အခန်းကြီး ၂၅
မြူးလက်၏ အမျိုးအနွယ်တို့သည် ဇရဟင်မလပြည်၌ နီဖိုင်းအမျိုးသားများ ဖြစ်လာကြ၏—သူတို့သည် အယ်လမာနှင့် ဇေနိဖ်တို့၏ လူတို့အကြောင်းကို သိကြ၏—အယ်လမာသည် လင်မဟိနှင့် သူ၏လူများအားလုံးကို ဗတ္တိဇံပေး၏—မောဇိယသည် အယ်လမာအား ဘုရားသခင်၏ အသင်းတော်ကို ဖွဲ့စည်းစေခြင်းငှာ အခွင့်အာဏာပေး၏။ ဘီစီ ၁၂၀ ခန့်။
၁ ယခုမူကား၊ မောဇိယမင်းကြီးသည် လူခပ်သိမ်းတို့ကို အတူတကွ စုဝေးစေ၏။
၂ ယခုတွင်၊ နီဖိုင်း၏သားမြေးများ၊ သို့မဟုတ် နီဖိုင်း၏အမျိုးအနွယ်များဖြစ်သည့် အလွန်များစွာသောသူတို့သည်ကား၊ မြူးလက်၏အမျိုးအနွယ်တစ်ဦးဖြစ်သူ ဇရဟင်မလ၏လူများ၊ တောရိုင်းထဲသို့ သူနှင့်အတူ လာခဲ့လေသည့်သူများလောက် အလွန်မများပေ။
၃ ထို့အတူ၊ နီဖိုင်းလူမျိုးတို့နှင့် ဇရဟင်မလလူမျိုးတို့သည် လာမန်အမျိုးသားများလောက် အလွန်မများပေ။ အထူးသဖြင့်၊ သူတို့သည် တစ်ဝက်မျှပင် များပြားခြင်းမရှိ။
၄ ယခုမူကား၊ နီဖိုင်းလူမျိုးခပ်သိမ်းတို့နှင့် ဇရဟင်မလလူမျိုးခပ်သိမ်းတို့သည်လည်း အတူတကွ စည်းဝေးကြ၏။ သူတို့သည် အုပ်စုနှစ်စုအဖြစ် အတူတကွ စုဝေးကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယသည် ဇေနိဖ်၏မှတ်တမ်းများကို ဖတ်၍၊ မိမိလူတို့ကိုလည်း ဖတ်စေ၏။ အထူးသဖြင့်၊ သူသည် ဇေနိဖ်၏လူတို့ ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ တစ်ဖန်ပြန်လာသည်အထိသူတို့ကြောင်းမှတ်တမ်းများကို ဖတ်၏။
၆ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ တစ်ဖန်ပြန်လာသည့်အချိန်အထိ သူတို့၏အလုံးစုံသော ဆင်းရဲဒုက္ခများအကြောင်းမှတ်တမ်းကိုလည်းဖတ်၏။
၇ ယခုမူကား၊ မောဇိယသည် မှတ်တမ်းများဖတ်ခြင်းကို လက်စသတ်ပြီးလေလျှင်၊ ထိုပြည်၌နေရစ်သော သူ၏လူတို့သည် အံ့မခန်းချီးမွမ်းဖွယ်ဖြစ်ခြင်း၊ အံ့အားသင့်ခြင်းတို့ဖြင့် စိတ်ထိခိုက်ကြ၏။
၈ အကြောင်းမူကား၊ သူတို့သည် အဘယ်သို့ စဉ်းစားရမှန်းမသိကြ။ ကျွန်ခံရာမှ ကယ်လွှတ်ခံရသူများကို မြင်ရသောအခါ၊ သူတို့သည် အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။
၉ ထိုမှတစ်ဖန်၊ သူတို့သည် လာမန်အမျိုးသားတို့၏ကွပ်မျက်ခြင်းခံရလေသော သူတို့ညီအစ်ကိုတို့ အကြောင်း စဉ်းစားကြသောအခါ ဝမ်းနည်းခြင်းနှင့်ပြည့်၍ ဝမ်းနည်းခြင်းမျက်ရည်များစွာပင်ကျလေ၏။
