အခန်းကြီး ၂၁
လင်မဟိ၏လူတို့သည် လာမန်အမျိုးသားတို့အားဖြင့် တိုက်ခိုက်နှိမ်နှင်းပြီး အနိုင်ခံရကြ၏—လင်မဟိ၏လူတို့သည် အမ္မုန်နှင့်တွေ့၍ ပြောင်းလဲကြ၏—သူတို့သည် အမ္မုန်အား ယာရက်အမျိုး၏ပုရပိုက်ပြားနှစ်ဆယ်လေးပြားအကြောင်းကို ပြောပြ၏။ ဘီစီ ၁၂၂–၁၂၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လင်မဟိနှင့် သူ၏လူတို့သည် နီဖိုင်းမြို့သို့ ပြန်လာ၍၊ ထိုပြည်၌ တစ်ဖန်ငြိမ်းချမ်းစွာနေစပြု၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရက်ပေါင်းများစွာကြာလေပြီးနောက်၊ လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို တစ်ဖန်အမျက်ထွက်စပြု၍၊ ထိုပြည်ပတ်ဝန်းကျင်၏နယ်နိမိတ်ထဲသို့ ဝင်စပြုခဲ့ကြ၏။
၃ ယခုမူကား၊ လင်မဟိသို့ မိမိတို့မင်းကြီး ပြုထားလေသော ကျိန်ဆိုခြင်းကြောင့် သူတို့ကို မကွပ်မျက်ဝံ့ချေ။ သို့ရာတွင်၊ သူတို့၏ ပါးကိုရိုက်ကြ၏၊ ထို့အတူ သူတို့အပေါ် အခွင့်အာဏာကို ကျင့်သုံးကြ၏။ ထို့အတူ လေးသောဝန်များကို သူတို့၏ကျောပေါ်တင်စပြုပြီး သူတို့ကို စကားမပြောနိုင်သောမြည်းကဲ့သို့ မောင်းနှင်ကြ၏—
၄ အမှန်စင်စစ်၊ အလုံးစုံသောဤအရာတို့ကို ပြုလေသည်ကား၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။
၅ ယခုမူကား၊ နီဖိုင်းအမျိုးသားတို့၏ဆင်းရဲဒုက္ခများမှာ ကြီးမားလှပြီး၊ လာမန်အမျိုးသားတို့က အရပ်ရပ်မှ ဝိုင်းထားသောကြောင့်၊ မိမိတို့ကိုယ်ကို သူတို့လက်မှ ကယ်လွှတ်နိုင်ရာနည်းလမ်းမရှိ။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် မိမိတို့၏ဆင်းရဲဒုက္ခများကြောင့်၊ မင်းကြီးကို ညည်းညူအပြစ်တင်စပြုကြ၏။ ထိုသူတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာအလိုရှိစလည်းပြု၏။ မိမိတို့၏ အပြစ်တင်ခြင်းများဖြင့် မင်းကြီးကိုလည်း ပြင်းစွာ ဒုက္ခပေးကြ၏။ ထို့ကြောင့်၊ သူတို့အလိုအတိုင်းပြုရစေခြင်းငှာ သူအခွင့်ပေး၏။
၇ သူတို့သည်လည်း သူတို့ကိုယ်သူတို့တစ်ဖန်အတူတကွစုဝေး၍၊ မိမိတို့၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍၊ လာမန်အမျိုးသားတို့ကို မိမိတို့ပြည်မှနှင်ထုတ်ခြင်းငှာ သွား၍ တိုက်ခိုက်ကြ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် သူတို့ကိုနှိမ်နှင်းအောင်မြင်ကြ၏၊ ထို့အတူ ပြန်၍မောင်းထုတ်ကြ၏၊ သူတို့၏လူများစွာကိုလည်း ကွပ်မျက်ကြ၏။
