ဝိညာဥ်ရေးရာမေးခွန်းများအတွက်အဖြေများရှာဖွေခြင်း
ကျွန်မတို့ရဲ့ စစ်မှန်တဲ့ဧဝံဂေလိမေးခွန်းတွေက ကျွန်မတို့တိုးတက်ဖို့ ကူညီပေးရန် ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ကိုအခွင့်အလမ်းပေးပါတယ်။
ဒါကအံ့သြစရာကောင်းလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် နေအဖွဲ့အစည်းမှာ ဂြိုလ်ကိုးလုံးရှိတယ်လို့ ကျောင်းမှာသင်ပေးတုန်းကအချိန်ကို မှတ်မိနိုင်လောက်အောင်ကို ကျွန်မအသက်ကြီးနေပါပြီ။ အဲ့ဒီထဲကတစ်ခုဖြစ်တဲ့၊ ပလူတိုကို ၁၉၃၀မှာရှာတွေ့ပြီးနောက်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်မြို့က ၁၁နှစ်အရွယ် ဗဲယ်နီးရှား ဘာလ်နီက အမည်ပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်အထိ၊ ပလူတိုကို နေအဖွဲ့အစည်းထဲမှာ အကွာအဝေးဆုံး အရာဝတ္ထုဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ၊ စာသင်ခန်းတွေနဲ့ သိပ္ပံပြပွဲတွေမှာ နေပတ်လည်မှာရှိတဲ့အရာတွေကို ကလေးဘဝကသုံးတဲ့ စက္ကူပုံစံများနဲ့ တည်ဆောက်ထားကြတာကို ပုံမှန်တွေ့နိုင်ပါတယ်၊ တစ်ခုစီတိုင်းက သိပြီးသားနယ်မြေမှာ ပလူတိုရဲ့ အနေအထားကို သရုပ်ဖော်ထားကြပါတယ်။ သိပ္ပံပညာရှင်တွေတော်တော်များများက နေအဖွဲ့အစည်းရဲ့အစွန်းဘက်ကျော်မှာ နေရာလွတ်တွေရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
သို့သော်လည်း၊ နက္ခတ္တဗေဒပညာရှင်တွေ ပုံမှန်ခြေရာခံတဲ့ ကြယ်တံခွန်အမျိုးအစားရဲ့ မူလအစနှင့်ပတ်သက်ပြီး သိပ္ပံပညာအသိုင်းအဝိုင်းမှာ ရှည်ကြာနေတဲ့ မေးခွန်းတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။ နေအဖွဲ့အစည်းရဲ့ အခြားဝေးကွာတဲ့ ဒေသကို မတွေ့ရှိခင်အထိ ထိုမေးခွန်းက ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့ပါတယ်။ သူတို့သိထားသလောက်အသိပညာနဲ့၊ သိပ္ပံပညာရှင်တွေက နောက်ထပ်လေ့လာမှုနဲ့ စူးစမ်းရှာဖွေမှုတွေကိုပြုလုပ်နိုင်မယ့် သိသာထင်ရှားတဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေကိုထုတ်လုပ်ဖို့ အဲ့ဒီကြားထဲကဆယ်စုနှစ်တွေမှာအသုံးချခဲ့ပါတယ်။ သူတို့ရဲ့နောက်ဆုံးအောင်မြင်မှုကတော့ ဂြိုလ်အဖွဲ့အစည်းကိုပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ပလူတိုကို သူရဲ့အိမ်အသစ်ဖြစ်တဲ့ အာကာသနေရာတစ်ခုမှာရှိစေခဲ့ပါတယ်၊ နေအဖွဲ့အစည်းမှာလည်း ဂြိုလ်ရှစ်လုံးသာပါဝင်ပါတော့တယ်။
