ခရစ်တော်၏နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသောဝိညာဥ်တော်သည် ကျွန်တော်တို့ကို သမ္မာတရားဆီသို့ ပို့ဆောင်ပေးပါမည်
ဤအံ့ဖွယ်အစီအစဉ်ကိုသိကျွမ်းခြင်းဟာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့သားသမီးဆိုတာနဲ့ ကိုယ်တော့်လိုဖြစ်လာနိုင်တယ်ဆိုတာကို သိနားလည်ဖို့ရန် ကူညီပေးပါလိမ့်မယ်။
ဘုရားသခင်ဟာ ကောင်းကင်ဘုံမှကျွန်တော်တို့ရဲ့အဘဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူရဲ့ဝိညာဥ်သားသမီးများဖြစ်ကြပြီး၊ သူ့ရဲ့ပုံစံအတိုင်း ကျွန်တော်တို့ကို ဖန်ဆင်းထားပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ၊ ဘုရားသခင်ရဲ့သားသမီးအနေနဲ့၊ သူလိုဖြစ်လာဖို့ရန် မြင့်မြတ်တဲ့အလားအလာရှိပါတယ်။
ဒီကမ္ဘာမြေပေါ်မလာခင်မှာ ဝိညာဥ်များအနေနဲ့ကျွန်တော်တို့ ကိုယ်တော်နဲ့အတူနေခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ဝိညာဥ်မိဘအဖြစ်နဲ့၊ ကောင်းကင်ဘုံရှင်အဘက၊ ကျွန်တော်တို့ကိုချစ်၍၊ အကောင်းဆုံးဖြစ်စေချင်ပြီး၊ သေခြင်းမရှိရာနဲ့ထာဝရအသက်ဖြစ်တဲ့ သူ့ရဲ့အကြီးမြတ်ဆုံးကောင်းချီးရရှိဖို့ အစီအစဥ်တစ်ခု ပြင်ဆင်ပေးခဲ့ပါတယ်။ အစီအစဥ်အရ၊ ဝိညာဥ်သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့က၊ သူ့ရဲ့အစီအစဥ်ကိုရွေးချယ်ဖို့ ကိုယ်ပိုင်ရွေးချယ်ခွင့်ရရှိကြပါတယ်။ ကမ္ဘာမြေကိုလာခြင်းအားဖြင့်၊ ကျွန်တော်တို့ကဘုရားသခင်ရဲ့မျက်မှောက်တော်ကို ထားခဲ့ရမှာဖြစ်ပါတယ်၊ လူ့ဇာတိမတိုင်မီဘဝကိုမေ့၊ အရိုးနှင့်အသားပါရှိသော ခန္ဓာကိုယ်များကိုရရှိကြပြီး၊ ကိုယ်ပိုင်အတွေ့အကြုံရကာယုံကြည်ခြင်းတိုးတက်ကြမှာဖြစ်ပါတယ်။ အရိုးနဲ့အသားပါဝင်တဲ့ခန္ဓာကိုယ်တွေနဲ့၊ ဇာတိပကတိလူသားအဖြစ်၊ ကျွန်တော်တို့သွေးဆောင်ခြင်းကိုမလွန်ဆန်နိုင်ဘဲ၊ မသန့်ရှင်းလာကာ ဘုရားသခင်နဲ့ဝေးကွာသွားရာမှ၊ ကိုယ်တော်ရဲ့မျက်မှောက်သို့ မပြန်နိုင်ကြတော့ပါဘူး။ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘရဲ့အနန္တမေတ္တာကြောင့်၊ သူ့ရဲ့သားဦး၊ ယေရှုခရစ်တော်ကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်ဖို့ စေလွှတ်ခဲ့ပါတယ်။ သူ့ရဲ့အပြစ်ဖြေပေးဆပ်ခြင်းကြောင့်၊ ယေရှုခရစ်တော်က ကျွန်တော်တို့အပြစ်တွေကနေ ရွေးနုတ်ခံရပြီး ရှင်ပြန်ထမြောက်ကာ ထာဝရအသက်တာကိုရရှိဖို့ ဖြစ်မြောက်စေခဲ့ပါတယ်။