၉ ယခုမူကား၊ လင်မဟိ၏လူတို့၌ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းနှင့် မြည်တမ်းခြင်း၊ မုဆိုးမသည် မိမိခင်ပွန်းအတွက် ငိုကြွေးမြည်တမ်းခြင်း၊ သားနှင့်သမီးသည် မိမိတို့အဘအတွက် ငိုကြွေးမြည်တမ်းခြင်း၊ ညီအစ်ကိုတို့သည် မိမိတို့ညီအစ်ကိုများအတွက် ငိုကြွေးမြည်တမ်းခြင်းတို့ ရှိလေ၏။
၁၀ ယခုတွင်၊ ထိုပြည်၌ များစွာသောမုဆိုးမများရှိ၏။ သူတို့သည် မိမိတို့ကိုလာမန်အမျိုးသားတို့ လာ၍တိုက်ခိုက်မည်ကို ကြီးစွာစိုးသောရိမ်ခြင်းကြောင့်၊ နေ့တိုင်းမပြတ်ပြင်းစွာ ငိုကြွေးကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏အဆက်မပြတ်ငိုကြွေးခြင်းများက၊ ကျန်ကြွင်းသောလင်မဟိ၏လူတို့အား လာမန်အမျိုးသားတို့၏တစ်ဖက်၌ အမျက်ကို နှိုးဆော်သဖြင့်၊ စစ်တိုက်ခြင်းငှာ၊ တစ်ဖန်သွားကြ၏။ သို့ရာတွင်၊ သူတို့သည် များစွာဆုံးရှုံးခြင်းကို ခံစားရလျက်၊ တစ်ဖန်ပြန်၍ မောင်းထုတ်ခံရလေ၏။
၁၂ ထိုမှတစ်ပါး၊ သူတို့သည် တတိယအကြိမ်ပင် တစ်ဖန်သွား၍၊ ယခင်နည်းတူ ခံစားရ၏။ ကွပ်မျက်မခံရသောသူတို့သည်လည်း နီဖိုင်းမြို့သို့ တစ်ဖန်ပြန်လာကြ၏။
၁၃ သူတို့ကိုယ်သူတို့ မြေမှုန့်သို့တိုင်အောင်ပင် နှိမ့်ချကြ၏။ သူတို့ကိုယ်သူတို့ ကျွန်ခံရာထမ်းပိုး၏လွှမ်းမိုးခြင်းကိုခံလျက်၊ သူတို့ရန်သူများ၏အလိုဆန္ဒများအတိုင်း၊ ပြင်းစွာအရိုက်ခံရစေရန်၊ အရပ်ရပ်သို့နှင်ထုတ်ခံရစေရန်နှင့် လေးသောဝန်ကို ထမ်းစေရန် သူတို့ကိုယ်သူတို့အခွင့်ပေးလျက်ရှိကြ၏။
၁၄ သူတို့ကိုယ်သူတို့ နက်လှစွာသောနှိမ့်ချခြင်းဖြင့်ပင် နှိမ့်ချ၍၊ ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာတောင်းလျှောက်ကြ၏။ ထိုမှတစ်ပါး၊ သူတို့၏ဆင်းရဲဒုက္ခများမှ ကယ်လွှတ်တော်မူမည့်အကြောင်း၊ သူတို့၏ဘုရားသခင်ထံ တစ်နေ့လုံးတောင်းလျှောက်ကြ၏။
၁၅ ယခုမူကား၊ ကိုယ်တော်ရှင်သည် သူတို့၏ဒုစရိုက်များကြောင့်၊ သူတို့၏တောင်းလျှောက်ခြင်းကိုကြားရန် နှေးကွေးတော်မူ၏။ အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်သည် သူတို့၏တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ လာမန်အမျိုးသားတို့၏စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူလျှင်၊ သူတို့၏ဝန်များကို