အခန်းကြီး ၁၉
ဟေရှာယသည် မေရှိယအကြောင်းကို ဟောပြော၏—မှောင်မိုက်ထဲမှလူတို့သည် ကြီးစွာသောအလင်းကို မြင်ကြလိမ့်မည်—ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏—သူသည် ငြိမ်းချမ်းခြင်း၏အရှင်ဖြစ်၍၊ ဒါဝိဒ်၏ပလ္လင်ပေါ်၌ အုပ်စိုးတော်မူလိမ့်မည်—ဟေရှာယအခန်းကြီး ၉ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ သို့သော်လည်း၊ ဝေဒနာအမှောင်သည် ထိုပြည်ခံရသောဒုက္ခဆင်းရဲခြင်းလောက် ကြီးမားလိမ့်မည်မဟုတ်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အစက ညင်သာစွာ ဒုက္ခပေးတော်မူခဲ့သော်လည်း၊ နောက်တစ်ဖန်တွင် ဧဒုံပင်လယ်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက် တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ပြင်းပြင်းထန်ထန် ဒုက္ခပေးတော်မူခဲ့၏။
၂ မှောင်မိုက်၌လျှောက်သောလူတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေခြင်းအရိပ်၏နိုင်ငံတွင် နေသောလူတို့၌ အလင်းတောက်ပလျက်ရှိ၏။
၃ ကိုယ်တော်သည် ပြည်သားတို့ကို များပြားစေ၍၊ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏—ရိတ်သိမ်းရသောကြောင့် ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လူတို့လုယူသောဥစ္စာကို ဝေသောအခါ၌ ရွှင်လန်းဝမ်းမြောက်သကဲ့သို့လည်းကောင်း ကိုယ်တော်၏ရှေ့ ၌ သူတို့ဝမ်းမြောက်ကြပါ၏။
၄ အကြောင်းမူကား၊ ကိုယ်တော်သည် သူထမ်းရသောထမ်းပိုး၊ သူ့ပခုံး၌ခံရသောတုတ်ကိုလည်းကောင်း၊ သူ့ကို ညှဉ်းပန်းနှိပ်စက်သောသူ၏လှံတံကိုလည်းကောင်း ချိုးတော်မူလေပြီ။
၅ အကြောင်းမူကား၊ စစ်သူရဲတို့၏တိုက်ပွဲမှန်သမျှသည် ကျယ်လောင်သောအသံနှင့် ဖရိုဖရဲဖြစ်၍၊ အဝတ်တန်ဆာတို့သည် အသွေးနှင့်လူး၏။ သို့ရာတွင်၊ ဤအမှုသည် လောင်မြိုက်ခြင်းနှင့် မီးစာ ဖြစ်ရလိမ့်မည်။
၆ အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကိုပေးတော်မူ၏။ အာဏာစက်သည် သူ၏ပခုံးပေါ်မှာ ရှိလိမ့်မည်။ နာမတော်ကား၊ အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရတည်မြဲသောခမည်းတော်၊ ငြိမ်းချမ်းခြင်း၏အရှင်ဟု အခေါ် ခံတော်မူလိမ့်မည်။
၇ အာဏာစက်တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အဆုံးမရှိဖြစ်သည်ကား၊ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်နှင့်သူ၏နိုင်ငံတော်အပေါ်၌ စီရင်ခြင်းငှာနှင့် ယခုမှစ၍၊ ကာလအစဉ်အဆက်ပင်၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်စွာစီရင်၍ တည်ထောင်ခြင်းငှာပေတည်း။ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်၏ အားကြီးသောအလိုတော်က ဤအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
၈ ကိုယ်တော်ရှင်သည် သူ၏နှုတ်ကပတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။
၉ မာနကြီးမားထောင်လွှားသောရှမာရိမြို့သားများမှစ၍၊ ဧဖရိမ်လူခပ်သိမ်းတို့ သိရကြလိမ့်မည်ကား၊
၁၀ အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် ငါတို့တည်ပြန်မည်။ သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ ၎င်းတို့ကို အာရဇ်ပင်များနှင့် အစားထိုးမည်။
၁၁ ထိုကြောင့်၊ ကိုယ်တော်ရှင်သည်လည်း၊ ရေဇိန်၏ရန်သူတို့ကို သူ့တစ်ဖက်၌ ချီးမြှောက်၍၊ သူ၏ရန်သူတို့ကို အတူတကွ ပူးပေါင်းစေတော်မူသဖြင့်၊
၁၂ ရှေ့ ၌ကားရှုရိလူ၊ နောက်၌ကားဖလိတ္တိလူတို့သည် ပါးစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်။ ဤအရာခပ်သိမ်းတို့ကြောင့်၊ သူ၏အမျက်တော်သည် မငြိမ်းသော်လည်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
၁၃ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသောသူထံသို့ လှည့်ခြင်းမရှိ၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ကိုလည်း မရှာကြ။
၁၄ ထို့ကြောင့် ကိုယ်တော်ရှင်သည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွန်လက်နှင့် ကိုင်းပင်ကိုလည်းကောင်း၊ တစ်နေ့တည်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။
၁၅ ဦးခေါင်းကား၊ အသက်ကြီးသောသူတည်း။ အမြီးကား၊ မုသားသွန်သင်သော ပရောဖက်တည်း။
၁၆ အကြောင်းမူကား၊ ဤလူမျိုး၏အကြီးအကဲတို့က သူတို့ကို လမ်းလွဲစေခြင်းငှာပြုကြ၍၊ ထိုသူတို့၏နောက်သို့ လိုက်ကြသောသူတို့သည်လည်း ဖျက်ဆီးခံရကြ၏။
၁၇ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့၌ ရှိသော လူပျိုတို့ကို ဝမ်းမြောက်ခြင်းမရှိ။ အဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကိုလည်း ကရုဏာမထား။ အကြောင်းမူကား၊ သူတို့ရှိသမျှသည် သူတော်ကောင်း ယောင်ဆောင်သောသူနှင့် မကောင်းမှုပြုသောသူဖြစ်၍၊ နှုတ်ရှိသမျှသည် မိုက်မဲသောစကားကို ပြောတတ်ကြ၏။ ဤအရာခပ်သိမ်းတို့ကြောင့်၊ သူ၏အမျက်တော်သည် မငြိမ်းသော်လည်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
၁၈ အကြောင်းမူကား၊ ဆိုးညစ်ခြင်းသည် မီးကဲ့သို့လောင်မြိုက်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ သူတို့သည် မီးခိုးတက်သကဲ့သို့ တက်ကြလိမ့်မည်။
၁၉ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်၏ အမျက်တော်ကြောင့်၊ မြေသည်မှောင်မိုက်၍၊ လူများတို့သည် မီးစာကဲ့သို့ဖြစ်ကြလိမ့်မည်။ အဘယ်သူမျှ မိမိညီအစ်ကိုကို ချမ်းသာပေးလိမ့်မည်မဟုတ်။
၂၀ လက်ယာဘက်၌ ဆွဲကိုင်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ လူတိုင်းသည် ကိုယ့်အသားကို ကိုက်စားရလိမ့်မည်—
၂၁ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ရန်ပြုကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို အတူတကွ ရန်ပြုကြလိမ့်မည်။ ဤအရာခပ်သိမ်းတို့ကြောင့်၊ သူ၏အမျက်တော်သည်မငြိမ်းသော်လည်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။