အခန်းကြီး ၁၁
ယာကုပ်သည် သူ၏ရွေးနှုတ်ရှင်ကို မြင်၏—မောရှေ၏ပညတ်တရားများက ခရစ်တော်၏အမှတ်လက္ခဏာကိုပြ၍၊ သူကြွတော်မူလာမည်ကိုပြ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ယာကုပ်သည် ပို၍များစွာသောအရာတို့ကို ထိုအချိန်က ငါ၏လူမျိုးတို့အား ပြောပြလေ၏။ သို့သော်လည်း ဤအရာတို့ကိုသာ ငါရေးစေ၏၊ အကြောင်းမူကား ငါရေးလေသည့်အရာတို့မှာ ငါ့အဖို့ လုံလောက်၏။
၂ ယခုမူကား၊ ငါ၊ နီဖိုင်းသည် ဟေရှာယ၏ စကားများမှ များစွာတို့ကို ရေး၏၊ အကြောင်းမူကား၊ ငါ၏ဝိညာဉ်သည် သူ၏စကားများ၌ မွေ့လျော်၏။ ငါသည် သူ၏စကားများကို ငါ၏လူမျိုးတို့အဖို့ ကျင့်သုံးမည်။ ထိုစကားများကို ငါ၏ခပ်သိမ်းသော သားမြေးတို့ထံသို့လည်း လွှတ်မည်၊ အကြောင်းမူကား၊ သူသည် ငါ၏ရွေးနှုတ်ရှင်ကို ငါမြင်လေသကဲ့သို့ပင် အမှန်မြင်ခဲ့၏။
၃ ထို့အတူ၊ ငါ၏ညီယာကုပ်ကလည်း ငါမြင်လေသကဲ့သို့ သူ့ကိုမြင်လေ၏။ သို့ဖြစ်၍၊ သူတို့စကားများကို ငါ၏သားမြေးတို့ထံ ငါစေလွှတ်မည်မှာ၊ ငါ၏စကားများမှန်ကန်ကြောင်း၊ သူတို့ထံ အတည်ပြုခြင်းငှာပေတည်း။ သို့ဖြစ်၍၊ သုံးဦးသောသူတို့၏ စကားများအားဖြင့် ငါ၏နှုတ်ကပတ်တော်ကို တည်စေလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူ၏။ သို့သော်လည်း၊ ဘုရားသခင်သည် သာ၍များသောသက်သေတို့ကို စေလွှတ်၍၊ သူ၏ခပ်သိမ်းသောနှုတ်ကပတ်တော်တို့ကို အတည်ပြု၏။
၄ ရှုလော့၊ ငါ၏ဝိညာဉ်သည် ခရစ်တော်ကြွလာတော်မူခြင်းဟူသည့်အမှန်တရားကို ငါ၏လူမျိုးများသို့ သက်သေပြရာ၌ မွေ့လျော်၏။ အကြောင်းမူကား၊ ဤရည်ရွယ်ချက်အတွက် မောရှေ၏ပညတ်တရားများကို ပေးထားတော်မူခဲ့လေ၏။ ကမ္ဘာဦးမှစ၍ လူသားများသို့၊ ဘုရားသခင်ပေးထားတော်မူလေသည့် ခပ်သိမ်းသောအရာတို့သည် သူ၏အမှတ်လက္ခဏာကိုပြခြင်း ဖြစ်၏။
၅ ထို့အတူ၊ ငါ၏ဝိညာဉ်သည် ငါတို့၏ဘိုးဘေးများထံ ပြုထားတော်မူခဲ့လေသော၊ ကိုယ်တော်ရှင်၏ပဋိညာဉ်များ၌လည်း မွေ့လျော်၏။ ထိုမှတစ်ပါး၊ ငါ၏ဝိညာဉ်သည် သေခြင်းမှ ကယ်လွှတ်တော်မူသော ကြီးမြတ်သည့် ထာဝရအစီအစဉ်ရှိ သူ၏ကျေးဇူးတော်၌လည်းကောင်း၊ သူ၏တရားမျှတတော်မူခြင်း၌လည်းကောင်း၊ သူ၏တန်ခိုးတော်နှင့် ကရုဏာတော်၌လည်းကောင်း မွေ့လျော်၏။
၆ ငါ၏ဝိညာဉ်သည် ခရစ်တော်ကြွလာတော်မူခြင်းမရှိလျှင်၊ ခပ်သိမ်းသောလူသားတို့ ပျက်စီးရကြမည့်အကြောင်း ငါ၏လူမျိုးတို့ထံ သက်သေပြခြင်း၌လည်း မွေ့လျော်၏။
၇ အကြောင်းမူကား၊ ခရစ်တော်မရှိလျှင်၊ ဘုရားသခင်မရှိ။ ထို့အတူ၊ ဘုရားသခင်မရှိလျှင်၊ ဖန်ဆင်းတော်မူခြင်းလည်း ရှိနိုင်ခဲ့လေမည်မဟုတ်၍၊ ငါတို့သည်လည်း ရှိကြမည်မဟုတ်။ သို့ရာတွင်၊ ဘုရားသခင်ရှိတော်မူ၏။ သူသည် ခရစ်တော်ဖြစ်၍၊ သူ၏အချိန်ကာလပြည့်စုံသောအခါ၌ ကြွလာတော်မူ၏။
၈ ယခုမူကား၊ ငါသည် ဟေရှာယ၏စကားများမှ အချို့ကို ရေး၏၊ ဤစကားများကို ဖတ်ရှုကြသော ငါ၏လူမျိုးမှန်သမျှတို့သည် စိတ်နှလုံးရွှင်လန်းအားရပြီး၊ ခပ်သိမ်းသောလူသားတို့အတွက်ရွှင်လန်းဝမ်းမြောက်ကြစေကြောင်းပေတည်း။ ယခုတွင်၊ ဤစကားများကို သင်တို့အတွက်နှင့် ခပ်သိမ်းသော လူသားတို့အတွက် သင်တို့ကျင့်သုံးနိုင်ကြပေ၏။