အခန်းကြီး ၇
အမ္မုန်သည် လင်မဟိမင်းပြုရာ လေဟိ-နီဖိုင်းပြည်ကို တွေ့ရှိ၏—လင်မဟိ၏လူမျိုးတို့သည် လာမန်အမျိုးသားတို့၏ကျွန်ပြုရာ၌ ရှိကြ၏—လင်မဟိသည် သူတို့၏သမိုင်းကြောင်းကို ပြန်လည်ပြောပြ၏—ခရစ်တော်သည် ဘုရားသခင်နှင့် အရာခပ်သိမ်းတို့၏ အဘ ဖြစ်တော်မူကြောင်းကို ပရောဖက်တစ်ပါး၊ (အဘိနဒိ) က သက်သေခံ၏—အညစ်အကြေးကို စိုက်သောသူများသည် လေပွေကိုရိတ်သိမ်းကြ၏၊ ကိုယ်တော်ရှင်ကို ကိုးစားသောသူတို့သည် ကယ်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။ ဘီစီ ၁၂၁ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ မောဇိယမင်းကြီးသည် သုံးနှစ်ကြာအောင် အဆက်မပြတ်ငြိမ်းချမ်းခြင်းကို ရရှိလေပြီးနောက်၊ လေဟိ-နီဖိုင်းပြည် သို့မဟုတ်၊ လေဟိ-နီဖိုင်းမြို့၌ နေခြင်းငှာ ထွက်သွားကြသောလူမျိုးတို့အကြောင်းကို သိလိုလေ၏။ အကြောင်းမူကား၊ ဇရဟင်မလပြည်ကို ထိုသူတို့စွန့်ခွာသည့်အချိန်မှစ၍၊ ထိုသူတို့ထံမှ အဘယ်အရာကိုမျှ သူ၏လူမျိုးတို့မကြားရ။ ထို့ကြောင့်၊ သူ၏လူမျိုးတို့သည် နှောင့်ယှက်ခြင်းများဖြင့် သူ့ကို ငြီးငွေ့စေ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယမင်းကြီးသည် မိမိတို့၏သန်မြန်သူများထဲမှ တစ်ဆယ်ခြောက်ယောက်ကို သူတို့ညီအစ်ကိုတို့အကြောင်းကို စုံစမ်းစေခြင်းငှာ လေဟိ-နီဖိုင်းပြည်သို့ တက်သွားခွင့်ပေး၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နက်ဖြန်နေ့၌ သွားရန်အစပြုလျက်၊ အမ္မုန်ဟုခေါ်သည့် သန်မာပြီးအားကြီးသူ၊ ဇရဟင်မလ၏အမျိုးအနွယ်ဖြစ်သူတစ်ဦးလည်း အတူရှိ၏။ ထိုသူသည် သူတို့၏အကြီးအကဲလည်းဖြစ်၏။
၄ ယခုမူကား၊ သူတို့သည် တောရိုင်းထဲ၌ လေဟိ-နီဖိုင်းပြည်သို့ တက်သွားသည့် လမ်းကြောင်းကို သိခြင်းမရှိကြ။ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ ရက်ပေါင်းများစွာ အရပ်ရပ်သို့လည်ခဲ့ကြ၏၊ ရက်လေးဆယ်ကြာအောင်ပင် အရပ်ရပ်သို့လည်ခဲ့ကြ၏။
၅ သူတို့သည် ရက်လေးဆယ်ကြာအောင် အရပ်ရပ်သို့ လည်ခဲ့ကြ လေပြီးနောက်၊ ရှိလုမ်ပြည်၏မြောက်အရပ်၌ရှိသည့် တောင်ကုန်းသို့ ရောက်၍၊ ထိုနေရာ၌ သူတို့၏တဲများကို ဆောက်ကြ၏။
၆ အမ္မုန်သည်လည်း မိမိညီအစ်ကိုသုံးယောက်ကို ခေါ်ယူခဲ့၏။ သူတို့အမည်များမှာ၊ အာမလေခိ၊ ဟေလင်နှင့် ဟေမတို့ဖြစ်၏။ သူတို့သည်လည်း နီဖိုင်းပြည်ထဲသို့ ဆင်းသွားကြ၏။