ပလူတိုကိုအနီးကပ်စူးစမ်းလေ့လာဖို့ နယူးဟော်ရဇုန်စ်အာကာသမစ်ရှင်အတွက် တာဝန်ပေးခံခဲ့ရတဲ့ ထိပ်တန်းသိပ္ပံပညာရှင်နှင့် အဓိကစုံစမ်းစစ်ဆေးသူတစ်ဦးက ဒီအတွေ့အကြုံအကြောင်းကိုပြောပြခဲ့ပါတယ်၊ “ကျွန်တော်တို့နေအဖွဲ့အစည်းရဲ့ ပထဝီဝင်အနေအထားကို နားလည်တယ်လို့ထင်ခဲ့ပါတယ်။ ကျွန်တော်တို့နားမလည်ခဲ့ပါဘူး။ နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုလ်တွေရဲ့အရည်အတွက်ကို နားလည်တယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်တို့ မှားသွားခဲ့ပါတယ်။”
ဒီအာကာသစူးစမ်းလေ့လာရေးသမိုင်း အချိန်ကာလနဲ့ ပတ်သက်ပြီး ကျွန်မအတွက် အံ့သြဖွယ်ကောင်းတာကတော့၊ ဥပမာပြုထားတဲ့ သိပ္ပံနည်းကျ နယ်ပယ်ချဲ့ထွင်ခြင်းနဲ့၊ ကျွန်မတို့ဘုရားသခင်သားသမီးတွေအနေနဲ့၊ ဝိညာဥ်ရေးရာမေးခွန်းတွေ အတွက်အဖြေရှာရာခရီးမှာ တူညီချက်တချို့နဲ့ အဓိကကွဲပြားခြားနားမှုတွေ အကြောင်းဖြစ်ပါတယ်။ အထူးသဖြင့်၊ ကျွန်မတို့ရဲ့ ဝိညာဥ်ရေးဆိုင်ရာနားလည်မှု ကန့်သတ်ချက်တွေကို ဘယ်လို တုံ့ပြန်နိုင်ကြောင်းနဲ့ ကိုယ်ပိုင်တိုးတက်မှု နောက်တစ်ဆင့်အတွက် ဘယ်လိုပြင်ဆင်နိုင်ကြောင်းဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မတို့အကူအညီအတွက် ဘယ်ကိုတောင်းခံမလဲဆိုတာဖြစ်ပါတယ်။
ပညတ်တစ်ခုပြီးတစ်ခု
မေးခွန်းတွေမေးပြီး အဓိပ္ပာယ်တွေရှာဖွေတာက ကျွန်မတို့လူ့ဘဝအတွေ့အကြုံအတွက် ပုံမှန်သဘာဝအပိုင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ၊ ပြီးပြည့်စုံတဲ့အဖြေတွေအဆင်သင့်မရှိနေခြင်းက ကျွန်မတို့ရဲ့နားလည်မှုကိုမပြီးမြောက်စေပါဘူး၊ အဲ့လိုအကန့်အသတ်တွေက စိတ်ပျက်မှုသို့မဟုတ် စိုးရိမ်မှုတွေခံစားရနိုင်စေပါတယ်။ အံ့ဩစရာကတော့၊ ကျွန်မတို့အားလုံးအတွက် ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဥ်က ကန့်သတ်ချက်တွေကြားက တိုးတက်ဖို့ ကူညီပေးရန်ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ အရာအလုံးစုံအတွက် ပြီးပြည့်စုံတဲ့ အသိပညာမရှိရင်တောင်မှ ကျွန်မတို့ကိုယ်တိုင် မပြီးမြောက်နိုင်တဲ့အရာတွေကို ပြီးမြောက်နိုင်အောင်ကူညီပေးပါတယ်။ ဘုရားသခင်ရဲ့ အစီအစဥ်ကလူသားတွေပေါ်မှာ ကရုဏာထားရှိပါတယ်၊ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ကို ကျွန်မတို့ရဲ့ သိုးထိန်းကောင်းအဖြစ်နှင့် ရွေးချယ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်တော့်ကိုရွေးချယ်ဖို့ နှိုးဆော်ရန်ပေးထားခဲ့ပါတယ်။