၁၀ ထိုမှတစ်ဖန်၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ကို လာမန်အမျိုးသားတို့၏ လက်မှလည်းကောင်း၊ ကျွန်ခံရာမှလည်းကောင်း ကယ်လွှတ်တော်မူရာ၌ သူတို့သည် ကိုယ်တွေ့ဖြစ်သည့် ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် သူ၏တန်ခိုးတော်တို့အကြောင်း စဉ်းစားကြသောအခါ၊ ကြွေးကြော်၍၊ မိမိတို့၏ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းကြ၏။
၁၁ ထိုမှတစ်ဖန်၊ သူတို့သည် မိမိတို့၏ညီအစ်ကိုများဖြစ်သော လာမန်အမျိုးသားတို့နှင့် ထိုသူတို့၏အပြစ်များ၍ ညစ်ညူးသောအခြေအနေအကြောင်းကို စဉ်းစားမိသောအခါ၊ ထိုသူတို့စိတ်ဝိညာဉ်၏ကောင်းကျိုးအတွက် နာကျင်မှုနှင့် ပြင်းစွာသောဝေဒနာတို့နှင့် ပြည့်လေ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့၏သမီးများကို အိမ်ထောင်ဖက်ပြုလေသော အာမြူလုန်နှင့် သူ၏ညီအစ်ကိုတို့၏ သားသမီးများဖြစ်သောသူတို့သည်၊ သူတို့ဘိုးဘေးတို့၏အပြုအမူကို မနှစ်သက်သဖြင့်၊ သူတို့ဘိုးဘေးတို့၏အမည်အားဖြင့် ဆက်၍အခေါ်ခံရန် အလိုမရှိကြတော့။ ထို့ကြောင့်၊ သူတို့သည် နီဖိုင်း၏သားမြေးများဟု အခေါ်ခံရနိုင်စေခြင်းငှာလည်းကောင်း၊ နီဖိုင်းအမျိုးသားများဟုခေါ်သူများ၌ ရေတွက်ခံရနိုင်စေခြင်းငှာလည်းကောင်း သူတို့အပေါ်၌ နီဖိုင်း၏နာမကို ခံယူကြ၏။
၁၃ ယခုမူကား၊ ဇရဟင်မလ၏လူခပ်သိမ်းတို့သည် နီဖိုင်းအမျိုးသားတို့နှင့်အတူ ရေတွက်ခံရ၍၊ ဤသို့ဖြစ်ရသည်မှာ၊ နိုင်ငံကို နီဖိုင်း၏အမျိုးအနွယ်ဖြစ်သူများမှတစ်ပါး၊ အဘယ်သူ့ကိုမျှ၊ အပ်နှင်းလေသည်မဟုတ်သောကြောင့်ပင်တည်း။
၁၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မောဇိယသည် လူတို့ကို ပြောဆိုခြင်းနှင့် ဖတ်ခြင်းကို လက်စသတ်ပြီးလျှင်၊ အယ်လမာကိုလည်း လူတို့ကို ဟောပြောစေရန် အလိုရှိ၏။
၁၅ အယ်လမာသည်လည်း သူတို့ကို ဟောပြော၏။ ကြီးမားသောအုပ်စုများအဖြစ်၊ သူတို့အတူတကွစည်းဝေးကြသောအခါ၊ သူသည် အုပ်စုတစ်ခုမှ တခြားတစ်ခုသို့သွား၍၊ လူတို့အား နောင်တရခြင်းနှင့် ကိုယ်တော်ရှင်အပေါ်ယုံကြည်ခြင်းတို့ကို ဟောပြောလျက်ရှိ၏။
၁၆ သူသည် လင်မဟိ၏လူများနှင့် မိမိညီအစ်ကိုများ၊ ကျွန်ခံရာမှ ကယ်လွှတ်ခြင်းကို ခံရလေသောသူခပ်သိမ်းတို့အား၊ သူတို့ကို ကယ်လွှတ်သောသူမှာ၊ ကိုယ်တော်ရှင်ဖြစ်တော်မူသည်ကို သတိရကြရမည့်အကြောင်း တိုက်တွန်း၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် လူတို့အား များစွာသောအရာများကို သွန်သင်ပေး၍၊ ပြောဆိုခြင်းကို လက်စသတ်လေပြီးနောက်၊ လင်မဟိမင်းကြီးသည် ဗတ္တိဇံခံနိုင်ရန် အလိုရှိ၏။ သူ၏လူခပ်သိမ်းတို့သည်လည်း၊ ဗတ္တိဇံခံနိုင်ရန် အလိုရှိကြလေ၏။
