အခန်းကြီး ၂၉
တပါးအမျိုးသားများစွာတို့သည် မော်မုန်ကျမ်းကို ငြင်းပယ်ကြလိမ့်မည်—ငါတို့သည် အပို သမ္မာကျမ်းကို မလိုတော့ပြီဟု ပြောကြလိမ့်မည်—ကိုယ်တော်ရှင်သည် လူမျိုးများစွာတို့ကို မြွက်ဆိုတော်မူ၏—သူသည် လောကကို ရေးမည့် ကျမ်းများအတိုင်း တရားစီရင်တော်မူလိမ့်မည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ သို့ရာတွင်၊ ရှုလော့၊ များစွာသောသူတို့ ရှိကြလိမ့်မည်ကား—ထိုကာလတွင်၊ ငါသည် သူတို့၌အံ့ဩဖွယ်ကောင်းသောအမှုကို ဆက်၍ပြုမည်မှာ၊ လူသားတို့ထံ ပြုထားလေသော ငါ၏ပဋိညာဉ်များကို ငါအောက်မေ့ခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားများဖြစ်သော ငါ၏လူမျိုးတို့ကို ကယ်ယူရန် ငါ၏လက်တော်ကို ဒုတိယအကြိမ် တစ်ဖန်ဆန့််တော်မူခြင်းငှာလည်းကောင်း၊
၂ သင်တို့၏အမျိုးအနွယ်များကို ငါအောက်မေ့တော်မူမည့်အကြောင်း၊ သင်တို့၏အမျိုးအနွယ်တို့၏ စကားများသည်ကား ငါ၏နှုတ်မှထွက်၍ သင်တို့၏အမျိုးအနွယ်တို့ထံသို့ ရောက်မည့်အကြောင်း၊ ငါ၏နှုတ်ကပတ်တော်သည် ဣသရေလအမျိုးသားများဖြစ်ကြသော ငါ၏လူမျိုးတို့အတွက် အလံအဖြစ်ရှိလျက်၊ မြေကြီးစွန်းတိုင်အောင် အလျင်အမြန်သွားမည့်အကြောင်း ပေးထားလေပြီးသောကတိတော်များကို ငါအောက်မေ့စေခြင်းငှာလည်းကောင်း ပြုတော်မူမည်။
၃ ထို့အတူ၊ ငါ၏နှုတ်ကပတ်တော်များသည် အလျင်အမြန်သွားလိမ့်မည်ဖြစ်သောကြောင့်—တပါးအမျိုးသားများစွာတို့က သမ္မာကျမ်းတစ်ကျမ်း၊ သမ္မာကျမ်းတစ်ကျမ်း၊ ငါတို့မှာ သမ္မာကျမ်းတစ်ကျမ်းရှိလေပြီးဖြစ်၍၊ နောက်ထပ် သမ္မာကျမ်း မရှိနိုင်တော့ပြီဟု ဆိုကြလိမ့်မည်။
၄ သို့ရာတွင်၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ အို လူမိုက်တို့၊ သူတို့၌ သမ္မာကျမ်းရှိလိမ့်မည်။ ထိုကျမ်းသည် ငါ၏ရှေးကာလမှ ပဋိညာဉ်ခံလူမျိုးများဖြစ်ကြသော ယုဒလူမျိုးတို့၏နှုတ်မှထွက်လိမ့်မည်။ သူတို့သည် ယုဒလူမျိုးတို့ထံမှ လက်ခံရရှိသော သမ္မာကျမ်းအတွက် အဘယ်သို့ ကျေးဇူးတင်ကြသနည်း။ ထိုမှတစ်ပါး၊ တပါးအမျိုးသားတို့က အဘယ်သို့ရည်ရွယ်သနည်း။ တပါးအမျိုးသားတို့ထံ ကယ်တင်ခြင်းကို ရောက်စေတော်မူရာတွင်၊ ငါ့အဖို့ ယုဒလူမျိုးတို့၏ အခက်အခဲများ၊ အလုပ်များ၊ နာကျင်မှုများနှင့် လုံ့လဝီရိယတို့ကို သူတို့အောက်မေ့ကြသလော။
