အခန်းကြီး ၈
ယာကုပ်သည် ဟေရှာယအနာဂတ္တိကျမ်းကို ဆက်၍ ဖတ်၏။ နောက်ဆုံးသောကာလ၌၊ ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို ချမ်းသာပေးပြီး၊ ဣသရေလအမျိုးတို့ကို စုဝေးတော်မူမည်—ရွေးနှုတ်ခံရသောသူတို့သည် ဇိအုန်မြို့သို့ရောက်လာပြီး၊ ကြီးစွာသောဝမ်းမြောက်ခြင်းအလယ်၌ ရှိကြမည်—ဟေရှာယအခန်းကြီး ၅၁၊ ၅၂း ၁–၂ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ဖြောင့်မတ်ခြင်းတရားသို့လိုက်သောသူတို့၊ ငါ့စကားကို စေ့စေ့နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာကျောက်နှင့် တူးယူရာ တွင်းဝကို တွေးရှုဆင်ခြင်ကြလော့။
၂ သင်တို့၏အဘအာဗြဟံနှင့် သင်တို့ကိုဖွားသောသူစာရာတို့ကို တွေးရှုဆင်ခြင်ကြလော့။ အကြောင်းမူကား၊ ငါသည် သူတစ်ယောက်တည်းကိုခေါ်၍၊ ကောင်းချီးပေးတော်မူခဲ့၏။
၃ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ခပ်သိမ်းသော ဆိတ်ညံရာအရပ်တို့ကို ချမ်းသာပေးမည်။ သူ၏တောရိုင်းကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏လွင်ပြင်ကို ကိုယ်တော်ရှင်၏ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူလိမ့်မည်။ ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းတို့ကို ထိုမြို့ ၌ တွေ့ရလိမ့်မည်။
၄ ငါ၏လူမျိုးတို့၊ ငါ့ကို စေ့စေ့နားထောင်ကြလော့။ အို ငါ၏လူစုတို့၊ ငါ့ကို နားညောင်းကြလော့။ အကြောင်းမူကား၊ ငါ့ထံမှ တရားထွက်၍၊ ငါ၏တရားစီရင်တော်မူခြင်းကို လူတို့အတွက် အလင်းအဖြစ်တည်စေရန် ငါပြုတော်မူမည်။
၅ ငါ၏ဖြောင့်မတ်ခြင်းသည် အနီး၌ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့ကို တရားစီရင်လိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကို မျှော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။
၆ ကောင်းကင်ကို မျှော်၍ကြည့်ကြလော့။ အောက်အရပ်ရှိ မြေကြီးကိုလည်း ကြည့်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်တန်ဆာကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ ၎င်းအပေါ်၌ နေထိုင်ကြသူတို့သည် ထိုကဲ့သို့ပင် သေလိမ့်မည်။ သို့ရာတွင်၊ ငါ၏ကယ်တင်ခြင်းသည် ကာလအစဉ်အဆက် တည်လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည်လည်း ပပျောက်ခြင်း မရှိရာ။
၇ ဖြောင့်မတ်ခြင်းကိုသိ၍၊ ငါ့တရားကို စိတ်နှလုံး၌ ငါရေးလေသည့် လူမျိုးတည်းဟူသော သင်တို့၊ ငါ့စကားကို စေ့စေ့နားထောင်ကြလော့။ လူတို့၏အပြစ်တင်ခြင်းကို မစိုးရိမ်ကြနှင့်။ သူတို့၏ကဲ့ရဲ့ ပြောဆိုခြင်းကို မကြောက်ကြနှင့်။
၈ အကြောင်းမူကား၊ ပိုးဖလံတို့သည် သူတို့ကို အဝတ်တန်ဆာသဖွယ် ကိုက်စားကြလိမ့်မည်။ ပိုးလောက်တို့သည်လည်း သူတို့ကို သိုးမွေးသဖွယ် ကိုက်စားကြလိမ့်မည်။ သို့ရာတွင်၊ ငါ၏ဖြောင့်မတ်ခြင်းမူကား၊ ကာလအစဉ်အဆက်ဖြစ်၍၊ ငါ၏ ကယ်တင်ခြင်းသည်လည်း လူမျိုးအစဉ်အဆက် တည်လိမ့်သတည်း။
၉ အို ကိုယ်တော်ရှင်၏လက်ရုံးတော်၊ နိုးတော်မူပါ၊ နိုးတော်မူပါ၊ ခွန်အားကို ယူတော်မူပါ။ ရှေးကာလများ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကို ခုတ်ဖြတ်၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။
၁၀ ပင်လယ်၊ မဟာသမုဒ္ဒရာရေတို့ကို ခန်းခြောက်စေ၍၊ ပင်လယ်ရေနက်ကို ရွေးယူခံရသူတို့သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။
၁၁ ထို့ကြောင့်၊ ကိုယ်တော်ရှင်ရွေးနှုတ်ထားတော်မူသောသူတို့သည် ပြန်လာ၍သီချင်းဆိုလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ထာဝရတည်မြဲသောဝမ်းမြောက်ခြင်းနှင့် သန့်ရှင်းခြင်းတို့သည်လည်း သူတို့၏ဦးခေါင်းပေါ်မှာ ရှိကြလိမ့်မည်။ ထို့အတူ ဝမ်းသာခြင်းနှင့် ဝမ်းမြောက်ခြင်းကို သူတို့ရရှိကြလိမ့်မည်။ ဝမ်းနည်းခြင်းနှင့် ငိုကြွေးမြည်တမ်းခြင်းသည် ထွက်ပြေးသွားရလိမ့်မည်။
၁၂ ငါသည်ကား ထိုသူဖြစ်၏။ အကယ်စင်စစ်၊ ငါသည် သင်တို့ကို နှစ်သိမ့်စေသောသူဖြစ်၏။ ရှုလော့၊ သေရသောလူသားကိုလည်းကောင်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတ္တံ့သောလူသားကိုလည်းကောင်း၊ သင်ကြောက်ရမည်အကြောင်း၊ သင်သည် အဘယ်သူဖြစ်လေသနည်း။
၁၃ ကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးအုတ်မြစ်ကိုလည်း ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသော ကိုယ်တော်ရှင်ကို သင်သည်မေ့လျော့၍၊ ညှဉ်းပန်းနှိပ်စက်သောသူသည် ဖျက်ဆီးလုပြီဖြစ်သကဲ့သို့ သူ၏ဒေါသအမျက်ကို နေ့တိုင်းအစဉ်မပြတ် ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သောသဘောရှိသနည်း။ ယခုမှာ၊ ညှဉ်းပန်းနှိပ်စက်သောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။
၁၄ အကျဉ်းသားအဖြစ် ပြည်နှင်ဒဏ်ခံရသောသူသည် လွတ်စေခြင်းငှာလည်းကောင်း၊ မြေအောက်ခန်းထဲမှာ မသေစေခြင်းငှာလည်းကောင်း၊ သူ၏အစာ မပြတ်စေခြင်းငှာလည်းကောင်း လျင်မြန်စွာပြု၏။
၁၅ သို့ရာတွင်၊ ငါသည် လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ကိုယ်တော်ရှင်ဖြစ်၏။ ငါ၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ပေတည်း။
၁၆ ကောင်းကင်ကိုဆောက်၍၊ မြေကြီးအုတ်မြစ်ကို တည်စေခြင်းငှာလည်းကောင်း၊ ရှုလော့၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှာလည်းကောင်း၊ ငါ့စကားကို သင်၏နှုတ်ထဲမှာထား၍၊ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။
၁၇ ကိုယ်တော်ရှင်လက်နှင့်ပေးတော်မူသည့် သူ့အမျက်တော်ဖလားကို သောက်သော အို ယေရုရှလင်မြို့၊ နိုးလော့၊ နိုးလော့၊ ထလော့—သင်သည် တုန်လှုပ်စေသောဖလားမှ အနည်အဖတ်ကို အကုန်သောက်ခဲ့ပြီ—
၁၈ ထို့အတူ၊ သူမ ဖွားမြင်လေသည့် ခပ်သိမ်းသောသားတို့၌၊ သူမကို လမ်းပြသောသူတစ်ယောက်မျှမရှိ။ သူမ မွေးစားသည့် ခပ်သိမ်းသော သားတို့၌လည်း၊ သူမကို လက်မှဆွဲသောသူ တစ်ယောက်မျှမရှိ။
၁၉ လူဆိတ်ညံခြင်းနှင့် ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဓားဘေး—တည်းဟူသော ဤသားနှစ်ပါးတို့သည် သင့်အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူသည် ဝမ်းနည်းလိမ့်မည်နည်း—အဘယ်သူအားဖြင့် သင့်ကို ငါချမ်းသာပေးသနည်း။
၂၀ ဤနှစ်ပါးမှတစ်ပါး၊ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဖမ်းမိသောစိုင်ကဲ့သို့၊ သူတို့သည် ခပ်သိမ်းသောလမ်းဝမှာအိပ်၍၊ သူတို့၌ ကိုယ်တော်ရှင်၏အမျက်ထွက်တော်မူခြင်း၊ သင့်ဘုရားသခင်၏ ဆုံးမတော်မူခြင်းနှင့် ပြည့်ကြ၏။
၂၁ ထို့ကြောင့်၊ ဒုက္ခပေးခြင်းကိုခံရ၍၊ စပျစ်ရည်နှင့်မဟုတ်ဘဲ ယစ်မူးသောအသင်၊ ဤအရာကို ယခု နားထောင်လော့။
၂၂ သင်၏ကိုယ်တော်ရှင်၊ သင်၏ဘုရားသခင်ကိုယ်တော်ရှင်သည် မိမိလူတို့၏အမှုကို စောင့်တော်မူ၍ မိန့်တော်မူသည်ကား၊ ရှုလော့၊ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍၊ သင်သည် ထိုအရာကို နောက်တစ်ဖန် မသောက်ရတော့လတ္တံ့။
၂၃ သို့ရာတွင်၊ သင့်ကို ဒုက္ခပေးသည့်သူတို့၏လက်၌ ထိုဖလားကို ငါထားတော်မူမည်။ ငါတို့ကျော်သွားနိုင်စေခြင်းငှာ ဦးညွှတ်ပျပ်ဝပ်လော့ဟု ထိုသူတို့က သင့်ဝိညာဉ်ကို ဆိုကြလေပြီ—သင်သည်လည်း ခရီးသွားသောသူတို့ရှေ့မှာ သင်၏ကိုယ်ကို မြေကဲ့သို့ လည်းကောင်း၊ လမ်းကဲ့သိုလည်းကောင်း လဲလျောင်းလေပြီ။
၂၄ အို ဇိအုန်မြို့၊ နိုးလော့၊ နိုးလော့၊ သင်၏ခွန်အားကိုဝတ်ဆင်လော့။ အို သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား၊ အရေပြားလှီးမခံသောသူနှင့် ညစ်ညူးသောသူတို့သည် ယခုမှစ၍၊ သင့်အထဲသို့ မဝင်ရကြတော့။
၂၅ အို ယေရုရှလင်မြို့၊ သင့်ကိုယ်ကို မြေမှုန့်မှ ခါလိုက်လော့။ ထ၍ ထိုင်လော့။ အို ဖမ်းဆီးချုပ်နှောင်ခံရသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးတို့မှ သင့်ကိုယ်ကို ဖြေလွှတ်လော့။