များစွာမကြာသောနှစ်များအတွင်း
ကျွန်တော်တို့ သစ္စာမစောင့်နာခံမှုမရှိပါက၊ ဘုရားပေးသော ကြွယ်ဝခြင်းရဲ့ကောင်းချီးကို ကျွန်တော်တို့ကိုလမ်းလွှဲစေပြီး နှောင့်ယှက်တဲ့ မာနပြည့်သောကျိန်ခြင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။
ချစ်ရတဲ့ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်ဒီနေ့စင်မြင့်မှာထိုင်နေရင်း၊ ကိုဗစ်ဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ် ဒီအထွေထွေညီလာခံတစ်ခုလုံးလူပြည့်နေတာ သုံးကြိမ်ရှိပြီဖြစ်တာကို ကျွန်တော်မြင်ခဲ့ရပါပြီ။ သင်တို့ဟာ သင်ယူဖို့ စိတ်အားထက်သန်ကြတဲ့ ယေရှုခရစ်တောာ်ရဲ့ စိတ်မြုပ်နှံမှုရှိတဲ့ တပည့်တော်တွေဖြစ်ပါတယ်။ သင့်ရဲ့ယုံကြည်ခြင်းအတွက် ကျွန်တော်ချီးမွမ်းပါတယ်။ ပြီးတော့ သင်တို့ကိုကျွန်တော်ချစ်ပါတယ်။
အက်ဇရာ တက်ဖ်ထ် ဘန်ဆန်က ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် ဥက္ကဋ္ဌအဖြစ် နိုဝင်ဘာလ ၁၉၈၅ မှ မေလ ၁၉၉၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဥက္ကဋ္ဌဘန်ဆန်အသင်းတော်ဥက္ကဋ္ဌဖြစ်လာချိန်မှာ ကျွန်တော်ကအသက်၃၃နှစ်ရှိပြီး သူကွယ်လွန်ချိန်မှာ ၄၂နှစ်ရှိပါပြီ။ သူ့သင်ကြားမှုများနဲ့ သက်သေခံချက်က ကျွန်တော့်ကို လေးနက်ပြီးအစွမ်းထက်တဲ့နည်းလမ်းများဖြင့် လွှမ်းမိုးခဲ့ပါတယ်။
ဥက္ကဋ္ဌဘန်ဆန်ရဲ့အမှုတော်ဆောင်ခြင်း၏ အမှတ်လက္ခဏာများထဲကတစ်ခုကတော့ မော်မုန်ကျမ်းရဲ့အရေးပါမှုနဲ့ ရည်ရွယ်ချက်အပေါ် သူ့ရဲ့အာရုံစိုက်မှုဖြစ်ပါတယ်။ မော်မုန်ကျမ်းက “ကျွန်တော်တို့ဘာသာရေး၏အထိန်းကျောက်—ကျွန်တော်တို့သက်သေခံချက်၏အထိန်းကျောက်၊ ကျွန်တော်တို့ဩဝါဒ၏အထိန်းကျောက်နဲ့ ကျွန်တော်တို့သခင်နဲ့ ကယ်တင်ရှင်၏သက်သေ၌အထိန်းကျောက်ဖြစ်တယ်” လို့ သူထပ်တလဲလဲ အလေးပေးပြောဆိုခဲ့ပါတယ်။ ဤယေရှုခရစ်တော်၏နောက်ပိုင်းကာလသက်သေခံချက်မှာ တွေ့ရတဲ့မာနရဲ့အပြစ်နဲ့ပတ်သက်ပြီး သွန်သင်ချက်များနဲ့ သတိပေးချက်များကိုလည်း သူမကြာခဏအလေးပေးပြောဆိုခဲ့ပါတယ်။
ဥက္ကဋ္ဌဘန်ဆန်ရဲ့အထူးသွန်သင်ချက်တစ်ခုက ကျွန်တော့်အပေါ်ကြီးမားစွာသက်ရောက်ခဲ့ပြီး ကျွန်တော့်ရဲ့မော်မုန်ကျမ်းလေ့လာမှုကို ဆက်လက်လွှမ်းမိုးထားပါတယ်။ သူပြောခဲ့တာက၊
