အထွေထွေညီလာခံ
ယေဟောဝါနှင့် ဆွေးနွေးပြောဆိုခဲ့သောလူ
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


11:8

ယေဟောဝါနှင့် ဆွေးနွေးပြောဆိုခဲ့သောလူ

ဂျိုးဇက်စမစ်ဟာ “နောက်ဆုံးသောသာသနာကာလကိုဖွင့်ခဲ့လို့ ကောင်းချီးခံစားခဲ့ရ” ပြီး သူလုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်တော်တို့ကောင်းချီးခံစားရပါတယ်။

ဒီနေ့နှင့်အမြဲတမ်းအတွက် ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ယေရှုခရစ်တော်ဟာ ဘုရားသခင်၏သားတော်၊ ဖန်ဆင်းရှင်နှင့် ကမ္ဘာ၏ကယ်တင်ရှင်၊ ကျွန်တော်တို့၏ ကယ်လွှတ်သောသခင်နှင့် ရွေးနုတ်ရှင်ဖြစ်တယ်ဆိုတဲ့ သူ့အကြောင်းသက်သေခံဖို့ဖြစ်ပါတယ်။ “ကျွန်တော်တို့ဘာသာတရား၏ အဓိကကျသောအခြေခံသဘောတရားများက တမန်တော်များနှင့် ပရောဖက်များရဲ့ ယေရှုခရစ်တော်အကြောင်း သက်သေခံချက်ဖြစ်” တာကြောင့် အဓိကတမန်တော်တစ်ဦးနှင့် ပရောဖက်၏ ဘဝနှင့်သွန်သင်ချက်များအားဖြင့် ခွန်းအားဖြည့်စေခဲ့ပြီး နက်ရှိုင်းစေခဲ့တဲ့ ကယ်တင်ရှင်အကြောင်း ကျွန်တော့်ရဲ့အသိပညာနဲ့ သက်သေခံချက်ကို ဒီနေ့ကျွန်တော်သင်တို့ကိုဝေမျှပါတယ်။

ဉာဏ်ပညာ၏အစ

၁၈၂၀ ခုနှစ် နွေဦးအစောပိုင်း လှပကြည်လင်သောနံနက်ခင်းတစ်ခုမှာ၊ ၁၄နှစ်အရွယ်ဂျိုးဇက်စမစ်က သူ့ရဲ့အပြစ်များအတွက်ဆုတောင်းဖို့နှင့် မည်သည့်အသင်းတော်ကိုပါဝင်ရမလဲဆိုတာမေးဖို့ သူ့မိသားစုရဲ့အိမ်အနီးရှိ သစ်တောအုပ်တစ်ခုထဲသို့ဝင်သွားခဲ့ပါတယ်။ ခမည်းတော်နှင့်သားတော်အပါအဝင်၊ စကြဝဠာတွင် တန်ခိုးအကြီးဆုံးအင်အားစုများ၏အာရုံစိုက်မှုကို မယိမ်းယိုင်သောယုံကြည်မှုနှင့်၊ သူ့ရဲ့ရိုးသားတဲ့ဆုတောင်းချက်ကရရှိခဲ့ပါတယ်။ နတ်ဆိုးလည်းပါခဲ့ပါတယ်။ သူတို့ တစ်ဦးစီသည် ထိုဆုတောင်းချက်နှင့် ထိုလူငယ်လေးကို အလွန်တရာ စိတ်ဝင်စားခဲ့ကြပါတယ်။

ကျွန်တော်တို့ ယခုခေါ်တဲ့ ပထမရူပါရုံက ဒီနောက်ဆုံးသောသာသနာကာလမှာ ခပ်သိမ်းသောအရာတို့အား ပြန်လည်ဆောင်ယူခြင်းရဲ့အစကို မှတ်သားခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုးဇက်အတွက်တော့ အဲ့ဒီအတွေ့အကြုံက ကိုယ်ရေးကိုယ်တာနဲ့ ကြိုတင်ပြင်ဆင်မှုလည်းဖြစ်ပါတယ်။ သူလိုချင်ခဲ့တာကတော့ ခွင့်လွှတ်မှုနဲ့ လမ်းညွှန်မှုပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်က သူ့ကိုနှစ်မျိုးလုံးပေးခဲ့ပါတယ်။ “အဘယ်[အသင်းတော်]ကိုမျှ မဝင်” ရန် သွန်သင်ချက်က လမ်းညွှန်ချက်ဖြစ်ခဲ့ပါတယ်။ “သင်၏အပြစ်ကို လွတ်စေပြီ” ဆိုတဲ့ စကားလုံးက ရွေးနုတ်ခြင်းဖြစ်ပါတယ်။