အသင်းလူကြီး ဒီရက်တာ အက်ဖ်၊ ဥဒေါ့ဖ်က ဒီလိုသင်ကြားခဲ့ပါတယ်၊ “မေးခွန်းတွေမေးခြင်းက အားနည်းခြင်းရဲ့ လက္ခဏာတစ်ခုမဟုတ်ပါဘူး၊” အဲ့ဒါက “တိုးတက်မှုရဲ့ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်ပါတယ်။” သမ္မာတရားရှာဖွေသူများအနေနဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကို တိုက်ရိုက်ပြောရရင်၊ ပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲယ်လ် အမ်၊ နယ်လ်ဆင်က၊ ကျွန်မတို့ “နက်ရှိုင်းသောဆန္ဒ” ရှိရပါမယ်၊ “[ယေရှု] ခရစ်တော်ကိုယုံကြည်ခြင်းရှိလျက်၊ ရိုးသားသောစိတ် [နှင့်] စစ်မှန်သောရည်ရွယ်ချက်ဖြင့်မေးလျှောက်ကြ” ရမယ်လို့ သင်ကြားခဲ့ပါတယ်။ သူကနောက်ထပ်သင်ကြားခဲ့ပါတယ်၊ “‘စစ်မှန်သောရည်ရွယ်ချက် ဆိုတာ လူတစ်ဦးက ပေးထားတဲ့မြင့်မြတ်တဲ့လမ်းညွှန်ချက်တွေကို တကယ်စစ်မှန်စွာလိုက်လျှောက်ခြင်းဖြစ်ပါတယ်။
အသိပညာတိုးပွားဖို့ ကိုယ်ပိုင်အားထုတ်မှုက ကျွန်မတို့မေးခွန်းတွေရဲ့ ရှုပ်ထွေးခြင်း မရှုပ်ထွေးခြင်းတွေ၊ အကြောင်းအကျိုးရှုထောင့်တို့ကဆန်းစစ်နိုင်ဖို့၊ အထပ်ထပ်ဖြစ်တဲ့အရာများကို ရှာဖွေအသိအမှတ်ပြုပြီး ကျွန်မတို့နားလည်တဲ့ပုံစံနဲ့ ဝေငှဖို့နဲ့ နားလည်မှုကွာဟချက်များကို ဖြည့်သွင်းပေးဖို့အတွက် ဦးတည်စေပါတယ်။ ကျွန်မတို့ဝိညာဥ်ရေးရာအသိပညာလိုက်စားတဲ့အခါမှာ၊ ဒီလိုအတွေးအခေါ်ကောင်းလုပ်ငန်းစဥ်တွေက တစ်ခါတစ်လေမှာကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ကကောင်းကင်ဘုံရှင်အဘ၊ ကယ်တင်ရှင် ယေရှုခရစ်တော်နဲ့ သူတို့ရဲ့ဧဝံဂေလိတရားတော်၊ အသင်းတော်နဲ့ ကျွန်မတို့အားလုံးအတွက်အစီအစဥ်နဲ့ သက်ဆိုင်တာတွေကိုကြည့်လိုက်ရင်တော့ ထိုအတွေးအခေါ်တွေချည်းပဲ မပြည့်စုံနိုင်တော့ပါဘူး။
အဘဘုရားသခင်နဲ့ သူ့သားတော်ရဲ့ အသိပညာကိုဝေငှပေးခြင်းနည်းလမ်းက သန့်ရှင်းသောဝိညာဥ်တော်ရဲ့တန်ခိုးတော်ကို ဖိတ်ခေါ်ရာမှာဦးစားပေးပါတယ်၊ ကျွန်မတို့ရဲ့ အသက်တာမှာ ယေရှုခရစ်တော်ကို ဗဟိုပြုပြီး သူတို့ရဲ့အဖြေများနှင့် အဓိပ္ပာယ်များကို သစ္စာရှိစွာရှာဖွေကြတာနဲ့အမျှ ထိုတန်ခိုးတော်က ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဆရာဖြစ်လာပါတယ်။ သူတို့က ကျွန်မတို့ကို မြင့်မြတ်တဲ့ ကျမ်းစာတွေလေ့လာဆည်းပူးတဲ့အချိန်မှာ သမ္မာတရားတွေရှာဖွေဖို့ဖိတ်ခေါ်ပါတယ်၊ ကျွန်မတို့အချိန်ကာလအတွက် သက်ရှင် ပရောဖက်တွေနဲ့ တမန်တော်တွေဝေငှတဲ့၊ နောက်ဆုံးကာလသမ္မာတရားများကိုရှာဖွေဖို့ လည်းဖိတ်ခေါ်ထားပါတယ်။ အချိန်ပုံမှန်သုံးပြီး ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာဝတ်ပြုဖို့ နဲ့ ကျွန်မတို့ ဒူးတွေထောက်ပြီး “ကောင်းကင်သတင်းစကားများရရှိဖို့” ဆုတောင်းရန် သူတို့က တိုက်တွန်းပါတယ်။ တောင်ထိပ်မှာတရားနာကြားဖို့လာခဲ့ကြတဲ့ သူတို့အပေါ် ယေရှုပေးထားခဲ့တဲ့ ကတိတော်က ကျွန်မတို့ခေတ်အတွက် သူ့ရဲ့ ကမ္ဘာမြေအမှုတော်ဆောင်ခြင်းကာလမှာကဲ့သို့ပဲ မှန်ကန်ပါတယ်၊ “တောင်းကြလော့၊ တောင်းလျှင်ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။” “သင်တို့၏အဘသည်ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ပေးတော်မူမည်မဟုတ်လော” ဟုကယ်တင်ရှင်က အခိုင်အမာပြောခဲ့ပါတယ်။
ကိုယ်တော်ရှင်ရဲ့ သင်ကြားခြင်းနည်းလမ်းက“ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု”ဖြစ်ပါတယ်။ ကျွန်မတို့က လက်ရှိနားလည်ခြင်းတွေကနေ နောက်ထပ်ရရှိမယ့်နားလည်ခြင်းရဲ့ ကြားကာလမှာ “ထာဝရဘုရားကိုမျှော်လင့်”ဖို့လိုအပ်နိုင်ပါတယ်။ ဒီမြင့်မြတ်တဲ့ ကြားကာလက ကျွန်မတို့ရဲ့ အကောင်းဆုံးဝိညာဥ်ရေးရာ အခြေအနေဖြစ်ပေါ်ဖို့ နေရာတစ်ခုဖြစ်နိုင်ပါတယ်၊ “သည်းခံခြင်းနှင့်ခံယူ”ရမယ့်နေရာဖြစ်နိုင်ပါတယ်၊ ပဋိညာဥ်အားဖြင့် ဘုရားသခင်ထံပြုလုပ်ထားတဲ့ မြင့်မြတ်တဲ့ ကတိတော်တွေကို ဆက်လက်စောင့်ထိန်းဖို့ အားသစ်လောင်းရမယ့်နေရာဖြစ်နိုင်ပါတယ်။
ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်နဲ့ ကျွန်မတို့ရဲ့ပဋိညာဥ်ဆက်ဆံရေးက ဘုရားသခင်ရဲ့နိုင်ငံတော်မှာ ကျွန်မတို့ နိုင်ငံသားဖြစ်လာနိုင်ကြောင်းကို ဖော်ပြနေပါတယ်။ ကျွန်မတို့ရဲ့ နေထိုင်ခွင့်က အသက်တာကို မြင့်မြတ်တဲ့ကျင့်ဝတ်များနဲ့ အညီလိုက်လျှောစွာနေထိုင်ပြီး ဝိညာဉ်ရေးအရတိုးတက်လာရန် ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။
နာခံခြင်း