“မော်မုန်ကျမ်းကို … ကျွန်တော်တို့ခေတ်အတွက် ရေးသားခဲ့ပါတယ်။ နီဖိုင်းအမျိုးသားတွေမှာ စာအုပ်တစ်ခါမှ မရှိခဲ့ပါဘူး။ ရှေးအခါကလည်း လာမန်အမျိုးသားတွေမှာ မရှိခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့အတွက် ရည်ရွယ်ခဲ့တာပါ။ မော်မုန်က နီဖိုင်းယဉ်ကျေးမှုအဆုံးသတ်ခါနီးမှာ ရေးသားခဲ့ပါတယ်။ အစဦးကတည်းက အရာခပ်သိမ်းကိုမြင်တဲ့ ဘုရားသခင်ရဲ့ လှုံ့ဆော်မှုအားဖြင့် ကျွန်တော်တို့အတွက် အထောက်အကူအပေးဆုံးဖြစ်မယ့် ဇာတ်လမ်းများ၊ ဟောပြောချက်များနဲ့ အဖြစ်အပျက်များကို ရွေးချယ်ပြီး [မော်မုန်]ကရာစုနှစ်များစွာက မှတ်တမ်းများကို အကျဥ်းချုပ်ခဲ့ပါတယ်။”
ဥက္ကဋ္ဌဘန်ဆန် ဆက်ပြောပါတယ် “မော်မုန်ကျမ်းရဲ့ အဓိကစာရေးသူတစ်ဦးစီတိုင်းက အနာဂတ်မျိုးဆက်များအတွက် သူရေးသားခဲ့ကြောင်း သက်သေခံခဲ့ကြပါတယ်။ … ကျွန်တော်တို့ခေတ်ကို သူတို့မြင်ပြီး ကျွန်တော်တို့အတွက် အထိုက်တန်ဆုံးဖြစ်မယ့်အရာတွေကို ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က မော်မုန်ကျမ်းကို အဲလိုပုံစံနဲ့ လေ့လာသင့်တယ် မဟုတ်ပါလား။ ‘ကိုယ်တော်ရှင်က မော်မုန်ကို သူ့ရဲ့မှတ်တမ်းထဲမှာ [ဒီအကြောင်းအရာ]ကို ထည့်သွင်းဖို့ ဘာကြောင့် လှုံ့ဆော်ခဲ့သလဲ ဆိုတာ ကျွန်တော်တို့ကိုယ့်ကိုယ်ကို အဆက်မပြတ်မေးသင့်ပါတယ်။ ဒီခေတ်ကာလမှာ အသက်ရှင်နေထိုင်ဖို့ရာ ကျွန်တော့်ကို ကူညီပေးဖို့ [ဒီဆုံးမစကား] ကနေ ကျွန်တော်ဘာသင်ခန်းစာရနိုင်ပါသလဲ။’”
မော်မုန်ကျမ်းဟာ အဓိကအားဖြင့် အတိတ်နဲ့သက်ဆိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခုမဟုတ်ဘူးဆိုတာ နားလည်ဖို့ ဥက္ကဋ္ဌဘန်ဆန်ရဲ့ ထုတ်ပြန်ချက်တွေက ကျွန်တော်တို့ကိုကူညီပေးပါတယ်။ အဲ့ဒီအစား ဒီကျမ်းစာတွဲက အနာဂတ်နဲ့သက်ဆိုင်ပြီး ကျွန်တော်တို့ခေတ်ရဲ့ အခြေအနေများနှင့် စိန်ခေါ်မှုများအတွက် ရည်ရွယ်ထားတဲ့ အရေးကြီးသောကျင့်ဝတ်စည်းကမ်းများ၊ သတိပေးချက်များနှင့် သင်ခန်းစာများပါဝင်ပါတယ်။ ဒါ့ကြောင့် မော်မုန်ကျမ်းက ကျွန်တော်တို့ရဲ့အနာဂတ်နှင့် ယခုနဲ့နောင်မှာကျွန်တော်တို့ရှင်သန်မယ့်အချိန်ကာလနှင့်ပတ်သက်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
