောစိတ်နှလုံး၏အကျိုးနှင့် မော်သောမျက်နှာနှင့်စော်ကားခြင်းကို ငါအပြစ်ဒဏ်ပေးတော်မူမည်။
၁၃ အကြောင်းမူကား၊ သူဆိုလေသည်မှာ၊ ငါသည် ပညာတတ်ဖြစ်သောကြောင့်၊ ကိုယ့်လက်ရုံးသတ္တိနှင့် ကိုယ့်ဉာဏ်ပညာအားဖြင့်၊ ဤအရာတို့ကို ပြုလုပ်ခဲ့ပြီးလေပြီ။ လူမျိုးတို့၏ နယ်နိမိတ်တို့ကို ငါရွှေ့ ပြီ။ သူတို့၏ဘဏ္ဍာကို လုယူပြီ။ နေထိုင်သူတို့ကို သူရဲကဲ့သို့ အောင်နိုင်ပြီ။
၁၄ ငါ့လက်သည် ငှက်သိုက်ကိုတွေ့သကဲ့သို့၊ လူတို့၏စည်းစိမ်ဥစ္စာများကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်။ နှုတ်သီးကိုမဖွင့်။ မမြည်မတွန်ဟုဆို၏။
၁၅ တုတ်သည် ကိုင်သောသူကို လှုပ်သကဲ့သို့လည်းကောင်း၊ တောင်ဝှေးသည် သစ်သားမဟုတ်လေသည့်ပမာ၊ ကိုယ်တိုင် ချီကြွသကဲ့သို့လည်းကောင်း၊ ပုဆိန်သည် ခုတ်တတ်သောသူကို စော်ကားရမည်လော။ လွှသည် တိုက်တတ်သောသူကို ရန်ပြု၍ထောင်လွှားရမည်လော။
၁၆ ထို့ကြောင့်၊ ကိုယ်တော်ရှင်၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်သည် ထိုသူ၏ ဆူဝသောသူတို့ ၌၊ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ ထိုသူ၏ဘုန်းတော် အောက်၌လည်း မီးလောင်မြိုက်သကဲ့သို့ လောင်မြိုက်စေခြင်းငှာ၊ ရှို့တော်မူမည်။
၁၇ ဣသရေလအမျိုး၏အလင်းသည် မီးဖြစ်လိမ့်မည်။ သူ၏သန့်ရှင်းသောဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တစ်နေ့ချင်းတွင်၊ သူ၏ ဆူးပင်အမျိုးမျိုးတို့ကို လောင်မြိုက်စေမည်ဖြစ်၍၊ ကျွမ်းစေတော်မူမည်။
၁၈ တော၏ဘုန်းကိုလည်းကောင်း၊ အသီးအနှံထွက်သောလယ်၏ဘုန်းကိုလည်းကောင်း၊ သူ၏ဝိညာဉ်၊ ကိုယ်ခန္ဓာနှင့်တကွ ကုန်စေတော်မူသဖြင့်၊ သူတို့သည် အလံတိုင်လဲသကဲ့သို့ အားလျော့လိမ့်မည်။
၁၉ ကြွင်းသောတောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
၂၀ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌၊ ဣသရေလအမျိုး၏ ကျန်ကြွင်းသောသူများနှင့် ယာကုပ်အမျိုးသားတို့အထဲမှ ဘေးလွတ်သောသူတို့သည် မိမိတို့ကို ညှဉ်းဆဲသောသူကို မကိုးစားကြတော့လတ္တံ့၊ ကိုယ်တော်ရှင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၌သာ အမှန်ကိုးစားကြလိမ့်မည်။
၂၁ ကျန်ကြွင်းသောသူ၊ အထူးသဖြင့်၊ ယာကုပ်အမျိုး၏ကျန်ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသောဘုရားသခင်ထံသို့ ပြန်လာကြလိမ့်မည်။
၂၂ အကြောင်းမူကား၊ သင်၏လူမျိုးဣသရေလအမျိုးတို့သည် သမုဒ္ဒရာသဲလုံးတမျှ၊ များသော်လည်း၊ ကျန်ကြွင်းသောသူတို့သာလျှင်၊ ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ဖြောင့်မတ်ခြင်းဖြင့် လွှမ်းမိုးရလိမ့်မည်။
၂၃ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ဘုရားသခင်သည် မြေတစ်ပြင်လုံး၌ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းကို ပြုတော်မူလိမ့်မည်။
၂၄ ထို့ကြောင့်၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ အို ဇိအုန်မြို့ ၌နေသော ငါ၏လူမျိုးတို့၊ အာရှုရိလူကို မကြောက်နှင့်။ သူသည် သင့်ကို တုတ်နှင့်ရိုက်လိမ့်မည်။ အဲဂုတ္တုလူကို ပြုသည်နည်းတူ သူ၏လှံတံကို သင့်အပေါ်မှာ မိုးလိမ့်မည်။
၂၅ သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည် ပျက်စီးခြင်းသို့ရောက်သောအားဖြင့်၊ ဒေါသသည်ငြိမ်း၍၊ ငါ့အမျက်လည်းပြေလိမ့်မည်။
၂၆ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်သည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့လည်းကောင်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့လည်းကောင်း၊ ထိုသူအဖို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္တုလက်ထက်၌ကဲ့သို့၊ လှံတံတော်ကို တစ်ဖန် ချီတော်မူမည်။
၂၇ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်ကလည်းကောင်း၊ သူ၏ထမ်းပိုးကို သင်၏လည်ပင်းပေါ်ကလည်းကောင်း ချရ၏။ ဆီလိမ်းခြင်းကြောင့် ထမ်းပိုး ပျက်စီးရ၏။
၂၈ သူသည် အာရပ်မြို့သို့ ရောက်လေပြီ။ သူသည် မိဂရုန်မြို့တိုင်အောင် လွန်သွားပြီ။ မိတ်မတ်မြို့ ၌ သူ၏လှည်းများကို ချထားလေပြီ။
၂၉ သူတို့သည် ချိုင့်ဝှမ်းကို လွန်ကြပြီ။ သူတို့သည် ဂေဗမြို့ ၌ စခန်းချကြပြီ။ ရာမတ်မြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။
၃၀ အို ဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ လဲရှမြို့သို့တိုင် ကြားစေလော့။ အို ဆင်းရဲသော အာနသုတ်မြို့ ။
၃၁ မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိမ်မြို့သားတို့သည် ထွက်ပြေးခြင်းငှာ စုဝေးကြ၏။
၃၂ ထိုနေ့တွင် သူသည် နောဘမြို့၌ နေပြီးမှ ဇိအုန်သတို့သမီး၏တောင်တည်းဟူသော ယေရုရှလင်တောင်ကို ရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်။
၃၃ ရှုလော့၊ ကိုယ်တော်ရှင်၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်သည် ကြောက်မက်ဖွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ခုတ်ဖြတ်တော်မူမည်။ အရပ်မြင့်သောအခက်တို့ကို ခုတ်လှဲ၍၊ ကြီးမားသောအခက်တို့ကို နှိမ့်ချတော်မူမည်။
၃၄ တောအုပ်ကို သံလက်နက်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသောသူ၏လက်အားဖြင့်၊ လဲလျက်နေလိမ့်သတည်း။