အခန်းကြီး ၂၇
မောဇိယသည် ညှဉ်းဆဲခြင်းကို တားမြစ်၍၊ ညီမျှစေရန် မိန့်မှာ၏—အယ်လမာအငယ်နှင့် မောဇိယ၏သားလေးဦးတို့သည် အသင်းတော်ကို ဖျက်ဆီးခြင်းငှာ ကြိုးစားကြ၏—ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး၊ သူတို့၏ဆိုးသောအကျင့်များကို ရပ်တန့်ရန် မိန့်မှာ၏—အယ်လမာသည် ထိခိုက်ခံရပြီး ဆွံ့အသွား၏—လူသားခပ်သိမ်းသည် ကယ်တင်ခြင်းကို ရရှိရန် တစ်ဖန်မွေးခြင်းခံရမည်—အယ်လမာနှင့် မောဇိယ၏သားတို့သည် ဝမ်းသာစရာသတင်းကို ဟောကြား၏။ ဘီစီ ၁၀၀–၉၂ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မယုံကြည်သူများက အသင်းတော်ကို ထိခိုက်စေသော ညှဉ်းဆဲခြင်းများမှာ၊ အလွန်ကြီးမားလှ၏၊ အသင်းတော်သည် ထိုအမှုနှင့်စပ်လျဉ်း၍၊ မိမိတို့၏အကြီးအကဲများကို ညည်းညူအပြစ်တင်စပြု၏။ သူတို့သည် အယ်လမာကိုလည်း အပြစ်တင်၏။ အယ်လမာသည်လည်း၊ ထိုအကြောင်းကိစ္စကို မောဇိယမင်းကြီးရှေ့သို့ တင်ပြ၏။ မောဇိယသည်လည်း မိမိယဇ်ပုရောဟိတ်များနှင့် တိုင်ပင်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယမင်းကြီးသည် အဘယ်မယုံကြည်သူမဆို၊ ဘုရားသခင်၏အသင်းတော်နှင့် ဆိုင်သောသူအဘယ်သူ့ကိုမျှ မညှဉ်းဆဲရန် ပတ်ဝန်းကျင်ပြည်တစ်လျှောက်သို့ ကြေညာချက်ကို ထုတ်ပြန်၏။
၃ ခပ်သိမ်းသောအသင်းတော်များ အနှံ့အပြား၌ တင်းကျပ်သောအမိန့်ရှိလေသည်မှာလည်း၊ သူတို့၌ ညှဉ်းဆဲခြင်းများ မရှိရမည့်အကြောင်း၊ ခပ်သိမ်းသောလူသားတို့၌ ညီမျှခြင်းရှိရမည့်အကြောင်း၊
၄ သူတို့သည် မာနကိုသော်လည်းကောင်း၊ စိတ်မြင့်သောသဘောကိုသော်လည်းကောင်း မိမိတို့၏ငြိမ်းချမ်းခြင်းအား နှောင့်ယှက်ခွင့်မပေးရမည့်အကြောင်း၊ လူသားတိုင်း မိမိတို့အထောက်အမအတွက် မိမိတို့လက်ဖြင့် အလုပ်လုပ်လျက်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို မိမိကိုယ်ကဲ့သို့ မှတ်ယူရမည့်အကြောင်းဖြစ်၏။
၅ ထိုမှတစ်ပါး၊ သူတို့၏ ခပ်သိမ်းသော ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဖျားနာခြင်း၌ရှိသော၊ သို့မဟုတ်၊ အလွန်ဆင်းရဲလျက်ရှိသော အခြေအနေများတွင်မှတစ်ပါး၊ မိမိတို့အထောက်အမအတွက် မိမိတို့လက်ဖြင့် အလုပ်လုပ်ရမည်။ ဤအရာတို့ကို ပြုခြင်းအားဖြင့်လည်း၊ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကြွယ်ဝကြ၏။