ထိုပထမရူပါရုံမှ ကျွန်တော်တို့သင်ယူရနိုင်တဲ့ လှပသောအမှန်တရားအားလုံးအတွက် ဂျိုးဇက်ရဲ့ အဓိကသင်ခန်းစာက ရိုးရှင်းကောင်း ရိုးရှင်းနိုင်ပါတယ်၊ “ဉာဏ်ပညာကို လိုသောသူသည် ဘုရားသခင်ထံ တောင်းလျှင်ရရှိ၏၊ ကဲ့ရဲ့ပြစ်တင်မခံရဟူသော—ယာကုပ်၏ သက်သေခံချက် မှန်ကန်ကြောင်းကို ကျွန်ုပ်တွေ့ခဲ့ရလေ၏။”

ပညာရှင်တစ်ဦးက ရေးသားမှတ်သားခဲ့ပါတယ်၊ “ယနေ့ ပထမရူပါရုံ၏ အထင်ရှားဆုံးသတင်းစကားသည် ဉာဏ်ပညာကို လိုသောသူတို့အား ပေးခြင်းက ဘုရားသခင်၏ ဇာတိသဘောဖြစ်ကြောင်း သိရှိရန်ဖြစ်ပါသည်။ … သန့်ရှင်းမွန်မြတ်သောတောအုပ်တွင် ဂျိုးဇက်စမစ်အားမိမိကိုယ်ကို ဖော်ပြသောဘုရားသည် ဒုက္ခရောက်ချိန်များတွင် ဆယ်ကျော်သက်များကို အဖြေပေးသော ဘုရားတစ်ပါးလည်းဖြစ်ပါသည်။”

တောအုပ်၌ ဂျိုးဇက်၏အတွေ့အကြုံက သူ့ဘဝတစ်လျှောက်လုံးအတွက် ခွင့်လွှတ်မှု နှင့် လမ်းညွှန်မှု တောင်းလျှောက်ရန် သူ့ကို စိတ်ချယုံကြည်ခြင်းပေးခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံက ကျွန်တော့်ဘဝတစ်လျှောက်လုံးအတွက်လည်း ကျွန်တော်ကို ခွင့်လွှတ်မှုနှင့် လမ်းညွှန်မှု တောင်းလျှောက်ရန် စိတ်ချယုံကြည်ခြင်းပေးခဲ့ပါတယ်။

ပုံမှန်နောင်တရခြင်း

လွန်ခဲ့တဲ့သုံးနှစ်က တောအုပ်ရှိသူရဲ့အတွေ့အကြုံကြောင့် ကောင်းကင်က နောက်တဖန်တုံ့ပြန်မည်ဖြစ်ကြောင်း စိတ်ချယုံကြည်ပြီး ၁၈၂၃ ၊ စက်တင်ဘာလ ၂၁ရက်နေ့မှာ ဂျိုးဇက်က ခွင့်လွှတ်မှုအတွက် အလေးအနက် ဆုတောင်းခဲ့ပါတယ်။ ပြီး‌တော့တကယ်တုံ့ပြန်ခဲ့ပါတယ်။ ကိုယ်တော်ရှင်က ဂျိုးဇက်ကို သွန်သင်ရန်နှင့် ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်အားဖြင့် သူနောက်ပိုင်း ဘာသာပြန်မယ့် ရှေးမှတ်တမ်းတစ်ခု—မော်မုန်ကျမ်းအကြောင်း အသိပေးဖို့ ကောင်းကင်တမန်တစ်ပါးဖြစ်တဲ့၊ မော်ရော်နိုင်း ကို စေလွှတ်ခဲ့ပါတယ်။

ထို့နောက် ၁၃ နှစ်နီးပါးအကြာမှာ ဂျိုးဇက်နှင့် အော်လီဗာ ကောင်ဒရီတို့က အသစ်ဆက်ကပ်ထားသော ကာ့တ်လန်းဗိမာန်တော်မှာ လေးနက်တိတ်ဆိတ်စွာ ဒူးထောက်ဆုတောင်းခဲ့ကြပါတယ်။ သူတို့ဘာအတွက်ဆုတောင်းခဲ့သလဲဆိုတာ ကျွန်တော်တို့မသိပါဘူး ဒါပေမယ့် သူတို့ထလာတဲ့အခါ ကယ်တင်ရှင်က ပေါ်ထွက်လာပြီး “ရှုလော့၊ သင်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီ။ သင်တို့သည် ငါ့ရှေ့၌ သန့်ရှင်းကြ၏။” လို့ ကြေညာခဲ့တာကြောင့် သူတို့ရဲ့ဆုတောင်းချက်တွေမှာ ခွင့်လွှတ်ခြင်းအတွက် တောင်းပန်မှု ပါဝင်နိုင်ဖွယ်ရှိပါတယ်။

