နောဧမင်းကြီး၏လူတို့အားဖြင့် တောရိုင်းထဲသို့ နှင်ထုတ် ခံခဲ့ရကြသော အယ်လမာနှင့် ကိုယ်တော်ရှင်၏ လူတို့၏မှတ်တမ်း။
အခန်းကြီး ၂၃ နှင့် ၂၄ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၂၃
အယ်လမာသည် ရှင်ဘုရင်ဖြစ်ရန် ငြင်းပယ်၏—သူသည် ယဇ်ပုရောဟိတ်မင်းအဖြစ် အစေခံ၏—ကိုယ်တော်ရှင်သည် သူ၏လူတို့ကို ဆုံးမတော်မူပြီး၊ လာမန်အမျိုးသားတို့သည် ဟေလမ်ပြည်ကို အနိုင်ရ၏—နောဧမင်းကြီး၏ ဆိုးညစ်သောယဇ်ပုရောဟိတ်တို့၏ အကြီးအကဲဖြစ်သောအာမြူလုန်သည် လာမန်အမျိုးသားရှင်ဘုရင်၏ဩဇာခံအဖြစ် အုပ်ချုပ်၏။ ဘီစီ ၁၄၅–၁၂၁ ခန့်။
၁ ယခုတွင်၊ အယ်လမာသည် နောဧမင်းကြီး၏တပ်များ သူတို့ကိုလာ၍ တိုက်ခိုက်မည့်အကြောင်း ကိုယ်တော်ရှင်အားဖြင့် သတိပေးသည်ကို ခံရလေသောကြောင့်၊ သူ၏လူများကို ဖော်ပြ၏။ ထို့ကြောင့်၊ သူတို့၏သိုးစုများကို အတူတကွစု၍၊ သူတို့၏ဆန်စပါးများကို ယူပြီး နောဧမင်းကြီး၏တပ်များမလာမီ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။
၂ ကိုယ်တော်ရှင်ကလည်း သူတို့ကို ခွန်အားဖြည့်ပေးတော်မူ၍၊ နောဧမင်းကြီး၏လူတို့က သူတို့ကို ဖျက်ဆီးရန် လိုက်၍မမီနိုင်ချေ။
၃ သူတို့သည်လည်း တောရိုင်းထဲသို့ ရှစ်ရက်ကြာခရီးဖြင့် ထွက်ပြေးကြ၏။
၄ သူတို့သည် ပြည်တစ်ပြည်သို့၊ အထူးသဖြင့်၊ အလွန်တင့်တယ်၍နှစ်သက်ဖွယ်သောပြည်၊ စင်ကြယ်သောရေများရှိရာပြည်သို့ပင် ရောက်ရှိကြ၏။
၅ သူတို့၏တဲများကိုလည်းဆောက်၍၊ မြေကြီးကို ထွန်ယက်စပြုပြီး၊ အဆောက်အအုံများကိုလည်း တည်ဆောက်စပြုကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် လုံ့လဝီရိယရှိပြီး၊ လွန်စွာအလုပ်လုပ်ကြ၏။
၆ လူတို့ကလည်း အယ်လမာကို သူတို့၏ရှင်ဘုရင်ဖြစ်စေလိုကြ၏။ အကြောင်းမူကား၊ သူ့လူမျိုးတို့၏ချစ်ခြင်းကို သူခံရလေ၏။
၇ သို့ရာတွင်၊ သူဆိုလေသည်ကား၊ ရှုလော့၊ ငါတို့၌ ရှင်ဘုရင်ရှိဖို့ မသင့်လျော်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်မှာ၊ သင်တို့သည် တစ်ဦးကို တခြားတစ်ဦးထက် သာ၍ကောင်းမြတ်သည်ဟု မမှတ်ယူရ၊ သို့မဟုတ်၊ လူတစ်ဦးသည် မိမိကိုယ်ကို တခြားတစ်ဦးထက်သာ၍ကောင်းမြတ်သည်ဟု မထင်မှတ်ရဟုဖြစ်လေသတည်း။ ထိုကြောင့်၊ သင်တို့၌ ရှင်ဘုရင်ရှိဖို့ရာမသင့်လျော်ကြောင်း ငါဆို၏။
၈ သို့သော်လည်း၊ အကယ်၍ သင်တို့၌ ဖြောင့်မတ်သောသူများ သင်တို့၏ရှင်ဘုရင်များဖြစ်ခြင်းငှာအစဉ်အမြဲရှိဖို့ ဖြစ်နိုင်လျှင်၊ ရှင်ဘုရင်တစ်ပါးရှိခြင်းမှာ၊ သင်တို့အတွက် ကောင်း၏။
၉ သို့ရာတွင်၊ နောဧမင်းကြီးနှင့် သူ့ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်ကို သတိရကြလော့။ ငါကိုယ်တိုင်သည်လည်း ထောင်ချောက်၌မိလေ၍၊ ကိုယ်တော်ရှင်၏အမြင်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည့် အရာများစွာတို့ကို ပြုခြင်းက ငါ့အား ပြင်းစွာသောနောင်တရခြင်းကို ဖြစ်စေ၏။
