အထွေထွေညီလာခံ
အဘယ်တော့မျှ မေ့မရသည့်နေ့များ
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


14:19

အဘယ်တော့မျှ မေ့မရသည့်နေ့များ

လာမယ့်အချိန်ကာလများဟာ နေရာတိုင်းမှာရှိတဲ့ အသင်းသား‌များကို ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်အကြောင်း ဝမ်းမြောက်စရာသတင်းကို ဝေမျှဖို့ တိုးပွားလာတဲ့အခွင့်အရေးတွေနဲ့ထောက်ပံ့ပေးပါလိမ့်မယ်။

နိဒါန်း

ကျွန်တော့်ရဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီသာသနာကာလမှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ၏အသင်းတော်ရဲ့သမိုင်းက သူ့ရဲ့အသင်းတော်ကို ကိုယ်‌တော်ရှင်ကဘယ်လိုလမ်းညွှန်ပေးခဲ့သလဲဆိုတာကို ပြသတဲ့ မြင့်မြတ်တဲ့အတွေ့အကြုံတွေနဲ့ တင့်တယ်ခမ်းနားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သမိုင်းမှာ ၁၈၂၀ မှ ၁၈၃၀ ထိ ဆယ်စုနှစ်တစ်ခုဟာ အခြားသောဆယ်စုနှစ်များထက် အံ့ဖွယ်ထူးခြားတဲ့ဆယ်စုနှစ်တစ်ခုဖြစ်ပါတယ်။ ၁၈၂၀ ခုနှစ် နွေဦးရာသီတွင် သန့်ရှင်းမွန်မြတ်သောတောအုပ်ရှိ ပရောဖက်ဂျိုးဇက်စမစ်ရဲ့အတွေ့အကြုံမှစတင်ကာ ခမည်းတော်နှင့် သားတော်ယေရှုခရစ်တော်ကို သူတွေ့မြင်ခဲ့တဲ့ ၁၈၃၀ခုနှစ် ဧပြီ ၆ ရက်အထိ ဆက်လက်တည်ရှိတဲ့ ထိုဆယ်စုနှစ်က အခြားဘယ်ဆယ်စုနှစ်နဲ့မှ မတူပါဘူး။

‌မော်ရော်နိုင်းမှ ရွှေပုရပိုက်ပြားများကို လွှဲအပ်ခြင်း။
မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အား ပြန်လည်အပ်နှင်းခြင်း။
အော်လီဗာ ကောင်ဒရီ။

ဒီထူးခြားတဲ့အဖြစ်အပျက်တွေကို စဥ်းစားဆင်ခြင်ကြည့်ပါ။ ငယ်ရွယ်သောပရောဖက်က ကောင်းကင်တမန်မော်ရော်နိုင်းနှင့် စကားပြောခဲ့ပြီး၊ ရွှေပုရပိုက်ပြားများကို ဘာသာပြန်ခဲ့ကာ၊ မော်မုန်ကျမ်းကို ထုတ်ဝေခဲ့ပါတယ်။ သူဟာ အာရုန်နဲ့မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်များကို ပြန်လည်အပ်နှင်းခံရတဲ့ တန်ဆာပလာဖြစ်ခဲ့ပြီး အဲ့ဒီနောက် အသင်းတော်ကို သူဖွဲ့စည်းခဲ့ပါတယ်။ “ဤအရာတို့ သည်ကား အဘယ်တော့မျှ မေ့မရသည့် နေ့များဖြစ်၏”လို့ အော်လီဗာ ကောင်ဒရီက ထိုခေတ်ကို ကောင်းစွာဖော်ပြခဲ့ပါတယ်။ ဒီနေ့အထိ အံ့ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်နေခဲ့ပါတယ်။

ဒီနှစ်မှာ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်နှစ်နီးပါးက ပြိုင်ဘက်ကင်းစွာ တည်ထောင်ခဲ့တဲ့ ဆယ်စုနှစ်လို အရေးပါကြောင်းသက်သေပြနိုင်တဲ့ ဆယ်စုနှစ်တစ်ခုကို စတင်ခဲ့တယ်ဆိုတာ ကျွန်‌တော် အလွန်ရဲရင့်စွာ ထောက်ခံပါရစေ။

ကျွန်တော်တို့၏ဆယ်စုနှစ်

ကျွန်တော် ရှင်းပြပါရ‌စေ။ လက်ရှိ၊ ၂၀၂၄ ခုနှစ် နဲ့ ၂၀၃၄ ခုနှစ်ကြားမှာ၊ အသင်းသားတွေ မိတ်ဆွေတွေနဲ့ ပေါင်းစည်းဖို့၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ၏အသင်းတော်ကို ယခင်ကထက် လူများစွာကို မိတ်ဆက်ပေးဖို့ ထူးခြားတဲ့ အခွင့်အရေးတွေရရှိစေမယ့် အထင်ကရဖြစ်ရပ်များကို ကျွန်တော်တို့ ကြုံတွေ့ရပါလိမ့်မယ်။