၆ ထိုပြည်၌ ငြိမ်းချမ်းခြင်းများစွာ တစ်ဖန်ရှိစပြု၏။ လူတို့သည်လည်း အလွန်မြောက်မြားစပြု၍၊ မြေကြီးမျက်နှာပြင်ပေါ်၌ အထူးသဖြင့်၊ မြောက်အရပ်နှင့် တောင်အရပ်တို့တွင်လည်းကောင်း၊ အရှေ့အရပ်နှင့် အနောက်အရပ်တို့တွင်လည်းကောင်း ထိုပြည်၏ခပ်သိမ်းသောအရပ်တို့၌ မြို့ကြီးများနှင့်၊ ရွာများတို့ကို တည်ဆောက်လျက်၊ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲစပြု၏။
၇ ကိုယ်တော်ရှင်သည်လည်း သူတို့ကို အကြည့်အရှုကြွတော်မူပြီး၊ အောင်မြင်စေလျက် သူတို့သည် အမြောက်အမြားကြွယ်ဝသည့် လူများဖြစ်လာကြ၏။
၈ ယခုတွင်၊ မောဇိယ၏သားများသည် မယုံကြည်သူများ၌ ရေတွက်ခံရ၏။ ထို့အတူ၊ အယ်လမာ၏သားများထဲမှ တစ်ယောက်သည်လည်း သူ့အဘ၏အမည်အတိုင်းခေါ်၍ သူတို့၌ ရေတွက်ခံရ၏။ သို့သော်လည်း၊ သူသည် အလွန်ဆိုးညစ်ပြီး၊ ရုပ်တုကိုးကွယ်သောသူတစ်ဦး ဖြစ်လာ၏။ သူသည် စကားများစွာပြောတတ်သူလည်းဖြစ်၍၊ လူတို့ကို များစွာမြှောက်ပင့်၍ ပြော၏။ ထို့ကြောင့်၊ သူသည် လူများစွာတို့ကို သူ၏ဒုစရိုက်များအတိုင်းပြုကြစေရန် ဦးဆောင်၏။
၉ သူသည် ဘုရားသခင်၏အသင်းတော် အောင်မြင်ခြင်းအတွက် ကြီးစွာသော အဆီးအတားတစ်ခုလည်း ဖြစ်လာ၏။ လူတို့၏စိတ်နှလုံးကိုခိုးယူသွားလျက်၊ လူတို့၌ များစွာသော ငြင်းခုံခြင်းများကိုဖြစ်စေလျက်၊ ဘုရားသခင်၏ရန်သူအတွက်၊ ထိုသူတို့အပေါ် အစိုးရခြင်းကို ကျင့်သုံးစေရန် အခွင့်အရေးကို ပေးလျက်ရှိ၏။
၁၀ ယခုမူကား၊ အချိန်တန်လာသောအခါ၊ သူသည် ဘုရားသခင်၏အသင်းတော်ကို ဖျက်ဆီးရန် အရပ်ရပ်သို့သွားစဉ်တွင်၊ အသင်းတော်ကို ဖျက်ဆီးခြင်းငှာနှင့်၊ ကိုယ်တော်ရှင်၏ လူတို့အား၊ ဘုရားသခင်၏ ပညတ်တော်များ သို့မဟုတ်၊ မင်းကြီးကိုပင် ဆန့်ကျင်၍၊ လမ်းလွဲသို့ဆောင်ခြင်းငှာကြိုးစားလျက်၊ မောဇိယ၏သားများနှင့် အတူအရပ်ရပ်သို့ တိတ်ဆိတ်စွာသွားပြီး—
၁၁ သင်တို့အား ငါပြောခဲ့သည့်အတိုင်း၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်လျက်၊ အရပ်ရပ်သို့ သွားစဉ်တွင်၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်သည် သူတို့ထံသို့ ပေါ်လာ၏။ သူသည် မိုးတိမ်ထဲမှာ ရှိလေသည့်အလား၊ ဆင်းသက်တော်မူ၍၊ မိုးချုန်းသံကဲ့သို့ပင် မြွက်ဆိုခြင်းက၊ သူတို့ရပ်သည့်မြေကြီးကို တုန်လှုပ်စေ၏။
၁၂ သူတို့သည်လည်း အလွန်အံ့ဩ၍၊ မြေကြီးသို့ လဲကျကြ၏၊ မိမိတို့ကို မြွက်ဆိုသည့်စကားများကိုလည်း နားလည်ခြင်းမရှိကြ။