ဒီအတွေ့အကြုံနောက်ပိုင်း လများနှင့်နှစ်များအတွင်း ဂျိုးဇက်နှင့် အော်လီဗာတို့ နောက်တစ်ဖန် အပြစ်ပြုလိမ့်ဦးမှာပါ။ ပြီးတော့နောက်တစ်ခါလည်းထပ်လုပ်မိဦးမှာပါ။ ဒါပေမဲ့ ထိုအချိန်မှာ၊ ထိုအချိန် အတွက် သူတို့ရဲ့တောင်းပန်မှုကို တုံ့ပြန်ရာမှာ ဖြစ်လာမယ့် အသရေထင်ရှားတဲ့ ပြန်လည်ဆောင်ယူခြင်းရဲ့ယဇ်ပရောဟိတ်သော့များအတွက် ပြင်ဆင်ခြင်းမှာ ယေရှုကသူတို့ကို အပြစ်ကင်းစေခဲ့တယ်။

“သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း [ကျွန်ုပ်] ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြ။” ဖို့ ဂျိုးဇက်ဘဝရဲ့ ပုံမှန်နောင်တရခြင်းက ကျွန်တော့်ကို စိတ်ချယုံကြည်ခြင်းပေးပါတယ်။ ယေရှုခရစ်တော်ဟာ အမှန်တကယ် “ခွင့်လွှတ်တတ်သော သဘောသဘာဝရှိသူ” ဖြစ်ကြောင်း ကျွန်တော်သင်ယူခဲ့ရပါတယ်။ ‌ဝေဖန်ရှုတ်ချဖို့က သူ၏သာသနာပြုခြင်း မဟုတ်သလို သူ၏ပကတိသဘောလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကယ်တင်ဖို့ သူလာခဲ့ပါတယ်။

ကိုယ်တော်ရှင်ကို တောင်းလျှောက်ခြင်း။

“အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူ” ကြောင်း ကတိပေးခဲ့တဲ့အပိုင်းအနေဖြင့် ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်အားဖြင့် မော်မုန်ကျမ်းနှင့် သူ၏ဧဝံဂေလိတရားတော် အပြည့်အစုံပါဝင်တဲ့ အခြားဗျာဒိတ်တော်များကို ထွက်ပေါ်စေခဲ့ပါတယ်။ ကိုယ်တော်ရှင်ကို တောင်းလျှောက်ခြင်းလမ်းညွှန်မှုကို ဂျိုးဇက်အကြိမ်ကြိမ် ရှာဖွေခဲ့တာကြောင့် အရေးကြီးတဲ့ အမှန်တရားများကို ရှင်းလင်းပြည့်စုံစွာပေးခဲ့ပါတယ်။ အောက်ပါတို့ကို စဉ်းစားပါ၊

  1. ခမည်းတော်နှင့် သားတော်၌ “လူသား၏ ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့်” ကိုယ်ခန္ဓာရှိပါတယ်။

  2. ယေရှုက ကျွန်တော်တို့၏အပြစ်များသာမက ကျွန်တော်တို့၏ ဖျားနာခြင်း၊ ဆင်းရဲ​ဒုက္ခများနှင့် အနာ​ရောဂါ​ဝေဒနာများကိုလည်း သူ့အပေါ်၌ ခံယူတော်မူခဲ့ပါတယ်။

  3. သူ၏အပြစ်ဖြေခြင်းမင်္ဂလာဟာ အလွန်နာကျင်သောကြောင့် သူ့၏ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေခဲ့ပါတယ်။

  4. “ကျွန်ုပ်တို့သည် စွမ်းအား​ရှိသမျှ ဆောင်ရွက်ကြပြီးမှ၊” သူ၏ကျေးဇူးတော်​အားဖြင့် ကယ်တင်ခြင်း​သို့ရောက်ကြပါတယ်။

  5. ခရစ်တော်၏ကရုဏာအတွက် အခြေအနေများရှိပါတယ်။

  6. ကျွန်တော်တို့ ခရစ်တော်ထံသို့ လာသောအခါ ကျွန်တော်တို့၏အပြစ်များကိုသူခွင့်လွှတ်မည်သာမက ကျွန်တော်တို့၏ ဇာတိသဘောကိုလည်း သူပြောင်းလဲပေးမယ်၊ ထို့ကြောင့် ကျွန်တော်တို့ဟာ မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့ပါ။”