ထိုကောင်းမြတ်တဲ့သမ္မာတရားတွေဖြစ်တဲ့ အဘရဲ့ကယ်တင်ခြင်းအစီအစဥ်လို့ ကျွန်တော်တို့ခေါ်တဲ့၊ ကိုယ်တော့်ရဲ့ကရုဏာတော်အစီအစဥ်၊ သို့မဟုတ် ပျော်ရွှင်ခြင်း၏ကြီးမြတ်သောအစီအစဥ်အတွက် ကျွန်တော်အလွန့်အလွန် ကျေးဇူးတင်ပါတယ်။ ဒီအရေးကြီးတဲ့သမ္မာတရားတွေကို လေ့လာရခြင်းက ကျွန်တော်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ ဘုရားသခင်ကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတဲ့ ချီးမြှောက်ခြင်းနဲ့ထာဝရအသက်တာတို့ရဲ့ ကြီးမြတ်တဲ့ကောင်းချီးတွေကို သိဖို့ကူညီပေးခဲ့ပါတယ်။ ပရောဖက်နီဖိုင်းက နည်းလမ်းသင်ကြားပေးခဲ့ပါတယ်၊ “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကိုပွဲခံပျော်မွေ့ကြလော့။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့ကသင်တို့ပြုရမည့် အရာမှန်သမျှကို ပြောပြလိမ့်မည်။ ” သူထပ်လောင်းပြောခဲ့ပါတယ်၊ ထိုလမ်းဖြင့်ဝင်၍၊ သန့်ရှင်းသောဝိညာဥ်တော်ကိုသင်တို့လက်ခံရရှိလျှင်၊ သင်တို့ပြုသည့်အရာမှန်သမျှကိုပြတော်မူလိမ့်မည်။ ဒီနေ့မှာ၊ ကျွန်တော်ရဲ့ဆယ်ကျော်သက်အစောပိုင်းနှစ်တွေမှာ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သန့်ရှင်းသောဝိညာဥ်တော်က ဒီအရေးကြီးတဲ့သမ္မာတရားတွေရှာတွေ့ဖို့ ဘယ်လိုကူညီပေးခဲ့လဲဝေငှလိုပါတယ်။
ခရစ်တော်၏နှုတ်ကပတ်တော်တွေက သင်တို့ပြုရမဲ့အရာမှန်သမျှကို ပြောပြပါလိမ့်မယ်။
၁နီဖိုင်းကျမ်းထဲက အဖွင့်ကျမ်းပိုဒ်မှာ ငါနီဖိုင်းကိုယဥ်ကျေးသောမိဘတို့မှမွေးဖွား၍၊” လို့နီဖိုင်းဖော်ပြခဲ့သလိုပါပဲ။ ရိုးသားခြင်း၊ ကြိုးစားခြင်းနှင့် နှိမ့်ချခြင်းတို့ကို အလွန်အားပေးပြီး၊ ရှေးရိုးထုံးတမ်းစဥ်လာတွေကိုတင်းကျပ်စွာလိုက်နာတဲ့၊ နာဂါနို၊ ဂျပန်ပြည်၊ ကအိမ်မှာ ကျွန်တော်ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော်အဖေက အရမ်းဘာသာရေးကိုင်းရှိုင်းပါတယ်။ အဖေကမနက်တိုင်းနဲ့ညတိုင်း ရှင်တိုနဲ့ ဗုဒ္ဓဘာသာစင်တွေရှေ့မှာ ဆုတောင်းနေတာကို ကျွန်တော်ကြည့်နေခဲ့ပါတယ်။ သူဘယ်သူ့ကိုဆုတောင်းတာလဲ၊ ဘာအတွက်ဆုတောင်းနေလဲ ကျွန်တော်မသိခဲ့ပေမယ့်၊ ကျွန်တော်တို့စစ်မှန်သောစိတ်နဲ့ ဆုတောင်းမယ်ဆိုရင် မမြင်နိုင်တဲ့တန်ခိုးတစ်ခုခု ဒါမှဟုတ် ဘုရားသခင်ကကယ်တင်ခြင်းငှာ တန်ခိုးကြီးစွာဖြင့် သို့မဟုတ် ကျွန်တော်တို့ကိုကူညီပေးမယ်လို့ ယုံကြည်ခဲ့ပါတယ်။
တခြားဆယ်ကျော်သက်တွေလိုပဲ၊ ကျွန်တော်လည်းခက်ခဲမှုတွေ အများကြီးတွေ့ကြုံခဲ့ရပါတယ်။ ဘဝကမတရားဘူး ပြီးတော့အနိမ့်အမြင့်တွေ များတယ်လို့ ကျွန်တော်စဥ်းစားပြီးအခက်အခဲရှိခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ၊ လမ်းညွှန်ရာစွမ်းမရှိဘဲ ပျောက်ဆုံးသလို ခံစားခဲ့ရပါတယ်။ ကျွန်တော်သေဆုံးတဲ့အခါမှာ ပြီးဆုံးသွားမှာကြောင့် ဘဝကတစ်ခဏသာရှိရုံပေါ်ပါတယ်။ ကယ်တင်ခြင်းအစီအစဥ်ကို မသိရှိခဲ့လို့ ဘဝက ကျွန်တော့်အတွက် ရှုပ်ထွေးနေခဲ့ပါတယ်။
