အခန်းကြီး ၁၇
ဧဖရိမ်ပြည်နှင့်ရှုရိပြည်သည် ယုဒပြည်နှင့် စစ်တိုက်ကြ၏—ခရစ်တော်ကို အပျိုကညာက ဖွားမြင်လိမ့်မည်—ဟေရှာယအခန်းကြီး ၇ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာ၍၊ ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သား အာခတ် လက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်နှင့်၊ ရေမလိ၏သား ဣသရေလအမျိုး၏ရှင်ဘုရင်ပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့ရာတွင်၊ အနိုင်မရနိုင်ကြ။
၂ ရှုရိပြည်ကား၊ ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဆို၍ ဒါဝိဒ်အမျိုးကို ပြောခဲ့၏။ တော၌ သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့ သူ၏စိတ်နှလုံးနှင့် သူ့လူမျိုးတို့၏စိတ်နှလုံးသည် တုန်လှုပ်ကြ၏။
၃ ထိုအခါ ကိုယ်တော်ရှင်သည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည် သင်၏သား ရှာယာရှုပ်နှင့်အတူသွား၍၊ ခဝါသည်၏လယ်နားမှာ လျှောက်သောလမ်းမ၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်ကို ကြိုဆို၍တွေ့လျှင်၊
၄ သူ့ကို ဆင့်ဆိုရမည်မှာ၊ သတိပြု၍ငြိမ်သက်စွာနေလော့။ မီးခိုးထွက်သောဤထင်းစ နှစ်ခုတည်းဟူသော ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့၏ ပြင်းစွာသောအမျက်ကြောင့် မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။
၅ ရှုရိပြည်၊ ဧဖရိမ်ပြည်နှင့် ရေမလိ၏သားတို့က သင့်တစ်ဖက်၌ မကောင်းသောအကြံကိုကြံကြလေ၍၊ ဆိုကြသည်ကား၊
၆ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ ငါတို့အတွက် ထိုအရပ်ကို တိုက်ဖျက်၍၊ ပြည်အလယ်မှာ၊ အထူးသဖြင့်၊ တဗာလ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့။
၇ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ ထိုအကြံမတည်ရ၊ ထိုသို့မဖြစ်ရ။
၈ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။ ဒမာသက်မြို့၏ခေါင်းကား ရေဇိန်ဖြစ်ရ၏။ ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်သည် ကျိုးပဲ့၍ ၎င်း၌ လူတစ်ယောက်မျှ မရှိဘဲဖြစ်လိမ့်မည်။
၉ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိမြို့၏ခေါင်းကား၊ ရေမလိ၏သား ဖြစ်ရ၏။ သင်တို့သည် မယုံလျှင်၊ ဧကန်အမှန်ပင် မတည်ရကြ။
၁၀ တစ်ဖန်၊ ကိုယ်တော်ရှင်က အာခတ်ကို မြွက်ဆို၍၊ မိန့်တော်မူပြန်သည်ကား၊
၁၁ သင်သည် သင်၏ဘုရားသခင်ကိုယ်တော်ရှင်ထံမှ နိမိတ်လက္ခဏာကိုတောင်းလော့။ နက်သောအရပ်များ၌ဖြစ်စေ၊ မြင့်သောအထက်အရပ်များ၌ဖြစ်စေ တောင်းလော့။
၁၂ သို့ရာတွင်၊ အာခတ်က အကျွန်ုပ်မတောင်းပါ။ ကိုယ်တော်ရှင်ကို မစုံစမ်းပါဟု ဆို၏။
၁၃ ထိုအခါ၊ သူပြောလေသည်ကား၊ အို ဒါဝိဒ်အမျိုးတို့၊ ကြားနာကြလော့။ လူကို ငြီးငွေ့စေခြင်းမှာ သင်တို့အဖို့ သေးငယ်သောအရာဖြစ်သလော၊ သို့ရာတွင်၊ သင်တို့သည် ငါ၏ဘုရားသခင်ကိုလည်း ငြီးငွေ့စေကြမည်လော။