မော်မုန်ကျမ်းတစ်လျှောက်လုံးမှာ အဓိကကျင့်ဝတ်တစ်ခုကတော့ ဘုရားသခင်ရဲ့ သားသမီးတွေ နာခံခြင်းပြုကြပြီး ပဋိညာဥ်များကိုစောင့်ထိန်းဖို့ ရွေးချယ်ကြတဲ့အချိန်ဖြစ်ပါတယ်၊ ဒါကြောင့် ဝိညာဥ်တော်ရဲ့ အစဥ်မပြတ် ညွှန်ကြားခြင်းနဲ့ လမ်းပြခြင်းကို သူတို့ရရှိကြပါတယ်။ ကျွန်မတို့ရဲ့ နာခံခြင်းနဲ့ ကြိုးစားခြင်းအားဖြင့် အသိပညာနဲ့ ဉာဏ်ပညာကိုရရှိနိုင်တယ်လို့ ကိုယ်တော်ရှင်ကမိန့်တော်မူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဥပဒေများနှင့် ပညတ်တော်တွေဟာ ကျွန်မတို့ရဲ့ဘဝမှာ အတားအဆီးဖြစ်ဖို့မဟုတ်ပါဘူး၊ သို့သော် ကိုယ်ပိုင်ဗျာဒိတ်တော်နှင့် ဝိညာဥ်ပိုင်းဆိုင်ရာပညာ အတွက် တန်ခိုးကြီးမားတဲ့ဝင်လမ်းတစ်ခုဖြစ်ပါတယ်။ ဥက္ကဋ္ဌ နယ်လ်ဆင်က အရေးပါလှတဲ့သမ္မာတရားကို ဒီလိုပြောထားပါတယ်၊ “ဘုရားသခင်ထံမှ ဗျာဒိတ်တော်ဟာ သူ့ရဲ့ ထာဝရဥပဒေနဲ့ အမြဲလိုက်လျှောညီထွေပါတယ်” ထို့ထက်၊“အဲ့ဒါက သူ့ရဲ့ သြဝါဒနဲ့ ဆန့်ကျင်ကွဲလွဲမနေပါဘူး။” ကိုယ်တော်ရဲ့ အကြောင်းရင်းတွေကိုပြည့်စုံစွာ မသိရပေမယ့်လည်း၊ ဘုရားသခင်ရဲ့ပညတ်တော်များကို လိုလိုလားလားနာခံခြင်းက သင့်ကိုပရောဖက်များနှင့် အတူတကွရှိစေပါတယ်။ မောရှေ အခန်းကြီး ၅ က ကျွန်မတို့ကို အာဒံနှင့် ဘုရားသခင်၏ ကောင်းကင်တမန်ကြား သီးခြား အပြန်အလှန်ဆက်ဆံမှုအကြောင်း သွန်သင်ပေးပါတယ်။
ကိုယ်တော်ရှင်က အာဒံနှင့် ဧဝကို “သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို ကိုးကွယ်ရမည့်အကြောင်း၊ ထို့အတူ သူတို့၏သိုးစုတို့မှ အဦးဖွားသောသားတို့ကိုလည်း ကိုယ်တော်ရှင်အဖို့ ပူဇော်သက္ကာတစ်ခုအဖြစ် ပူဇော်ရမည့်အကြောင်း ပညတ်တော်များကို သူတို့အားပေးတော်မူ၏၊ အာဒံသည်လည်း ကိုယ်တော်ရှင်၏ပညတ်တော်များကိုနာခံ၏။” ကျွန်မတို့ဆက်ဖတ်ပါမယ်၊ “နေ့ပေါင်းများစွာကြာပြီးနောက်တွင်၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်တစ်ပါးသည် အာဒံထံသို့ပေါ်လာပြီး၊ သင်သည်ကိုယ်တော်ရှင်ကို အဘယ်ကြောင့်ယဇ်များ ပူဇော်သနည်းဟုမေးလျှင် အာဒံကလည်း၊ ကျွန်ုပ်ကိုကိုယ်တော်ရှင် မိန့်တော်မူသည်မှတစ်ပါး၊ ကျွန်ုပ်သိခြင်းမရှိပါ ဟုဖြေ၏။”
အာဒံရဲ့ နာခံမှုက သူ့ရဲ့နားလည်ခြင်းကို ရှေ့ရောက်စေခဲ့ ပြီး မြင့်မြတ်တဲ့ အသိပညာရဖို့ ပြင်ဆင်ပေးခဲ့ပါတယ်၊ အဲ့ဒါက သူဟာယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်း၏မြင့်မြတ်သောသင်္ကေတ မှာပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နှိမ့်ချတဲ့နာခံမှုကလည်း၊ ဘုရားသခင်နည်းလမ်းတွေနဲ့ သူ့ရဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်ကို တစ်ဦးချင်းစီတိုင်းအတွက် ဝိညာဥ်ရေးရာသိမြင်လာနိုင်ဖို့ လမ်းခင်းပေးပါတယ်။ နာခံမှုတိုးပွားစေခြင်းက ကျွန်မတို့ကို ကယ်တင်ရှင်၊ ယေရှုခရစ်တော်နဲ့ ပိုနီးလာစေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်ရဲ့ ဥပဒေနဲ့ ပညတ်တော်များကို နာခံခြင်းကသူ့နဲ့ထိရောက်စွာဆက်သွယ်ခြင်းဖြစ်လို့ပါပဲ။