ဥက္ကဋ္ဌနယ်လ်ဆင်၏ နှစ် ၁၀၀ မြောက်မွေးနေ့ပွဲ။

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ရဲ့ နှစ် ၁၀၀ မြောက်မွေးနေ့ကို သန်းပေါင်းများစွာသောသူများနဲ့ ကျွန်တော်တို့ ကျင်းပတဲ့အခါ စစ်မှန်တဲ့ သမိုင်းဝင်အခိုက်အတန့်ရဲ့ တန်ခိုးကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။

ဥက္ကဋ္ဌနယ်လ်ဆင်ရဲ့မွေးနေ့အကြောင်း သတင်းရေးတဲ့အခါ၊ Newsweekက “ကမ္ဘာ့အသက်အရှည်ဆုံး ဘာသာရေးခေါင်းဆောင် အသက် ၁၀၀ပြည့်ပြီ”လို့ ဖတ်ရတဲ့ ခေါင်းစီးတစ်ပုဒ်ကို ရေးသားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဒါလိုင်းလားမားတို့ပါဝင်တဲ့ စာရင်းတစ်ခုမှာ ဥက္ကဋ္ဌနယ်လ်ဆင်ကို ပထမဆုံးနေရာတွင်ထားပြီး ကမ္ဘာ့အသက်အရှည်ဆုံး ဘာသာရေးခေါင်းဆောင် ၁၀ ဦးကို စာရင်းပြုစုခဲ့ကြပါတယ်။

New York Times ဆောင်းပါးတစ်ပုဒ်မှ ဒီထုတ်ပြန်ချက်က နိုင်ငံတကာ သတင်းပေးပို့မှုအများစုရဲ့ သဘောထားကို ကိုယ်စားပြုပါတယ် “[အမေရိကန်ပြည်ထောင်စု] သမ္မတရွေးကောက်ပွဲကာလတစ်ခုမှာ အိုမင်းခြင်းနှင့် ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး လေးလေးနက်နက် ချင့်ချိန်စဥ်းစားဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ အနည်းဆုံး သူ့ရဲ့အသင်းတော်မှာ သုံးဂဏန်းမွေးနေ့တစ်ခုက စိုးရိမ်ပူပန်ရလောက်အောင် မထိုက်တန်ကြောင်း မစ္စတာ နယ်လ်ဆင်ရဲ့ သမိုင်းမှတ်တိုင်က အကြံပြုပါတယ်။ သူတို့ရဲ့ဥက္ကဋ္ဌကို သူတို့ရဲ့အလုပ်အမှုဆောင်တစ်ဦးအဖြစ်သာမက ‘ပရောဖက်၊ မြင်သောသူနှင့် ဗျာဒိတ်ဟောသူ’အဖြစ် မြင်တဲ့အသင်းသားများကြားမှာ သူဟာ လူကြိုက်များတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ်ရှိနေပါတယ်။”

ဥက္ကဋ္ဌနယ်လ်ဆင်ရဲ့သမိုင်းဝင်မွေးနေ့က ကမ္ဘာလုံးဆိုင်ရာပရိသတ်တစ်စုအား ဘုရားသခင်ရဲ့ပရောဖက်တစ်ဦးကိုမိတ်ဆက်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးတစ်ခုပေးခဲ့တာကြောင့် ကျွန်တော်တို့ကျေးဇူးတင်ကြပြီး အဘယ်တော့မျှ မေ့မရတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခု ဖြစ်ပါတယ်။

ပြင်ဆင်မွမ်းမံထားသော အသင်းတော်ရုံးခန်းအဆောက်အဦး ပလာဇာ။

ဒီနွေဦးအစောပိုင်းမှာ၊ အသင်းတော်ကိုအသိအမှတ်ပြုတဲ့နိုင်ငံတွေကို ကိုယ်စားပြုသောနိုင်ငံတကာ အလံတွေပြသထားတဲ့ ဗိမာန်တော်ရင်ပြင်ပေါ်မှာ ပြင်ဆင်မွမ်းမံထားတဲ့ပလာဇာကို ဖွင့်လှစ်ခဲ့ပါတယ်။ “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” ဒီပရောဖက်ပြုချက်စကားများနှင့်အတူ ဂရင်းနစ်အထိမ်းအမှတ်ကျောက်တိုင်ဖြင့် ပလာဇာဝင်ပေါက်ကို မှတ်သားထားပါတယ်။

လာမယ့် ၁၀ နှစ်အတွင်း ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ဖြစ်ရပ်တွေက ‌ဟေရှာယရဲ့ ဒီပရောဖက်ပြုချက်ပြည့်စုံဖို့ ပေါ်လွင်ထင်ရှားမှုတစ်ခုကို အသေအချာ ပြုလုပ်ပါတယ်။

