အခန်းကြီး ၂၇
မှောင်မိုက်နှင့် ဖောက်ပြန်သင်းကွဲခြင်းတို့သည် နောက်ဆုံးသောကာ၌ မြေကြီးကို ဖုံးလွှမ်းလိမ့်မည်—မော်မုန်ကျမ်း ပေါ်ထွက်လာလိမ့်မည်—သက်သေသုံးဦးတို့က ထိုကျမ်းအကြောင်းကို သက်သေခံကြလိမ့်မည်—စာတတ်သောလူသည် တံဆိပ်ခတ်ထားသောကျမ်းကို မဖတ်နိုင်ဟု ပြောလိမ့်မည်—ကိုယ်တော်ရှင်သည် အံ့ဩဖွယ်ကောင်းသောအမှုနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုကို ပြုတော်မူလိမ့်မည်—ဟေရှာယအခန်းကြီး ၂၉ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ သို့ရာတွင်၊ ရှုလော့၊ နောက်ဆုံးသောကာလ၌ သို့မဟုတ် တပါးအမျိုးသားတို့၏ကာလ၌—ရှုလော့၊ တပါးအမျိုးသားတို့၏ ခပ်သိမ်းသောလူမျိုးများနှင့် ယုဒလူမျိုးများ၊ ဤပြည်သို့ လာကြမည့်သူများ၊ အခြားသောပြည်များ၊ အမှန်စင်စစ်၊ မြေကြီးပေါ်၌ရှိသောပြည်ခပ်သိမ်းတို့၌ ရှိကြမည့်သူများတို့သည်လည်း၊ ရှုလော့၊ ဒုစရိုက်၊ အမျိုးမျိုးသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့် ယစ်မူးကြလိမ့်မည်—
၂ ထိုနေ့ကျရောက်လာသောအခါ၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်သည် သူတို့ကို မိုးချုန်းခြင်းနှင့်၊ မြေကြီးလှုပ်ခြင်းနှင့်၊ ကြီးစွာသောအသံဗလံနှင့်၊ မုန်တိုင်းနှင့်၊ မိုးသက်မုန်တိုင်းနှင့်၊ လောင်တတ်သောမီးနှင့် အပြစ်ပေးတော်မူလိမ့််မည်။
၃ ဇိအုန်ကို ဆန့်ကျင်၍၊ တိုက်ခိုက်ကြသောသူခပ်သိမ်းနှင့်၊ ညှဉ်းဆဲကြသောသူတို့သည် ညဉ့်ရူပါရုံ၏ အိပ်မက်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အထူးသဖြင့်၊ အိပ်မက်မက်သည့် မွတ်သိပ်သောသူကဲ့သို့ပင်၊ ရှုဦးလော့၊ စားရသော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသကဲ့သို့လည်းကောင်း၊ အိပ်မက်မက်သည့််ရေငတ်သောသူကဲ့သို့၊ ရှုဦးလော့၊ သောက်ရသော်လည်း၊ နိုးသောအခါ၊ ရှုဦးလော့၊ နွမ်းနယ်လျက်၊ တောင့်တလျက်ရှိသကဲ့သို့လည်းကောင်း သူတို့အဖို့ဖြစ်လိမ့်မည်။ ဇိအုန်တောင်ကို စစ်တိုက်သော ပြည်သားတို့၏ လူအစုအဝေးသည်လည်း ထိုကဲ့သို့ပင်ဖြစ်ရလိမ့်မည်။
၄ အကြောင်းမူကား၊ ရှုလော့၊ ဒုစရိုက်ကိုပြုသည့် ခပ်သိမ်းသောသင်တို့သည် ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကျယ်လောင်စွာ ငိုကြွေး၍ တောင်းလျှောက်ကြလော့။ ထိုမှတစ်ပါး၊ သင်တို့သည် စပျစ်ရည်ကြောင့်မဟုတ်ဘဲ ယစ်မူးရကြလိမ့်မည်။ သင်တို့သည် သေရည်သေရက်ကြောင့်မဟုတ်ဘဲ တိမ်းယိမ်းကြလိမ့်မည်။