ထပ်လောင်း၍၊ ကျွန်မတို့မှာရှိတဲ့ အသိပညာနဲ့ ဉာဏ်ပညာကိုစောင့်သိခြင်းက ဧဝံဂေလိအခြေခံမူများနှင့် မြင့်မြတ်သောပဋိညာဉ်များကို သစ္စာရှိရှိလိုက်နာခြင်းအားဖြင့် အမွေဆက်ခံထားပြီးဖြစ်ပါတယ်၊ ၎င်းတို့က သန့်ရှင်းသောဝိညာဥ်တော်ထံမှ ဆက်သွယ်ခြင်းရရှိဖို့ အဆင်သင့်ဖြစ်ရန်နှင့် တာဝန်ယူမယ့်သူများဖြစ်လာဖို့ ပြင်ဆင်ပေးပါတယ်။
ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်က သမ္မာတရားအလုံးစုံ တို့ရဲ့ အရင်းအမြစ်ဖြစ်ပြီး သူတို့က သူတို့ရဲ့ ဉာဏ်ပညာတွေကို လိုက်လှဲစွာဝေငှပေးပါတယ်။ ဘုရားသခင် ရဲ့ ပံ့ပိုးပေးမှုမပါဘဲ ဘယ်ကိုယ်ပိုင်အသိပညာကိုမှ ကျွန်မတို့မပိုင်ဆိုင်ဘူးဆိုတာသိနေခြင်းကလည်း၊ ကျွန်မတို့ကို ဘယ်သူ့ဆီကိုသွားရမယ်နဲ့ အဓိကယုံကြည်ခြင်းကိုဘယ်မှာထားရမယ်ဆိုတာ သိဖို့ကူညီပေးပါတယ်။
လေးနက်သောယုံကြည်မှု
ပရောဖက်ဧလိရှဲက နူနာရောဂါကို ကုသပေးခဲ့တဲ့ ဗိုလ်ချုပ်မင်းနေမန်၏ ဓမ္မဟောင်းမှတ်တမ်းက အထူးသဖြင့် ကျွန်မရဲ့ အကြိုက်ဆုံးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ “မိန်းမငယ်” တစ်ဦးရဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းက လူတစ်ဦးရဲ့ဘဝလမ်းစဉ်ကို ပြောင်းလဲစေပြီး၊ ယုံကြည်သူအားလုံးအတွက် ဘုရားသခင်နှင့် သူ၏ပရောဖက်တို့ကို ယုံကြည်ကိုးစားသောသူတို့ကို ကိုယ်တော်ရဲ့ ကရုဏာတော်ကမ်းလှမ်းတော်မူကြောင်းဖော်ပြထားပါတယ်။ အမည်မရှိပေမယ့်လည်း ဒီမိန်းမငယ်လေးက ကျွန်မတို့ရဲ့နားလည်မှုကို ရှေ့တွန်းပို့ဖို့ကူညီပေးခဲ့ပါတယ်။ ပြီးတော့ သူမရဲ့သက်သေခံချက်အပေါ် နေမန်၏ယုံကြည်ချက်က ဘုရားသခင်ရွေးချယ်ထားတဲ့အစေခံဆီမှာ ကုသခံဖို့အတွက် အသနားခံဖို့သူ့ကိုလှုံ့ဆော်ပေးခဲ့ပါတယ်။