၁၀ သို့သော်လည်း၊ အတိဒုက္ခများစွာဖြစ်ပြီးနောက်၊ ကိုယ်တော်ရှင်သည် ငါ၏တောင်းလျှောက်ခြင်းများကို ကြားတော်မူ၏၊ ငါ၏ဆုတောင်းခြင်းများကို ဖြေကြားတော်မူ၍၊ အလွန်များစွာသောသင်တို့ကို၊ သူ၏သမ္မာတရားကိုသိခြင်းသို့ ရောက်စေရာ၌ ငါ့ကို သူ၏လက်တော်၌ တန်ဆာတစ်ခုဖြစ်စေတော်မူပြီ။
၁၁ သို့သော်လည်း၊ ဤအမှု၌ ငါဂုဏ်မယူ။ အကြောင်းမူကား၊ ငါသည် ငါ့ကိုယ်ကို ဂုဏ်ယူဖို့ မထိုက်တန်ပေ။
၁၂ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် နောဧမင်းကြီး၏ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရ၏၊ ထို့အတူ သူနှင့် သူ၏ယဇ်ပုရောဟိတ်များတို့ထံ ကျွန်ခံရ၏၊ ထို့အတူ သူတို့အားဖြင့်၊ ဒုစရိုက်ထဲသို့ ဆောင်ယူခံရ၏။ ထို့ကြောင့် သင်တို့သည် ဒုစရိုက်ကြိုးများဖြင့် ချည်နှောင်ထားခံရ၏။
၁၃ ယခုမူကား၊ သင်တို့သည် ဤချည်နှောင်ခြင်းတို့မှ အထူးသဖြင့်၊ နောဧမင်းကြီးနှင့် သူ့လူတို့၏လက်မှ၊ ထို့အတူ၊ ဒုစရိုက်အနှောင်အဖွဲ့များမှလည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကယ်လွှတ်ခံရကြ၍၊ ထိုကဲ့သို့ပင်၊ သင်တို့ကို လွတ်လပ်စေခဲ့လေပြီဖြစ်သော ဤလွတ်လပ်ခြင်း၌ မြဲမြံစွာတည်၍၊ သင်တို့အပါ်၌ ရှင်ဘုရင်တစ်ပါးအဖြစ် အဘယ်သူ့ကိုမျှ မကိုးစားစေခြင်းငှာ ငါအလိုရှိ၏။
၁၄ ထို့အတူ၊ အကြင်သူသည် ဘုရားသခင်၏လူမဟုတ်၊ သူ၏တရားလမ်းတို့၌ လျှောက်လျက်မရှိဘဲ၊ သူ၏ပညတ်တော်များကို စောင့်ထိန်းလျက်မရှိလျှင် အဘယ်သူ့ကိုမျှ သင်တို့၏ဆရာအဖြစ်နှင့် သင်တို့၏အမှုတော်ဆောင်အဖြစ် မကိုးစားကြနှင့်။
၁၅ ထိုကဲ့သို့အားဖြင့် အယ်လမာသည် မိမိလူတို့အား လူတိုင်း ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်ကို လည်းကောင်း၊ သူတို့၌ ရန်တွေ့ခြင်းမရှိရမည်ကို လည်းကောင်း သွန်သင်ပေး၏။
၁၆ ယခုမူကား၊ အယ်လမာသည် သူတို့၏အသင်းတော်ကို တည်ထောင်သူဖြစ်ပြီး၊ သူတို့၏ယဇ်ပုရောဟိတ်မင်းဖြစ်၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဟောပြောရန် သို့မဟုတ်၊ သွန်သင်ပေးရန် ဘုရားသခင်ထံမှ အခွင့်အာဏာကို သူ့အားဖြင့်မှတစ်ပါး၊ အဘယ်သူမျှမရရှိကြ။ ထို့ကြောင့်၊ သူတို့၏ခပ်သိမ်းသောယဇ်ပုရောဟိတ်များနှင့် သူတို့၏ခပ်သိမ်းသောဆရာများကို သူခန့်ထား၏။ ဖြောင့်မတ်သောသူများမဟုတ်လျှင်၊ အဘယ်သူမျှ ခန့်ထားမခံရကြ။