ဆော့လိတ် ဗိမာန်တော်။

နောက်ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ဖို့စီစဥ်ထားတဲ့ ဗိမာန်တော်အိမ်တော်ဖွင့်ပွဲများနှင့် ဆက်ကပ်ခြင်းများရဲ့ မတွေ့ကြုံဖူးတဲ့အရေအတွက်နှင့် ဗိမာန်တော် ၁၆၄ ခုနှင့် ဆက်လက်တိုးပွားမှုရဲ့ အလားအလာကိုပင် ဆင်ခြင်ပါ။ သင်တို့ သန်းပေါင်းများစွာသောသူများနဲ့ သင့်မိတ်ဆွေများက ထာဝရဘုရား၏အိမ်တော်ကို ဖြတ်လျှောက်သွားနေကြတာကို စိတ်ကူးကြည့်ပါ။ ဒီအဖြစ်အပျက်တွေရဲ့ ပုံဆောင်တဲ့ဗဟိုက ဆော့လိတ်ဗိမာန်တော်ရဲ့ ပြန်လည်ပြင်ဆင်ခြင်းနှင့် ၎င်းနဲ့ဆက်စပ်နေတဲ့လုပ်ဆောင်မှုတွေ ဖြစ်ပါလိမ့်မယ်။ ဒီလိုဘယ်တော့မှ မေ့မရတဲ့နေ့များ အသေအချာ ရှိပါလိမ့်မယ်။

အသင်းတော်၏အဖွဲ့အစည်း။

၂၀၃၀ခုနှစ်ဟာ အသင်းတော်အဖွဲ့အစည်းရဲ့ နှစ်နှစ်ရာပြည့် အထိမ်းအမှတ်ကျင်းပဖို့ ကမ္ဘာတစ်ဝှမ်းမှာအခွင့်အလမ်းများ ယူဆောင်လာပါလိမ့်မယ်။ အသင်းတော်က ဒီသမိုင်းမှတ်တိုင်ကို ဘယ်လိုအသိအမှတ်ပြုမလဲဆိုတာပြောဖို့ အရမ်းစောနေပေမယ့် မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဂုဏ်ပြုဧည့်သည်များကို “လာ၍ကြည့်ကြ”ရန် ဖိတ်ခေါ်ဖို့နှင့် အသင်းသားများရဲ့ ဘဝတွေမှာရှိတဲ့ အသင်းတော်ရဲ့ အစွမ်းထက်တဲ့ သက်ရောက်မှုကို ပိုနားလည်စေဖို့ ကျွန်တော်တို့ကို အခွင့်ပေးမှာ သေချာပါတယ်။

ဆော့လိတ်မြို့ရှိ ၂၀၀၂ ဆောင်းရာသီ အိုလံပစ်။

၂၀၃၄ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ဂုဏ်သိက္ခာရှိသူများ၊ ဧည့်သည်များနှင့် အားကစားသမားများဟာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲများအတွက် စင်မြင့်၊ ဆော့လိတ်မြို့ရဲ့ လမ်းတွေမှာ ပြည့်နေပါလိမ့်မယ်။ အိုလံပစ်အားကစားပွဲများမှာ သရုပ်ဖော်ထားတာထက် ကမ္ဘာတစ်ဝှမ်းစည်းလုံးညီညွတ်မှုရဲ့ ပိုကြီးမားတဲ့သရုပ်ပြချက် မရှိနိုင်လောက်ပါဘူး။ ကမ္ဘာ့ရဲ့မျက်လုံးများက အသင်းတော်နှင့် ၎င်းရဲ့အသင်းသားများအပေါ် ကြည့်ရှုနေမှာဖြစ်ပြီး စေတနာ့ဝန်ထမ်းဖို့၊ အစေခံဖို့နဲ့ ကြင်နာတဲ့ အပြုအမှုတွေကတစ်ဆင့် ဝမ်းမြောက်စရာသတင်းကိုဝေမျှဖို့ အခွင့်အရေးများစွာကိုပေးနိုင်ပြီး ဘယ်တော့မှမေ့မရမယ့် ပွဲတစ်ခုဖြစ်ပါလိမ့်မယ်။

ဒီလာမယ့်အချိန်ကာလများက နေရာတိုင်းမှာရှိတဲ့ အသင်းသား‌တွေကို ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ရဲ့ ဝမ်းမြောက်စရာသတင်းကို စကားနဲ့ အပြုအမူမှတဆင့်ဝေမျှဖို့ တိုးများလာတဲ့အခွင့်အရေးတွေနဲ့ ဘယ်တော့မှမေ့မရတဲ့ ဆယ်စုနှစ်တစ်ခုကို ‌ထောက်ပံ့ပေးပါလိမ့်မယ်။