၅ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ကြီးသောအိပ်ခြင်းကို သင်တို့၌ သွင်းတော်မူလေ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် မိမိတို့၏မျက်စိကို ပိတ်၍၊ ပရောဖက်တို့ကို ငြင်းပယ်ကြလေပြီ။ သင်တို့၏ အုပ်စိုးသူများနှင့် မြင်သောသူများကို သူဖုံးလွှမ်းတော်မူလေသည်မှာလည်း သင်တို့၏ဒုစရိုက်ကြောင့်ဖြစ်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သင်တို့ထံသို့၊ သတင်းစကားများပါဝင်သည့် စာအုပ်တစ်အုပ်ကို ဖော်ပြတော်မူလိမ့်မည်။ ထိုအရာတို့သည်ကား၊ သေသွားလေပြီးသောသူတို့၏သတင်းစကားများ ဖြစ်လိမ့်မည်။
၇ ရှုဦးလော့၊ ထိုစာအုပ်ကို တံဆိပ်ခတ်ထားတော်မူလိမ့်မည်ဖြစ်၍ ထိုစာအုပ်ထဲ၌ ကမ္ဘာဦးမှစ၍ ကမ္ဘာကုန်ဆုံးခြင်းအထိဖြစ်သော ဘုရားသခင်ထံမှ ဗျာဒိတ်တော်ပါရှိလိမ့်မည်။
၈ သို့ဖြစ်၍၊ တံဆိပ်ခတ်၍ထားသောအရာများကြောင့်၊ လူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၏ကာလ၌ ထိုတံဆိပ်ခတ်ထားသောအရာများကို ပေးအပ်လိမ့်မည် မဟုတ်။ သို့ဖြစ်၍၊ ထိုကျမ်းကို ဆိုင်းငံ့ထားလိမ့်မည်။
၉ သို့ရာတွင်၊ ထိုကျမ်းကို လူတစ်ဦးထံသို့ ပေးအပ်တော်မူလိမ့်မည်ဖြစ်၍၊ မြေမှုန့်၌ သေကြလေပြီးသောသူတို့၏စကားများဖြစ်သည့် ထိုကျမ်းမှ စကားများကို သူကပေးအပ်လိမ့်မည်။ ထို့အတူ သူသည် ထိုစကားများကို တခြားသူတစ်ဦးသို့ ပေးအပ်လိမ့်မည်။
၁၀ သို့ရာတွင်၊ တံဆိပ်ခတ်ထားသောစကားများကို သူပေးအပ်လိမ့်မည်မဟုတ်။ ထိုကျမ်းကိုလည်း သူပေးအပ်လိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ထိုကျမ်းကို ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တံဆိပ်ခတ်ထားလိမ့်မည်။ တံဆိပ်ခတ်ထားလေသော ဗျာဒိတ်တော်ကိုလည်း ထွက်ပေါ်လာနိုင်စေခြင်းငှာ၊ ကိုယ်တော်ရှင်၏ ကာလအချိန်တန်သည့်တိုင်အောင်၊ ထိုကျမ်းထဲ၌ သိုထားလိမ့်မည်။ အကြောင်းမူကား၊ ထိုအရာတို့သည် ကမ္ဘာတည်ကတည်းက၊ ကမ္ဘာကုန်ဆုံးသည်အထိဖြစ်သည့် ခပ်သိမ်းသောအရာတို့ကို ဖော်ပြကြ၏။
၁၁ တံဆိပ်ခတ်ထားသော ထိုကျမ်း၏ စကားများကို အိမ်မိုးပေါ်မှာ ဖတ်ကြားရမည့်နေ့ ကျရောက်လာပေမည်။ ထိုအရာတို့ကို ခရစ်တော်၏တန်ခိုးအားဖြင့် ဖတ်ကြားရလိမ့်မည်။ လူသားတို့၌ ဖြစ်ဖူးလေသော၊ ထို့အတူ ကမ္ဘာကုန်ဆုံးသည်တိုင်အောင်ပင် ဖြစ်လိမ့်မည့် ခပ်သိမ်းသောအရာတို့ကို လူသားတို့ထံ ဖော်ပြတော်မူလိမ့်မည်။