မော်မုန်ကျမ်းရှိ ဟေလမန်ကျမ်းမှ ဒီနေ့ကျွန်တော်တို့အတွက် သက်ဆိုင်တဲ့သင်ခန်းစာတွေကို ကျွန်တော်တို့ယခုစဉ်းစားတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အကူအညီအတွက် ကျွန်တော်ဆုတောင်းပါတယ်။
နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများ
ဟေလမန်နဲ့ သူ့ရဲ့သားများမှတ်တမ်းမှာ ယေရှုခရစ်တော်မွေးဖွားခြင်းကို စောင့်မျှော်နေခဲ့ကြတဲ့ လူတစ်စုကို ဖော်ပြထားပါတယ်။ ကျမ်းစာမှတ်တမ်းမှာ ပြန်ပြောပြခဲ့တဲ့ ရာစုနှစ်ဝက်က လာမန်အမျိုးသားတို့ရဲ့ ပြောင်းလဲခြင်း၊ ဖြောင့်မတ်ခြင်းနဲ့ နီဖိုင်းအမျိုးသားတို့ရဲ့ ဆိုးညစ်ခြင်း၊ ဖောက်ပြန်သင်းကွဲခြင်းနဲ့ စက်ဆုပ်ရွံရှာဖွယ်အမှုများကို အလေးပေးဖော်ပြပါတယ်။
ဒီရှေးမှတ်တမ်းမှ နီဖိုင်းအမျိုးသားများနဲ့ လာမန်အမျိုးသားများစပ်ကြား နှိုင်းယှဉ်မှုများနဲ့ ခြားနားမှုများက ယနေ့ ကျွန်တော်တို့အတွက် အတော်လေးသင်ကြားမှုရှိပါတယ်။
“လာမန်အမျိုးသားများ၊ သူတို့မှအများစုသည် ဖြောင့်မတ်သောလူမျိုးများ ဖြစ်လာ၍၊ ယုံကြည်ခြင်း၌ သူတို့၏ခိုင်မြဲခြင်းနှင့် သူတို့၏တည်ငြိမ်မြဲမြံခြင်းတို့ကြောင့်၊ သူတို့၏ဖြောင့်မတ်ခြင်းမှာ နီဖိုင်းအမျိုးသားတို့၏ဖြောင့်မတ်ခြင်းထက် သာလွန်သည့်တိုင်အောင်ပင်တည်း။
“[ထို့နောက်] နီဖိုင်းအမျိုးသားတို့အထဲမှ များစွာသောသူတို့ မာကျော၍ နောင်တမရဘဲ အလွန်အမင်းဆိုးညစ်လာကြလေသည်မှာ၊ သူတို့၌ ရောက်လာသည့် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ခပ်သိမ်းသောဟောပြောခြင်းနှင့် ပရောဖက်ပြု၍ဟောပြောခြင်းတို့ကို ငြင်းပယ်ကြသည့်တိုင်အောင်ပင်တည်း။”
“ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ နီဖိုင်းအမျိုးသားတို့ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာ၍၊ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၌ တိုးပွားလျက်၊ ထိုအချိန်တွင်၊ လာမန်အမျိုးသားတို့သည် သူတို့၏ဘုရားသခင်အကြောင်းကို သိခြင်း၌ လွန်စွာတိုးပွားစပြု၍၊ ထိုမှတစ်ပါး၊ သူ၏ထုံးဥပဒေသများနှင့် ပညတ်တော်များကို စောင့်ထိန်းရန်၊ ထို့အတူ၊ ရှေ့တော်၌ သမ္မာတရားနှင့် တော်တည့်ဖြောင့်မတ်ခြင်းသို့ လိုက်ရန် အစပြုကြကြောင်းပေတည်း။
“ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် နီဖိုင်းအမျိုးသားတို့၏ ဆိုးညစ်ခြင်းနှင့် စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ သူတို့ထံမှ စွန့်ခွာတော်မူစပြုကြောင်းပေတည်း။
“ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ ကိုယ်တော်ရှင်သည် သူ၏နှုတ်ကပတ်တော်များကို လာမန်အမျိုးသားတို့ ယုံကြည်ရန် လွယ်ကူခြင်းနှင့် လိုလိုလားလားရှိခြင်းတို့ကြောင့် သူ၏ဝိညာဉ်တော်ကို သူတို့အပေါ် သွန်းလောင်းစပြုတော်မူကြောင်းပေတည်း။”
နီဖိုင်းအမျိုးသားများ ဖောက်ပြန်သင်းကွဲခြင်းထဲကို ကျဆင်းသွားခြင်းရဲ့ အံ့ဖွယ်အကောင်းဆုံးနှင့် အလေးနက်ဆုံးအင်္ဂါရပ်က “များစွာမကြာသောနှစ်များအတွင်း ခပ်သိမ်းသောဤဒုစရိုက်များ သူတို့ထံသို့ရောက်လာ” သည်ဆိုတဲ့အချက် ဖြစ်နိုင်ပါတယ်။
နီဖိုင်းအမျိုးသားများ ဘုရားသခင်ထံမှ လွှဲဖယ်သွားခဲ့ကြသည်
တစ်ချိန်က ဖြောင့်မတ်သူတွေက ဒီလိုတိုတောင်းတဲ့ကာလအတွင်း ဘယ်လိုများခေါင်းမာလာပြီး ဆိုးညစ်နိုင်ခဲ့ကြတာလဲ။ လူတွေကသူတို့ကို ကောင်းချီးကြွယ်ဝစွာပေးခဲ့တဲ့ ဘုရားသခင်ကို ဘယ်လိုများ မြန်မြန်ဆန်ဆန် မေ့သွားနိုင်ခဲ့ကြတာလဲ။
နီဖိုင်းအမျိုးသားတို့ရဲ့ အပျက်သဘောဆောင်တဲ့နမူနာက ဒီနေ့ကျွန်တော်တို့အတွက် လေးနက်ပြီးအစွမ်းထက်တဲ့နည်းလမ်းနဲ့ သွန်သင်ပါတယ်။
“ဘုရားသခင်၏အသင်းတော်နဲ့ဆိုင်သောသူတို့ရဲ့ စိတ်နှလုံးထဲသို့ … မာန … ဝင်လာသည် … ထိုပြည်၌ သူတို့၏အလွန်ကြီးစွာသော စည်းစိမ်ဥစ္စာများနှင့် သူတို့၏အောင်မြင်ခြင်းတို့ကြောင့်ပေတည်း။”
“[သူတို့သည်] [သူတို့]စိတ်နှလုံးကိုလည်း စည်းစိမ်ဥစ္စာများနှင့် ဤလောက၏ အချည်းနှီးသောအရာတို့အပေါ်၌ထား၍” “[သူတို့စိတ်နှလုံးထဲသို့ ] ဝင်စေရန်၊ [သူတို့] အခွင့်ပေးသည့် ထိုမာနကြောင့် … [သူတို့၏] အလွန်ကြီးစွာသော စည်းစိမ်ဥစ္စာများကြောင့် ကောင်းမြတ်သောအရာကိုကျော်၍ [သူတို့ကို]ဘဝင်မြင့်စေသည်။
အောင်မြင်ခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် သက်သာခြင်းက မာနရဲ့ ဝိညာဉ်ရေးအဆိပ်ကို သောက်သုံးဖို့ ဖြောင့်မတ်သူတွေကိုတောင် ဦးဆောင်နိုင်တဲ့ အစွမ်းထက်တဲ့ရောစပ်မှုတစ်ခုဖြစ်ကြောင်း၊ ဒီထာဝရတည်မြဲတဲ့သင်ခန်းစာကို သင်ယူဖို့ မြေမှုန့်ထဲမှ ရှေးစကားသံတွေက ဒီနေ့ကျွန်တော်တို့ကို တောင်းပန်နေပါတယ်။
