သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် သူ့ကိုရှာပါ
ယေရှုခရစ်တော်က ဘုရားသခင်နှင့်ဆွေးနွေးပြောဆိုဖို့နှင့် သူ့အားဖြင့် ခွန်အားဖြည့်စေဖို့ ငြိမ်သက်တဲ့အချိန်ကို ရှာဖွေခဲ့တယ်ဆိုရင် ကျွန်တော်တို့လည်း အလားတူပြုခြင်းက ပညာရှိရာရောက်ပါမယ်။
လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ သာသနာပြုခေါင်းဆောင်တွေအဖြစ် အစေခံခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက အသင်းလူကြီး ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ကျွန်တော်တို့ရဲ့သာသနာကို လည်ပတ်ချိန်အတွင်း-သာသနာပြုတစ်ယောက်က လူတစ်ယောက်က သူတို့ကိုနားမထောင်နိုင်လောက်အောင် အလုပ်များလွန်းတယ်လို့ ပြောတဲ့အခါ ဘယ်လိုအကောင်းဆုံးတုံ့ပြန်သင့်သလဲလို့ သူ့ကိုမေးခဲ့ပါတယ်။ တွန့်ဆုတ်ခြင်းမရှိဘဲ အသင်းလူကြီး နယ်လ်ဆင်က “နေ့လည်စာမစားနိုင်လောက်အောင် အဲ့ဒီနေ့အလုပ်များလွန်းသလားလို့ မေးလိုက်ပါ၊ အဲ့နောက် သူတို့မှာ ကိုယ်ခန္ဓာနဲ့ ဝိညာဉ် နှစ်ခုစလုံးရှိကြောင်းနှင့် သူတို့ရဲ့ကိုယ်ခန္ဓာကို အားမဖြည့်ရင် သေဆုံးမှာဖြစ်သလို၊ ဘုရားသခင်ရဲ့ ကောင်းမြတ်သော နှုတ်ကပတ်တော်အားဖြင့် အားမဖြည့်ရင် သူတို့ရဲ့ဝိညာဥ်လည်း သေဆုံးမယ်လို့ သူတို့ကိုသွန်သင်ပေးပါ”လို့ ပြောခဲ့ပါတယ်။
ဂျပန်လို “အလုပ်များတယ်” ဆိုတဲ့ စကားလုံး အီဆိုဂါရှီကို သင်္ကေတနှစ်ခု (忙) ပါတဲ့ အက္ခရာနှင့် ဖွဲ့စည်းထားတာကို မှတ်သားထားရတာ စိတ်ဝင်စားစရာပါပဲ။ ဘယ်ဘက်တစ်ခုက “စိတ်နှလုံး” သို့မဟုတ် “ဝိညာဉ်” လို့ အဓိပ္ပာယ်ရပြီး ညာဘက်တစ်ခုကတော့ “သေခြင်း” လို့ အဓိပ္ပာယ်ရပါတယ်၊ —ဥက္ကဋ္ဌနယ်လ်ဆင် သွန်သင်ခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ဝိညာဉ်တွေကို အားဖြည့်ဖို့ အလုပ်များလွန်းတာက ဝိညာဉ်ရေးရာ သေဆုံးစေနိုင်တယ်လို့ အကြံပြုထားတဲ့အတိုင်းပါပဲ၊။
—စိတ်ရှုပ်ထွေးခြင်းများနှင့် ပုန်ကန်ခြင်းပြည့်နေတဲ့ ဒီအရှိန်မြန်သောကမ္ဘာမှာ—သူ့အတွက် အရည်အသွေးရှိတဲ့အချိန်ဖန်တီးခြင်းက ကျွန်တော်တို့ခေတ်ရဲ့ အဓိကစိန်ခေါ်ချက်များမှ တစ်ခုဖြစ်မယ်ဆိုတာ ကိုယ်တော်ရှင်သိခဲ့ပါတယ်။ ပရောဖက်ဟေရှာယမှတစ်ဆင့် မိန့်တော်မူထားပါတယ်၊ ကျွန်တော်တို့အသက်ရှင်နေတဲ့ ရုန်းရင်းဆန်ခတ်သောနေ့ရက်များနှင့်၊ နှိုင်းယှဉ်နိုင်တဲ့ ဤဆုံးမစကားနှင့် သတိပေးချက်ကို သူပေးခဲ့ပါတယ်။
“သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင်၊ ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်း အားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။။
“ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။”
တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းက ကိုယ်တော့်ထံ မကြာခဏ ပြောင်းလဲခြင်းနှင့် လောကီစိုးရိမ်မှုများကနေ ငြိမ်ဝပ်ခြင်း အပေါ် မူတည်ပေမယ့်လည်း ကျွန်တော်တို့ မလုပ်ဆောင်ကြပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက ကိုယ်တော်ရှင်နှင့်အတူထိုင်ပြီး ဆင်ခြင်အောက်မေ့ခြင်းနှင့် တွေးတောစဉ်းစားပြီး ငြိမ်ဝပ်တဲ့အချိန်တွေကပေးတဲ့ ခွန်အားကလာပေမယ့်လည်း ကျွန်တော်တို့ မလုပ်ဆောင်ကြပါဘူး။ ဘာကြောင့်မလုပ်တာပါလဲ။ ဘာဖြစ်လို့လဲဆိုတော့၊ “ကျွန်တော်တို့က တခြားအရာတွေနဲ့ အလုပ်များနေကြလို့ပါ”—ပြောရမယ်ဆိုရင်၊ မြင်းစီးပြီးမြန်မြန်ပြေးနေရသလိုမျိုးပေါ့။ ဒါ့ကြောင့် ဘုရားသခင်ထံမှ ကျွန်တော်တို့ ပိုပြီးဝေးဝေးရောက်သွားပါမယ်၊ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်သွားဖို့ အတင်းအကျပ် တွန်းအားပေးလာမယ်၊ ပြီးတော့ ကျွန်တော်တို့ မြန်မြန်သွားလေလေ စာတန်က လိုက်ရှာရာမှာ လျင်မြန်လေလေ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဥက္ကဋ္ဌနယ်လဆင်က ကျွန်တော်တို့ရဲ့အသက်တာမှာ—“နေ့စဥ်နေ့တိုင်း” ကိုယ်တော်ရှင်အတွက် အချိန်ပေးဖို့ ကျွန်တော်တို့ကို အကြိမ်ကြိမ် တောင်းပန်ခဲ့တာ ဖြစ်နိုင်ပါတယ်။ “ငြိမ်ဝပ်သောအချိန်သည် သန့်ရှင်းမွန်မြတ်သောအချိန်—ကိုယ်တိုင်ဗျာဒိတ်တော်ကို လွယ်ကူစေပြီး ငြိမ်သက်ခြင်းကို ဖြည်းဖြည်းချင်း တည်ထောင်မယ့်အချိန်ဖြစ်တယ်” လို့ ကျွန်တော်တို့ကို သူသတိပေးထားပါတယ်။ သို့သော် ကိုယ်တော်ရှင်၏ငြိမ်ဝပ်သောအသံကို ကြားဖို့ “သင်လည်းငြိမ်ဝပ်ရမည်။”လို့ သူအကြံပေးခဲ့ပါတယ်။
သို့ရာတွင် ငြိမ်ဝပ်စွာနေခြင်းဆိုတာ ကိုယ်တော်ရှင်အတွက် အချိန်ပေးရုံထက်မက လိုအပ်ပါတယ်—ကျွန်တော်တို့ရဲ့ သံသယဖြစ်ဖွယ်နှင့် ကြောက်ရွံ့သော အတွေးများကို လွှတ်ချပြီး သူ့အပေါ် ကျွန်တော်တို့ရဲ့နှလုံးသားများနှင့် စိတ်များကို အာရုံစိုက်ခြင်း လိုအပ်ပါတယ်။ အသင်းလူကြီး ဒေးဗစ် အေ၊ ဘတ်ဒ်နာ သွန်သင်ပေးခဲ့ပါတယ်၊ “ငြိမ်ဝပ်စွာနေ’ရန် ကိုယ်တော်ရှင်၏ဆုံးမခြင်းက ရိုးရိုးလေး စကားမပြော၊ မလှုပ်ရှားခြင်းထက် ပိုပါတယ်။” “ငြိမ်ဝပ်စွာနေဖို့”က “ကယ်တင်ရှင်အပေါ် မပျက်မကွက် အာရုံစိုက်ဖို့ ကျွန်တော်တို့ကို သတိပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်”လို့ သူအကြံပေးခဲ့ပါတယ်။