၁၃ သို့သော်လည်း၊ သူတစ်ဖန်အော်ဟစ်ပြန်သည်ကား၊ အယ်လမာ၊ ထလော့၊ ရှေ့သို့လာလော့၊ သင်သည် ဘုရားသခင်၏အသင်းတော်ကို အဘယ်ကြော့င် ညှဉ်းဆဲသနည်း။ အကြောင်းမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ၊ ဤအရာသည် ငါ၏အသင်းတော်ဖြစ်၍ ငါတည်ထောင်မည်။ ငါ့လူမျိုးတို့၏လွန်ကျူးခြင်းမှတစ်ပါး၊ အဘယ်အရာကမျှ ထိုအသင်းတော်ကို ဖျက်ဆီးလိမ့်မည်မဟုတ်။
၁၄ ထိုမှတစ်ဖန်၊ ကောင်းကင်တမန်မြွက်ဆိုသည်ကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့လူမျိုးတို့၏ဆုတောင်းခြင်းများနှင့် သင့်အဘတည်းဟူသော သူ့ကျွန်အယ်လမာ၏ ဆုတောင်းခြင်းများကိုလည်း ကြားတော်မူ၏။ အကြောင်းမူကား၊ သင်နှင့်စပ်လျဉ်း၍၊ သမ္မာတရားကို သိခြင်းသို့ သင်ဆောင်ယူခံရနိုင်စေခြင်းငှာ၊ များစွာသောယုံကြည်ခြင်းဖြင့် သူဆုတောင်းလေပြီ။ ထို့ကြောင့်၊ ဘုရားသခင်၏တန်ခိုးနှင့် အခွင့်အာဏာတို့နှင့်စပ်လျဉ်း၍၊ သူ့ကျွန်တို့၏ဆုတောင်းခြင်းများသည် သူတို့၏ယုံကြည်ခြင်းအတိုင်း အဖြေရနိုင်ကြောင်းကို သင့်အား နားသွင်းခြင်းငှာဟူသည့် ဤကြံရွယ်ချက်အတွက် ငါလာလေပြီ။
၁၅ ယခုမူကား၊ ရှုလော့၊ သင်သည် ဘုရားသခင်၏တန်ခိုးတော်ကို သံသယဝင်နိုင်သလော။ အကြောင်းမူကား၊ ရှုလော့၊ ငါ၏အသံသည် မြေကြီးကို မလှုပ်သလော။ ထို့အတူ၊ သင့်ရှေ့၌ ငါ့ကို မမြင်သလော။ ငါ့ကို ဘုရားသခင်ထံမှ စေလွှတ်တော်မူ၏။
၁၆ ယခုတွင်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့၊ ဟေလမ်ပြည်နှင့် နီဖိုင်းပြည်၌ သင့်ဘိုးဘေးတို့ဖမ်းဆီးချုပ်နှောင်ခံရခြင်းကို အောက်မေ့လော့။ သူတို့အတွက် အဘယ်မျှလောက်ကြီးစွာသောအမှုများကို သူပြုတော်မူလေကြောင်းကိုလည်း သတိရလော့။ အကြောင်းမူကား၊ သူတို့ကျွန်ခံရာ၌ ရှိ၍၊ သူကယ်လွှတ်တော်မူလေ၏။ ယခုမူကား၊ သင့်ကို ငါဆိုသည်မှာ၊ အယ်လမာ၊ သင့်လမ်းသင်သွားလော့၊ အသင်းတော်ကို ဖျက်ဆီးရန် မကြိုးစားတော့နှင့်။ သူတို့ဆုတောင်းခြင်းများ၏အဖြေကို ရနိုင်စေခြင်းငှာ၊ သင်ကိုယ်တိုင် နှင်ထုတ်ခံရလိမ့််မည်ဖြစ်သော်လည်း ဤသို့ပြုလော့။
၁၇ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဤအရာတို့သည်ကား၊ ကောင်းကင်တမန်က အယ်လမာကို ပြောခဲ့သော နောက်ဆုံးစကားများဖြစ်၏။ ထို့နောက် ထွက်ခွာသွား၏။
၁၈ ယခုမူကား၊ အယ်လမာနှင့် အတူရှိသောသူများသည် အလွန်အံ့ဩသောကြောင့်၊ မြေကြီးသို့ တစ်ဖန် လဲကျပြန်၏။ အကြောင်းမူကား၊ သူတို့သည် ကိုယ်တော်ရှင်၏ကောင်းကင်တမန်ကို သူတို့မျက်စိဖြင့် မြင်လေ၏။ သူ၏အသံသည် မြေကြီးကို လှုပ်စေသော မိုးချုန်းသံကဲ့သို့ ဖြစ်၏။ မြေကြီးကိုလှုပ်ယမ်းနိုင်ပြီး၊ အစိတ်စိတ်ကွဲမတတ် တုန်စေသော ဘုရားသခင်၏တန်ခိုးတော်မှတစ်ပါး၊ အဘယ်အရာမျှ မရှိသည်ကိုလည်း သူတို့သိကြ၏။
