ကိုယ်တော်ရှင်၏နောင်တရခြင်းဆုကျေးဇူးအား လက်ခံယုံကြည်လော့
ဘုရားသခင်ထံပြန်မလှည့်ခင် ကိစ္စတွေကို ခက်ခဲလာတဲ့အထိ မကြာပါစေနဲ့။ စစ်မှန်စွာနောင်တရဖို့ ကျွန်တော်တို့လူ့ဇာတိဘဝရဲ့ အဆုံးသတ်ချိန်အထိ မကြာပါစေနဲ့။
ချစ်လှစွာသောကောင်းကင်ဘုံရှင်အဘအကြောင်း ကျွန်တော်သက်သေခံပါတယ်။ ၂၀၁၉ အထွေထွေညီလာခံမှာ၊ အထွေထွေအာဏာပိုင်ခုနှစ်ကျိပ်ဝင်အဖြစ် ကျွန်တော့်ရဲ့တာဝန်အသစ်ကို အတည်ပြုခန့်အပ်ပြီးခဏအကြာမှာ၊ ဓမ္မတေးသံစုံကျူးအဖွဲ့က ကျွန်တော့်ရဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်သွားတဲ့ “ကျွန်ုပ်အံ့ဩပါ၏” သီချင်းနဲ့တင်ဆက်ခဲ့ပါတယ်။
ကျွန်တော်အဲဒီစကားလုံးတွေကိုကြားလိုက်ရတဲ့အခါ၊ လုံးဝအံ့သြမိခဲ့ပါတယ်။ ကျွန်တော့်မှာ မပြည့်စုံခြင်းတွေနဲ့အားနည်းချက်တွေရှိပေမယ့်၊ ကိုယ်တော်ရှင်က ကျွန်တော့်ကို သိစေတာကတော့ “သူ၏ခွန်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ငါပြုနိုင်၏” ဆိုတာပါပဲ။
မပြည့်စုံတာ၊ အားနည်းတာ၊ ဒါမှမဟုတ် မထိုက်တန်တာမျိုးတောင် ဖြစ်လေ့ရှိတဲ့ ခံစားချက်က တစ်ခါတစ်ရံ ကျွန်တော်တို့အများကြီး ရုန်းကန်နေရတဲ့ ခံစားချက်ဖြစ်ပါတယ်။ ကျွန်တော်က အဲဒါနဲ့ ရုန်းကန်နေရတုန်းပါ၊ ကျွန်တော့်ကို အမှုတော်ဆောင်ဖို့ ခေါ်သွင်းခဲ့ရတဲ့နေ့ကတည်းက အဲလို ခံစားခဲ့ရပါတယ်။ ကျွန်တော်က အဲဒါကိုအကြိမ်ရေအများကြီးခံစားခဲ့ရပြီး သင်တို့ကို စကားပြောနေတဲ့ အခုအချိန်မှာလည်း ခံစားနေရတုန်းပါပဲ။ ဒါပေမယ့်၊ ကျွန်တော်တစ်ယောက်တည်း အဲလိုခံစားရတာမဟုတ်ကြောင်း လေ့လာသင်ယူခဲ့ရပါတယ်။ အမှန်တော့၊ ကျမ်းစာတွေထဲမှာ အဲလိုအလားတူခံစားခဲ့ရသူတွေရဲ့ မှတ်တမ်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်၊ နီဖိုင်းကို ကိုယ်တော်ရှင်ရဲ့ သစ္စာရှိပြီး ရဲရင့်တဲ့အစေခံတစ်ဦးအဖြစ် ကျွန်တော်တို့ အောက်မေ့ကြပါတယ်။ တစ်ခါတစ်ရံမှာ၊ သူတောင် မထိုက်တန်ခြင်း၊ အားနည်းခြင်းနဲ့ ချို့ယွင်းခြင်း ခံစားချက်တွေနဲ့ လုံးပန်းရပါတယ်။
သူက ပြောခဲ့ပါတယ်၊ “အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်၏ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုများကို ငါ့ကိုပြရာ၌ သူ၏ကြီးစွာသောကောင်းမြတ်ခြင်း ရှိသော်ငြားလည်း၊ အို ငါသည် ပူဆွေးသောကများလှသူပါတကားဟု ငါ့စိတ်နှလုံးက ဟစ်ကြွေး၏။ ထိုမှတစ်ပါး၊ ငါ၏လူဇာတိသဘောကြောင့်၊ ငါ့စိတ်နှလုံးက ဝမ်းနည်း၏။ ငါ၏ဒုစရိုက်များကြောင့် ငါ့ဝိညာဉ်က ဝမ်းနည်းပူဆွေး၏။”