ဝမ်းမြောက်စရာသတင်း

သူရဲ့မွေးနေ့ မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်က အစည်းအဝေးတစ်ခုမှာ ဥက္ကဋ္ဌနယ်လဆင်က “ဝမ်းမြောက်စရာသတင်း” ဆိုတဲ့ စကားစုကို သူမြတ်နိုးရတဲ့ အကြောင်းရင်းကို ‌ဝေမျှခဲ့ပါတယ်။ သိသာထင်ရှားစွာ စကားစုက ဝမ်းမြောက်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို သယ်‌ဆောင်ပေးတယ်လို့ သူမှတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ “ဝမ်းမြောက်စရာသတင်း”က ဒီထက်ပိုပြီး သယ်ဆောင်ပါတယ်။ ဒီစကားစုက “သတင်းကောင်း” သို့မဟုတ် “ဧဝံဂေလိတရား” လို့ အမှန်တကယ် အဓိပ္ပာယ်ရတဲ့ မူရင်းဂရိစကားလုံး euangelionမှလာကြောင်း သူရှင်းပြခဲ့ပါတယ်။ ဒီဘဝနှင့် နောက်လာမယ့်ဘဝမှာ ပျော်ရွှင်ခြင်းနဲ့ ဝမ်း‌မြောက်ခြင်းတို့က ယေရှုခရစ်တော်၏ဧဝံဂေလိတရားနဲ့ အမြဲဆက်နွှယ်လျက်ရှိပါတယ်။ ဒါကြောင့် “ဝမ်းမြောက်စရာသတင်း” ဆိုတဲ့စကားစုက ဒီအဓိပ္ပာယ်နှစ်မျိုးကို အံ့ဖွယ်ကောင်းတဲ့နည်းနဲ့ ဖော်ပြထားပါတယ်။

“အမျိုးသားများ [နှင့် အမျိုးသမီးများ]သည် ဝမ်း​မြောက်​ခြင်း​ရှိ​နိုင်​ကြ​စေ​ကြောင်း ဖြစ်​တည်​ကြ​၏။” ကောင်းကင်ဘုံရှင်အဘက သူရဲ့ကောင်းချီးများမှတဆင့် ဝမ်းမြောက်ခြင်းရနိုင်စေမယ့် ပျော်ရွှင်ခြင်းအစီအစဉ်ကို ပြင်ဆင်ပေးခဲ့ပါတယ်။ ဒီအရာက သူ့ရဲ့မျက်မှောက်တော်မှာ မိသားစုများအဖြစ် ထာဝစဉ်နေထိုင်ခြင်းပါဝင်ပါတယ်။ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းက ကျွန်တော်တို့ကိုရွေးနုတ်ဖို့ ဘုရားသခင်ရဲ့အစီအစဉ်အတွက် အဓိကကျပါတယ်။ ထာဝရအသက်ရရှိဖို့ ကျွန်တော်တို့ ခရစ်တော်ထံလာရပါမယ်။ ကျွန်တော်တို့ အဲ့ဒီလိုလုပ်ဆောင် “ပြီး တခြားသူတွေကိုလည်း အလားတူလုပ်ဆောင်ရန် ကူညီပေးတဲ့အခါ ဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းရဲ့အမှုတော်မှာ ကျွန်တော်တို့ ပါဝင်ကြပါတယ်။”

ယေရှုခရစ်တော်၏ဧဝံဂေလိတရား၏ဝမ်းမြောက်စရာသတင်းရဲ့ သတင်းစကားက ကမ္ဘာပေါ်မှာ အရေးကြီးဆုံး သတင်းစကားဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ အသင်းတော်ရဲ့ လူငယ်များနှင့် အရွယ်ရောက်လူငယ်များ အရေးပါတဲ့ အခန်းကဏ္ဍ ရရှိတဲ့နေရာဖြစ်ပါတယ်။

လူငယ်တို့အတွက်ခွန်အား

ယခု အသင်းသားတိုင်းအတွက် ဘယ်တော့မှ မေ့မရမယ့်နေ့ရက်များဖြင့် ဒီလာမယ့်ဆယ်စုနှစ်ကို ဖြည့်နေနိုင်ပေမယ့် ဒီအရာဟာ အထူးသဖြင့်ကြီးပြင်း​လာတဲ့​မျိုးဆက်ဖြစ်တဲ့ သင့်အတွက်မှန်ကန်နိုင်ပါတယ်။ ယခု ဒီမှာရှိနေဖို့ သင်ကို ရွေးချယ်ခဲ့တာကြောင့် ယခု သင်ဟာ ကမ္ဘာပေါ်မှာ ရှိနေတာပါ။ မတွေ့ကြုံဖူးတဲ့နည်းလမ်း၌ ခရစ်တော်ရဲ့ တပည့်တွေဖြစ်ဖို့ သင်တို့မှာ ခွန်အားနဲ့ စွမ်းရည်ရှိကြပါတယ်။

“လောကနှင့် မာရ်နတ်ရဲ့ တန်ခိုးအားလုံးကို ရင်ဆိုင်ဖို့ [နှင့်] … ကျွန်တော်တို့ဘုရားသခင်၏ ဇိအုန်မြို့ကို အကျိုးဆက်အားလုံးကို မကြောက်ရွံ့ဘဲ တည်ဆောက်ဖို့ သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့ ဝိညာဥ်တွေကို ဘုရားသခင်က ဒီသာသနာကာလအတွက် သီးသန့်ထားခဲ့ပါတယ်”လို့ ဥက္ကဋ္ဌဂျော့ဂ်ျ ခယူ၊ ကန်နွန်က သွန်သင်ခဲ့ပါတယ်။