  7. ဗိမာန်တော်များကို တည်ဆောက်ရန် သူ၏လူတို့အား ခရစ်တော်က အစဥ်အမြဲမိန့်တော်မူပါတယ်၊ ထိုနေရာတွင် သူတို့အား သူကိုယ်တိုင် ထင်ရှားစွာပြ ပြီး အထက်မှတန်ခိုးဖြင့် သူတို့ကို အပ်နှင်းထားပါတယ်။

ဒီအရာအားလုံး မှန်ကန်ပြီး လိုအပ်‌ကြောင်း ကျွန်တော်သက်သေခံပါတယ်။ လမ်းညွှန်မှုအတွက် ဂျိုးဇက်၏ ထပ်တလဲလဲတောင်းဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ဂျိုးဇက်စမစ်မှတစ်ဆင့် ယေရှုခရစ်တော် ပြန်လည်ဆောင်ယူခဲ့သော အပြည့်အစုံ၏ အနည်းအကျဉ်းကိုသာ သူတို့ ကိုယ်စားပြုပါတယ်။

ဤနိုင်ငံတော်ဆက်လက်တိုးတက်ခြင်း

၁၈၄၂ ခုနှစ်မှာ ဂျိုးဇက်က ဒီနောက်ဆုံးသောသာသနာကာလမှာ ဖြစ်လာမယ့် အံ့ဖွယ်အရာတွေအကြောင်း ရေးသားခဲ့ပါတယ်။ သူကြေညာခဲ့တာက ကျွန်တော်တို့ခေတ်အတွင်းမှာ “ထိုကြီးမြတ်သော ရည်ရွယ်ချက်များကိုယူဆောင်လာဖို့ ကောင်းကင်ဘုံ၏ ယဇ်ပုရောဟိတ်အခွင့်သည် ‌မြေကြီးအရာနှင့် ပေါင်းစည်းလိမ့်မည်၊ ဘုရားသခင်၏နိုင်ငံတော် ရှေ့ဆက်တိုးတက်စေရန် ဤကဲ့သို့ တူညီသည့်ဖြစ်စဥ်၌ ပေါင်းစည်းနေကြစဉ် ကောင်းကင်ဘုံ၏ ယဇ်ပုရောဟိတ်အခွင့်သည် ပျင်းရိသောပွဲကြည့်ပရိသတ်များမဟုတ်ပါ။”

သူ့သူငယ်ချင်း ဘန်ဂျမင် ဂျွန်ဆင်ကို ဂျိုးဇက်က “ဘန်ဂျမင် ၊ [ငါသေဆုံးခဲ့လျှင်] သင်နဲ့အဝေးမှာ ငါရှိနေ[လိမ့်]မှာ မဟုတ်ပါဘူး၊ ကန့်လန့်ကာအခြားတစ်ဖက်မှာ သင်နဲ့အတူ၊ ဒီနိုင်ငံတော် ဆက်လက်တိုးတက်ဖို့ ကြီးမားစွာ တိုးပွားလာသောတန်ခိုးတော်နှင့်အတူ ငါအလုပ်လုပ်နေ[လိမ့်]မှာပါ” လို့ ပြောခဲ့ပါတယ်။

၁၈၄၄ ခုနှစ် ဇွန်လတွင် ဂျိုးဇက်စမစ်နှင့် သူ၏အစ်ကို ဟိုင်ရမ်တို့ အသတ်ခံခဲ့ရပါတယ်။ ဂျိုးဇက်ရဲ့ကိုယ်ခန္ဓာကို မြေချခဲ့ပေမယ့် သူရဲ့သက်သေခံချက်က ကမ္ဘာတစ်ဝန်းနှင့် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်ထဲမှာ ဆက်လက်လွှမ်းမိုးနေပါတယ်။

“ကျွန်ုပ်သည် ရူပါရုံ တစ်ခုကို မြင်ခဲ့လေပြီ။ ထိုရူပါရုံကို ကျွန်ုပ်သိ၏၊ ဘုရားသခင်သိတော်မူကြောင်းကိုလည်း ကျွန်ုပ်သိ၏၊ ကျွန်ုပ်မငြင်းဆိုနိုင်ပါ။”