ပေါ့စပြုစေ၏။ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်ရန် သင့်လျော်သည်ဟု မဆင်ခြင်ပေ။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုပြည်၌ တရွေ့ရွေ့အောင်မြင်စပြုလာလျက်၊ ဆန်စပါး၊ သိုးစု၊ နွားစုတို့ကို သာ၍မြောက်မြားစွာ စိုက်ပျိုးမွေးမြူစပြုသဖြင့်၊ အစာငတ်မွတ်ခြင်းကို မခံစားရပေ။
၁၇ ယခုတွင်၊ များစွာသောမိန်းမတို့၏အရေအတွက်သည် ယောက်ျားတို့ထက် ပို၍များလေ၏။ ထိုကြောင့်၊ ယောက်ျားတိုင်းသည် မုဆိုးမများနှင့် သူတို့၏သားသမီးများအစာငတ်မွတ်ခြင်းကြောင့် မပျက်စီးစေခြင်းငှာ၊ ထောက်မရန် မျှ၍ပေးရမည်ဟု လင်မဟိမင်းကြီးအမိန့်ပေး၏။ ဤအမှုကို သူတို့ပြုခြင်းသည်ကား၊ ကွပ်မျက်ခံရလေသောသူတို့၏အရေအတွက်များလှခြင်းကြောင့်ပေတည်း။
၁၈ ယခုတွင်၊ လင်မဟိ၏လူတို့သည် အုပ်စုတစ်ခုတည်းတွင် ဖြစ်နိုင်သမျှအတူတကွရှိလျက်၊ မိမိတို့၏ဆန်စပါးများနှင့် သိုးစုတို့ကို ကာကွယ်စောင့်ရှောက်ကြ၏။
၁၉ မင်းကြီးကိုယ်တိုင်သည်ပင် မြို့တံတိုင်းအပြင်ဘက်၌ မိမိ၏ကိုယ်ရံတော်ကို သူနှင့်အတူ မခေါ်ခဲ့ရလျှင်၊ လာမန်အမျိုးသားတို့၏လက်အတွင်းသို့ တစ်နည်းနည်းဖြင့် ကျရောက်မည်ကို စိုးရိမ်၍ သူ့ကိုယ်သူယုံကြည်ခြင်းမရှိချေ။
၂၀ လာမန်အမျိုးသားတို့၏သမီးများကို ခိုးယူသွားလေသူများဖြစ်သည့် တောရိုင်းထဲသို့ ထွက်ပြေးသွားခဲ့သည့်၊ ထို့အတူ၊ မိမိတို့အပေါ် ထိုကဲ့သို့ ကြီးစွာသော ဖျက်ဆီးခြင်းကိုကျရောက် စေခဲ့လေသည့် ထိုယဇ်ပုရောဟိတ်များကို တစ်နည်းနည်းဖြင့် ဖမ်းဆီးနိုင်ခြင်းငှာ၊ မိမိလူတို့အား ပတ်ဝန်းကျင်ရှိပြည်ကို စောင့်ကြည့်စေခဲ့၏။
၂၁ အကြောင်းမူကား၊ ထိုသူတို့ကို အပြစ်ဒဏ်ပေးနိုင်ကြခြင်းငှာ၊ ဖမ်းဆီးလိုကြ၏။ ထိုသူတို့က နီဖိုင်းပြည်ထဲသို့ ညဉ့်အချိန်၌ဝင်လာပြီး၊ သူတို့၏ဆန်စပါးများနှင့် သူတို့၏အဖိုးထိုက်သည့် အရာများစွာတို့ကို သယ်ဆောင်သွားကြသောကြောင့်ဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် ချောင်းမြောင်း၍ စောင့်ကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုများ ထိုပြည်ထဲသို့ ဝင်လာကြသည့်အချိန်အထိတိုင်အောင်ပင်၊ လာမန်အမျိုးသားများနှင့် လင်မဟိ၏လူတို့ကြား၌နှောင့်ယှက်ခြင်း မရှိတော့ချေ။