၁၈ ထို့ကြောင့်၊ သူတို့သည် မိမိတို့လူများကို ကြည့်ရှုစောင့်ရှောက်ပြီး၊ ဖြောင့်မတ်ခြင်းနှင့်စပ်ဆိုင်သည့်အရာတို့နှင့် အားဖြည့်ပေးကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုပြည်၌ လွန်စွာအောင်မြင်စပြုခဲ့ကြ၏။ ထိုပြည်ကို ဟေလမ်ဟု ခေါ်ဝေါ်ကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဟေလမ်ပြည်၌ ပွားများလျက်၊ လွန်စွာအောင်မြင်ကြပြီး၊ ဟေလမ်မြို့ဟု သူတို့ခေါ်ဝေါ်သည့် မြို့တစ်မြို့ကို တည်ဆောက်ကြ၏။
၂၁ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် မိမိလူတို့ကို ဆုံးမရန် သင့်လျော်သည်ဟု ဆင်ခြင်တော်မူ၏။ ထိုမှတစ်ပါး၊ သူတို့၏သည်းခံခြင်းနှင့် သူတို့၏ယုံကြည်ခြင်းကို စမ်းသပ်တော်မူ၏။
၂၂ အဘယ်သို့ပင်ဖြစ်စေ—သူ့ကို ကိုးစားသူမှန်သမျှသည် နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်းခံရလိမ့်မည်။ အမှန်စင်စစ်၊ ထိုကဲ့သို့ဖြစ်လေသည်ကား၊ ဤလူမျိုးတို့နှင့် စပ်လျဉ်းသည့်အမှုဖြစ်၏။
၂၃ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ကျွန်ပြုခြင်းသို့ ဆောင်ယူခံရလေ၍၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၊ အမှန်စင်စစ်၊ အဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်မှတစ်ပါး၊ အဘယ်သူကမျှ သူတို့ကို ကယ်လွှတ်နိုင်ခြင်းမရှိကြောင်း၊ သင်တို့ကို ငါပြမည်။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို ကယ်လွှတ်တော်မူပြီး၊ သူ၏ကြီးစွာသောတန်ခိုးကိုလည်း ပြတော်မူ၍၊ သူတို့၏ရွှင်လန်းဝမ်းမြောက်ခြင်းမှာ၊ ကြီးမားလှ၏။
၂၅ အကြောင်းမူကား၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ သူတို့သည် ဟေလမ်ပြည်၊ အထူးသဖြင့်၊ ဟေလမ်မြို့ ၌ရှိစဉ်တွင်၊ ပတ်ဝန်းကျင်ရှိမြေကို ထွန်ယက်ကြစဉ်၊ ရှုလော့၊ လာမန်အမျိုးသားတို့၏ တပ်တစ်တပ်သည် ထိုပြည်၏နယ်နိမိတ်၌ ရှိလေ၏။
၂၆ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာ၏ညီအစ်ကိုတို့သည် မိမိတို့၏ လယ်ကွင်းများမှ ထွက်ပြေး၍၊ သူတို့ကိုယ်သူတို့ ဟေလမ်မြို့ ၌ အတူတကွစုဝေးကြပြီး၊ လာမန်အမျိုးသားတို့ ပေါ်ထွက်လာခြင်းကြောင့်၊ အလွန်ကြောက်လန့်ကြလေ၏။
၂၇ သို့ရာတွင်၊ အယ်လမာသည် သူတို့၌သွား၍ရပ်ပြီး၊ တိုက်တွန်းသည်ကား၊ သူတို့ကြောက်လန့်ရမည်မဟုတ်၊ သူတို့ကို ကယ်လွှတ်တော်မူသည့် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား အောက်မေ့ရမည့် အကြောင်းသာဖြစ်၏။
၂၈ ထို့ကြောင့်သူတို့သည် မိမိတို့ကြောက်စိတ်ကို ငြိမ်သက်စေကြပြီး၊ ကိုယ်တော်ရှင်ထံ တောင်းလျှောက်စပြုကြသည်မှာ၊ လာမန်အမျိုးသားတို့၏စိတ်နှလုံးကို သူပျော့ပျောင်းစေတော်မူ၍၊ မိမိတို့နှင့် မိမိတို့ဇနီးများ၊ ထို့အတူ၊ မိမိတို့၏သားသမီးများကို ထိုသူတို့ချမ်းသာပေးစေမည့်အကြောင်းဖြစ်၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် လာမန်အမျိုးသားတို့၏စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူ၏။ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့သည်လည်းထွက်၍၊ မိမိတို့ကိုယ်ကို သူတို့လက်သို့ ပေးအပ်ကြ၏။ လာမန်အမျိုးသားတို့သည်လည်း ဟေလမ်ပြည်ကို သိမ်းယူကြ၏။