ကျွန်တော်တို့စိတ်နှလုံးထဲကိုမာနကို ဝင်လာဖို့အခွင့်ပေးခြင်းက သန့်ရှင်းမွန်မြတ်သောအရာကို ပြက်ရယ်ပြုရန် ပရောဖက်ပြုဟောသောဝိညာဉ်နဲ့ ဗျာဒိတ်တော်ကို မယုံကြည်ရန်၊ ဘုရားသခင်၏ပညတ်တော်များကို ကျွန်တော်တို့ခြေဖြင့်နင်းရန်၊ ဘုရား၏စကားများကိုငြင်းဆိုရန်၊ နှင်ထုတ်ကြ၊ ပြက်ရယ်ပြုကြရန်၊ ပရောဖက်များကို ဆန့်ကျင်ပြီး ကဲ့ရဲ့ပြောဆိုရန်၊ ကျွန်တော်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို မေ့လျော့ရန်နှင့် “ [ကျွန်တော်တို့ကို]ဖန်ဆင်းတော်မူလေသည့် [ကျွန်တော်တို့၏]ဘုရားသခင်ကိုယ်တော်ရှင်အား [ကျွန်တော်တို့]အပေါ် အစိုးရ၍ အုပ်စိုးမည်ကို အလိုမရှိကြ”ရန်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ သစ္စာမစောင့်နာခံမှုမရှိပါက ဘုရားပေးသော အောင်မြင်ခြင်း၏ကောင်းချီးကို ထာဝရသမ္မာတရားများနဲ့ အရေးကြီးသော ဝိညာဉ်ရေးဦးစားပေးများမှ ကျွန်တော်တို့ကိုလမ်းလွှဲစေပြီး နှောင့်ယှက်တဲ့ မာနပြည့်သောကျိန်ခြင်းအဖြစ်ပြောင်းလဲနိုင်ပါတယ်။ မိမိအရေးပါကြောင်း ဂုဏ်မောက်ပြီး ချဲ့ကားသောခံစားချက်၊ မိမိလုံလောက်မှုရှိကြောင်း ကိုယ်တိုင်မှားယွင်းစွာအကဲဖြတ်ခြင်းနှင့် အခြားသူတွေကို အစေခံမယ့်အစား မိမိကိုယ်ကိုသာတန်ဖိုးထားနေခြင်းကိုဆန့်ကျင်ဖို့ ကျွန်တော်တို့ အမြဲသတိရှိရပါမယ်။
ကျွန်တော်တို့ မာနကြီးစွာ ကိုယ့်ကိုယ်ကို အာရုံစိုက်တဲ့အခါ၊ ဝိညာဉ်ရေးအသိစိတ်ကွယ်ခြင်းလည်းကြုံရပြီး ကျွန်တော်တို့အနားဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတော်တော်များများ၊ အများစု သို့မဟုတ် အားလုံးကိုတောင် လွဲချော်နိုင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုသာမြင်နေမယ်ဆိုရင် ယေရှုခရစ်တော်ကို “ပန်းတုံးတိုင်” အဖြစ် မျှော်ကြည့်ပြီး အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။