၇ ရှုဦးလော့၊ သူတို့သည် နီဖိုင်းပြည်နှင့် ရှိလုမ်ပြည်၌ရှိကြသော လူမျိုးတို့၏ရှင်ဘုရင်ကို တွေ့ကြ၏။ သူတို့သည် ရှင်ဘုရင်၏ကိုယ်ရံတော်များအားဖြင့် ဝိုင်းရံဆောင်ယူသွားခံရ၏၊ ချည်နှောင်၍၊ ထောင်ထဲ၌လှောင်ထားသည်ကိုလည်း ခံရကြ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထောင်ထဲ၌ နှစ်ရက်ကြာပြီးနောက်၊ သူတို့ကို ရှင်ဘုရင်၏ရှေ့သို့ ဆောင်ခဲ့ကြ၏။ ကြိုးများပြေ၍၊ သူတို့သည်လည်း ရှင်ဘုရင်ရှေ့ ၌ ရပ်၍၊ သူတို့ကို မေးမည့် မေးခွန်းများကို ဖြေရန် အခွင့်ရကြ၏။ အမှန်စင်စစ်၊ အမိန့်ပေးသည်ကို ခံရကြ၏။
၉ သူတို့ကိုဆိုလေသည်ကား၊ ရှုလော့၊ ငါလင်မဟိသည် လူမျိုးတို့၏မဲဆန္ဒဖြင့် ခန့်အပ်ထားသော၊ သူတို့ဘိုးဘေးတို့၏ပြည်ဖြစ်သည့် ဤပြည်ကို အမွေခံခြင်းငှာ ဇရဟင်မလပြည်မှ ထွက်လာခဲ့သော ဇေနိဖ်၏သားဖြစ်သူ၊ နောဧ၏သား ဖြစ်၏။
၁၀ ယခုမူကား၊ ငါကိုယ်တိုင်သည် ကိုယ်ရံတော်များနှင့် မြို့အပြင်၌ ရှိစဉ်တွင်၊ မြို့တံတိုင်းအနီးသို့ သင်တို့ရဲရင့်စွာလာကြလေသည့်၊ ငါသိလိုသော အကြောင်းရင်းကား၊ အဘယ်နည်း။
၁၁ ယခုမူကား၊ ဤအကြောင်းကြောင့်၊ သင်တို့ကို ကာကွယ်စောင့်မရန် ငါအခွင့်ပေးသည်မှာ သင်တို့ကို သိရှိရန်စုံစမ်းနိုင်ခြင်းငှာဖြစ်၏။ ထိုသို့မဟုတ်လျှင်၊ ငါသည် သင်တို့ကို ငါ၏ကိုယ်ရံတော်များအားဖြင့် သတ်စေလိမ့်မည်။ သင်တို့စကားပြောရန် အခွင့်ရကြပေပြီ။
၁၂ ယခုမူကား၊ အမ္မုန်သည် စကားပြောရန် အခွင့်ရသည်ကို သိမြင်သောအခါ၊ သွား၍၊ ရှင်ဘုရင်ရှေ့ ၌ ဦးညွှတ်၏၊ တစ်ဖန်မော့၍၊ လျှောက်ထားသည်ကား၊ အို မင်းကြီး၊ အကျွန်ုပ်သည် အသက်ရှင်နေသေးလျက်ရှိပြီး၊ လျှောက်ထားရန် အခွင့်ရသဖြင့်၊ ဤနေ့တွင် ဘုရားသခင်ရှေ့ ၌ ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါ၏။ အကျွန်ုပ်သည် ရဲရင့်စွာ လျှောက်ထားရန်ကိုလည်း ကြိုးစားအားထုတ်ပါမည်။
၁၃ အကြောင်းမူကား၊ အသင်သည် အကျွန်ုပ်ကို သိလေခဲ့လျှင်၊ အကျွန်ုပ်ကို ဤကြိုးများဖြင့်ချည်လျက်ရှိရန် အခွင့်ပေးမည်မဟုတ်ကြောင်း အကျွန်ုပ်စိတ်ချပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်အမ္မုန်၊ ဇရဟင်မလ၏အမျိုးအနွယ်သည် ဇရဟင်မလပြည်မှ ထွက်လာခဲ့လေသည်မှာ၊ ဇေနိဖ်ထိုပြည်မှ ခေါ်ဆောင်ခဲ့လေသည့် အကျွန်ုပ်၏ညီအစ်ကိုတို့အကြောင်းကို စုံစမ်းခြင်းငှာ ဖြစ်ပါ၏။
၁၄ ယခုမူကား၊ အချိန်တန်လာသောအခါ၊ လင်မဟိသည် အမ္မုန်၏စကားများကို ကြားပြီးနောက်၊ အလွန်ဝမ်းသာ၍ ဆိုလေသည်ကား၊ ဇရဟင်မလပြည်၌ ရှိလေသော ငါ၏ညီအစ်ကိုတို့အသက်ရှင်လျက်ရှိကြသေးကြောင်း၊ ယခုတွင် ငါဧကန်အမှန်သိ၏။ ယခုမူကား၊ ငါသည် ရွှင်လန်းဝမ်းမြောက်မည်။ နက်ဖြန်နေ့တွင်၊ ငါ၏လူမျိုးတို့ကိုလည်း ရွှင်လန်းဝမ်းမြောက်စေမည်။