၁၂ သို့ဖြစ်၍၊ ထိုကျမ်းကို ငါပြောထားလေသည့်သူအား ပေးအပ်သည့်ကာလ၌၊ လောကအမြင်မှ ကွယ်ဝှက်ထားလိမ့်မည်ကား၊ ပေးအပ်ခံရမည့်သူအပြင် ဘုရားသခင်၏တန်ခိုးတော်အားဖြင့်၊ ထိုကျမ်းကိုမြင်ရမည့် သက်သေသုံးဦးတို့မှတစ်ပါး၊ အဘယ်သူမျှ မမြင်ရစေခြင်းငှာဖြစ်၏။ သူတို့သည်လည်း ထိုကျမ်းနှင့် ထိုကျမ်း၌ ပါဝင်သောအရာတို့၏ အမှန်တရားကို သက်သေခံကြလိမ့်မည်။
၁၃ ထို့အတူ၊ ဘုရားသခင်၏အလိုတော်အတိုင်း၊ သူ၏နှုတ်ကပတ်တော်အကြောင်းကို လူသားတို့ထံ သက်သေခံရန် အနည်းငယ်သောသူတို့မှတစ်ပါး၊ ကြည့်ရှုရမည့်သူ အခြားအဘယ်သူမျှ မရှိ။ အကြောင်းမူကား၊ သစ္စာရှိသောသူတို့၏ စကားများကို သေရာမှပြောသကဲ့သို့ ပြောလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။
၁၄ သို့ဖြစ်၍၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကျမ်းကို ဆက်၍ ဖော်ပြလိမ့်ဦးမည်။ ထို့အတူ၊ သူသည် ကောင်းမြတ်သည်ဟု မှတ်ယူသည့် သက်သေမှန်သမျှတို့အားဖြင့် သူ၏နှုတ်ကပတ်တော်ကို တည်စေတော်မူလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ငြင်းပယ်သောသူသည် အမင်္ဂလာရှိ၏။
၁၅ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်က ထိုကျမ်းကို ပေးအပ်တော်မူမည့်သူအား မိန့်တော်မူလိမ့်မည်ကား၊ တံဆိပ်ခတ်မထားသည့် ဤစကားများကို ခံယူပြီး၊ တခြားသောသူကို ပေးအပ်ရမည်မှာ၊ ထိုသူက ဤအရာကို ဖတ်ပါ၊ သင့်ကို ငါတောင်းပန်၏ဟု ဆို၍ စာတတ်သောသူအား ထိုအရာတို့ကို ပြနိုင်စေကြောင်း ဖြစ်၏။ စာတတ်သောသူကလည်း ထိုကျမ်းကို ဤနေရာသို့ယူခဲ့ပါ၊ ငါဖတ်မည်ဟု ဆိုလိမ့်မည်။
၁၆ ယခုမူကား၊ လောက၏ ချီးမွမ်းမှုအတွက်နှင့် အကျိုးအမြတ်ရခြင်းငှာ သူတို့သည် ဤအရာကိုပြောကြမည်ဖြစ်၍၊ ဘုရားသခင်၏ဘုန်းတော်ထင်ရှားဖို့အတွက် မဟုတ်။
၁၇ ထိုလူကလည်း၊ တံဆိပ်ခတ်ထားသောကြောင့် ထိုကျမ်းကို ငါမယူလာနိုင်ပါဟု ပြောလိမ့်မည်။
၁၈ ထို့နောက်တွင် စာတတ်သောသူက ထိုကျမ်းကို ငါမဖတ်နိုင်ဟု ပြောလိမ့်မည်။
၁၉ သို့ဖြစ်၍၊ အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ထိုကျမ်းနှင့် ထိုကျမ်း၌ပါရှိသော နှုတ်ကပတ်တော်တို့ကို စာမတတ်သောသူအား တစ်ဖန်ပေးအပ်တော်မူလိမ့်မည်။ စာမတတ်သောသူကလည်း အကျွန်ုပ်သည် စာမတတ်ပါဟု ဆိုလိမ့်မည်။
၂၀ ထို့နောက်တွင်၊ ကိုယ်တော်ရှင်ဘုရားသခင်က မိန့်တော်မူလိမ့်မည်မှာ၊ စာတတ်သောသူတို့သည် ထိုစာများကို မဖတ်ရ။ အကြောင်းမူကား၊ သူတို့သည် ထိုစာများကို ငြင်းပယ်ကြလေပြီ။ ငါ၏အမှုကိုပြုရန် ငါတတ်နိုင်၏။ သို့ဖြစ်၍၊ သင့်ကို ငါပေးမည့် စကားများကို သင်ဖတ်ရမည်။