ပရောဖက် ဂျိူးဇက်စမစ်က သူငယ်ရွယ်စဉ်မှာ၊ “[သူ၏] အားနည်းချက်နှင့် မစုံလင်မှုများ” အတွက် “ပြစ်ဒဏ်ချမှတ်ခံရသည်၊” လို့ အကြိမ်ကြိမ် ခံစားမိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဂျိုးဇက်ရဲ့ချို့ယွင်းခြင်းနဲ့စိတ်ပူပန်ခြင်းတွေက သူ့ကိုတွေးတောခြင်း၊ လေ့လာခြင်း၊ သင်ယူခြင်းနဲ့ ဆုတောင်းခြင်းကို ပြုစေတဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်။ သင်မှတ်မိတဲ့အတိုင်း၊ သူက အမှန်တရား၊ ငြိမ်းချမ်းခြင်းနဲ့ ခွင့်လွှတ်ခြင်းကို ရှာတွေ့ဖို့ သူ့အိမ်နားက တောအုပ်ထဲမှာ ဆုတောင်းခဲ့ပါတယ်။ ကိုယ်တော်ရှင်ပြောတာကို သူကြားခဲ့ပါတယ်၊ “ဂျိုးဇက်၊ ငါ့သား၊ သင်သည်အပြစ်များမှလွတ်လေပြီ။ သွားလော့၊ ငါစီရင်ထုံးဖွဲ့ချက်အတိုင်း လိုက်လော့၊ ငါ့ပညတ်တို့ကို စောင့်ရှောက်လော့။ ရှုလော့၊ ငါသည် ဘုန်းအသရေကိုယ်တော်ရှင်ဖြစ်၏။ ငါ၏နာမတော်ကို ယုံကြည်သူအပေါင်းတို့ ထာဝရအသက်ကို ရကြစေခြင်းငှာ ငါသည် လောကအတွက် ကားစင်တွင် ကွပ်မျက်ခံရ၏။”
နောင်တရဖို့နဲ့ သူ့ဝိညာဉ်ရဲ့ကယ်တင်ခြင်းကိုရှာဖို့ ဂျိုးဇက်ရဲ့စစ်မှန်တဲ့စိတ်ဆန္ဒက သူ့ကို ယေရှုခရစ်တော်ထံသို့လာစေပြီး အပြစ်များမှ ခွင့်လွှတ်မှုရခဲ့ပါတယ်။ အဲလိုဆက်တိုက်အားထုတ်ခြင်းက ယေရှုခရစ်တော်၏ဧဝံဂေလိအား ပြန်လည်ဆောင်ယူခြင်းကို ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ လမ်းဖွင့်ပေးပါတယ်။
အားနည်းခြင်းနဲ့မပြည့်စုံခြင်းတွေက ကျွန်တော်တို့ရဲ့ ကျဆုံးတတ်တဲ့ သဘာဝကို သတိရဖို့ ကူညီပေးနိုင်ကြောင်း ပရောဖက်ဂျိုးဇက်စမစ်ရဲ့ ထူးခြားတဲ့အတွေ့အကြုံက သရုပ်ဖော်ပေးပါတယ်။ ကျွန်တော်တို့က နှိမ့်ချခဲ့ရင်၊ အဲဒါက ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့ရဲ့ မှီခိုအားထားမှုကို သတိပြုစေပြီး၊ ကျွန်တော်တို့ရဲ့နှလုံးသားထဲက ကယ်တင်ရှင်ဆီသွားလိုပြီး အပြစ်များမှနောင်တရလိုတဲ့ စစ်မှန်တဲ့စိတ်ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။