၅ အို အသင်တပါးအမျိုးသားတို့၊ ငါ၏ရှေးကာလမှ ပဋိညာဉ်ခံလူမျိုးများဖြစ်ကြသော ယုဒလူမျိုးတို့ကို သင်တို့အောက်မေ့ကြလေသလော။ မဟုတ်ကြ။ သို့ရာတွင်၊ သူတို့ကို ကျိန်ကြလေပြီ။ သူတို့ကို မုန်းတီး၍၊ ကယ်ယူခြင်းငှာလည်း ကြိုးစားအားထုတ်ခြင်းမရှိကြ။ သို့ရာတွင်၊ ရှုလော့၊ ငါသည် ဤအရာခပ်သိမ်းတို့ကို သင်တို့၏ဦးခေါင်းပေါ်သို့ ပြန်လည်ရောက်ရှိစေမည်။ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် ငါ၏လူမျိုးတို့ကို မမေ့။
၆ သမ္မာကျမ်းတစ်ကျမ်း၊ ငါတို့မှာ သမ္မာကျမ်းတစ်ကျမ်း ရရှိပြီးလေပြီဖြစ်၍၊ အပိုသမ္မာကျမ်းကို မလိုတော့ပြီ။ ယုဒလူမျိုးတို့အားဖြင့်မှတစ်ပါး၊ သမ္မာကျမ်းကို သင်တို့ရရှိကြပြီးပြီလောဟု ဆိုမည့် အသင်လူမိုက်။
၇ သင်သည် တစ်မျိုးထက်ပိုသောလူမျိုးတို့ ရှိကြလေသည်ကို သိခြင်းမရှိသလော။ သင်သည် ငါ၊ သင်၏ ဘုရားသခင် ကိုယ်တော်ရှင် ခပ်သိမ်းသောလူသားတို့ကို ဖန်ဆင်းတော်မူလေသည်ကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့ကို အောက်မေ့တော်မူသည်ကိုလည်းကောင်း၊ အထက်ကောင်းကင်၌ လည်းကောင်း၊ အောက်အရပ်မြေကြီး၌ လည်းကောင်း အုပ်စိုးတော်မူ၍၊ ငါ၏နှုတ်ကပတ်တော်ကို လူသားတို့ထံ၊ အမှန်စင်စစ်၊ မြေကြီးပေါ် ရှိ ခပ်သိမ်းသော ပြည်သားတို့ထံ ဖော်ပြသည်ကိုလည်းကောင်း သိခြင်းမရှိသလော။
၈ သင်သည် ငါ၏နှုတ်ကပတ်တော်ကို ပို၍လက်ခံရရှိမည်ဖြစ်သောကြောင့်၊ အဘယ်အတွက် ညည်းညူအပြစ်တင်သနည်း။ သင်သည် လူမျိုးနှစ်မျိုး၏သက်သေခံချက်သည်ကား၊ ငါသည် ဘုရားသခင် ဖြစ်တော်မူကြောင်း သင့်ထံသို့ သက်သေဖြစ်ကြောင်းကိုလည်းကောင်း၊ လူမျိုးတစ်မျိုးကို တခြားတစ်မျိုးကဲ့သို့ပင် အောက်မေ့တော်မူသည်ကိုလည်းကောင်း သိခြင်းမရှိသလော။ သို့ဖြစ်၍၊ ငါသည် တူညီသောနှုတ်ကပတ်တော်တို့ကို လူမျိုးတစ်မျိုးအား၊ တခြားတစ်မျိုးကိုကဲ့သို့ပင် ဟောတော်မူ၏။ လူမျိုးနှစ်မျိုးတို့ အတူလာသောအခါ၊ ထိုလူမျိုးနှစ်မျိုးတို့၏ သက်သေခံချက်သည်လည်း အတူလာလိမ့်မည်။
၉ ထို့အတူ၊ ငါသည် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူကြောင်းကိုလည်းကောင်း၊ ငါ၏နှုတ်ကပတ်တော်ကို ငါ့ဆန္ဒအတိုင်းဟောတော်မူကြောင်းကိုလည်းကောင်း များစွာသောသူတို့အား ပြခြင်းငှာ ဤအမှုကို ပြုတော်မူ၏။ ငါသည် နှုတ်ကပတ်တော်တစ်ခုကို ဟောပြီးလေ၍၊ တခြားတစ်ခုကို မဟောနိုင်ဟု သင်မထင်မှတ်နှင့်။ အကြောင်းမူကား၊ ငါ၏အမှုတော်သည် ပြီးဆုံးခြင်းမရှိသေး။ လူသား၏အဆုံးဖြစ်သည့်အချိန်တိုင်အောင်လည်း ပြီးဆုံးလိမ့်မည်မဟုတ်။ ထိုအချိန်မှစ၍၊ နောင်ကာလအစဉ်အဆက်တွင်လည်း ပြီးဆုံးလိမ့်မည်မဟုတ်။