ငြိမ်ဝပ်စွာနေခြင်းက ယုံကြည်ခြင်း၏ လုပ်ရပ်တစ်ခုဖြစ်ပြီး အားထုတ်မှု လိုအပ်ပါတယ်။ Lectures on Faith က “လူတစ်ဦးသည် ယုံကြည်ခြင်းဖြင့် အလုပ်လုပ်သည့်အခါ စိတ်ပိုင်းဆိုင်ရာအားထုတ်မှုဖြင့် အလုပ်လုပ်သည်။” လို့ ဖော်ပြပါတယ်။ ဥက္ကဋ္ဌနယ်လဆင် ကြေညာခဲ့ပါတယ် “ကျွန်တော်တို့ရဲ့အာရုံစိုက်မှုဟာ ကယ်တင်ရှင်နှင့် သူ၏ဧဝံဂေလိတရားအပေါ် သံမှိုစွဲနေရပါမယ်။ အတွေးအခေါ် တိုင်း မှာ သူ့ကိုမှီခိုအားကိုးဖို့ ကြိုးစားတာက စိတ်ပိုင်းအရ တင်းကျပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့သံသယတွေနဲ့ ကြောက်ရွံ့မှုတွေ ထွက်ပြေးသွားပါတယ်။” ကျွန်တော်တို့ရဲ့စိတ်တွေကို အာရုံစိုက်ဖို့ ဒီလိုအပ်မှုကို ပြောတဲ့အခါ ဥက္ကဋ္ဌဒေးဗစ် အို၊ မက်ကေး ပြောခဲ့ပါတယ်၊ “ဆင်ခြင်အောက်မေ့ခြင်း၏ တန်ဖိုး၊ ကိုးကွယ်ခြင်း၏ အခြေခံသဘောတရားကို ကျွန်တော်တို့အာရုံစိုက်မှုအလွန်နည်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ … ဆင်ခြင်အောက်မေ့ခြင်းက ကိုယ်တော်ရှင်၏မျက်မှောက်တော်သို့ ကျွန်တော်တို့ဖြတ်သန်းသွားသော သန့်ရှင်းမွန်မြတ်ဆုံးတံခါးများမှ တစ်ခုဖြစ်တယ်။”
ဂျပန်မှာ မူအိဆိုတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒါက ငြိမ်ဝပ်စွာနေရန်ဆိုလိုခြင်း၏ ပိုပြီး ယုံကြည်ခြင်းပြည့်သော၊ ချင့်ချိန်စဥ်းစားသောခံစားမှုကိုပေးပါတယ်။ ၎င်းမှာ အက္ခရာနှစ်လုံးပါဝင်ပါတယ်(無為)။ ဘယ်ဘက်ရှိတစ်ခုက “ဘာမှမရှိ” သို့မဟုတ် “ဘာမှမရှိခြင်း” လို့ အဓိပ္ပာယ်ရပြီး ညာဘက်တစ်ခုကတော့ “လုပ်ရန်” လို့ အဓိပ္ပာယ်ရပါတယ်။ ပေါင်းလိုက်ရင် “ဘာမှမလုပ်” လို့ အဓိပ္ပာယ်ရပါတယ်။ တိတိကျကျ ယူရရင် ထိုစကားလုံးကို “ဘာမှမလုပ်ရန်” လို့ အဓိပ္ပာယ်လွဲမှားစွာ အနက်ဖွင့်ဆိုနိုင်ပြီး ထိုနည်းတူ “ငြိမ်ဝပ်စွာနေရန်”ကို “စကားမပြောခြင်း သို့မဟုတ် မလှုပ်ရှားခြင်း” လို့ လွဲမှားစွာ အနက်ဖွင့်နိုင်ပါတယ်။ သို့ရာတွင် “ငြိမ်ဝပ်စွာနေရန်” စကားစုကဲ့သို့ ပိုမြင့်မြတ်တဲ့ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ အရှိန်လျော့ချဖို့နဲ့ ပို၍ကြီးမားတဲ့ဝိညာဉ်ရေးသတိနှင့် အသက်ရှင်ဖို့ သတိပေးချက်တစ်ခုဖြစ်ပါတယ်။