၂၁ တံဆိပ်ခတ်ထားသောအရာတို့ကို မထိနှင့်။ အကြောင်းမူကား၊ ငါသည် ထိုအရာတို့ကို ငါ၏ကာလအချိန်တန်သောအခါ၌ ဖော်ပြတော်မူမည်။ အကြောင်းမူကား၊ ငါ၏အမှုကို ပြုရန်ငါတတ်နိုင်ကြောင်း လူသားတို့ကို ပြတော်မူမည်။
၂၂ သို့ဖြစ်၍၊ သင်သည် ငါမိန့်တော်မူထားလေသော နှုတ်ကပတ်တော်များကို ဖတ်လေ၍၊ ငါကတိပေးထားလေသော သက်သေများရရှိပြီးနောက်၊ ခပ်သိမ်းသောအရာတို့ကို လူသားတို့ထံ ဖော်ပြရန် သင့်လျော်မည်ဟု ငါ၏ကိုယ်ပိုင်ဉာဏ်ပညာတော်အတိုင်း ဆင်ခြင်မိသည့် အချိန်တိုင်အောင်၊ သင်မဖတ်ရသေးသော နှုတ်ကပတ်တော်များကို ငါထိန်းသိမ်းစောင့်ရှောက်ထားနိုင်စေခြင်းငှာ၊ သင်သည် ထိုကျမ်းကို တစ်ဖန်တံဆိပ်ခတ်၍၊ ငါ့အဖို့ ကွယ်ဝှက်ထားရလိမ့်မည်။
၂၃ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်ဖြစ်၏။ ထို့အတူ၊ ငါသည် အလွန်တရာအံ့ဩဖွယ်အမှုတို့၏ ဘုရားသခင်ဖြစ်၍၊ ငါသည် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲ ရှိတော်မူကြောင်း လောကကို ပြတော်မူမည်။ ငါသည် လူသားတို့၌ သူတို့၏ယုံကြည်ခြင်းအတိုင်းမှတစ်ပါး၊ ပြုတော်မူခြင်းမရှိ။
၂၄ ထိုမှတစ်ဖန်၊ အချိန်တန်လာလတ္တံ့သောအခါ၊ ပေးအပ်တော်မူလိမ့်မည့် နှုတ်ကပတ်တော်များကို ဖတ်မည့်သူအား ကိုယ်တော်ရှင်မိန့်တော်မူလိမ့်မည့်အရာများကား၊
၂၅ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ သူတို့၏စိတ်နှလုံးကိုမူကား ငါနှင့်ဝေးရာသို့ ဖယ်ထားကြလေပြီ။ လူတို့စီရင်သော ပညတ်တို့ကို အမှီပြု၍၊ ငါ့ကို ကြောက်ရွံ့ကြ၏—
၂၆ ထို့ကြောင့်၊ ငါသည် ဤလူမျိုးတို့၌ အံ့ဩဖွယ်ကောင်းသောအမှု၊ အထူးသဖြင့် အံ့ဩဖွယ်ကောင်းသောအမှုနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုတို့ကို ဆက်၍ပြုတော်မူဦးမည်။ အကြောင်းမူကား၊ ဉာဏ်ပညာရှိသူနှင့် စာတတ်သောသူတို့၏ ဉာဏ်ပညာသည် ပျက်စီးမည်ဖြစ်၍၊ ပညာတတ်၏ နားလည်ခြင်းသည်လည်း ကွယ်ပျောက်လိမ့်မည်။
၂၇ ထို့အတူ၊ မိမိတို့၏အကြံကို ကိုယ်တော်ရှင်ထံမှ ကွယ်ဝှက်ခြင်းငှာ၊ နက်နဲစွာ ကြိုးစားသောသူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့၏အမှုများသည်လည်း မှောင်မိုက်ထဲမှာ ရှိကြလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူ သိသနည်းဟု ပြောဆိုတတ်ကြ၏။ အရာရာတို့၌ သင်၏မှောက်လှန်ခြင်းကို အိုးထိန်းသမား၏မြေကဲ့သို့ ဧကန်အမှန် မှတ်ရလိမ့်မည်ဟုလည်း သူတို့က ပြောဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့၏ခပ်သိမ်းသော အမှုများကို ငါသိကြောင်း သူတို့အား ပြမည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။ အကြောင်းမူကား၊ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ၌ နားလည်ခြင်းမရှိဟု ဆိုရမည်လော။