ကျွန်တော့်မိတ်ဆွေတို့၊ နောင်တရခြင်းဆိုတာ ဝမ်းမြောက်မှုဖြစ်ပါတယ်။ ချိုမြိန်တဲ့နောင်တရခြင်းက နေ့စဉ်အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီကနေတဆင့်၊ “ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခုနဲ့၊” ကိုယ်တော်ရှင်က သူ့ရဲ့သွန်သင်ချက်တွေမှာ ဗဟိုပြုထားတဲ့ အသက်တာကိုနေထိုင်ဖို့ သင်ကြားပေးပါတယ်။ ဂျိုးဇက်နဲ့နီဖိုင်းလိုပဲ၊ ကျွန်တော်တို့က ဖြစ်နိုင်ပါတယ် “ကရုဏာတော်အတွက်၊ သူ့ထံတောင်းလျှောက်လော့။ အကြောင်းမူကား၊ သူသည် ကယ်တင်ခြင်းငှာ တန်ခိုးကြီး၏။” သူက ဖြောင့်မတ်သောဆန္ဒ ဒါမှမဟုတ် တောင့်တမှုမှန်သမျှကို ဖြည့်ဆည်းပေးနိုင်ပြီး ကျွန်တော်တို့ဘဝမှာ မည်သည့်ဒဏ်ရာကိုမဆို ကုသပေးနိုင်ပါတယ်။
ယေရှုခရစ်တော်ရဲ့တခြားသောသက်သေခံချက်ဖြစ်တဲ့၊ မော်မုန်ကျမ်းမှာ၊ သင်နဲ့ ကျွန်တော်က စစ်မှန်တဲ့နောင်တရခြင်းအားဖြင့် ခရစ်တော်ဆီလာဖို့ သင်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မရေမတွက်နိုင်တဲ့ မှတ်တမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ကျွန်တော်ရဲ့ချစ်စွာသောဇာတိမြေပေါ်တိုရီကိုကျွန်းမှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကနေတဆင့် ကိုယ်တော်ရှင်ရဲ့ နူးညံ့တဲ့ကရုဏာတော်များအကြောင်း ဥပမာတစ်ခုကို ဝေငှချင်ပါတယ်။
ကျွန်တော့်ဇာတိမြို့ ပွန်စ့်က၊ အသင်းတော်က ညီအစ်မတစ်ဦးဖြစ်တဲ့၊ စီလီယာခရုစ်က၊ မော်မုန်ကျမ်းကို မိတ်ဆွေတစ်ဦးဆီ ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူမက စာအုပ်ကို ထုပ်ပိုးပြီး အဲဒီလက်ဆောင်ကို ပို့ပေးဖို့ သွားခဲ့ပါတယ်၊ အဲဒါက သူမအတွက် စိန် ဒါမှမဟုတ် ပတ္တမြားတွေထက် ပိုတန်ဖိုးကြီးပါတယ်၊ လို့ သူမကပြောခဲ့ပါတယ်။ သွားတဲ့လမ်းမှာ၊ သူခိုးတစ်ယောက်က သူမဆီချဉ်းကပ်လာပါတယ်၊ သူမရဲ့ ပိုက်ဆံအိတ်ကိုလုပြီး၊ အထဲက အထူးလက်ဆောင်နဲ့ ထွက်ပြေးသွားပါတယ်။
သူမရဲ့အဖြစ်အပျက်ကို အသင်းတော်မှာ ပြောတဲ့အခါ၊ သူမသူငယ်ချင်းက ဒီလိုပြောခဲ့ပါတယ်၊ “ဘယ်သူသိနိုင်မှာလဲ။ အဲဒါက ဧဝံဂေလိကို ဝေငှဖို့ နင့်ရဲ့ အခွင့်အရေးလည်း ဖြစ်နိုင်တာပဲ။”
အဲဒါနဲ့၊ ရက်အနည်းငယ်အကြာမှာတော့၊ ဘာဖြစ်ခဲ့လဲသိပါသလား။ စီလီယာက စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စီလီယာ ကျွန်တော့်ကိုဝေငှခဲ့တဲ့၊ အဲဒီစာကို၊ ကျွန်တော့်လက်ထဲမှာ ဒီနေ့ကိုင်ထားပါတယ်။ စာက ဒီလိုရေးထားပါတယ်၊
“အစ်မ၊ ခရုစ်၊
“ကျွန်တော့်ကိုခွင့်လွှတ်ပါ၊ ကျွန်တော့်ကိုခွင့်လွှတ်ပါ။ အစ်မကို ရန်မူမိတဲ့အတွက် ကျွန်တော်ဘယ်လောက်ထိ စိတ်မကောင်းဖြစ်ရမှန်း သိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါကြောင့်၊ ကျွန်တော့်ရဲ့ ဘဝကပြောင်းလဲခဲ့ပြီး ဆက်လက်ပြောင်းလဲနေဦးမှာဖြစ်ပါတယ်။