အသင်းလူကြီး တာကာရှီ ဝါဒနှင့်အတူ အာရှမြောက်ပိုင်းဒေသဥက္ကဋ္ဌအဖွဲ့မှာ အစေခံစဥ်က သူ့ရဲ့ဇနီး ညီအစ်မ နာအိုမီ ဝါဒဟာ အောင်မြင်တဲ့ ဂျပန် လက်ရေးလှရေးသူတစ်ယောက်ဖြစ်ကြောင်းသိခဲ့ရပါတယ်။ ကျွန်တော့်အတွက် မူအိ စကားလုံးကို ဂျပန်အက္ခရာနဲ့ ရေးဆွဲပေးမလားလို့ ညီအစ်မ ဝါဒကို ကျွန်တော်မေးခဲ့ပါတယ်။ ငြိမ်ဝပ်ဖို့နဲ့ ကယ်တင်ရှင်ကို အာရုံစိုက်ဖို့ရန် သတိပေးချက်အနေနဲ့ လက်ရေးစာကို ကျွန်တော့်ရဲ့ နံရံပေါ်မှာ ချိတ်ဆွဲချင်ခဲ့ပါတယ်။ ဒီရိုးရှင်းပုံရတဲ့ တောင်းဆိုချက်ကို သူမ အလွယ်တကူ သဘောမတူခဲ့တဲ့အခါ ကျွန်တော်အံ့သြခဲ့ပါတယ်။
နောက်တစ်နေ့မှာ သူမရဲ့တွန့်ဆုတ်မှုကို ကျွန်တော်နားလည်မှုလွဲသွားနိုင်တယ်ဆိုတာ သိတဲ့အတွက် အသင်းလူကြီး ဝါဒက အဲဒီအက္ခရာတွေကို ရေးဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုလိုအပ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူမရဲ့စိတ်ဝိညာဉ်မှာ အဓိပ္ပာယ်ကို သူမ နက်နက်ရှိုင်းရှိုင်း နားလည်လာပြီး သူမရဲ့စုတ်တံအချက်တိုင်းနဲ့ နှလုံးသားမှလေးနက်သောထင်မြင်ချက်တွေကို ဖော်ပြမှုပေးနိုင်တဲ့အထိ စိတ်ကူးနဲ့ အက္ခရာတွေကို သူမစဥ်းစားတွေးတောပြီး ဆင်ခြင်အောက်မေ့ဖို့ လိုအပ်ပါတယ်။ အလွန်အားစိုက်ရတဲ့ အရာတစ်ခုကို ပြုလုပ်ပေးဖို့ သူမကိုကျွန်တော် ပေါ့ပေါ့တန်တန် တောင်းဆိုခဲ့တာကို ကျွန်တော်ရှက်ခဲ့ပါတယ်။ ကျွန်တော်မသိလိုက်တဲ့အတွက် သူမကိုတောင်းပန်ဖို့နဲ့ ကျွန်တော့်ရဲ့တောင်းဆိုချက်ကို ကျွန်တော်ရုပ်သိမ်းကြောင်း သူ့ကိုပြောပြခိုင်းခဲ့ပါတယ်။
ဂျပန်နိုင်ငံကနေ ကျွန်တော်ထွက်ခွာသွားတဲ့အခါ ညီအစ်မ ဝါဒါက မူအိ စကားလုံးအတွက် ဂျပန်အက္ခရာတွေပါတဲ့ လှပတဲ့လက်ရေးစာကို မတောင်းခံဘဲ ကျွန်တော့်ကို လက်ဆောင်ပေးတဲ့အခါ ကျွန်တော့်ရဲ့ အံ့အားသင့်မှုနဲ့ ကျေးဇူးတင်မှုကို သင်တို့စိတ်ကူးကြည့်နိုင်ပါတယ်။ အခုတော့ ကျွန်တော့်ရုံးခန်းနံရံပေါ်မှာ အထင်အရှား ချိတ်ဆွဲထားပြီး၊ ကိုယ်တော်ရှင်ကိုနေ့တိုင်းရှာဖွေရန်နှင့် တည်ကြည်ရန် ကျွန်တော့်ရဲ့စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် သူ့ကို အမှုတော်ထမ်းဆောင်ရန် ကျွန်တော့်ကိုသတိပေးနေပါတယ်။ ဒီကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်မှာ မူအိ သို့မဟုတ် ငြိမ်သက်မှုရဲ့အဓိပ္ပာယ်ကို မည်သည့်စကားလုံးတွေထက်မဆို ပိုကောင်းအောင် သူမဖော်ပြခဲ့ပါတယ်။ သူမက အက္ခရာတွေကို စိတ်မပါ့တပါနှင့် တာဝန်အရ ရေးဆွဲမယ့်အစား စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းနှင့် စစ်မှန်သောရည်ရွယ်ချက်ဖြင့် သူမရဲ့လက်ရေးစာကို ချဥ်းကပ်ခဲ့ပါတယ်။