၁၅ အကြောင်းမူကား၊ ရှုလော့၊ ငါတို့သည် လာမန်အမျိုးသားတို့၏ ကျွန်ပြုခြင်း၌ ရှိကြ၍၊ ထမ်းဆောင်ရန်လေးလံသည့် အခွန်များကို ထမ်းဆောင်ရကြ၏။ ယခုမူကား၊ ရှုလော့၊ ငါတို့၏ညီအစ်ကိုတို့သည် ငါတို့ကို၊ ကျွန်ပြုခံရခြင်းမှ၊ သို့မဟုတ်၊ ငါတို့ရန်သူများ၏လက်မှ ကယ်လွှတ်ကြမည်ဖြစ်၍၊ ငါတို့သည် သူတို့၏ကျွန်များ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် နီဖိုင်းအမျိုးသားတို့၏ကျွန်များ ဖြစ်ရခြင်းမှာ၊ လာမန်အမျိုးသားတို့၏ရှင်ဘုရင်ကို အခွန်ပေးရခြင်းထက် သာ၍ကောင်းမြတ်ပေ၏။
၁၆ ယခုမူကား၊ လင်မဟိမင်းကြီးသည် သူ၏ကိုယ်ရံတော်များကို အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့အား မချည်နှောင်စေတော့၊ ရှိလုမ်ပြည်၏ မြောက်အရပ်ရှိတောင်ကုန်သို့သာ သွားစေ၍၊ သူတို့၏ညီအစ်ကိုများကို မြို့တွင်းသို့ ခေါ်ဆောင်ခဲ့စေ၏၊ ထိုသို့အားဖြင့် စားနိုင်သောက်နိုင်၍၊ သူတို့၏ ခရီးသွားခြင်း အလုပ်များမှ သူတို့ကိုယ်ကို နားစေကြ၏။ အကြောင်းမူကား၊ သူတို့သည် များစွာသောအရာတို့ကို ခံစားရကြလေပြီ။ အစာငတ်မွတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်းကို ခံစားရကြလေပြီ။
၁၇ ယခုမူကား၊ အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့တွင်၊ လင်မဟိမင်းကြီးသည် မိမိလူမျိုးခပ်သိမ်းတို့၌ ကြေညာခြင်းကိုပြု၍၊ ထိုသို့ပြုခြင်းအားဖြင့်၊ သူတို့ကို ဟောပြောမည့် စကားများကို ကြားနာနိုင်ကြစေခြင်းငှာ ဗိမာန်တော်သို့ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးစေ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကိုယ်သူတို့ အတူတကွစုဝေးကြလျှင်၊ သူက ဤသို့ဆို၏၊ အိုအသင်၊ ငါ၏လူမျိုးတို့၊ သင်တို့၏ဦးခေါင်းကိုမော့၍၊ သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ ရှုလော့၊ အချည်းနှီးသက်သက်ဖြစ်လေသည့် ငါတို့၏ရုန်းကန်ခြင်းများစွာ ရှိသော်ငြားလည်း၊ ငါတို့ရန်သူများ၏ဩဇာခံမဟုတ်တော့မည့်အချိန်သည် နီးကပ်လာပေပြီ၊ သို့မဟုတ် အလွန်မဝေးတော့။ သို့သော်လည်း၊ ထိရောက်သောရုန်းကန်ခြင်းကို ပြုရန်ရှိသေးကြောင်း၊ ငါယုံကြည်၏။