“အဲဒီစာအုပ် [မော်မုန်ကျမ်း]က ကျွန်တော့်ဘဝမှာ အများကြီးကူညီပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့လူ မက်တဲ့အိပ်မက်က ကျွန်တော့်ကို တုန်လှုပ်စေခဲ့ပါတယ်။ … ကျွန်တော်က အစ်မကို ငါး [ဒေါ်လာ၊] ပြန်ပေးလိုက်ပါတယ်၊ အဲဒါတွေကို မသုံးနိုင်တဲ့အတွက်ပါ။ အစ်မမှာ အလင်းတန်းတစ်ခု ရှိပုံပေါ်တယ်ဆိုတာ အစ်မကို သိစေချင်ပါတယ်။ အဲဒီအလင်းက အစ်မကို [ရန်မမူဖို့] ကျွန်တော့်ကို ရပ်တန့်ခဲ့တယ်ထင်ပါတယ်၊ အဲဒါကြောင့် ကျွန်တော် ထွက်ပြေးခဲ့တာပါ။
“အစ်မက ကျွန်တော့်ကို ထပ်တွေ့လိမ့်မယ်ဆိုတာ သိစေချင်ပါတယ်၊ ဒါပေမယ့် အဲဒီအခါ၊ အစ်မက ကျွန်တော့်ကို မှတ်မိမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က အစ်မရဲ့ အစ်ကိုဖြစ်နေမှာမို့လို့ပါ။ … ဒီနေရာကတော့၊ ကျွန်တော်နေတဲ့နေရာဖြစ်ပါတယ်၊ ကျွန်တော်က ကိုယ်တော်ရှင်ကိုရှာပြီး အစ်မရှိတဲ့ အသင်းတော်ကို သွားပါမယ်။
“အစ်မ စာအုပ်ထဲမှာရေးတဲ့ စကားကြောင့် ကျွန်တော် မျက်ရည်ဝဲခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့ညကတည်းက ကျွန်တော် အဲဒါကို ဖတ်တာ မရပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ကိုခွင့်လွှတ်ဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီး တောင်းလျှောက်ခဲ့ပါတယ် [ပြီးတော့] အစ်မ ကျွန်တော့်ကို ခွင့်လွှတ်ဖို့ တောင်းဆိုပါတယ်။ … အစ်မရဲ့ထုပ်ပိုးထားတဲ့လက်ဆောင်က ကျွန်တော်ရောင်းနိုင်မယ့်အရာလို့ ထင်ခဲ့ပါတယ်။ [အဲဒီအစား၊] အဲဒါက ကျွန်တော်ရဲ့ဘဝကို [ပြောင်းလဲ]ချင်လာအောင် လုပ်ခဲ့ပါတယ်။ … ကျွန်တော့်ခွင့်လွှတ်ပါ၊ ကျွန်တော့်ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကယ်တင်ရှင်ရဲ့အလင်းရောင်က ကျွန်တော်တို့ဘယ်လိုအခြေအနေပဲရှိပါစေ၊ ကျွန်တော်တို့ အားလုံးဆီကို ရောက်နိုင်ပါတယ်။ “ခရစ်တော်၏အပြစ်ဖြေခြင်း၏ အဆုံးမရှိသောအလင်းရောင်ထက် ပိုပြီးနိမ့်ဆင်းသွားဖို့ သင့်အတွက်မဖြစ်နိုင်ပါဘူး၊” လို့ ဥက္ကဋ္ဌ ဂျက်ဖရီ အာရ်၊ဟော်လန် ကပြောခဲ့ပါတယ်။
စီလီယာရဲ့လက်ဆောင်ဖြစ်တဲ့၊ မော်မုန်ကျမ်းကို မမျှော်လင့်ဘဲ လက်ခံရရှိခဲ့သူဖြစ်တဲ့၊ အဲဒီညီအစ်ကိုကတော့ ကိုယ်တော်ရှင်ရဲ့ကရုဏာတော်ကို ပိုမိုမျက်မြင်တွေ့နိုင်ဖို့ ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ အဲဒီညီအစ်ကိုက သူ့ကိုယ်သူ ခွင့်လွှတ်ဖို့ အချိန်ယူခဲ့ရပေမယ့်၊ သူက နောင်တရခြင်းမှာ ဝမ်းမြောက်ခြင်းကို ရှာတွေ့ခဲ့ပါတယ်။ တကယ့်အလွန်တရာအံ့ဩဖွယ်ပါပဲ။ ယုံကြည်ခြင်းရှိသောညီအစ်မတစ်ယောက်၊ မော်မုန်ကျမ်းတစ်အုပ်၊ စစ်မှန်သောနောင်တရခြင်းနဲ့ ကိုယ်တော်ရှင်ရဲ့တန်ခိုးက ဧဝံဂေလိရဲ့ကောင်းချီးအပြည့်အစုံနဲ့ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ သန့်ရှင်းမွန်မြတ်တဲ့ ပဋိညာဉ်တွေကို ခံစားဖို့ဖြစ်လာစေပါတယ်။ တခြားမိသားစုဝင်တွေက ကိုယ်တော်ရှင်ရဲ့ဥယျာဉ်တော်ထဲမှာ သန့်ရှင်းမွန်မြတ်တဲ့တာဝန်တွေကို လိုက်နာပြီး လက်ခံကြပါတယ်၊ အချိန်ပြည့်သာသနာပြုအမှုတော်ဆောင်ခြင်းအပါအဝင်ပါပဲ။
ကျွန်တော်တို့က ယေရှုခရစ်တော်ထံသို့ လာရောက်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ စစ်မှန်သောနောင်တရခြင်းလမ်းကြောင်းက နောက်ဆုံးမှာ ကယ်တင်ရှင်ရဲ့ သန့်ရှင်းသောဗိမာန်တော်ကို လမ်းပြပါလိမ့်မယ်။
သန့်ရှင်းမွန်မြတ်သောဗိမာန်တော်ပဋိညာဉ်တွေအားဖြင့် ကောင်းကင်ဘုံရှင်အဘနဲ့သူရဲ့သားတော် ပေးအပ်ထားတဲ့ ကောင်းချီးအပြည့်အစုံကို ထိုက်တန်ဖို့—သန့်ရှင်းစင်ကြယ်ဖို့ ကြိုးပမ်းတာက ဘယ်လောက်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်လိုက်ပါသလဲ။ ကိုယ်တော်ရှင်ရဲ့အိမ်တော်မှာ ပုံမှန်အစေခံခြင်းနဲ့ ကျွန်တော်တို့ပြုလုပ်တဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များကို စောင့်ထိန်းဖို့ ကြိုးစားခြင်းက ကယ်တင်ရှင်နဲ့ ပိုပြီးတူလာဖို့ ကျွန်တော်တို့ လိုအပ်တဲ့ နှလုံးသား၊ ခွန်အား၊ စိတ်နှင့် ဝိညာဉ်ကို ပြောင်းလဲဖို့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒနဲ့စွမ်းရည်ကို မြင့်မားလာစေမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က သက်သေခံခဲ့ပါတယ်၊ “[ဗိမာန်တော်မှာ ဝတ်ပြုခြင်း] ထက် ဘယ်အရာကမှ ကောင်းကင်တွေကို ပိုပြီး ဖွင့်မပေးနိုင်ပါဘူး။ ဘယ်အရာကမှမလုပ်ပေးနိုင်ပါဘူး။”
ကျွန်တော့်ရဲ့ချစ်စွာသောမိတ်ဆွေများ၊ သင်က မပြည့်စုံခြင်းကို ခံစားနေရပါသလား။ သင်က မထိုက်တန်ဘူးလို့ ခံစားနေရပါသလား။ သင့်ကိုယ်သင် မရေမရာဖြစ်နေပါသလား။ သင်က စိတ်ပူပြီး မေးကောင်းမေးနိုင်ပါတယ်၊ ငါက လုံလောက်ရဲ့လား။ ငါ့အတွက် သိပ်နောက်ကျသွားပြီလား။ ငါသေချာပေါက်အစွမ်းကုန်ကြိုးစားနေချိန်မှာ ဘာလို့ ဆက်ပြီးကျရှုံးနေတာလဲ။