၃၀ ယခုတွင်၊ လင်မဟိမင်းကြီး၏လူတို့နောက်သို့ လိုက်ကြလေသော လာမန်အမျိုးသားတို့၏တပ်များသည် တောရိုင်းထဲ၌ ရက်ပေါင်းများစွာပျောက်ဆုံးကြလေ၏။
၃၁ ရှုဦးလော့၊ သူတို့သည်လည်း၊ နောဧမင်းကြီး၏ထိုယဇ်ပုရောဟိတ်တို့ကို အာမြူလုန်ဟုသူတို့ခေါ်သည့် အရပ်၌ တွေ့ရှိလေ၏။ သူတို့သည် အာမြူလုန်ပြည်ကို ပိုင်ဆိုင်ရန်နှင့် မြေကြီးကို ထွန်ယက်ရန် အစပြုကြ၏။
၃၂ ယခုတွင် ထိုယဇ်ပုရောဟိတ်တို့အကြီးအကဲ၏အမည်ကား၊ အာမြူလုန်ဖြစ်၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမြူလုန်သည် လာမန်အမျိုးသားတို့ကို တောင်းပန်၍၊ လာမန်အမျိုးသားတို့၏သမီးများဖြစ်သော မိမိတို့ဇနီးများကိုလည်း သူတို့အစ်ကိုများအား သူတို့ခင်ပွန်းများကို မဖျက်ဆီးကြစေမည့်အကြောင်း တောင်းပန်ရန် စေလွှတ်၏။
၃၄ လာမန်အမျိုးသားတို့ကလည်း အာမြူလုန်နှင့် သူ၏ညီအစ်ကိုတို့ကို သနား၍၊ သူတို့ဇနီးများကြောင့် သူတို့ကို မဖျက်ဆီးကြ။
၃၅ အာမြူလုန်နှင့် သူ၏ညီအစ်ကိုတို့သည် လာမန်အမျိုးသားတို့နှင့် ပေါင်းစည်းပြီး၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ပိုင်သည့် ဟေလမ်ပြည်ကို တွေ့ရှိသောအချိန်၌၊ သူတို့သည် နီဖိုင်းပြည်ကို ရှာဖွေခြင်းငှာ တောရိုင်းထဲ၌ ခရီးသွားလျက်ရှိခဲ့ကြ၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့သည် နီဖိုင်းပြည်သို့သွားရာလမ်းကို ပြမည်ဆိုလျှင်၊ သူတို့အသက်နှင့် သူတို့လွတ်လပ်ခြင်းကို ပေးမည်ဟု လာမန်အမျိုးသားတို့ ကတိပေးကြ၏။
၃၇ သို့ရာတွင်၊ နီဖိုင်းပြည်သို့သွားရာလမ်းကို အယ်လမာကပြလေပြီးသောအခါ၌၊ လာမန်အမျိုးသားတို့သည် သူတို့ကတိကို မစောင့်ထိန်းကြ။ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ကို ဟေလမ်ပြည်တစ်ဝိုက်တွင် အစောင့်များချထားကြ၏။
၃၈ သူတို့မှ ကျန်ကြွင်းသောသူများသည်လည်း နီဖိုင်းပြည်သို့ သွားကြ၏။ သူတို့မှ တစ်စိတ်တစ်ပိုင်းသည် ဟေလမ်ပြည်သို့ပြန်သွား၍၊ ထိုပြည်ထဲ၌ ကျန်ခဲ့သော အစောင့်တို့၏ဇနီးများနှင့် ကလေးများကိုလည်း သူတို့နှင့်အတူဆောင်ယူသွားကြ၏။
၃၉ လာမန်အမျိုးသားတို့၏မင်းကြီးကလည်း အာမြူလုန်အား ဟေလမ်ပြည်၌ရှိသော သူ၏လူတို့အပေါ် ရှင်ဘုရင်နှင့် အုပ်စိုးသူဖြစ်ရန် အခွင့်ပေးလေ၏။ သို့သော်လည်း၊ သူသည် လာမန်အမျိုးသားတို့မင်းကြီး၏အလိုနှင့်ဆန့်ကျင်၍ အဘယ်အရာကိုမျှပြုနိုင်ခွင့် ရှိလိမ့်မည်မဟုတ်။