ထိုနည်းတူစွာပဲ လှိုက်လှိုက်လှဲလှဲ ဆည်းကပ်ခြင်းမျိုး ကိုးကွယ်မှုမျိုးဖြင့် သူနှင့်အတူ ကျွန်တော်တို့ရဲ့အချိန်ကို ချဉ်းကပ်ဖို့ ဘုရားသခင်ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ထိုသို့လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းက သူ့အတွက်ကျွန်တော်တို့ရဲ့မေတ္တာဖော်ပြမှု ဖြစ်လာပါတယ်။
သူနှင့်အတူ ကျွန်တော်တို့ ဆွေးနွေးပြောဆိုဖို့ သူတောင့်တပါတယ်။ တစ်ကြိမ်တုန်းက၊ ပထမဥက္ကဋ္ဌအဖွဲ့အစည်းအဝေးမှာ အဖွင့်ဆုတောင်းပြီးနောက် ဥက္ကဋ္ဌနယ်လဆင်က ကျွန်တော့ဘက်လှည့်ပြီး “ကျွန်တော်တို့ရဲ့အလုပ်များတဲ့ အချိန်ဇယားတွေကနေ သူ့ကိုအသိအမှတ်ပြုဖို့ ကျွန်တော်တို့အချိန်ယူတဲ့အခါ ဘုရားသခင်က ဘယ်လောက်များ တန်ဖိုးထားမယ်ဆိုတာ ခင်ဗျားဆုတောင်းနေတုန်း ကျွန်တော်စဉ်းစားမိခဲ့တယ်” လို့ ပြောခဲ့ပါတယ်။ သူနဲ့ဆွေးနွေးပြောဆိုဖို့ ကျွန်တော်တို့ခေတ္တရပ်တန့်လိုက်တဲ့အခါ ကောင်းကင်ဘုံရှင်အဘအတွက် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမယ်ဆိုတာ ရိုးရှင်းပေမယ့် တန်ခိုးကြီးတဲ့ သတိပေးချက်တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့အာရုံစိုက်မှုကို သူအလိုရှိပေမယ့် သူ့ထံလာဖို့ သူအတင်းအကျပ်မပြုပါဘူး။ နီဖိုင်းအမျိုးသားတို့အား ရှင်ပြန်ထမြောက်လာသော ကိုယ်တော်ရှင် ပြောခဲ့သည်မှာ၊ “ကြက်မသည် မိမိသားငယ်တို့ကို စုရုံးသကဲ့သို့ သင်တို့ကို အကြိမ်ကြိမ်စုရုံးစေခြင်းငှာ၊ ငါအလိုရှိပြီ။ သင်တို့မူကား၊ အလိုမရှိကြ။” ဒီနေ့ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ ဒီမျှော်လင့်သော ဖိတ်ခေါ်ချက်နဲ့အတူ ကိုယ်တော်ဆက်ပြောခဲ့ပါတယ်၊ “သင်တို့သည် နောင်တရ၍၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ ပြန်လာကြမည်ဆိုလျှင်၊ ကြက်မသည် မိမိသားငယ်တို့ကို မိမိအတောင်အောက်၌ စုရုံးသကဲ့သို့၊ ငါသည် သင်တို့ကို အကြိမ်ကြိမ် စုရုံးမည်။”
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်က သူ့ထံ မကြာခဏပြန်လာဖို့ ကျွန်တော်တို့ကို အခွင့်အရေးများပေးပါတယ်။ ထိုအခွင့်အရေးများတွင် နေ့စဉ်ဆုတောင်းချက်များ၊ ကျမ်းစာလေ့လာမှု၊ ပွဲတော်ဘိသိက်မင်္ဂလာ၊ ဥပုသ်နေ့နှင့် ဗိမာန်တော်၌ကိုးကွယ်ခြင်း ပါဝင်ပါတယ်။ ဒီ သန့်ရှင်းမွန်မြတ်တဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ရဲ့ “လုပ်ဆောင်ရန်” စာရင်းတွေထဲကနေ ထုတ်ပြီး ကျွန်တော်တို့ရဲ့ “သတိနှင့်အာရုံစိုက်လုပ်ရန်” စာရင်းတွေထဲ ထည့်လိုက်ရင်ကော—ဆိုလိုတာက ညီအစ်မဝါဒက သူ့ရဲ့ လက်ရေးစာကို ချဉ်းကပ်သလို တူညီတဲ့သတိနှင့်အာရုံစိုက်ဖြင့် ၎င်းတို့ကို ချဥ်းကပ်ကြရင်ကော။