“ကျွန်တော်စုံလင်သည်ဟု မည်သည့်အခါမှ မပြောခဲ့ပါ—သို့သော် ကျွန်တော်သွန်သင်ခဲ့သော ဗျာဒိတ်တော်များတွင် အမှားမရှိပါ။”

“ကျွန်ုပ်တို့ဘာသာရေး၏အခြေခံသဘောတရားများသည် ကိုယ်တော်သေခဲ့ကြောင်း၊ သင်္ဂြိုဟ်ခံ၍၊ သုံးရက်မြောက်နေ့၌ တစ်ဖန်ထမြောက်ကြောင်း၊ ကောင်းကင်သို့ တက်သွားခဲ့ကြောင်းနှင့် ကျွန်ုပ်တို့၏ဘာသာရေးနှင့် စပ်ဆိုင်သည့် အခြားအရာအားလုံးမှာ ထိုအရာ၏တွဲဖက်များသာဖြစ်ကြောင်း ယေရှုခရစ်တော်နှင့်ပတ်သက်၍ တမန်တော်များနှင့် ပရောဖက်တို့၏ သက်သေခံချက်ဖြစ်ပါသည်။”

ဗတ္တိဇံဆရာယောဟန်အားပြောခဲ့သည်ကို ဂျိုးဇက်စမစ်အားလည်းပြောခဲ့နိုင်ပါတယ်။ “[ဂျိုးဇက်]အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ … ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။” “ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်။”

ကျွန်တော်ယုံကြည်ပါတယ်။ ယေရှုက ခရစ်တော်ဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပြီး သေချာပါတယ်။ အသက်ရှင်သောဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသောအဘဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ရှင်ရဲ့အသံတော်က ကျွန်တော့်ကို ပြောကြားခဲ့တာကြောင့်၊ ဂျိုးဇက်စမစ်နှင့်အစပြုပြီး ပါဝင်တယ့် သူ၏အစေခံအမှုထမ်းများ၊ တမန်တော်များနှင့် ပရောဖက်တို့ရဲ့ အသံကလည်း ပြောကြားတာကြောင့် ကျွန်တော်သိပါတယ်။

ဂျိုးဇက်စမစ်က ဘုရားသခင်၏ပရောဖက်တစ်ပါးဖြစ်ခဲ့ပြီး၊ ဖြစ်နေကြောင်း၊ သခင်ယေရှုခရစ်တော်ရဲ့ အစေခံကျွန်နှင့် သက်သေတစ်ဦးဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ သူဟာ “နောက်ဆုံးသောသာသနာကာလကို ဖွင့်ခဲ့လို့ ကောင်းချီးခံစားခဲ့ရ” ပြီး သူလုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်တော်တို့ကောင်းချီးခံစားရပါတယ်။

ကိုယ်တော်ရှင်က အော်လီဗာနှင့် ကျွန်တော်တို့အားလုံးကို “ငါ့ကျွန် ဂျိုးဇက်၏ဘေးမှာ သစ္စာရှိစွာနေလော့”လို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင်က သူ့ရဲ့ကျွန်ဂျိုးဇက်ဘေးမှာရပ်ပြီး ပြန်လည်ဆောင်ယူခြင်းကို သူ့အားဖြင့် လုပ်ဆောင်ခဲ့ကြောင်း ကျွန်တော်သက်သေခံပါတယ်။

ဂျိုးဇက်စမစ်က ယခု သူပြောကြားခဲ့တဲ့ ထိုကောင်းကင်ဘုံ၏ယဇ်ပုရောဟိတ်အခွင့် အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ သူ့မိတ်ဆွေကို သူကတိပေးခဲ့တဲ့အတိုင်း သူက ကျွန်တော်တို့နဲ့အဝေးမှာရှိနေမှာမဟုတ်ဘူး၊ ကန့်လန့်ကာအခြားတစ်ဖက်မှာ ကျွန်တော်တို့နဲ့အတူ၊ ဒီနိုင်ငံတော် ဆက်လက်တိုးတက်ဖို့ ကြီးမားစွာ တိုးပွားလာသောတန်ခိုးတော်နှင့်အတူ သူအလုပ်လုပ်နေဆဲပါ။ ဝမ်း‌မြောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်အတူ၊ “ယေဟောဝါနှင့် ဆွေးနွေးပြောဆိုခဲ့သောလူအား ကျွန်တော့်အသံကိုလွှင့်ကာ ချီးမွမ်းပါတယ်။” အားလုံးထက်ပိုပြီးတော့၊ ထိုလူနှင့် ဆွေးနွေးပြောဆိုခဲ့သော၊ ယေဟောဝါအားချီးမွမ်းပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။