အထက်တန်းကျောင်းအလယ်တန်းမှာ အင်္ဂလိပ်စာကိုစလေ့လာပြီး သိပ်မကြာခင်မှာပဲ၊ ကျွန်တော်တို့ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံး ဓမ္မသစ်ကျမ်းတစ်အုပ်စီကို ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အင်္ဂလိပ်စာကို အခုမှစလေ့လာတာဖြစ်ပေမယ့်၊ ဒါကိုဖတ်ပြီး အင်္ဂလိပ်စာလေ့လာသင့်တယ်လို့ ကျွန်တော်တို့ကို ဆရာကပြောခဲ့ပါတယ်။ စာအုပ်ဖွင့်ပြီး အဲ့ထဲကအကြောင်းအရာတွေကို ကျွန်တော်ကြည့်ပါတယ်။ ဓမ္မသစ်ကျမ်းထဲက စကားလုံးတွေက ကျွန်တော့်အတွက် အင်မတန်ခက်ခဲခဲ့ပါတယ်။ ဂျပန်လိုစကားလုံးတွေမှာလည်း ခက်တာချင်းတူတူပါပဲ။ ဒါပေမယ့်လည်း၊ ဒီဂိဒေါင်သမ္မာကျမ်းထဲက ကျမ်းစာစာသားတွေ မတိုင်ခင်မှာပါဝင်ခဲ့တဲ့စိတ်ဝိညာဥ်အတွက် မေးခွန်းများစာရင်းကို ကျွန်တော်အရမ်းစိတ်ဝင်စားခဲ့ပါတယ်၊ အဲ့ဒီမေးခွန်းတွေက အထီးကျန်မှုခံစားရခြင်း၊ နားမလည်ရှုပ်ထွေးခြင်း၊ ဘဝရဲ့အခက်အခဲများ၊ စသဖြင့်ဖြစ်ပါတယ်။ အဲ့ဒီစာရင်းထဲက အကြောင်းအရာတစ်ခုစီတိုင်းရဲ့နောက်မှာ ဓမ္မသစ်ကျမ်းပါအခန်းငယ်များနှင့် စာမျက်နှာများကိုကိုးကားပြီး ဖော်ပြထားပါတယ်။ သင်အရမ်းပင်ပန်းနေသောအခါဆိုတဲ့ မေးခွန်းကိုအရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ကိုးကားချက်က ကျွန်တော့်ကို ရှင်မဿဲ၁၁း၂၈-၃၀ ကိုဖော်ပြပြီးတော့၊ အဲ့ဒီမှာသခင်ယေရှုက သူ့ရဲ့တပည့်တော်တွေကိုပြောပါတယ်၊
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။
“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”
အဲ့ဒါကယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကို ပထမဆုံးဖတ်ဖူးတဲ့အချိန်ဖြစ်ပါတယ်။ ကိုယ်တော်ပြောတဲ့စကားတွေအားလုံးကို ကျွန်တော်နားမလည်ခဲ့ပေမယ့်၊ သူ့ရဲ့စကားတွေကကျွန်တော့်ကိုနှစ်သိမ့်စေပြီး၊ ကျွန်တော်စိတ်ဝိညာဥ်ကိုမြှင့်တင်ပေးပြီး မျှော်လင့်ချက်ပေးခဲ့ပါတယ်။ ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်လေလေ၊ သူ့ရဲ့နှုတ်ကပတ်တော်တွေရဲ့ အကျင့်ကောင်းတွေအတိုင်း ကျွန်တော်ကြိုးစားနေသင့်တယ်လို့ ခံစားရခဲ့ပါတယ်။ အဲ့ဒီနေ့မှာခံစားခဲ့ရသလို တစ်ခါမှမခံစားခဲ့ဖူးပါဘူး။ ကျွန်တော်အချစ်ခံခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ်။ ယေရှုခရစ်တော်ကို ကျွန်တော်သိခဲ့တဲ့သူတစ်ယောက်လိုခံစားခဲ့ရပါတယ်။