ဒါကြောင့် ဒီလာမယ့် ဆယ်စုနှစ်က သင့်အတွက် ဘယ်တော့မှ မေ့မရနိုင်ဘဲ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ စိတ်ကူးကြည့်ရန် ဖိတ်ခေါ်ဖို့ ကြီးပြင်း​လာတဲ့​မျိုးဆက်ဖြစ်တဲ့သင်တို့ကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလာမယ့်ဆယ်စုနှစ်အတွင်း သင့်ကို လုပ်ပိုင်ခွင့်ပေးနိုင်တဲ့ ရိုးရှင်းတဲ့ အကြံဉာဏ်နဲ့ အားပေးစကားတချို့ကိုလည်း ကျွန်တော်ပေးပါမယ်။

သင်တို့အများစုလိုပဲ ကျွန်တော့်မှာ အခါအားလျော်စွာနဲ့ နှိုးဆော်မှုမရှိဘဲ တစ်နေ့တာမှာ ကျွန်တော်ဘာလုပ်နေတယ်ဆိုတာပြနေတဲ့ ဓာတ်ပုံတွေကို အတူတကွစုဆောင်းတဲ့ စမတ်ဖုန်းတစ်လုံးရှိပါတယ်၊။ နှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အခြေအနေတွေ ဘယ်လောက်များ ပြောင်းလဲသွားသလဲဆိုတာ သိရတာ အမြဲအံ့ဩဖို့ကောင်းပါတယ်။

အခုအချိန်မှ ၁၀ နှစ်အကြာမှာ သင့်ဖုန်းကပြမယ့် ဓာတ်ပုံတွေကို ပုံဖော်ကြည့်ပါ။ အထက်တန်းကျောင်း ဒါမှမဟုတ် ကောလိပ်ကျောင်းကနေ ဘွဲ့ရခြင်း၊ သင့်ရဲ့ဝိညာဉ်ပကတိအပ်နှင်းခြင်းလက်ခံရရှိခြင်း၊ သာသနာပြုထွက်ခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် ပထမဆုံးကလေးရခြင်းကို သင့်ကိုယ်သင် တွေ့ရပါလိမ့်မယ်။ သင်ကိုယ်တိုင်အတွက် ဘယ်တော့မှ မေ့မရမယ့် ဆယ်စုနှစ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ရဲ့ ဝမ်းမြောက်စရာသတင်းက သင်တို့ရဲ့အသက်တာများသာမက သင့်မိသားစု၊ မိတ်ဆွေများနှင့် လူမှုမီဒီယာနောက်လိုက်များရဲ့ ဘဝကိုလည်း တိုးတက်ကောင်းမွန်စေပြီး တိုးမြှင့်စေနိုင်ကြောင်း လောက၏​အလင်း​ဖြစ်လာဖို့ သင်တက်ကြွစွာ ကြိုးစားမယ်ဆိုရင် နှစ်ဆတိုးပွားလာပါလိမ့်မယ်။

ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်တွေးမိနိုင်ပါတယ်။

မြင့်မြတ်စွာခန့်အပ်ထားသောတာဝန်များအဖြစ် ရည်ညွှန်းထားတဲ့ ရိုးရှင်းသောလုပ်ဆောင်မှုလေးခုမှတစ်ဆင့် ပြီးမြောက်နိုင်ကြောင်း ဘုရားသခင်ရဲ့ပရောဖက်တွေက ကျွန်တော်တို့ကို သွန်သင်ပေးခဲ့ပါတယ်၊ ပထမ၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ အသက်ရှင်ခြင်း၊ ဒုတိယ၊ လိုအပ်နေသူများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ တတိယ၊ ဧဝံဂေလိတရားတော်ရရှိဖို့ အားလုံးကို ဖိတ်ခေါ်ခြင်းနှင့် စတုတ္ထ၊ ထာဝရအတွက် မိသားစုများ ပေါင်းစည်းခြင်း။ အံ့အားသင့်စရာက တစ်ခုချင်းစီကို သာမန်နှင့် သဘာဝနည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါတယ်။

မြင့်မြတ်စွာ ခန့်အပ်ထားသော တာဝန်များ

ဒီမြင့်မြတ်စွာ ခန့်အပ်ထားတဲ့ တာဝန်လေးခုကို သင်လက်ခံမယ်ဆိုရင် ဒါဟာ သင့်အတွက် ဘယ်တော့မှ မေ့မရမယ့် ဆယ်စုနှစ်တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ဒါက ဘာပါဝင်နိုင်မလဲဆိုတာ စဥ်းစားဆင်ခြင်ကြည့်ကြရအောင်ခင်ဗျာ။