၂၈ သို့ရာတွင်၊ ရှုလော့၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ လေဗနုန်တောင်ကို ဝပြောသောလယ်ပြင်အဖြစ်သို့ ပြောင်းလဲ၍၊ ဝပြောသောလယ်ပြင်ကို တောကဲ့သို့ မှတ်ယူရမည့်အချိန် အလွန်နီးပြီဖြစ်ကြောင်း လူသားတို့ကို ငါပြတော်မူမည်။
၂၉ ထိုကာလ၌ နားပင်းသောသူတို့သည် ထိုကျမ်းမှ စကားများကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည်လည်း မြှေးယှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့်ကင်း၍ မြင်ကြလိမ့်မည်။
၃၀ ထို့အတူ၊ သိမ်မွေ့အောက်ကျို့သောသူတို့သည်လည်း တိုးပွား၍၊ သူတို့၏ဝမ်းမြောက်ခြင်းသည်၊ ကိုယ်တော်ရှင်၌ရှိ၍၊ လူတို့၌ ဆင်းရဲသားတို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၌ ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။
၃၁ ကိုယ်တော်ရှင်အမှန်အသက်ရှင်တော်မူသည်အတိုင်း၊ သူတို့မြင်ကြလိမ့်မည့်အရာများကား၊ ကြောက်မက်ဖွယ်သောသူသည် စွမ်းအားမဲ့ဖြစ်ရခြင်း၊ ဆဲရေးသောသူသည် လောင်မြိုက်ခံရခြင်း၊ ဒုစရိုက်ကိုပြုခြင်းငှာချောင်းမြောင်းသည့်သူခပ်သိမ်းတို့ ပယ်ရှင်းခံရခြင်း၊
၃၂ ထို့အတူ၊ လူကို စကားအတွက် တရားစွဲသောသူများ၊ တံခါးဝမှာအပြစ်တင်ဆုံးမသူကို ကျော့မိစေခြင်းငှာ ပြုသောသူများနှင့် ဖြောင့်မတ်သောသူကို တန်ဖိုးမရှိသောအရာအဖြစ် မထီမဲ့မြင်ပြုကြသောသူများတို့ပေတည်း။
၃၃ ထို့ကြောင့်၊ အာဗြဟံအမျိုးကို ရွေးနှုတ်သော ကိုယ်တော်ရှင်သည်၊ ယာကုပ်အမျိုးနှင့်စပ်လျဉ်း၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် ယခုတွင်၊ ရှက်ကြောက်ခြင်း၊ ဖြူရော်လာခြင်းလည်း မရှိရ။
၃၄ သို့ရာတွင်၊ သူတို့သည် ငါ၏ လက်နှင့်လုပ်သောအရာဖြစ်သည့်၊ သူ၏သားမြေးတို့ကို မြင်လျှင်၊ ငါ၏နာမတော်ကို ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏သန့်ရှင်းတော်မူသောဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
၃၅ စိတ်သဘောဖောက်ပြန်သောသူတို့သည်လည်း နားလည်ခြင်းသို့ရောက်၍၊ ညည်းညူအပြစ်တင်သောသူတို့သည်၊ ဩဝါဒကို နာယူကြလိမ့်မည်။