ညီအစ်ကိုမောင်နှများခင်ဗျာ၊ ကျွန်တော်တို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ အမှားတွေလုပ်မိမှာ အသေအချာပါပဲ။ ဒါပေမယ့် ကျေးဇူးပြုပြီး သတိရပေးပါ၊ အသင်းလူကြီး ဂရစ် ဒဗယျူ၊ ဂေါင် သွန်သင်ခဲ့သလိုပဲ၊“ ကျွန်တော်တို့ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာက အဆုံးမရှိဘဲ ထာဝရဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်စီ လမ်းလွဲပြီး ကျရှုံးတတ်ကြပါတယ်။ ကျွန်တော်တို့က၊ အချိန်တစ်ခုအထိ၊ လမ်းပျောက်နေနိုင်ပါတယ်။ ကျွန်တော်တို့ ဘယ်နေရာရောက်ရောက် ဒါမှမဟုတ် ဘာတွေပဲလုပ်လုပ်၊ ပြန်လှည့်လို့မရတဲ့ နေရာမျိုးမရှိဘူးလို့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာနဲ့ အာမခံချက်ပေးပါတယ်။ သူက ကျွန်တော်တို့ကို ထွေးပွေ့ဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။”
ကျွန်တော့်ရဲ့ချစ်စွာသောဇနီး၊ ကာရီလု၊ ကလည်း နေ့ရက်တိုင်းမှာ ကျွန်တော်တို့အားလုံးနောင်တရဖို့၊ နောက်ပြန်လှည့်ပြီး၊ အချိန်ကို “သုညနာရီ”မှာ ပြန်ထားလိုက်ဖို့ ကျွန်တော့်ကို သွန်သင်ခဲ့ပါတယ်။
အတားအဆီးတွေက ရောက်ရှိလာပါလိမ့်မယ်။ ဘုရားသခင်ထံပြန်မလှည့်ခင် ကိစ္စတွေကို ခက်ခဲလာတဲ့အထိ မကြာပါစေနဲ့။ စစ်မှန်စွာနောင်တရဖို့ ကျွန်တော်တို့လူ့ဇာတိဘဝရဲ့ အဆုံးသတ်ချိန်အထိ မကြာပါစေနဲ့။ အဲဒီအစား၊ လက်ရှိအချိန်မှာ ပဋိညာဉ်လမ်းကြောင်းရဲ့ ဘယ်နေရာမှာပဲ ကျွန်တော်တို့ရောက်နေပါစေ၊ ယေရှုခရစ်တော်ရဲ့ ရွေးနုတ်ခြင်းတန်ခိုး နဲ့ ကျွန်တော်တို့ကို သူ့ထံပြန်လာစေချင်တဲ့ ကောင်းကင်ဘုံရှင်အဘရဲ့စိတ်ဆန္ဒကိုသာ ကျွန်တော်တို့ အာရုံစိုက်ကြပါစို့။
ကိုယ်တော်ရှင်ရဲ့အိမ်တော်၊ သူ့ရဲ့သန့်ရှင်းသောကျမ်းစာတွေ၊ သူ့ရဲ့သန့်ရှင်းသောပရောဖက်တွေနဲ့ တမန်တော်တွေက ခရစ်တော်ရဲ့ဩဝါဒအားဖြင့် ကိုယ်ပိုင်သန့်ရှင်းစင်ကြယ်ခြင်းကို ရရှိအောင်ကြိုးပမ်းဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပါတယ်။
အဲဒီနောက် နီဖိုင်းက ပြောခဲ့ပါတယ်၊ “ယခုမူကား၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤအရာသည်ကား၊ လမ်းတော်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်၌ ယောင်္ကျား[နှင့် မိန်းမ]ကယ်တင်ခြင်းသို့ ရောက်နိုင်သော အခြားလမ်း သို့မဟုတ်၊ အခြားနာမ ကောင်းကင်အောက်တွင် မပေါ်မရှိ။ ယခုမူကား၊ ရှုလော့၊ ဤအရာမှာ ခရစ်တော်၏ဩဝါဒ၊ ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ တစ်ခုတည်းသောမှန်ကန်သည့် ဩဝါဒလည်းဖြစ်၏။”