ကျွန်တော်ဆက်လေ့လာတာနဲ့၊ “ဆာငတ်ခင်မွတ်သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထို သူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့” လို့ကိုယ်တော်မိန့်တော်မူတာက ကျွန်တော့်ကိုတိုက်ရိုက်ပြောနေတယ်လို့ ခံစားခဲ့ရပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ခံစားချက်တွေကို သေချာမဖော်ပြနိုင်ခဲ့ပေမယ့် ကိုယ်တော်ရဲ့စကားတွေက ကျွန်တော်ရဲ့နှလုံးသားကို ပြည့်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်များစွာက ကျွန်တော်နဲ့မရင်းနှီးတဲ့အရပ်တစ်ခုမှာ ယေရှုကနေခဲ့ပေမယ့်၊ သူ့ရဲ့စကားတွေကို ကျွန်တော့်နှလုံးသားအပြည့်နဲ့ ယုံကြည်နိုင်မယ်လို့ထင်ခဲ့ပါတယ်။ နောင်အနာဂတ်တစ်နေ့နေ့မှာလည်း ယေရှုခရစ်တော်အကြောင်း ကျွန်တော်ပိုမိုသင်ယူရပါအုံးမယ်။
သန့်ရှင်းသောဝိညာဥ်တော်သည် သင်တို့ပြုရမည့်အရာမှန်သမျှကိုပြတော်မူလိမ့်မည်
အဲ့ဒီတစ်နေ့နေ့ဆိုတာ နောက်နှစ်အနည်းမှာဖြစ်လာခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ကြိုးစားပြီးငယ်ရွယ်တဲ့ အချိန်ပြည့်သာသနာပြုတွေနဲ့ ကျွန်တော်တွေ့ခဲ့ပါတယ်။ မကြာခင်မှာပဲ၊ ခရစ်တော်ကိုကြိုးစားလိုက်လျှောက်နေကြတဲ့ ကြင်နာပြီးပျော်စရာကောင်းတဲ့ နောက်ဆုံးကာလသန့်ရှင်းသူများ အဖွဲ့ငယ်လေးနဲ့ ကျွန်တော်တွေ့ခဲ့ပါတယ်။ သူတို့ကိုယုံကြည်ဖို့ ကျွန်တော့်အတွက်အချိန်အများကြီးယူခဲ့ရပေမယ့်၊ ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ မျှော်လင့်ခြင်းနှင့်ငြိမ်းချမ်းခြင်းတွေပါတဲ့ သမ္မာကျမ်းလေ့လာချိန်တုန်းက ကျွန်တော်တောင်းတခဲ့တဲ့ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်ကိုမြင်လာခဲ့ပါတယ်။
အထူးမြင့်မြတ်တဲ့အတွေ့အကြုံတစ်ခုကတော့ သာသနာပြုတွေ ကျွန်တော့်ကိုဆုတောင်းခြင်းသင်ပေးတဲ့ အချိန်ပါပဲ။ ဘုရားသခင်ကိုနာမတော်နဲ့ ခေါ်ရမယ်ဆိုတာ ကျွန်တော်လေ့လာခဲ့ရပါတယ်။ ဆုတောင်းတဲ့အခါ ကျွန်တော်တို့နှလုံးသားတွေနဲ့ပြောသင့်ပါတယ်၊ ကျေးဇူးတင်မှုဖော်ပြသင့်ပြီး၊ ကျွန်တော်တို့ရဲမျှော်လင့်ချက်တွေနဲ့ ဆန္ဒတွေကို ဝေငှသင့်ပါတယ်။ ကျွန်တော်တို့ပြောချင်တာတွေအားလုံးပြောပြီးသွားတဲ့အခါ၊ ဆုတောင်းခြင်းကိုယေရှုခရစ်တော်၏နာမတော်ဖြင့်၊ အာမင်လို့ပြောပြီး အဆုံးသတ်ပါတယ်။ ယေရှုခရစ်တော်က သူ့ရဲ့နာမဖြင့်ဆုတောင်းဖို့ပညတ်ထားတာကြောင့် ကျွန်တော်တို့ ဒီလိုဆုတောင်းပါတယ်။ ကောင်းကင်ဘုံရှင်အဘထံမှာဆုတောင်းခြင်းက ကိုယ်တော်ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ကျွန်တော်က