၁၀ သို့ဖြစ်၍၊ သင်တို့၌ သမ္မာကျမ်းတစ်ကျမ်းရှိသောကြောင့်၊ ငါ၏နှုတ်ကပတ်တော်အလုံးစုံတို့ ထိုကျမ်း၌ ပါရှိသည်ဟု မထင်မှတ်နှင့်။ နောက်ထပ်၍ ရေးစေရန် ငါမပြုလေတော့ပြီဟုလည်း မထင်မှတ်နှင့်။
၁၁ အကြောင်းမူကား၊ အရှေ့အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ တောင်အရပ်နှင့် ပင်လယ်တစ်ဖက်ရှိ တစ်ကျွန်းတစ်နိုင်ငံတို့မှ ခပ်သိမ်းသော လူသားတို့အား ငါဟောသည့် နှုတ်ကပတ်တော်များကို ရေးရမည့် အကြောင်း မိန့်တော်မူ၏။ အကြာင်းမူကား၊ ရေးမည့် ကျမ်းများနှင့်အညီ၊ ငါသည် လောကကို၊ လူတိုင်းကို သူတို့၏ အကျင့်အတိုင်း၊ ရေးထားလေသည့် အတိုင်း တရားစီရင်တော်မူမည်။
၁၂ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ယုဒအမျိုးသားတို့အား ဟောကြား၍ သူတို့ရေးလိမ့်မည်။ နီဖိုင်းအမျိုးသားတို့ကိုလည်း ဟောကြား၍ သူတို့ရေးလိမ့်မည်။ ဆောင်သွားတော်မူလေသည့် ဣသရေလအမျိုးသားတို့၏ အခြားသော မျိုးနွယ်စုတို့ကိုလည်း ဟောကြား၍ သူတို့ရေးလိမ့်မည်။ မြေကြီးပေါ်ရှိ ခပ်သိမ်းသောပြည်သားတို့ကိုလည်း ဟောကြား၍ သူတို့ရေးလိမ့်မည်။
၁၃ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ယုဒလူတို့သည် နီဖိုင်းအမျိုးသားတို့၏ စကားများကို ရရှိကြလိမ့်မည်။ နီဖိုင်းအမျိုးသားတို့သည်လည်း ယုဒလူတို့၏စကားများကို ရရှိကြလိမ့်မည်။ ထို့အတူ၊ နီဖိုင်းအမျိုးသားများနှင့် ယုဒလူတို့သည် ပျောက်ဆုံးသော ဣသရေလမျိုးနွယ်စုတို့၏စကားများကို ရရှိကြလိမ့်မည်။ ပျောက်ဆုံးသော ဣသရေလမျိုးနွယ်စုတို့သည်လည်း၊ နီဖိုင်းအမျိုးသားများနှင့် ယုဒလူတို့၏စကားများကို ရရှိကြလိမ့်မည်။
၁၄ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဣသရေလအမျိုးသားများဖြစ်သည့် ငါ၏လူမျိုးတို့သည် မိမိတို့ပိုင်ဆိုင်သည့်မြေသို့ ပြန်လာကြလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်သည်လည်း တစ်စုတစ်ပေါင်းတည်းရှိလိမ့်မည်။ ထို့အတူ၊ ငါ၏နှုတ်ကပတ်တော်ကိုဆန့်ကျင်၍လည်းကောင်း၊ ဣသရေလအမျိုးသားများဖြစ်သည့် ငါ၏လူမျိုးတို့ကို ဆန့်ကျင်၍လည်းကောင်း တိုက်ခိုက်ကြသောသူတို့ကို ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းနှင့် သူ၏အမျိုးအနွယ်တို့ကို ကာလအစဉ်အဆက် ငါအောက်မေ့တော်မူမည်ဟု အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူခဲ့ကြောင်းတို့ကို ပြတော်မူမည်။