ကျွန်တော်တို့က ဘုရားသခင်နဲ့ “တစ်-သား-တည်း” ဖြစ်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်နဲ့ကျွန်တော်က ခေတ္တရပ်တန့်နိုင်ပါတယ်၊ ငြိမ်သက်စေပါ၊ ကယ်တင်ရှင်နောက်ကိုလိုက်ပြီး၊ သူပြောင်းလဲစေချင်တဲ့အရာကို ရှာဖွေပြီး ပြောင်းလဲလိုက်ပါ။ ကျွန်တော်တို့က အကြွင်းမဲ့ရည်ရွယ်ချက်နဲ့အဲလိုလုပ်ရင်၊ ချမ်းသာခြင်းကို မျက်မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့က ကိုယ်တော်ရှင်ရဲ့ နောင်တရခြင်းဆုကျေးဇူးကို လက်ခံယုံကြည်တာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့သားစဉ်မြေးဆက် ဘယ်လိုကောင်းချီးခံစားရမယ်ဆိုတာ တွေးတောပါ။
အိုးထိန်းဆရာက၊ ကျွန်တော်တို့ကို ပုံသွင်းပြီး ပြုပြင်ပါလိမ့်မယ်၊ အဲဒါက ခက်ခဲပါတယ်လို့ ကျွန်တော့်အဖေက သွန်သင်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ၊ ကုသသူဆရာသခင်က ကျွန်တော်တို့ကို အမှန်ပင် သန့်စင်ပေးပြီး အနာငြိမ်းစေပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်၊ အဲဒီ အနာငြိမ်းစေသောတန်ခိုးကို ခံစားခဲ့ရပြီး ဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။ အဲဒါက ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနဲ့နေ့စဉ်နောင်တရခြင်းမှလာကြောင်း ကျွန်တော်သက်သေခံပါတယ်။
ဘုရားသခင်၏ချစ်ခြင်းနဲ့ သူ့သားတော်၏ အပြစ်ဖြေခြင်းမင်္ဂလာ၏ အနန္တတန်ခိုးအကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့က စစ်မှန်စွာနဲ့ စိတ်နှလုံးအကြွင်းမဲ့ နောင်တရရင်၊ အဲဒါကို နှလုံးသားအပြည့် ခံစားနိုင်ပါတယ်။
ကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်က ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အသရေထင်ရှားသော ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူခြင်းရဲ့ သက်သေခံတစ်ဦးဖြစ်ပြီး သူ့ရဲ့ပရောဖက်ဖြစ်သူနဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်အားဖြင့် ကယ်တင်ရှင်ရဲ့ လက်ရှိမြင့်မြတ်သောလမ်းညွှန်ချက်ကို သက်သေခံသူလည်းဖြစ်ပါတယ်။ ယေရှုခရစ်တော်က အသက်ရှင်ကြောင်းနဲ့ သူက ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်များကို ကုသသူဆရာသခင် ဖြစ်ကြောင်း ကျွန်တော်သိပါတယ်။ ဤအရာများသည်မှန်ကန်ကြောင်း ကျွန်တော် သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏ သန့်ရှင်းသော နာမတော်အောက်၌၊ အာမင်။