၁၉ ယခုမူကား၊ အယ်လမာ၏အံ့ဩခြင်းမှာ အလွန်ကြီးမား၍ ဆွံ့အလာသဖြင့်၊ သူသည် နှုတ်ကို မဖွင့်နိုင်ချေ။ ထိုမှတစ်ပါး၊ အားနည်းလာ၍၊ သူ့လက်များကိုပင် မလှုပ်ရှားနိုင်ချေ။ ထို့ကြောင့်၊ သူနှင့်အတူရှိသူများအားဖြင့် ယူဆောင်သွားခံရပြီး၊ သူ့အဘရှေ့ ၌ ချထားသည့်တိုင်အောင် ဘာမျှမလုပ်နိုင်ဘဲနှင့် သယ်ဆောင်သွားခံရ၏။
၂၀ သူတို့၌ဖြစ်ပျက်လေသမျှကို သူ့အဘအား သူတို့ပြန်၍ပြောပြလျှင်၊ သူ့အဘသည် ရွှင်လန်းဝမ်းမြောက်၏။ အကြောင်းမူကား၊ ထိုအမှုမှာ ဘုရားသခင်၏တန်ခိုးတော်ဖြစ်ကြောင်းကို သူသိ၏။
၂၁ သူ့သားအတွက်လည်းကောင်း၊ သူနှင့်အတူရှိလေသောသူများအတွက်လည်းကောင်း ကိုယ်တော်ရှင်ပြုတော်မူလေသောအရာတို့ကို သက်သေခံနိုင်စေခြင်းငှာ သူသည်လူအစုအဝေးကို အတူတကွစုဝေးစေ၏။
၂၂ ယဇ်ပုရောဟိတ်တို့ကိုလည်း သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးစေ၏။ အယ်လမာစကားပြောနိုင်စေရန် နှုတ်ကို ဖွင့်တော်မူစေခြင်းငှာလည်းကောင်း၊ သူ၏ခြေလက်တို့ အင်အားရရှိစေခြင်းငှာလည်းကောင်း၊ သူတို့သည် အစာရှောင်ပြီး၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံ ဆုတောင်းစပြုကြ၏—ထိုကဲ့သို့အားဖြင့် လူတို့၏မျက်စိပွင့်လင်း၍၊ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ဘုန်းတော်တို့အကြောင်း မြင်၍ သိနိုင်စေကြောင်းပင်တည်း။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နှစ်ရက်နှင့် နှစ်ညကြာအောင် အစာရှောင်၍ဆုတောင်းကြပြီးလေလျှင်၊ အယ်လမာ၏ခြေနှင့်လက်များ အင်အားရရှိ၏၊ ထို့အတူ သူသည် ရပ်၍၊ သူတို့ကို ကောင်းစွာစိတ်သက်သာခြင်းရှိကြရန် ပြောပြ၍၊ စကားပြောစပြုခဲ့၏။
၂၄ သူဆိုလေသည်မှာ၊ အကြောင်းမူကား၊ ငါသည် ငါ၏အပြစ်များမှ နောင်တရလေပြီ၊ ကိုယ်တော်ရှင်၏ရွေးနှုတ်တော်မူခြင်းကိုလည်း ခံရလေပြီ။ ရှုလော့၊ ငါသည် ဝိညာဉ်တော် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။