၂၃ မင်းကြီးသည်လည်း မိမိ၏ကိုယ်ရံတော်နှင့်အတူ မြို့တံခါး၏အပြင်ဘက်၌ရှိလေသောအခါ၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုများကို တွေ့ရှိ၏။ သူတို့ကို နောဧ၏ယဇ်ပုရောဟိတ်များဟု ထင်မှတ်၏။ ထို့ကြောင့်၊ သူတို့ကို ဖမ်းဆီး ချည်နှောင်၍၊ ထောင်ထဲ၌ လှောင်ထားစေ၏။ အကယ်၍၊ သူတို့သည် နောဧ၏ယဇ်ပုရောဟိတ်များဟုတ်လေလျှင်၊ အသေသတ်ခံရစေမည်ဖြစ်၏။
၂၄ သို့ရာတွင်၊ သူတို့မဟုတ်လေဘဲ၊ သူ၏ညီအစ်ကိုများဖြစ်၍၊ ဇရဟင်မလပြည်မှ လာကြလေသည်ကို တွေ့ရသောအခါ၊ သူသည် အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။
၂၅ ယခုတွင်၊ အမ္မုန်မရောက်မီ၌ လင်မဟိမင်းကြီးသည် ဇရဟင်မလပြည်ကို ရှာဖွေခြင်းငှာ၊ အနည်းငယ်သောလူတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ သူတို့သည် ထိုပြည်ကို မတွေ့ရှိနိုင်ကြဘဲ၊ တောရိုင်းထဲ၌ ပျောက်ဆုံးကြ၏။
၂၆ သို့သော်လည်း၊ သူတို့သည် လူများနေထိုင်ခဲ့လေသည့်ပြည်၊ ထိုမှတစ်ပါး၊ အရိုးခြောက်များဖြင့် ဖုံးလွှမ်းထားသည့်ပြည်၊ ထိုမှတစ်ပါး၊ လူများနေထိုင်ခဲ့လေပြီး၊ ဖျက်ဆီးခံရလေသည့်ပြည်ကို တွေ့ရှိ၏။ သူတို့သည်လည်း ထိုပြည်ကို ဇရဟင်မလပြည်ဟု ထင်မှတ်၍ နီဖိုင်းပြည်သို့ ပြန်သွားလျက်၊ အမ္မုန်မရောက်ခင် ရက်များစွာမတိုင်မီတွင် ထိုပြည်၏ နယ်နိမိတ်သို့ ရောက်ရှိကြ၏။
၂၇ သူတို့သည်လည်း မှတ်တမ်းတစ်ခု၊ သူတို့တွေ့ရှိလေသည့် အရိုးကျန်ခဲ့သောလူတို့၏ မှတ်တမ်းတစ်ခုကိုပင် သူတို့နှင့်အတူ ယူဆောင်ခဲ့ကြ၏။ ထိုမှတ်တမ်းကို သတ္တုရိုင်းပြားများပေါ်၌ ရေးထွင်းထား၏။
၂၈ ယခုမူကား၊ မောဇိယမင်းကြီး၌ ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခုရှိ၍၊ ထိုဆုကျေးဇူးအားဖြင့် ယင်းကဲ့သို့သောရေးထွင်းခြင်းများကို သူအနက်ဖွင့်နိုင်ကြောင်း အမ္မုန်နှုတ်မြွက်၍ သိရသောအခါ လင်မဟိသည် ဝမ်းမြောက်ခြင်းနှင့် တစ်ဖန်ပြည့်စုံ၏။ အမ္မုန်သည်လည်း ရွှင်လန်းဝမ်းမြောက်၏။
၂၉ သို့သော်လည်း၊ သူတို့၏များစွာသောညီအစ်ကိုတို့ကွပ်မျက်ခံရလေသောကြောင့်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့သည် ဝမ်းနည်းမှုနှင့်ပြည့်လေ၏။