၁၈ ထို့ကြောင့်၊ အယ်လမာသည် ရေထဲသို့သွား၍ သူတို့ကို ဗတ္တိဇံပေး၏။ အထူးသဖြင့်၊ သူသည် မော်မုန်ရေများ၌ သူ၏ညီအစ်ကိုများကို ပြုခဲ့စဉ်ကအတိုင်း သူတို့ကို ဗတ္တိဇံပေး၏။ ထိုမှတစ်ပါး၊ သူဗတ္တိဇံပေးခဲ့သောသူမှန်သမျှသည် ဘုရားသခင်၏အသင်းတော်နှင့် ဆိုင်သောသူများ ဖြစ်၍၊ ဤသို့ဖြစ်ရသည်မှာ အယ်လမာ၏စကားများအပေါ်၌ သူတို့၏ ယုံကြည်မှုကြောင့်ပေတည်း။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယမင်းကြီးသည် အယ်လမာအား၊ ဇရဟင်မလပြည်တစ်လျှောက်လုံး၌ အသင်းတော်များကို တည်ထောင်ရန် အခွင့်ပေး၏။ အသင်းတော်တိုင်း၌ ယဇ်ပုရောဟိတ်များနှင့် ဆရာများခန့်ထားနိုင်ခွင့်ကိုလည်း သူ့ကိုပေး၏။
၂၀ ယခုတွင်၊ ဤအမှုကို ပြုလေသည်မှာ၊ များစွာသောလူတို့ရှိ၍၊ သူတို့အားလုံးကို ဆရာတစ်ဦးတည်းဖြင့် အုပ်ချုပ်နိုင်ခြင်းမရှိသောကြောင့်ဖြစ်၏။ သူတို့အားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစည်းအဝေးတစ်ခုတည်း၌ ကြားနာနိုင်ခြင်းလည်းမရှိ။
၂၁ ထို့ကြောင့်၊ သူတို့သည် ခြားနားသောအုပ်စုများ၌ သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေး၍၊ အသင်းတော်များဟု ခေါ်ကြ၏။ အသင်းတော်တိုင်းသည် ၎င်းတို့၏ယဇ်ပုရောဟိတ်များနှင့် ၎င်းတို့၏ဆရာများရှိ၍၊ ယဇ်ပုရောဟိတ်တိုင်းသည် မိမိကို အယ်လမာ၏ နှုတ်မှဟောထားသည့်အတိုင်း နှုတ်ကပတ်တော်ကို ဟောပြောလျက်ရှိကြ၏။
၂၂ ထိုကဲ့သို့အားဖြင့်၊ များစွာသောအသင်းတော်များရှိသော်ငြားလည်း၊ ၎င်းတို့အားလုံးသည် အသင်းတော်တစ်ခုတည်း၊ အထူးသဖြင့်၊ ဘုရားသခင်၏အသင်းတော်ပင်ဖြစ်၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအသင်းတော်တို့၌ နောင်တရခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ မှတစ်ပါး၊ အဘယ်အရာကိုမျှ မဟောပြောကြ။
၂၃ ယခုမူကား၊ ဇရဟင်မလပြည်၌ အသင်းတော်ခုနစ်ခုရှိလေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ခရစ်တော်၏သို့မဟုတ်၊ ဘုရားသခင်၏နာမတော်ကို မိမိတို့အပေါ်၌ ခံယူရန် အလိုရှိသောသူမှန်သမျှသည် ဘုရားသခင်၏အသင်းတော်များသို့ ဝင်ကြ၏။
၂၄ သူတို့ကိုလည်း ဘုရားသခင်၏လူမျိုးများဟု ခေါ်လေ၏။ ကိုယ်တော်ရှင်ကလည်း သူ၏ဝိညာဉ်တော်ကို သူတို့အပေါ် သွန်းလောင်းတော်မူ၍၊ သူတို့သည် ကောင်းချီးခံစားရ၍၊ ထိုပြည်၌ အောင်မြင်ကြ၏။