၂၅ ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူလေသည်ကား၊ ခပ်သိမ်းသောလူသားများ၊ အထူးသဖြင့်၊ ယောက်ျားများနှင့် မိန်းမများ၊ ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့တစ်ဖန်မွေးခြင်းခံရမည်ကို အံ့ဩခြင်းမရှိနှင့်။ အထူးသဖြင့်၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူ၍၊ သူတို့၏လောကီဆိုင်ရာနှင့် ကျရှုံးရာအခြေအနေမှ၊ ဖြောင့်မတ်ခြင်းအခြေအနေသို့ ပြောင်းလဲလျက်၊ ဘုရားသခင်အားဖြင့် ရွေးနှုတ်တော်မူခြင်းကို ခံရလျက်၊ သူ၏သားသမီးများဖြစ်လာလျက်ရှိကြ၏။
၂၆ ထို့ကဲ့သို့အားဖြင့်၊ သူတို့သည် အသစ်သောလူသတ္တဝါများ ဖြစ်လာကြ၏။ သူတို့သည် ဤအမှုကို မပြုလျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်ကြ။
၂၇ သင့်ကို ငါဆိုသည်မှာ၊ ဤအမှုမဟုတ်လျှင်၊ သူတို့သည် စွန့်ပစ်ခံရမည်။ ငါသည်လည်း စွန့်ပစ်ခံရလုသောလက္ခဏာရှိသောကြောင့် ဤအရာကို သိ၏။
၂၈ သို့သော်လည်း၊ များစွာသောအတိဒုက္ခများကို ဖြတ်သန်းပြီးမှ၊ သေလုနီးပါးနောင်တရသဖြင့်၊ ကိုယ်တော်ရှင်သည် ငါ့ကို ထာဝရတည်မြဲသောလောင်မြိုက်ခြင်းထဲမှ ရုတ်တရက်ဆွဲယူရန် သင့်လျော်မည်ဟု ကရုဏာတော်ဖြင့် ဆင်ခြင်တော်မူလေသဖြင့်၊ ငါသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။
၂၉ ငါ၏ဝိညာဉ်သည် ခါးစွာသောသည်းခြေနှင့် ဒုစရိုက်အနှောင်အဖွဲ့များမှ ရွေးနှုတ် ခံထားရလေပြီ။ ငါသည် အမှောင်မိုက်ဆုံးဖြစ်သည့် နက်ရှိုင်းလှသောချောက်ကြီးထဲ၌ ရှိခဲ့၏။ သို့ရာတွင်၊ ယခု၌၊ ငါသည် ဘုရားသခင်၏အံ့ဩဖွယ်ကောင်းသောအလင်းတော်ကို မြင်ပြီ။ ငါ၏ဝိညာဉ်သည် ထာဝရစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းနှင့် နှိပ်စက်ခံရ၏။ သို့ရာတွင်၊ ငါသည် ရုတ်တရက်ကယ်ယူ ခံရ၏၊ ငါ၏ဝိညာဉ်သည်လည်း မနာကျင်တော့။
၃၀ ငါ၏ရွေးနှုတ်ရှင်ကို ငါငြင်းပယ်ပြီး၊ ငါတို့ဘိုးဘေးတို့ ပြောထားလေသည်ကို ငြင်းဆို၏။ သို့ရာတွင်၊ သူကြွလာတော်မူပြီး၊ သူ၏ဖန်ဆင်းထားသည့် လူသတ္တဝါမှန်သမျှတို့ကို အောက်မေ့တော်မူသည့်အကြောင်း ယခု သူတို့ကြိုတင်၍မြင်နိုင်စေကြောင်း၊ ခပ်သိမ်းသောသူတို့ထံ သူ့ကိုယ်ကို ထင်ရှားစွာပြတော်မူလိမ့်မည်။
၃၁ ထိုမှတစ်ပါး၊ သူ့ရှေ့၌ လူတိုင်းဒူးထောက်ပြီး၊ နှုတ်ဖြင့် ဝန်ခံလိမ့်မည်။ ထိုမှတစ်ပါး၊ အကယ်စင်စစ်၊ နောက်ဆုံးသောနေ့၌၊ ခပ်သိမ်းသော လူသားတို့ သူ့အားဖြင့် တရားစီရင်ခံရစေရန် ရပ်ကြသောအခါ၊ သူသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဝန်ခံကြလိမ့်မည်။ ထို့နောက်တွင်၊ လောက၌ ဘုရားမဲ့နေသောသူများက ထာဝရတည်မြဲသောအပြစ်ဒဏ်၏စီရင်ချက်မှာ၊ သူတို့အပေါ်တရားမျှတတော်မူကြောင်း ဝန်ခံကြလိမ့်မည်။ သူတို့သည် အလုံးစုံတို့ကို စစ်ဆေးတော်မူသည့် သူ့မျက်လုံးတော်၏လျှပ်တစ်ပြက်အကြည့်အောက်၌၊ တုန်လှုပ်၍ တုန်ပြီး၊ တွန့်ဆုတ်ကြလိမ့်မည်။