ယော်ဒန်မြစ်၌ ဆေးကြောရန် ပရောဖက်ဧလိရှဲရဲ့ ညွှန်ကြားချက်ကို အစပိုင်းမှာနေမန်ရဲ့တုံ့ပြန်မှုက သံသယရှိပြီး ဒေါသထွက်ခဲ့ပါတယ်။ ယော်ဒန်မြစ်၌ ဆေးကြောရန် ပရောဖက်ဧလိရှဲရဲ့ ညွှန်ကြားချက်ကို အစပိုင်းမှာနေမန်ရဲ့တုံ့ပြန်မှုက သံသယရှိပြီး ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပရောဖက်ရဲ့ အကြံပြုချက် နာခံ ဖို့ ဖိတ်ခေါ်ခံရခြင်းက သူ့ရဲ့ ကုသခံရခြင်းနဲ့ ဘုရားသခင်အမှန်တကယ်ရှိကြောင်းကို သိသာထင်ရှားစွာနားလည်နိုင်ဖို့ လမ်းဖြစ်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ တချို့ဝိညာဥ်ရေးရာတောင်းခံမှုတွေမှာ အကျိုးအကြောင်းစီလျော်ပြီး သိသာထင်ရှားတဲ့အဖြေတွေရှိနေတတ်ပါတယ်၊ အဲ့ဒါကြောင့် ကျွန်မတို့ကို အရမ်းစိတ်မသက်မသာမဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ်၊ နေမန်လိုပဲ တခြားလိုအပ်ချက်တွေက စိန်ခေါ်မှုပိုရှိနေပြီး၊ ကျွန်မတို့စိတ်ထဲ ခက်ခဲရှုပ်ထွေးတဲ့ ခံစားချက်ကိုဖန်တီးနိုင်ပါတယ်။ ဒါမှမဟုတ်၊ နေအဖွဲ့အစည်းနှင့် ပတ်သက်ပြီး နက္ခတ္တဗေဒပညာရှင်တွေရဲ့ အစောပိုင်း ကောက်ချက်ချဖော်ပြချက်နဲ့တူနိုင်ပါတယ်၊ ကျွန်မတို့ရဲ့ ဝိညာဥ်ရေးရာသမ္မာတရား ရှာဖွေမှုမှာ ကန့်သတ်မှုရှိတဲ့ကိုယ်ပိုင်နားလည်ခြင်းနဲ့ ကျွန်မတို့ကို ပဋိညာဥ်လမ်းကြောင်းကနေဝေးကွာသွားစေမယ့် ဝမ်းနည်းစရာနဲ့ မရည်ရွယ်တဲ့ အကျိုးဆက်တွေကိုပဲ မှီခိုနေမယ်ဆိုရင် သိပ်မမှန်ကန်တဲ့အဓိပွာယ်ကိုရရှိနိုင်ပါတယ်။ ထို့ထက်၊ တစ်ချို့မေးခွန်းတွေက “အလုံးစုံသောတန်ခိုး” နှင့် “အလုံးစုံသောဉာဏ်ပညာနှင့် အလုံးစုံသောနားလည်ခြင်း” ရှိသောဘုရားသခင်၊သူ၏ဂရုဏာတော်ဖြင့် “အရာခပ်သိမ်းတို့ကိုသိနားလည်တော်မူ”သူက၊ သူ့ရဲ့နာမတော်ကို ကျွန်မတို့ယုံကြည်ခြင်းအားဖြင့် ဉာဏ်အလင်းပြသည်အထိ ဆက်ရှိနေနိုင်ပါတယ်။
နေမန်ရဲ့မှတ်တမ်းက သိသာထင်ရှားတဲ့သတိပေးချက်တစ်ခုကတော့ ဘုရားသခင်ရဲ့ ဥပဒေများနှင့် ပညတ်တော်များကို နာခံမှုမရှိခြင်းက ကျွန်မတို့တိုးတက်ဖို့ကို နှောင့်နှေးတာရှည်စေပါလိမ့်မယ်။ ယေရှုခရစ်တော်ကို ကျွန်မတို့ရဲ့ ကုသရှင်သခင်အနေနဲ့ ရှိရတာ ကောင်းချီးဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ဥပဒေတွေနဲ့ ပညတ်တော်တွေကိုနာခံခြင်းက ကယ်တင်ရှင်ကျွန်မတို့ကိုပံ့ပိုးကူညီဖို့တံခါးဖွင့်ပေးပါလိမ့်မယ်၊ ကိုယ်တော်က ကျွန်မတို့လိုအပ်တဲ့ နားလည်မှုတွေနဲ့ ကုသခြင်းတွေကို၊ သူ့ရဲ့ သတ်မှတ်ထားတဲ့ကုသမှုအစီအစဥ်အရ ပေးပါလိမ့်မယ်။
