အခန်းကြီး ၂၁
ယေရှဲအမျိုး၏အငုတ် (ခရစ်တော်) သည် ဖြောင့်မတ်ခြင်းဖြင့် တရားစီရင်တော်မူလိမ့်မည်—ဘုရားသခင် အကြောင်း အသိပညာသည် အနှစ်တစ်ထောင်ကာလ၌ မြေကြီးကို လွှမ်းမိုးလိမ့်မည်—ကိုယ်တော်ရှင်သည် အလံကိုထူ၍၊ ဣသရေလအမျိုးတို့ကို စုဝေးစေလိမ့်မည်—ဟေရှာယအခန်းကြီး ၁၁ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်မှ အကိုင်းထွက်လိမ့်မည်။
၂ ကိုယ်တော်ရှင်၏ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာနှင့် နားလည်ခြင်းဝိညာဉ်၊ အကြံဉာဏ်နှင့် အစွမ်းသတ္တိဝိညာဉ်၊ ကိုယ်တော်ရှင်အကြောင်း အသိပညာနှင့် ကြောက်ရွံ့ခြင်းဝိညာဉ်သည် ထိုသူ့အပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။
၃ ထိုသူကို ကိုယ်တော်ရှင်အား ကြောက်ရွံ့ခြင်း၌ နိုးကြားသောနားလည်းခြင်းကို ရှိစေလိမ့်မည်။ ထိုသူသည် မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်။ မိမိနားကြားသည်အတိုင်း အပြစ်တင်ဆုံးမခြင်းလည်းမရှိ။
၄ သို့ရာတွင်၊ သူသည် ဆင်းရဲသားတို့၏အမှုကို ဖြောင့်မတ်ခြင်းတရားနှင့် စီရင်၍၊ မြေကြီးပေါ်ရှိသိမ်မွေ့အောက်ကျို့သောသူတို့အတွက်၊ ဖြောင့်မတ်စွာ အပြစ်တင်ဆုံးမလိမ့်မည်။ မြေကြီးကို သူ၏နှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးညစ်သောသူကို သူ၏နှုတ်တော်မှထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
၅ ဖြောင့်မတ်ခြင်းတရားသည် သူ၏ခါးပန်း၊ သစ္စာရှိခြင်းသည် သူ၏ခါးစည်း ဖြစ်လိမ့်မည်။
၆ တောခွေးသည် သိုးသငယ်နှင့် အတူနေလိမ့်မည်။ ကျားသစ်သည်လည်း ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်နှင့် ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ ကလေးသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။
၇ နွားမနှင့် ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ခြောက်ကို စားလိမ့်မည်။
၈ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။
၉ သူတို့သည် ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ကို ရေလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ကိုယ်တော်ရှင်အကြောင်း အသိပညာနှင့် ပြည့်စုံလိမ့်မည်။
၁၀ ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍၊ လူများအဖို့ ထူသောအလံ ဖြစ်လိမ့်မည်။ ၎င်း၌ တပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ သူ၏ ကိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။
၁၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ ကိုယ်တော်ရှင်သည် သူ့လူမျိုးတို့၏ ကျန်ကြွင်းသောသူများကို အာရှုရိပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်၊ ပင်လယ်တစ်ဖက်၌ရှိသော တစ်ကျွန်းတစ်နိုင်ငံတို့မှ ကယ်ယူခြင်းငှာ၊ လက်တော်ကို ဒုတိယအကြိမ် တစ်ဖန်ဆန့်တော်မူလိမ့်မည်။
၁၂ သူသည် ပြည်သားတို့အဖို့ အလံကို ထူတော်မူသဖြင့်၊ နှင်ထုတ်ခံရသော ဣသရေလအမျိုးတို့နှင့်၊ အရပ်ရပ်ကွဲပြားသော ယုဒအမျိုးတို့ကို မြေကြီးလေးမျက်နှာတို့မှ ခေါ်၍ အတူတကွ စည်းဝေးစေတော်မူလိမ့်မည်။
၁၃ ဧဖရိမ်အမျိုး၏ ငြူစူသောစိတ်လည်းငြိမ်းလိမ့်မည်။ ယုဒအမျိုးသားတို့၏ ရန်သူတို့ကိုလည်း ပယ်ရှင်းလိမ့်မည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို မနှောင့်ယှက်ရ။
၁၄ သို့ရာတွင်၊ သူတို့သည် ဖိလိတ္တိလူတို့ကို ပခုံးထက်မှ အနောက်ဘက်ဆီသို့ လိုက်၍တိုက်ကြလိမ့်မည်။ သူတို့သည် အရှေ့ပြည်သားတို့၏ဥစ္စာကို အတူလုယူကြလိမ့်မည်။ သူတို့သည် ဧဒုံအမျိုးနှင့် မောဘအမျိုးကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့ကို နာခံကြလိမ့်မည်။
၁၅ ကိုယ်တော်ရှင်သည်လည်း အဲဂုတ္တုပင်လယ်၏လျှာကို ရှင်းရှင်းဖျက်ဆီးတော်မူမည်။ သူသည် မိမိ၏ပြင်းစွာသောလေတော်အားဖြင့် လက်တော်ကို မြစ်ပေါ်မှာ လှုပ်၍၊ ချောင်းခုနစ်သွယ်ဖြစ်စေခြင်းငှာ၊ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့ခြေနင်းစီးလျက်၊ မစိုဘဲ ကျော်သွားစေလိမ့်မည်။
၁၆ ဣသရေလသည် အဲဂုတ္တုပြည်မှ ထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ ကိုယ်တော်၏ ကျန်ကြွင်းသောလူမျိုးတို့အတွက် အာရှုရိပြည်မှသွားရာလမ်းမ ဖြစ်ရလိမ့်မည်။