အခန်းကြီး ၁၆
ဟေရှာယသည် ကိုယ်တော်ရှင်ကို မြင်၏—ဟေရှာယ၏အပြစ်များ ခွင့်လွှတ်ခံရ၏—သူသည် ပရောဖက်ပြု၍ဟောရန် အခေါ်ခံရ၏—သူသည် ယုဒလူမျိုးတို့ ခရစ်တော်၏ တရားတော်များကို ငြင်းပယ်ကြသည့်အကြောင်းကို ပရောဖက်ပြု၍ဟော၏—ကျန်ကြွင်းသောသူတို့သည် ပြန်လာကြလိမ့်မည်—ဟေရှာယအခန်းကြီး ၆ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ကိုယ်တော်ရှင်သည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ၏အောက်ပိုင်းသည် ဗိမာန်တော်ကို ဖြည့်လေ၏။
၂ ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော်အထက်၌ ရပ်နေကြ၏။ သူတို့တစ်ဦးချင်းစီ၌ အတောင်ခြောက်ခုရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်၏။
၃ သူတို့ကလည်း ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးတစ်ခုလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ဟစ်ကြွေး၍ မြွက်ဆိုကြ၏။
၄ ကြွေးကြော်သောသူ၏အသံကြောင့်၊ တံခါးတိုင်တို့သည်လည်း လှုပ်ရှား၍၊ အိမ်သည် မီးခိုးနှင့် ပြည့်လေ၏။
၅ ငါ ကလည်း၊ ငါ၌ အမင်္ဂလာရှိ၏။ ငါ အကျိုးပျက်စီးရပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသောလူမျိုးတို့အလယ်၌ နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်တည်းဟူသောရှင်ဘုရင်ကို၊ ကိုယ့်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။
၆ ထိုအခါ ကောင်းကင်တမန် သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူခဲ့သော အပူရှိန်ပြင်းသည့် မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
၇ ငါ့နှုတ်ပေါ်၌တင်လျက်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုထိပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။
၈ အဘယ်သူကို ငါစေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟု မေးတော်မူသည့် ကိုယ်တော်ရှင်၏အသံတော်ကိုလည်း ငါကြား၍ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု ငါလျှောက်၏။
၉ သူကလည်းမိန့်တော်မူသည်ကား၊ ဤလူမျိုးရှိရာသို့သွား၍၊ ပြောလော့—သင်တို့ အသေအချာ ကြားနာကြလော့။ သို့ရာတွင်၊ သူတို့သည် နားလည်ခြင်းမရှိကြ။ သင်တို့အသေအချာ ကြည့်ကြဟု ပြောလော့။ သို့ရာတွင်၊ သူတို့သည် မြင်ခြင်းမရှိကြ။
၁၀ သူတို့၏မျက်စိဖြင့်မမြင်ကြစေခြင်းငှာလည်းကောင်း၊ သူတို့၏နားဖြင့် မကြားကြစေခြင်းငှာလည်းကောင်း၊ သူတို့၏စိတ်နှလုံးဖြင့် မသိကြစေခြင်းငှာလည်းကောင်း သူတို့၏စိတ်နှလုံးကို မိုက်စေလော့။ သူတို့၏နားကိုလည်း ထိုင်းစေလော့။ သူတို့၏မျက်စိကိုလည်း ပိတ်လော့၊ ထို့နောက်တွင်၊ သူတို့အကျင့် ပြောင်းလဲစေ၍၊ အနာကင်းစေလော့ဟု မိန့်တော်မူ၏။
၁၁ အို ကိုယ်တော်ရှင်၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ သူမိန့်တော်မူလေသည်ကား၊ မြို့တို့၌ နေထိုင်သူမရှိ၊ အိမ်တို့၌ လူမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တစ်ပြည်လုံးသည် ရှင်းရှင်းလူဆိတ်ညံရာဖြစ်သည်တိုင်အောင်လည်းကောင်း၊
၁၂ ကိုယ်တော်ရှင်သည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူသည့် တိုင်အောင်လည်းကောင်း ထိုကာလသည် ကြာလိမ့်မည်၊ အကြောင်းမူကား ပြည်အလယ်၌ ကြီးစွာသော စွန့်ပစ်ခြင်းရှိလိမ့်မည်။
၁၃ ဆယ်ဖို့တွင် တစ်ဖို့ကြွင်းသေးသော်လည်း၊ သူတို့သည် ပြန်လာလိမ့်မည်၊ ဖျက်ဆီးသည်ကိုလည်း ခံရလိမ့်မည်။ ထင်းရှူးပင်နှင့်သပိတ်ပင်တို့သည် မိမိတို့၏အရွက်များကြွေသောအခါ၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်။