၃၀ နောဧမင်းကြီးနှင့် သူ၏ယဇ်ပုရောဟိတ်တို့က လူတို့ကို ဘုရားသခင်အား ဆန့်ကျင်၍ အလွန်များစွာသောအပြစ်များနှင့် ဒုစရိုက်များကို ကျူးလွန်စေသောကြောင့်လည်း ဖြစ်၏။ အဘိနဒိသေခြင်းကြောင့်လည်းကောင်း၊ ဘုရားသခင်၏ခွန်အားနှင့် တန်ခိုးတော်၊ ထို့အတူ၊ အဘိနဒိပြောထားသော စကားများကို ယုံကြည်ခြင်းတို့အားဖြင့် ဘုရားသခင်၏အသင်းတော်ကို တည်ထောင်သူ အယ်လမာနှင့်အတူ သွားသူများ ထွက်ခွာသွားခြင်းကြောင့်လည်းကောင်း သူတို့သည် ငိုကြွေးမြည်တမ်းကြ၏။
၃၁ ထိုမှတစ်ပါး၊ သူတို့ အဘယ်အရပ်သို့ ထွက်ပြေးသွားကြသည်ကို သိခြင်းမရှိသောကြောင့်၊ ထွက်ခွာသွားခြင်းအတွက် ငိုကြွေးမြည်တမ်းကြ၏။ ယခုတွင်၊ သူတို့နှင့် ဝမ်းပန်းတသာ ပေါင်းစည်းကြ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို အစေခံ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ၊ သူတို့ကိုယ်တိုင် သူနှင့်ပဋိညာဉ်ပြုကြလေ၏။
၃၂ ယခုမူကား၊ အမ္မုန်ရောက်ကတည်းက လင်မဟိမင်းကြီးနှင့်အတူ၊ သူ၏လူများစွာတို့သည်လည်း ဘုရားသခင်ကို အစေခံ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းကြခြင်းငှာ သူနှင့် ပဋိညာဉ်ပြုကြလေ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လင်မဟိမင်းကြီးနှင့် သူ၏လူများမှ များစွာသော သူတို့သည် ဗတ္တိဇံခံရန် အလိုရှိကြ၏။ သို့ရာတွင်၊ ဘုရားသခင်ထံမှ အခွင့်အာဏာရရှိထားသူ တစ်ယောက်မျှ ထိုပြည်၌ မရှိ။ အမ္မုန်သည်လည်း မိမိကိုယ်ကို မထိုက်တန်သောကျွန်ဟု ထင်မှတ်သောကြောင့်၊ ဤအမှုအား ပြုခြင်းကို ငြင်းဆို၏။
၃၄ ထို့ကြောင့်၊ သူတို့သည် သူတို့ကိုယ်တိုင် အသင်းတော်တစ်ခုအဖြစ် မတည်ထောင်ဘဲ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကို မျှော်လင့်နေခဲ့ကြ၏။ ယခုတွင်၊ သူတို့သည် တောရိုင်းထဲသို့ ထွက်ပြေးသွားလေသော အယ်လမာနှင့် သူ၏ညီအစ်ကိုများကဲ့သို့ပင် ဖြစ်လာရန် အလိုရှိကြလေ၏။
၃၅ သူတို့သည် ဘုရားသခင်ကို သူတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် အစေခံရန် လိုလိုလားလားရှိကြောင်း သက်သေနှင့် သက်သေခံချက်အဖြစ် ဗတ္တိဇံခံရန် အလိုရှိကြ၏။ သို့သော်လည်း၊ သူတို့သည် အချိန်ဆွဲကြ၏။ သူတို့၏ဗတ္တိဇံအကြောင်း မှတ်တမ်းကိုလည်း နောင်ကာလမှ ရေးဦးမည်။
၃၆ ယခုမူကား၊ အမ္မုန်နှင့် သူ၏လူများ၊ ထို့အတူ၊ လင်မဟိမင်းကြီးနှင့် သူ၏လူတို့၏ အလုံးစုံသောကြံစည်အားထုတ်ခြင်းသည်ကား၊ သူတို့ကိုယ်သူတို့ လာမန်အမျိုးသားတို့၏ လက်မှလည်းကောင်း၊ ကျွန်ခံရာမှလည်းကောင်း ကယ်လွှတ်ခြင်းငှာပေတည်း။