“အဲ့ဒါအတွက် ကျွန်တော့်မှာအချိန်မရှိဘူး” လို့ သင်တွေးနေနိုင်ပါတယ်။ ကျွန်တော်လည်း မကြာခဏအလားတူခံစားရပါတယ်။ ဒါပေမဲ့ လိုအပ်နိုင်တာက အချိန်ပိုလိုအပ်တာမဟုတ်ဘဲ သူ့အတွက် သီးသန့်ဖယ်ထားပြီးသားအချိန်အတွင်း ဘုရားသခင်အပေါ် ပိုပြီးသတိရှိပြီး အာရုံစိုက်ဖို့ဖြစ်ကြောင်း ကျွန်တော်အကြံပြုပါရစေ။
ဥပမာ၊ ဆုတောင်းတဲ့အခါ စကားပြောချိန်လျော့ပြီး ဘုရားသခင်နှင့်အတူနေချိန် ပိုပေးရမယ်ဆိုရင်ကော။ ပြီးတော့ ကျွန်တော်တို့စကားပြောတဲ့အခါ မေတ္တာနှင့်ကျေးဇူးတင်ကြောင်း တိကျတဲ့ဖော်ပြချက်တွေနဲ့ပိုပြီးလှိုက်လှိုက်လှဲလှဲပေးကြမယ်ဆိုရင်ကော။
ဥက္ကဋ္ဌနယ်လ်ဆင်က ကျွန်တော်တို့ ကျမ်းစာများကို ဖတ်ရုံသာမက အရသာခံဖို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော်တို့ စာဖတ်တာကိုလျော့ပြီး အရသာကိုပိုခံစားရမယ်ဆိုရင် ဘာကွာခြားချက်ဖြစ်စေပါမလဲ။
ပွဲတော်သုံးဆောင်ဖို့ ကျွန်တော်တို့ရဲ့စိတ်တွေကို ပြင်ဆင်ရန်နှင့် ဒီသန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာအချိန်အတွင်း ယေရှုခရစ်တော် ၏အပြစ်ဖြေခြင်းမင်္ဂလာ၏ကောင်းချီးများကို ဝမ်းမြောက်စွာ စဥ်းစားဆင်ခြင်ဖို့ ကျွန်တော်တို့ပိုလုပ်ဆောင်မယ်ဆိုရင်ကော။
ဟေဗြဲဘာသာဖြင့် “အနားယူခြင်း”လို့ အဓိပ္ပာယ်ရတဲ့ ဥပုသ်နေ့မှာ ကျွန်တော်တို့ အခြားစိုးရိမ်မှုများမှ အနားယူပြီး သူ့ကို ကိုးကွယ်ရန် ကိုယ်တော်ရှင်နှင့်အတူ တိတ်ဆိတ်စွာထိုင်ရန် အချိန်ယူမယ်ဆိုရင်ကော။
ကျွန်တော်တို့ရဲ့ဗိမာန်တော်၌ကိုးကွယ်စဥ် ညွှန်ကြားထားတဲ့အတိုင်း ပို၍စည်းကမ်းရှိပြီး အာရုံစိုက်ရန်အားထုတ်ဖို့ သို့မဟုတ် ဆီလက်ရှယ်လ်အခန်းမှာ ငြိမ်သက်စွာတွေးတောစဉ်းစားရန် အချိန်အနည်းငယ် ကြာကြာနေဖို့ ကျွန်တော်တို့လုပ်ဆောင်မယ်ဆိုရင်ကော။
ကျွန်တော်တို့ရဲ့အာရုံစိုက်မှုကို လုပ်ဆောင်ခြင်းမှာ လျော့ချပြီး ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်နှင့် ကျွန်တော်တို့ရဲ့ပဋိညာဉ် ဆက်သွယ်မှုကို ခွန်အားဖြည့်ရာမှာ တိုးပွားစေတဲ့အခါ၊ ဒီသန့်ရှင်းမွန်မြတ်တဲ့အချိန်တစ်ခုစီဟာ တိုးတက်ကောင်းမွန်လာပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အသက်တာတွေမှာ လိုအပ်တဲ့ လမ်းညွှန်ချက်ကို ရရှိမှာဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်းရှိမှတ်တမ်းမှာ မာသ ကဲ့သို့ ကျွန်တော်တို့ဟာ “များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်း”ကိုခံရပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့ ကိုယ်တော်ရှင်နဲ့ နေ့တိုင်းဆွေးနွေးပြောဆိုတဲ့အခါ အလိုအပ်ဆုံးအရာကို သိနိုင်ဖို့ ကျွန်တော်တို့ကို သူကူညီပေးပါလိမ့်မယ်။