သူ့ရဲ့ချစ်လှစွာသော ဝိညာဥ်သားတစ်ဦးဖြစ်တယ်ဆိုတဲ့ သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို သိဖို့ကူညီပေးပါတယ်။ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်ကိုသိပြီးချစ်တာကြောင့်၊ သူကကျွန်တော်ကိုပုဂ္ဂိုလ်ရေးအရ၊ တမူထူးခြားစွာ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော် နားလည်သဘောပေါက်သည့် နည်းလမ်းများဖြင့် စကားပြောမယ်ဆိုတာ ကျွန်တော်သင်ယူခဲ့ရပါတယ်။
ကျွန်တော်သန့်ရှင်းသောဝိညာဥ်တော်ကို တကယ်သတိမထားနိုင်ခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ပါတယ်။ ကျွန်တော်နားလည်မှုလွဲခဲ့ပါတယ်၊ ကျွန်တော်လုပ်ရမှာကဆုတောင်းခြင်းရဲ့အဆင့်တွေအားလုံးကို လိုက်လုပ်ပြီးတာနဲ့ ထူးခြားတဲ့အရာတစ်ခုခုဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ တစ်နေ့မှာ၊ သာသနာပြုတွေနဲ့သင်ခန်းစာတစ်ခုမှာ၊ ခဏနားဖို့အတွက် ကျွန်တော်အပြင်ခဏထွက်ခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်က တကယ်မှန်ကန်နေတာတောင် ကျွန်တော့်ဘဝမှာဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတုန်းပါပဲ။
သာသနာပြုတွေစောင့်နေတဲ့အခန်းကို ပြန်သွားဖို့လုပ်လိုက်တဲ့အချိန်မှာ၊ သာသနာပြုတစ်ယောက်ရဲ့အသံကို ကျွန်တော်ကြားလိုက်ပါတယ်။ ကျွန်တော့်နာမည်ကို ကြားလိုက်ပါတယ်။ တံခါးဖွင့်မယ့်အစား၊ တံခါးရဲ့တခြားတစ်ဖက်ကအသံကို ကျွန်တော်နားထောင်ခဲ့ပါတယ်။ ကျွန်တော်အံ့ဩသွားခဲ့ပါတယ်။ သူတို့က ရိုးရှင်းစွာပဲကောင်းကင်ဘုံရှင်အဘကို ဆုတောင်းနေကြတာပါ။ ဘုရားသခင်ကို ဆုတောင်းနေတယ့်တစ်ယောက်က၊ ကိုယ်တော်ကျွန်တော့်ရဲ့ဆုတောင်းသံကိုကြားဖို့အတွက် အသနားခံနေတာပါ။ သူ့ရဲ့ဂျပန်စကားကအရမ်းမကျွမ်းကျင်ပေမယ့်၊ သူ့ရဲ့စစ်မှန်တဲ့ဆုတောင်းသံကိုကြားရတာ ကျွန်တော်ရဲ့နှလုံးသားကို ပျော့ပျောင်းစေခဲ့ပါတယ်။ ကျွန်တော့်ကို သူတို့ဘာကြောင့် သိပ်ဂရုစိုက်ကြတာလဲလို့ သိချင်ခဲ့ပါတယ်။ အဲ့နောက်၊ ကျွန်တော့်ကိုယ်စား သူတို့ဆုတောင်းချက်တွေက ကောင်းကင်ဘုံရှင်အဘနဲ့ကယ်တင်ရှင်ရဲ့ ကျွန်တော့်အတွက်ချစ်ခြင်းရဲ့ ရောင်ပြန်ဟပ်မှုဆိုတာကို သတိထားမိလိုက်ပါတယ်။ အဲ့ဒီချစ်ခြင်းကကျွန်တော့်ကိုမျှော်လင့်ချက်ပေးပြီးတော့၊ အဲ့ဒီနောက်မှာ ကျွန်တော်ဘုရားသခင်အပေါ်ယုံကြည်ခြင်းနဲ့ စစ်မှန်သောရည်ရွယ်ချက်တို့နဲ့ မေးခဲ့ပါတယ်။ မေးခဲ့တဲ့အချိန်မှာ၊ ကျွန်တော်ကအမှန်တကယ်ဘုရားသခင်ရဲ့ရင်သွေးတစ်ဦးဖြစ်ပြီး မြင့်မြတ်တဲ့အလားအလာနဲ့ ကံကြမ္မာရှိတယ်ဆိုတဲ့ ဝမ်းမြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်း ခံစားချက်ခံစားခဲ့ရပါတယ်။ ကယ်တင်ခြင်းအစီအစဥ်က ကျွန်တော်ရဲ့နှလုံးသားထဲနက်ရှိုင်းစွာ ထိုးဝင်ခဲ့ပါတယ်။