ထိုဝိညာဉ်ရေးအသိစိတ်ကွယ်ခြင်းကလည်း ကျွန်တော်တို့ကို ဖြောင့်မတ်ခြင်း၏လမ်းမှလွှဲပြီး တားမြစ်ထားသောလမ်းများသို့ ရောက်သွားစေပြီး ပျောက်ဆုံး စေနိုင်ပါတယ်။ ကျွန်တော်တို့အမြင်ကွယ်ကာ “[ကျွန်တော်တို့ရဲ့] ကိုယ့်လမ်းကိုယ်လိုက်ပြီး” ပျက်စီးစေသော လမ်းကြောင်းများနောက်လိုက်မယ်ဆိုရင်၊ ကိုယ်ဥာဏ်ကို အမှီပြုကာ၊ မိမိရဲ့ခွန်အားမှာ ဝါကြွားပြီး၊ ၊ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဉာဏ်ပညာတို့ကို အားကိုး လာကြပါမယ်။
လာမန်အမျိုးသား ရှမွေလက နီဖိုင်းလူမျိုးများအားဖြင့် ဘုရားသခင်ထံမှ လှည့်ထွက်သွားခြင်းကို အကျဉ်းချုံးဖော်ပြခဲ့ပါတယ်–“သင်တို့သည် သင်တို့မရရှိနိုင်သည့်အရာကို သင်တို့အသက်တာ၏ကာလတစ်ခုလုံး၌ ကြိုးစားအားထုတ်ကြလေပြီ။ ထို့အတူ၊ သင်တို့သည် ငါတို့၏ထာဝရအကြီးအကဲ၏ ဖြောင့်မတ်ခြင်းသဘောနှင့် ဆန့်ကျင်သည့်အရာဖြစ်သည့် ဒုစရိုက်ကိုပြုခြင်း၌ ပျော်ရွှင်ခြင်းကို ရှာကြလေပြီ။”
ပရောဖက်မော်မုန်က သတိပြုမိခဲ့ပါတယ်၊ “လူမျိုးတို့၏အများစုသည် မိမိတို့မာနနှင့် ဆိုးညစ်ခြင်းတို့၌ ဆက်၍ရှိကြ၏၊ အနည်းစုသည် ဘုရားသခင်ရှေ့၌ ပို၍စေ့စေ့မြေ့မြေ့ကျင့်ဆောင်လျက်ရှိကြ၏။”
လာမန်အမျိုသားများ ဘုရားသခင်ထံသို့ လှည့်လာခဲ့ကြသည်
ဟေလမန်ကျမ်းမှာ၊ လာမန်အမျိုးသားများရဲ့ ဖြောင့်မတ်ခြင်းတိုးပွားလာခြင်းက နီဖိုင်းအမျိုးသားများရဲ့ ဝိညာဉ်ရေးအလျင်အမြန်ကျဆင်းခြင်းနဲ့ ရှင်းလင်းမြင်သာတဲ့ခြားနားချက်ကိုပြပါတယ်။
လာမန်အမျိုသားတို့က ဘုရားသခင်ထံ လှည့်လာခဲ့ကြပြီး သန့်ရှင်းသောကျမ်းစာများနဲ့ ပရောဖက်တို့၏ သွန်သင်မှုတို့ကို ယုံကြည်ခြင်း၊ သခင်ယေရှုခရစ်တော်၌ယုံကြည်မှုပြုခြင်း၊ သူတို့အပြစ်များမှနောင်တရခြင်းနှင့် စိတ်နှလုံး၏ကြီးစွာသောပြောင်းလဲခြင်း အားဖြင့် သမ္မာတရားကိုသိလာခဲ့ကြပါတယ်။
“ထို့ကြောင့်၊ ဤအမှုသို့ ရောက်လေသမျှသောသူသည် ယုံကြည်ခြင်း၌လည်းကောင်း၊ သူတို့ကို လွတ်လပ်စေသောအရာတို့၌လည်းကောင်း ခိုင်မာ၍၊ မြဲမြံကြကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။”
“[လာမန်အမျိုးသားများ]မှအများစုသည် သူတို့တာဝန်၏လမ်း၌ရှိပြီး၊ ဘုရားသခင်ရှေ့၌ စေ့စေ့မြေ့မြေ့ကျင့်ဆောင်၍၊ သူ၏ပညတ်တော်များ၊ သူ၏ထုံးဥပဒေသများနှင့် သူ၏စီရင်တော်မူချက်များကိုစောင့်ထိန်းရန် အားထုတ်ကြကြောင်း သင်တို့ သတိပြုစေ။ ….