အသင်းလူကြီး ရစ်ချက်ဒ် ဂျီ၊ စကော့က သင်ကြားပေးခဲ့ပါတယ်၊ “ဒီအသက်တာက လေးနက်သောယုံကြည်ခြင်းရဲ့ အတွေ့အကြုံဖြစ်ပါတယ်၊ ယေရှုခရစ်တော်မှာယုံကြည်ခြင်း၊ သူ့ရဲ့သင်ကြားမှုတွေမှာယုံကြည်ခြင်း၊ သန့်ရှင်းသောဝိညာဥ်တော်ဦးဆောင်မှုနဲ့ ထိုသင်ကြားမှုတွေကို ယခုပျော်ရွှင်မှုနဲ့၊ ရည်ရွယ်ချက်ရှိတဲ့ထာဝရတည်ရှိရာ၌ ပျော်ရွှင်မှုရှိဖို့လိုက်နာရာမှာ မိမိတို့ရဲ့ လုပ်ဆောင်နိုင်ရည်ကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းဆိုတာ အစကတည်းက အဆုံးကိုမသိရဘဲ လိုလိုလားလား နာခံမှုရှိခြင်းကိုဆိုလိုပါတယ် (ရှုသုတ္တံကျမ်း ၃:၅-၇)။ အသီးအပွင့်တွေရဖို့အတွက်၊ ကိုယ်တော်ရှင်အပေါ်သင့်ရဲ့ ယုံကြည်ချက်က ပိုအားကောင်းပြီး သင့်ကိုယ်ပိုင်ခံစားချက်တွေနဲ့ အတွေ့အကြုံတွေအပေါ် ယုံကြည်ခြင်းထက် ပိုခိုင်မာနေရမှာဖြစ်ပါတယ်။”
အသင်းလူကြီး စကော့ကဆက်ပြောပါတယ် “ယုံကြည်ခြင်းကိုကျင့်သုံးခြင်းဆိုတာ ကိုယ်တော်ရှင်ဟာ သင်နဲ့သူဘာလုပ်နေလဲဆိုတာသိကြောင်းယုံကြည်ခြင်း နဲ့ သူဘယ်လိုလုပ်နိုင်မယ်ဆိုတာမသိပေမယ့် သင်ရဲ့ထာဝရကောင်းကျိုးအတွက် ပြီးမြောက်အောင်လုပ်ပေးခြင်းအပေါ်ယုံကြည်ခြင်းဖြစ်ပါတယ်။”
အပိတ်သက်သေခံချက်
ချစ်ရတဲ့မိတ်ဆွေများ၊ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ဧဝံဂေလိမေးခွန်းတွေက ကျွန်မတို့တိုးတက်ဖို့ ကူညီပေးရန် ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ကို အခွင့်အလမ်းပေးတယ်ဆိုတာ သက်သေခံပါတယ်။ ကျွန်မရဲ့ ယခင်ကနဲ့လက်ရှိ ကိုယ်ပိုင်ဝိညာဥ်ရေးရာမေးခွန်းတွေအတွက် ကိုယ်တော်ရှင်ထံမှာအဖြေရှာဖို့ ကြိုးစားအားထုတ်မှုက၊ ကျွန်မရဲ့နားလည်မှုအပိုင်းနဲ့ ဘုရားရှင်ရဲ့ အပိုင်းကြားက လစ်ဟာနေတဲ့နေရာမှာ ကိုယ်တော့်ကိုနာခံပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ဝိညာဥ်ရေးရာအသိတွေကို သစ္စာစောင့်သိဖို့အခွင့်ပေးပါတယ်။
ကောင်းကင်ဘုံရှင်အဘနှင့် ကိုယ်တော်စေလွှတ်တော်မူသော ပရောဖက်များထံ၌ ယုံကြည်ကိုးစားခြင်းက သင့်ကိုဝိညာဉ်ရေးအရ မြှင့်တင်ဖို့နဲ့ ဘုရားသခင်၏ ချဲ့ထွင်ထားသော မိုးကုပ်စက်ဝိုင်းဆီသို့တွန်းပို့ဖို့ သင့်ကိုကူညီပေးမယ်ဆိုတာ ကျွန်မသက်သေခံပါတယ်။ သင်ကပြောင်းလဲတာကြောင့် သင့်ရဲ့အပေါ်ကမြင်နိုင်တဲ့ရှုထောင့်လည်း ပြောင်းလဲလာပါလိမ့်မယ်။ သင်အပေါ်ရောက်လေလေ၊ ပိုမြင်နိုင်လေလေပဲဆိုတာဘုရားသခင်သိပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်တော်ရှင်က သင့်ကိုအပေါ်တက်လှမ်းဖို့ဖိတ်ခေါ်နေပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။