မြင့်မြတ်စွာ ခန့်အပ်ထားသော တာဝန်လေးခု။
ဆုတောင်းနေသောအမျိုးသမီးငယ်။

ပထမ၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ အသက်ရှင်ပါ။ ပရောဖက်များရဲ့ စကားများကိုလေ့လာပြီး သင့်ရဲ့ကောင်းကင်ဘုံရှင်အဘကို ချစ်ဖို့ သင်ယူပါ။ သူ့ဘက်သို့ သင်တို့ရဲ့စိတ်နှလုံးများကို ညွှတ်ကြပြီး သူ့ရဲ့လမ်းသို့လိုက်ကြဖို့ ကြိုးစားပါ။ အသင်းလူကြီး ယူလစ်စစ် ဆောရက်စ် ဖော်ပြခဲ့တဲ့ “ပဋိညာဉ်ပြုသည့် စိတ်ချယုံကြည်ခြင်း” အားဖြင့် ချီးမြှောက်ခံပါ။ ဒီယုံကြည်စိတ်ချမှုက ယေရှုခရစ်တော်နောက်လိုက်ဖို့ ပဋိညာဉ်ပြုခြင်းမှလာပြီး ကယ်တင်ရှင်က သင့်ကို ခွန်အားပေးပြီး ထောက်မပေးမှာဖြစ်ကြောင်း သိခြင်းဖြစ်ပါတယ်။

သင့်မိတ်ဆွေတွေကို ဧဝံဂေလိတရားတော်၌အသက်ရှင်ရာမှာ သင်ခံစားရတဲ့ ဝမ်း‌‌မြောက်မှုကိုတွေ့မြင်စေပြီး သင်က သူတို့ရရှိသမျှမှ အကောင်းဆုံးဧဝံဂေလိသတင်းစကားဖြစ်ပါလိမ့်မယ်။

ဒုတိယ၊ လိုအပ်နေသူများကို ကြည့်ရှုစောင့်ရှောက်ဖို့ စာနာသနားမှုဖြင့် လက်လှမ်းပါ။ သင့်မျိုးဆက်က ခက်ခဲဒုက္ခရောက်သူတွေကို အထူးသဖြင့် သတိပြုမိကြပါတယ်။ သဘာဝဘေးဒဏ်ကျရောက်လို့ အသင်းသားတွေက အပျက်အစီးများကို ရှင်းလင်းပြီး ဝေဒနာခံစားနေရသူတွေကို နှစ်သိမ့်ပေးဖို့ အလျင်အမြန်ကူညီပေးတဲ့အခါတိုင်း၊ “ကူညီသောလက်များ”ဆိုတဲ့ တီရှပ်တွေကို ဝတ်ဆင်ထားတဲ့ အများစုက ဆယ်ကျော်သက်တွေနှင့် နှစ်ဆယ်အရွယ်တွေ ဖြစ်ပုံရပါတယ်။ “တစ်ယောက်နှင့်တစ်ယောက်၏​ဝန်များကိုပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန်” နှင့် “နှစ်သိမ့်ခြင်းကို လိုအပ်လျက်​ရှိသူတို့ကို နှစ်သိမ့်”ရန် မှာ သင့်ရဲ့သဘာဝဗီဇထဲမှာ ရှိပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ဟာ “ခရစ်တော်၏တရားကိုကျင့်ကြ”ပါတယ်။

လိုအပ်နေသူများအတွက် ကလေးများမှ ယိုစုဆောင်းခြင်း။

မူလတန်းအရွယ် ငယ်ရွယ်တဲ့ကောင်လေးတစ်ဦးဖြစ်သူ အီဗန်က သူ့ရဲ့ ဒေသခံစားနပ်ရိက္ခာဘဏ်ကိုလှူဒါန်းဖို့ ကျောင်းမှမြေပဲထောပတ်နှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့်တွေအတွက် ထောက်ပံ့ပစ္စည်းများ စုဆောင်းခြင်းမှာ သူ့ရဲ့နွေရာသီအားလပ်ရက်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက JustServe ဝက်ဘ်ဆိုက် ပေါ်မှာ စီမံကိန်းကို တွေ့ ရှိခဲ့ပါတယ်။ ငယ်ရွယ်တဲ့ အီဗန်က ဂျယ်လီဖန်ပုလင်း ၇၀၀ ကျော် ကူညီစုဆောင်းပေးဖို့ သူ့ရဲ့ကျောင်းအတန်းတစ်ခုလုံးကို စာရင်းသွင်းခဲ့ပါတယ်။ သင်အစေခံနေတဲ့လူတွေကို သူတို့အတွက် သင့်ရဲ့စိုးရိမ်ပူပန်မှုက ဘုရားသခင်အပေါ် သင့်ရဲ့ချစ်မေတ္တာ၌ ခိုင်မြဲနှစ်ဝင်နေကြောင်းနှင့် မိမိကိုယ်ကိုကဲ့သို့ သင့်နှင့်စပ်ဆိုင်သူကို ဆက်ဆံလိုတဲ့သင့်ရဲ့ဆန္ဒကို သိစေပါ။