“… သူတို့၏ကျန်ကြွင်းသောညီအစ်ကိုတို့ကို သမ္မာတရားကို သိခြင်းသို့ ဆောင်ယူနိုင်ခြင်းငှာ၊ လုံ့လဝီရိယဖြင့် မမောမပန်းကြိုးစားအားထုတ်လျက်ရှိကြ၏။”
အကျိုးဆက်အနေဖြင့် “ယုံကြည်ခြင်း၌ သူတို့၏ခိုင်မြဲခြင်းနှင့် သူတို့၏တည်ငြိမ်မြဲမြံခြင်းတို့ကြောင့်၊ [လာမန်အမျိုးသားများ၏]ဖြောင့်မတ်ခြင်းမှာ နီဖိုင်းအမျိုးသားတို့၏ဖြောင့်မတ်ခြင်းထက် သာလွန်သည့်တိုင်အောင်ပင်တည်း။”
သတိပေးချက်နှင့် ကတိတော်
“ရှုလော့၊ သင်တို့၌ ဤအရာများ ဖြစ်လာမည့် ထိုကာလ၌မကြာမြင့်မီ ကျရောက်လာမည့်အရာတို့နှင့်စပ်လျဉ်းသော ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ငါ့အား ကိုယ်တော်ရှင် ပြတော်မူလေ၏။
“ရှုလော့၊ ငါသည် သင်တို့ဤအရပ်၌ ရှိလေသကဲ့သို့ ပြောဆိုသော်လည်း သင်တို့မရှိကြ။ သို့ရာတွင်၊ ရှုလော့၊ ငါ့ကို ယေရှုခရစ်တော်ပြလေတော်မူ၍၊ ငါသည် သင်တို့အကျင့်များကို သိ၏” ဟု မော်ရော်နိုင်းက ကြေညာခဲ့ပါတယ်။
မော်မုန်ကျမ်းက အနာဂတ်နဲ့သက်ဆိုင်ပြီး ကျွန်တော်တို့ခေတ်ရဲ့ အခြေအနေများနဲ့ စိန်ခေါ်မှုများမှာ သင်နဲ့ကျွန်တော့်အတွက် ရည်ရွယ်ထားတဲ့ အရေးကြီးသောကျင့်ဝတ်စည်းကမ်းများ၊ သတိပေးချက်များနဲ့ သင်ခန်းစာများပါဝင်တယ်ဆိုတာ ကျေးဇူးပြုပြီးသတိရပါ။
ဖောက်ပြန်သင်းကွဲခြင်းက အခြေခံအဆင့်နှစ်ခု—အဖွဲ့အစည်းနဲ့ တစ်ဦးချင်းစီမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အဖွဲ့အစည်းအဆင့်မှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ဖောက်ပြန်သင်းကွဲခြင်း သို့မဟုတ် ကမ္ဘာမြေကြီးမှ သိမ်းယူခံရခြင်းကြောင့် ပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။
ပရောဖက် ဂျိုးဇက်စမစ်က ကြေညာခဲ့ပါတယ်၊ “သန့်ရှင်းသော မည်သည့်လက်ကမှ အလုပ်ကိုတိုးတက်နေခြင်းမှ ရပ်တန့်နိုင်မည်မဟုတ်ပါ၊ … တိုက်တကာကို ထိုးဖောက်ဝင်ရောက်၊ အရပ်ရပ်ကိုလည်ပတ်၊ နိုင်ငံတိုင်းကို လွှမ်းခြုံပြီး လူတိုင်းကြားသည့်တိုင်အောင်၊ ဘုရား၏ရည်ရွယ်ချက်များကို ပြီးမြောက်စေပြီး ကြီးမြတ်သောယေဟောဝါက အမှုပြီးပြီးဟု ပြောသည့်တိုင်အောင် ဘုရားသခင်၏သမ္မာတရားက ရဲရင့်စွာ၊ မြင့်မြတ်စွာနဲ့ လွတ်လပ်စွာ ရှေ့ဆက်သွားပါလိမ့်မယ်။”
တစ်ဦးစီတိုင်းအဆင့်မှာ ကျွန်တော်တို့အယောက်တိုင်း “ရှေးနီဖိုင်းအမျိုးသားများကဲ့သို့ [ကျွန်တော်တို့] ဖြစ်မလာကြစေခြင်းငှာ၊ မာနကို သတိပြုကြ” ရပါမယ်။