ကယ်တင်ရှင်ပင်လျှင် ငြိမ်ဝပ်စွာနေပြီး သူ့ရဲ့အမှုတော်ဆောင်ခြင်းမှ အချိန်ယူခဲ့ပါတယ်။ ကျမ်းစာများက ခမည်းတော်ထံဆုတောင်းရန်—ထီးတည်းဖြစ်သောအရပ်၊ တောင်၊ တော၊ သဲကန္တာရအရပ် သို့မဟုတ် “အနည်းငယ်ဝေးရာသို့”— ကိုယ်တော်ရှင်ထွက်ခွာသွားတဲ့ ပုံဥပမာများနှင့် ပြည့်နေပါတယ်။ ယေရှုခရစ်က ဘုရားသခင်နှင့်ဆွေးနွေးပြောဆိုဖို့နှင့် သူ့အားဖြင့် ခွန်အားဖြည့်စေဖို့ ငြိမ်သက်တဲ့အချိန်ကို ရှာဖွေခဲ့တယ်ဆိုရင် ကျွန်တော်တို့လည်း အလားတူပြုခြင်းက ပညာရှိရာရောက်ပါမယ်။
ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်အပေါ် ကျွန်တော်တို့ရဲ့နှလုံးသားများနှင့် စိတ်များကို အာရုံစိုက်ပြီး၊ သန့်ရှင်းသောဝိညာဥ်တော်၏ ဖြည်းညှင်းသောအသံကိုနားထောင်တဲ့အခါ၊ကျွန်တော်တို့မှာ အလိုအပ်ဆုံးအရာနဲ့ပတ်သက်ပြီး ပိုပြီးရှင်းလင်းပြတ်သားမှုရှိကာ နက်ရှိုင်းတဲ့ သနားကြင်နာမှု တိုးပွားပြီး သူ့ ၌အနားယူမှုနှင့် ခွန်အားကို တွေ့ပါမယ်။ အံ့ဖွယ်ကောင်းတာကတော့၊ ကိုယ်တော်ရဲ့ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို အလျင်အမြန်ပြုရာမှာ ဘုရားသခင်ကို ကူညီခြင်းက ကျွန်တော်တို့အရှိန်လျော့ဖို့ လိုအပ်နိုင်ပါတယ်။ အမြဲတမ်း ရွေ့လျားနေခြင်းက ကျွန်တော်တို့ဘဝတွေမှာ “ပုန်ကန်ခြင်း”ကို ထပ်ဖြည့်ပြီး ကျွန်တော်တို့ရှာတဲ့ ငြိမ်းချမ်းမှုကို လုယက်ခြင်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ကိုယ်တော်ရှင်ထံ မကြာခဏပြန်လာတဲ့အခါ၊ ကျွန်တော်တို့ ငြိမ်သက်ခြင်း နှင့် ယုံကြည်ခြင်း တို့ဖြင့် သူ့ကို သိကျွမ်းလာပြီး ကျွန်တော်တို့အပေါ် သူ့ရဲ့ အဆုံးမရှိသောပဋိညာဉ်မေတ္တာကို ခံစားရမယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။
ကိုယ်တော်ရှင်က ကတိပေးခဲ့ပါတယ်။
ကိုယ်တော်ရှင်ကတိပေးခဲ့သည်မှာ၊ “ငါ့ထံသို့ ချဉ်းကပ်ကြလော့၊ ငါသည်လည်း သင်တို့ထံသို့ ချဉ်းကပ်တော်မူမည်။ ငါ့ကို လုံ့လဝီရိယထက်သန်စွာ ရှာကြလော့၊ သင်သည် ငါ့ကို တွေ့ကြလိမ့်မည်။”
“ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။”
ဒီကတိတော် မှန်ကန်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။