ဘရာဇီးမှ သာသနာပြုများ။

တတိယ၊ ဧဝံဂေလိတရားတော်ရရှိဖို့ အားလုံးကို ဖိတ်ခေါ်ပါ။ ဒီနှစ်မှာ အချိန်ပြည့်သာသနာထမ်းဆောင်ဖို့ ဆန္ဒရှိသူအားလုံးကို နေရာချရန် ကမ္ဘာတစ်ဝှမ်းမှာ သာသနာအသစ် ၃၆ ခုကို ကျွန်တော်တို့ ဖွင့်လှစ်ခဲ့ပါတယ်။ လူငယ်တော်တော်များများက ရိုးရာဘာသာရေးလုပ်ငန်းများမှ အတူတကွရှောင်ထွက်နေကြတဲ့ ခေတ်ကာလမှာ ဒါဟာထူးခြားပြီး သင့်သက်သေခံချက်များရဲ့ ခမ်းနားတဲ့သဘောသ‌ဘာဝကို သရုပ်ပြနေပါတယ်။ အချိန်ပြည့်အမှုဆောင်တယ်ဖြစ်စေ၊ မဆောင်တယ်ဖြစ်စေ သင့်ရဲ့ရွယ်တူချင်းတွေကို လွှမ်းမိုးဖို့နှင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို စူးစမ်းရှာဖွေရန် သူတို့ကို သင်ချစ်၊ ဝေမျှပြီး ဖိတ်ခေါ်တဲ့အခါ သင့်ရဲ့ကြီးမားတဲ့အစွမ်းကို ကျေးဇူးပြု၍ နားလည်သဘောပေါက်ပါ။

ပရက်စတန်အင်္ဂလန်ဗိမာန်တော်ရှိလူငယ်များ။

စတုတ္ထ၊ ထာဝရအတွက် မိသားစုများ ပေါင်းစည်းပါ။ ကမ္ဘာတစ်ဝှမ်းရှိ ဗိမာန်တော်များသို့ ကျွန်တော်လည်ပတ်တဲ့အခါ နှစ်ခြင်းပေးရာနေရာမှာ ထိုင်စရာမရှိလို့ ရပ်စောင့်နေကြတဲ့ လူငယ်အုပ်စုတွေနဲ့ ဘိသိက်မင်္ဂလာလုပ်သားများအဖြစ် အစေခံနေကြတဲ့ အရွယ်ရောက်လူငယ်များရဲ့ တိုးပွားလာတဲ့ အရေအတွက်တွေကို ကျွန်တော် အံ့သြမိပါတယ်။ မကြာသေးမီက စကော့တလန်နဲ့ အိုင်ယာလန်မှ လူငယ် ၆၀၀ ကျော်ပါတဲ့ အုပ်စုတစ်စုဟာ ပရက်စတန်အင်္ဂလန်ဗိမာန်တော်သို့ ခရီးသွားခဲ့ကြပြီး၊ ဘိသိက်မင်္ဂလာ ၄,၀၀၀ ကျော်၊ ဆောင်ရွက်ခဲ့ရာ အများစုမှာ သူတို့ရဲ့ သေဆုံးသွားခဲ့တဲ့ ဘိုးဘေးများဖြစ်ကြပါတယ်။ မိသားစုသမိုင်းမှာ ပါဝင်ဖို့၊ ဗိမာန်တော်မှာ အချိန်ယူပြီး ဗိမာန်တော်မှာ တူညီစွာ ထိုက်တန်တဲ့ အဖော်တစ်ယောက်နဲ့ လက်ထပ်ဖို့ အသင့်ဖြစ်နေတဲ့ အမျိုးသား သို့မဟုတ် အမျိုးသမီးမျိုးဖြစ်ဖို့ သင့်ကိုယ်ကို ဂရုတစိုက်ပြင်ဆင်ရန် ကျွန်တော်သင့်ကိုတိုက်တွန်းပါတယ်။ ဗိမာန်တော်ကို သင်တို့ရဲ့ဘဝတွေမှာ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်စေဖို့ ယခု သင့်ဘဝမှာ ပုံစံတစ်ခုကို တည်ဆောက်ပါ။

နိဂုံး

ကျွန်တော်ချစ်ရတဲ့ညီအစ်မောင်နှမများခင်ဗျာ၊ ကျွန်တော်ချစ်ရတဲ့လူငယ်မိတ်ဆွေများခင်ဗျာ လာမယ့်နေ့တွေမှာ ကျွန်တော်တို့တစ်ယောက်စီအတွက် အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလာမယ့် မတွေ့ကြုံဖူးတဲ့အချိန်ကာလများရဲ့ ဆယ်စုနှစ်ထဲ ဝင်လာတာနဲ့အမျှ အသက်ရှင်နေထိုင်ခြင်း၊ ဂရုစိုက်ခြင်း၊ ဖိတ်ခေါ်ခြင်းနဲ့ ပေါင်းစည်းခြင်းတို့ရဲ့ ရိုးရှင်းသောလုပ်ဆောင်မှုများမှတစ်ဆင့် ဝမ်းမြောက်စရာသတင်းကို ကျွန်တော်တို့ဝေမျှကြရအောင်ခင်ဗျာ။ ကျွန်တော်တို့ အဲ့ဒီလိုလုပ်ဆောင်တဲ့အခါ ဘယ်တော့မှမေ့မရမယ့် အတွေ့အကြုံများဖြင့် ကျွန်တော်တို့ကို ကိုယ်တော်ရှင်‌ကောင်းချီးပေးပါလိမ့်မယ်။