၃၂ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူတို့ထံကောင်းကင်တမန် ရောက်လာသောအချိန်က အယ်လမာနှင့်အတူရှိကြသောသူတို့သည် ဤအချိန်မှစ၍၊ ထိုပြည်တစ်လျှောက်လုံးရှိပတ်ဝန်းကျင်သို့ ခရီးသွားလျက်၊ မိမိတို့ မြင်လေ၊ ကြားလေသောအရာများကို လူခပ်သိမ်းတို့အား ပြောကြားလျက်၊ မယုံကြည်သူများအားဖြင့် ကြီးစွာညှဉ်းဆဲခြင်းကိုခံ၍၊ ထိုသူတို့အားဖြင့် ပြင်းစွာရိုက်ခြင်းကိုခံလျက်၊ အတိဒုက္ခများစွာဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောလျက်ရှိကြ၏။
၃၃ သို့ရာတွင်၊ အားလုံးသောဤအမှုများရှိသော်ငြားလည်း၊ သူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေလျက်၊ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းရန်၊ စိတ်ရှည်ခြင်းနှင့် များစွာသောအခက်အခဲတို့ဖြင့် သူတို့ကိုတိုက်တွန်းလျက်၊ များစွာသောသက်သာစေခြင်းကို အသင်းတော်သို့ မျှ၍ပေးကြ၏။
၃၄ သူတို့အထဲမှ လေးဦးသည်ကား၊ မောဇိယ၏သားများဖြစ်၏။ သူတို့အမည်များမှာ၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိတို့ ဖြစ်၏။ ဤအရာတို့မှာ၊ မောဇိယသားများ၏အမည်များပေတည်း။
၃၅ သူတို့သည်လည်း၊ ဇရဟင်မလပြည်တစ်လျှောက်နှင့် မောဇိယမင်းကြီး၏အုပ်စိုးမှုအောက်၌ ရှိသောသူခပ်သိမ်းတို့ကြား၊ ခရီးသွား၍၊ အသင်းတော်ကို သူတို့ပြုလေသော ပျက်စီးမှုမှန်သမျှတို့မှ ပြုပြင်ခြင်းငှာ၊ ထက်သန်ပြင်းပြစွာကြိုးစားလျက်၊ သူတို့၏ခပ်သိမ်းသောအပြစ်များကို ဝန်ခံလျက်၊ သူတို့မြင်ခဲ့ရလေသည့် ခပ်သိမ်းသောအရာတို့ကို ပြောကြားလျက်၊ ပရောဖက်ပြုဟောချက်များနှင့် ကျမ်းစာများကို ၎င်းတို့အား ကြားနာလိုသူမှန်သမျှတို့ကို ရှင်းပြလျက်ရှိကြ၏။
၃၆ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် များစွာသောသူတို့အား သမ္မာတရားကိုသိခြင်းသို့၊ အထူးသဖြင့်၊ သူတို့၏ရွေးနှုတ်ရှင်ကိုသိခြင်းသို့ ဆောင်ယူရာတွင် ဘုရားသခင်၏လက်တော်၌ တန်ဆာများဖြစ်လေ၏။
၃၇ သူတို့သည်လည်း မင်္ဂလာရှိပေစွတကား။ အကြောင်းမူကား၊ သူတို့သည် ငြိမ်းချမ်းခြင်းကို ပြောကြား၏။ ကောင်းမြတ်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ပြောကြား၏။ ကိုယ်တော်ရှင်အုပ်စိုးတော်မူကြောင်းကိုလည်း လူတို့အား ဟောကြားလေသတည်း။