၁၄ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် နိမိတ်လက္ခဏာကို သင်တို့အား သူကိုယ်တိုင်ပေးတော်မူမည်—ရှုလော့၊ အပျိုကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။
၁၅ ထိုသူသည် မကောင်းသောအရာကို ပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်ခြင်းငှာ၊ ထောပတ်နှင့် ပျားရည်ကို စားလိမ့်မည်။
၁၆ ထိုသူငယ်သည် မကောင်းသောအရာကို ပယ်၍၊ ကောင်းသောအရာကိုမရွေးမယူတတ်မီ၊ သင်ရွံရှာသောပြည်ကို ရှင်ဘုရင်နှစ်ဦးစလုံးမှ စွန့်ပစ်လိမ့်မည်။
၁၇ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့်ကွာသောနေ့မှစ၍၊ မဖြစ်ဖူးသောနေ့ရက်ကာလ၌ ကိုယ်တော်ရှင်သည် သင်၏အပေါ်၌လည်းကောင်း၊ သင်၏လူမျိုးအပေါ်၌လည်းကောင်း၊ သင့်အဘ၏အမျိုးအပေါ်၌လည်းကောင်း အာရှုရိရှင်ဘုရင်ကို ရောက်စေတော်မူလိမ့်မည်။
၁၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ ကိုယ်တော်ရှင်သည် အဲဂုတ္တုပြည်၏ အဝေးဆုံးအရပ်မှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသောပျားကောင်ကိုလည်းကောင်း နှိုးဆော်တော်မူလိမ့်မည်။
၁၉ ၎င်းတို့သည်လည်း လာ၍ လူဆိတ်ညံသောချိုင့်ဝှမ်းထဲ၌လည်းကောင်း၊ ကျောက်တွင်းများထဲ၌လည်းကောင်း၊ ဆူးပင်အမျိုးမျိုးပေါ်၌လည်းကောင်း၊ ချုံပုတ်အမျိုးမျိုးအပေါ်၌လည်းကောင်း အကုန်အစင် နားကြလိမ့်မည်။
၂၀ ထိုတစ်နေ့တည်းတွင်၊ အာရှုရိရှင်ဘုရင်ထံမှ ငှားသည့်သင်တုန်းတည်းဟူသော၊ မြစ်တစ်ဖက်၌နေသောသူတို့အားဖြင့် ကိုယ်တော်ရှင်သည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
၂၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ လူသည် နွားမကလေးတစ်ကောင်နှင့် သိုးနှစ်ကောင်ကို မွေးစားလိမ့်မည်။
၂၂ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ၎င်းတို့မှ မြောက်မြားစွာသောနို့ထွက်သဖြင့်၊ သူသည် ထောပတ်ကိုစားရ၏။ ပြည်၌ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့်ပျားရည်ကို စားရကြလိမ့်မည်။
၂၃ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌ ငွေတစ်ထောင်အဖိုးထိုက်သော စပျစ်နွယ်ပင်တစ်ထောင်ရှိလေသည့် နေရာတိုင်းသည် ဆူးပင်အမျိုးမျိုးသက်သက်ဖြစ်ရလိမ့်မည်။
၂၄ ထိုပြည်တစ်ခုလုံး၌ ဆူးပင်အမျိုးမျိုးဖြစ်လာကြသောကြောင့်၊ လူတို့သည် လေးနှင့်မြားကို ဆောင်လျက်၊ ထိုအရပ်သို့ သွားကြလိမ့်မည်။
၂၅ ဆူးပင်အမျိုးမျိုးကို ကြောက်ရွံ့၍၊ ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ထံ အဘယ်သူမျှ မချဉ်းဝံ့သဖြင့်၊ ထိုပြည်သည်လည်း နွားလွတ်၍ ကျက်စားရာအတွက်နှင့် သိုးဆိတ်တို့နင်းချေရာ ဖြစ်ရလိမ့်မည်ဟု ဟောလေ၏။