ရိုးသားသော​စိတ်​နှလုံးနဲ့ စစ်​မှန်သော​ရည်ရွယ်ချက်ဖြင့်ကိုယ်တော်ရှင်ထံချဥ်းကပ်သူများ၊ သူတို့ရဲ့နှုတ်ခမ်းများပေါ်တွင် ကယ်တင်ရှင်၏နာမနှင့် သူတို့ရဲ့စိတ်ဝိညာဥ်များတွင် သန့်ရှင်းသောဝိညာဥ်တော်ရှိသူများ၊ ဒီခမ်းနားပြီး ဘုန်းကျက်သရေရှိတဲ့ ဘာသာရေးခရီးစဥ်ကို စတင်သူများဟာ ကြွယ်ဝသော အမြင့်မြတ်ဆုံးသောကောင်းချီးများရှာတွေ့ ပြီး တွေ့ကြုံရကာ သင့်ကိုနားထောင်၊ သိကျွမ်းပြီး ချစ်တော်မူသော ဘုရားသခင်အကြာင်း သက်သေခံချက်တစ်ခုကို ရရှိမယ့်အ‌ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ဘယ်တော့မှမေ့မရတဲ့နေ့များကို သင်တွေ့ကြုံရပါလိမ့်မယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှု ဩဝါဒနှင့် ပဋိညာဉ်များ ၂၇:၈၊ ၁၂-၁၃

  2. ဂျိုးဇက်စမစ်—သမိုင်း ၁:၇၁၊ မှတ်စု

  3. ရှု သီယို ဘားမန်း၊ “World’s Oldest Religious Leader Turns 100,” Newsweek, စက်၊ ၉၊ ၂၀၂၄၊ newsweek.com

  4. ရုသ် ဂရေဟမ်၊ “The Leader of the Mormon Church Turns 100,” New York Times, စက်၊ ၉၊ ၂၀၂၄၊ nytimes.com တွဲဖက်ပုံနှိပ် ဆောင်းပါးတစ်ခုက ဒုခ်တက္ကသိုလ်၏ ဘာသာရေးပညာကျောင်းရှိ ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားခဲ့သည်မှာ “အသက်အရွယ်၊ ဉာဏ်ပညာနှင့် ဝိညာဉ်ရေးအခွင့်အာဏာတို့သည် အတူတကွယှဉ်တွဲသည်” (အန်းဂျီ ဟွန်း၊ ဟဲနာ ရှန်းဘောင်နှင့် ဒီပါ ဘားရသ် ရှိ၊ “The Mormon church’s oldest-ever president has turned 100,” စက်၊ ၉၊ ၂၀၂၄၊ apnews.com)။

  5. ‌ဟေရှာယအနာဂတ္တိကျမ်း ၂:၂

  6. ယောဟန် ၁:၄၆

  7. ရှု ဂျိမ်းစ် စထရောင်း, The New Strong’s Exhaustive Concordance of the Bible (1984), Greek dictionary section, အဝင် 2098.

  8. ၂ နီဖိုင်း ၂:၂၅

  9. အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အမှုတော်ဆောင်ခြင်း၁.၂၊ ဧဝံဂေလိစာကြည့်တိုက်။

  10. Gospel Truth: Discourses and Writings of President George Q. Cannon, sel. ဂျယ်ရဲဒ် အယ်လ်၊ နယူးကွစ်တ် (၁၉၅၇)၊ ၁:၂၁။

  11. ရှု အထွေထွေလက်စွဲစာအုပ်၁.၂၊ ဧဝံ‌‌ဂေလိစာကြည့်တိုက်။

  12. ရှု ယူလစ်စစ် ဆောရက်စ်၊ “Covenant Confidence through Jesus Christ,” လီယာဟိုနာ၊ မေ ၂၀၂၄၊ ၁၇-၂၁။

  13. မောဇိယ ၁၈:၈၊ ၉

  14. ဂလာတိ ၆:၂

  15. ရှု ဂျက်ဆီကာ လော်ရန့်စ်၊ “Finding Joy in Donating Jelly,” Church News, ဇွန် ၁၈၊ ၂၀၂၃၊ thechurchnews.com

  16. ရှု ရှင်မဿဲ ၂၂:၃၇-၄၀

  17. ရှု မလီနာ မိုင်ရာစ် “Scottish and Irish Youth Perform over 4,000 Ordinances in the Preston England Temple,” Church News, ဇွန် ၁၃၊ ၂၀၂၄၊ thechurchnews.com