ကျွန်တော်တို့က လုံလောက်စွာသန်မာပြီး မာနထောင်လွှားမှုကို ရှောင်ကြဉ်နိုင်ဖို့အားသာတယ်လို့ သင် သို့မဟုတ် ကျွန်တော်က ယုံကြည်တယ်ဆိုရင် ကျွန်တော်တို့ ဒီသေစေနိုင်တဲ့ ဝိညာဉ်ရေးရောဂါ ခံစားနေရပြီးဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်အကြံပြုပါရစေ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က မာနရဲ့နှောင့်ယှက်ခြင်းခံရနိုင်ကြောင်း သင် သို့မဟုတ် ကျွန်တော်က မယုံကြည်ပါက ကျွန်တော်တို့ထိခိုက်လွယ်ပြီး ဝိညာဉ်ရေးအန္တရာယ်မှာရှိနေပါတယ်။ များစွာမကြာသောရက်များ၊ ရက်သတ္တပတ်များ၊ လများ၊ သို့မဟုတ် နှစ်များအတွင်း စားစရာတစ်ခုလောက် အဖိုးမတန်သောအရာအတွက် ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာအခွင့်အရေးကို ဆုံးရှုံးရနိုင်ပါတယ်။
သို့သော် ကျွန်တော်တို့ မာနရဲ့ နှောင့်ယှက်ခြင်းခံရနိုင်ကြောင်း သင် သို့မဟုတ် ကျွန်တော် ယုံကြည်ပါက “ကျိုးနွံသော၊ သိမ်မွေ့အောက်ကျို့သော၊ နှိမ့်ချသော၊ သည်းခံတတ်သော၊ ချစ်ခြင်းနှင့်ပြည့်ဝသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်လာပြီး၊ [ကျွန်တော်တို့]အပေါ် ချမှတ်ရန် သင့်လျော်သည်ဟု ကိုယ်တော်ရှင်ဆင်ခြင်တော်မူသော အရာမှန်သမျှကိုလည်းလိုက်နာရန် လိုလိုလားလားရှိ လာ” ပြီး ကျွန်တော်တို့ကိုကူညီကာကွယ်ပေးမယ့် သေးငယ် ရိုးရှင်းသောအမှုများကို အမြဲမပြတ်လုပ်ဆောင်ကြပါလိမ့်မယ်။ “နှိမ့်ချစေရန် အနိုင်အထက်စီရင်ခံရခြင်းမရှိဘဲနှင့် သူတို့ကိုယ်သူတို့ နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။”
ဥက္ကဋ္ဌဘန်ဆန်ရဲ့အကြံပြုချက်ကို ကျွန်တော်တို့လိုက်နာပြီး ဘာကြောင့် ကိုယ်တော်ရှင်က မော်မုန်ကို သူ့ရဲ့ ဟေလမန်ကျမ်းအကျဥ်းချုပ်ထဲမှာ မှတ်တမ်းများ၊ ဆုံးမစကားများနှင့် သတိပေးချက်များ ထည့်သွင်းဖို့ လှုံ့ဆော်ခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုမေးတဲ့အခါ၊ ယနေ့ ကျွန်တော်တို့အသက်တာနဲ့ မိသားစုများရဲ့ အထူးအခြေအနေများမှာ ဒီသွန်သင်ချက်တွေကို ကျွန်တော်တို့ ကျင့်သုံးဖို့ သိမြင်လာနိုင်မယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။ ဤလှုံ့ဆော်သောမှတ်တမ်းကို ကျွန်တော်တို့ဆင်ခြင်လေ့လာတဲ့အခါ “[ကျွန်တော်တို့] သွေးဆောင်ဖြားယောင်းခြင်းထဲသို့ မဝင်ရစေခြင်းငှာ မာနကို သတိပြု” ရန် ကျွန်တော်တို့သင်ယူသင့်တဲ့ သင်ခန်းစာများကို နားလည်သောစိတ်နှလုံးများ၊ သဘောပေါက်သောစိတ်များ၊ ကြားသောနားများနဲ့ မြင်သောမျက်လုံးများဖြင့်ကျွန်တော်တို့ကိုကောင်းချီးပေးပါမယ်။
ထာဝရခမည်းတော် ဘုရားသခင်က ကျွန်တော်တို့ရဲ့ အဘဖြစ်ကြောင်း ကျွန်တော် ဝမ်းမြောက်စွာ သက်သေခံပါတယ်။ ယေရှုခရစ်တော်ဟာ ကိုယ်တော့်ရဲ့တစ်ဦးတည်းသောနဲ့ ချစ်လှစွာသောသားတော်ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ရွေးနုတ်ရှင်ပါ။ ထို့နောက် ကျွန်တော်တို့ ကိုယ်တော့်ဝိညာဉ်တော်ရဲ့ သိမ်မွေ့အောက်ကျို့ခြင်းသို့ လိုက်လျှောက်တဲ့အခါ ကျွန်တော်တို့ မာနကို ရှောင်ရှားပြီး အောင်မြင်ကျော်လွှားကာ သူ့အားဖြင့်ငြိမ်းချမ်းခြင်းကို ရရှိပါလိမ့်မယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။