ဥက္ကဋ္ဌနယ်လဆင်ကပြောခဲ့ပါတယ်၊ “သင်မိမိကိုယ်ကိုယ်ဘယ်သူလဲဆိုတာစဥ်းစားတဲ့နည်းလမ်းက သင်လုပ်တဲ့ ဆုံးဖြတ်ချက်တိုင်းပေါ်မှာ …သက်ရောက်မှု … ရှိပါတယ်။” ဒါကကျွန်တော်အတွက် အရမ်းမှန်ပါတယ်။ ဗတ္တိဇံခံခြင်းနှင့် သန့်ရှင်းသောဝိညာဥ်တော်ကိုရရှိခြင်းအားဖြင့် ကယ်တင်ရှင်ယေရှုခရစ်တော်ကို လိုက်လျှောက်ဖို့ဆုံးဖြတ်ချက်ကတွေးထားတာထက် ကျွန်တော်ရဲ့ဘဝကိုပိုကောင်းချီးပေးခဲ့ပါတယ်။ ကျွန်တော်တို့ကဘုရားသခင်နဲ့ဗတ္တိဇံပဋိညာဥ်ကိုပြုကြတာနဲ့အမျှ၊ ယေရှုခရစ်တော်၏ နာမတော်ကိုကျွန်တော်တို့အပေါ်ခံယူဖို့၊ ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းဖို့၊ နှင့်ကျွန်တော်တို့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးမှာ ကိုယ်တော့်ကိုအစေခံဖို့ကတိပြုကြပါတယ်။ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့နဲ့ကိုယ်တော်၏ဝိညာဥ်တော်အမြဲရှိနေပြီး သန့်ရှင်းသောဝိညာဥ်တော်က စဥ်ဆက်လမ်းပြမှုပေးမယ်လို့ ပြန်လည်ကတိပြုခဲ့ပါတယ်။
နီဖိုင်း ကျွန်တော်တို့ကိုသင်ကြားပေးခဲ့တဲ့—ခရစ်တော်၏နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသောဝိညာဥ်တော်သည် “[သင်တို့]ပြုမည့်အရာမှန်သမျှကို ပြောပြလိမ့်မည်” ဆိုတဲ့သတင်းစကားကို ယုံကြည်ခြင်းရှိဖို့ သင်တို့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။ အရာအားလုံးကိုပါပဲ။ ဒါကဘုရားသခင်ရဲ့ အလွန်ကောင်းမွန်တဲ့ လက်ဆောင်ဖြစ်ပါတယ်။
ညီအကိုမောင်နှမများခင်ဗျာ၊ ကောင်းကင်ဘုံရှင်အဘရဲ့ ကယ်တင်ခြင်းအစီအစဥ်အတွက် ကျွန်တော် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကိုချစ်တာကြောင့်၊ သူ့ရဲ့တစ်ဦးတည်းသောသားတော်၊ ယေရှုခရစ်တော်ဖြင့် သူ့ရဲ့မျက်မှောက်တော်ကိုပြန်လာဖို့ နည်းလမ်းပြင်ဆင်ခဲ့ပါတယ်။ ဤအံ့ဖွယ်အစီအစဉ်ကိုသိကျွမ်းခြင်းဟာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့သားသမီးဆိုတာနဲ့ ကိုယ်တော့်လိုဖြစ်လာနိုင်တယ်ဆိုတာကို သိနားလည်ဖို့ရန် ကူညီပေးပါလိမ့်မယ်။ ဒီအရေးကြီးတဲ့ သမ္မာတရားအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သန့်ရှင်းသောဝိညာဥ်တော်က ကျွန်တော်တို့ကို ထာဝရအသက်တာရရှိနိုင်ဖို့အတွက် ဦးဆောင်ပေးမယ်ဆိုတာကျွန်တော်သက်သေခံပါတယ်။ အဲဒီစကားတွေမှန်ကန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။