၁၉ ထို့ကြောင့်၊ သင်တို့၏ဦးခေါင်းကိုမော့ကြလော့၊ ထို့အတူ ရွှင်လန်းဝမ်းမြောက်ကြလော့၊ ဘုရားသခင်ကို၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်ဖြစ်သော ထိုဘုရားသခင်ကို၊ ထို့အတူ၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့လေ၍၊ ဧဒုံပင်လယ်ကို ဖြတ်ရာ၌၊ ခြောက်သွေ့သောမြေပါ်မှာ လျှေက်စေခဲ့ပြီး၊ တောရိုင်းထဲ၌ မပျက်စီးနိုင်ကြ စေကြောင်း၊ မန္နဖြင့် ကျွေးမွေး၍၊ သူတို့အတွက် ပို၍များစွာသောအရာတို့ကို ပြုတော်မူခဲ့လေသည့် ထိုဘုရားသခင်ကို သင်တို့ကိုးစားကြလော့။
၂၀ ထိုမှတစ်ဖန်၊ ထိုမပြောင်းမလဲသောဘုရားသခင်သည် ငါတို့ဘိုးဘေးတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်တော်မူလေပြီး၊ သူ၏လူမျိုးတို့ကို ယခုတိုင်အောင် ထိန်းသိမ်း၍ ကာကွယ်စောင့်မတော်မူလေ၏။ ရှုဦးလော့၊ ငါတို့၏ဒုစရိုက်များနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ သူသည် ငါတို့ကို ကျွန်ပြုခြင်းသို့ ဆောင်ယူလေ၏။
၂၁ ဤနေ့တွင်၊ သင်တို့အားလုံး အသိသက်သေများဖြစ်ကြသည်မှာ၊ ဇေနိဖ်သည် ဘိုးဘေးတို့၏ပြည်ကို အမွေခံရန် အလွန်အမင်းစိတ်အားကြီးသောကြောင့်၊ ဤလူမျိုးတို့အပေါ်အုပ်စိုးသည့် ရှင်ဘုရင်အဖြစ် ပြုလေသည့်အကြောင်းပင်တည်း။ ထို့ကြောင့်၊ ဇေနိဖ်မင်းကြီးနှင့် သဘောတူ၍၊ ထိုပြည်၏တစ်စိတ်တစ်ပိုင်း သို့မဟုတ် လေဟိ-နီဖိုင်းမြို့ကိုပင် ပေးအပ်၍၊ ရှိလုမ်မြို့နှင့် ပတ်ဝန်းကျင်ရှိ ပြည်ကို ပေးသည့် လာမန်မင်းကြီး၏စဉ်းလဲခြင်းနှင့်၊ ပရိယာယ်တို့၏လှည့်စားခြင်းကို ခံရလေ၏—
၂၂ ဤအရာခပ်သိမ်းတို့ကို သူပြုသည်ကား၊ ဤလူမျိုးတို့ကို ဩဇာခံဖြစ်ခြင်း၊ သို့မဟုတ်၊ ကျွန်ပြုခြင်းထဲသို့ ဆောင်ယူခြင်းဟူသည့် တစ်ခုတည်းသော အကြံအစည်အတွက်ဖြစ်၏။ ရှုဦးလော့၊ ဤအချိန်တွင်၊ ငါတို့သည် လာမန်အမျိုးသားတို့၏ရှင်ဘုရင်အား၊ ငါတို့၏ပြောင်းဖူး၊ ငါတို့၏မုယော၊ ငါတို့၏အမျိုးမျိုးသော စပါးတို့၏ပမာဏတစ်ဝက်ကိုလည်းကောင်း၊ ငါတို့၏သိုးစုနှင့် ငါတို့၏နွားစုတို့၏တိုးပွားခြင်းမှတစ်ဝက်ကိုလည်းကောင်း၊ အခွန်ပေးဆက်ရကြ၏။ ထို့အတူ၊ ငါတို့မှာရှိသည့် သို့မဟုတ် ပိုင်ဆိုင်သည့်အရာခပ်သိမ်းတို့၏ တစ်ဝက်ကိုပင်သော်လည်းကောင်း၊ ငါတို့၏အသက်တာများကိုသော်လည်းကောင်း လာမန်အမျိုးသားတို့၏ ရှင်ဘုရင်က တောင်းဆို၏။
၂၃ ယခုမူကား၊ ဤအရာသည် ထမ်းရန် မလေးလံသလော။ ငါတို့၏ဤဆင်းရဲဒုက္ခသည် မကြီးလေသလော။ ယခုတွင်၊ ရှုလော့၊ ငါတို့ငိုကြွေးမြည်တမ်းစရာအကြောင်းမှာ ကြီးပေစွတကား။
၂၄ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ ကြီးလှသည်မှာ ငါတို့မှာရှိသည့် ငိုကြွေးမြည်တမ်းစရာအကြောင်းများဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့ညီအစ်ကိုများစွာတို့သည် ကွပ်မျက်ခံရ၍၊ သူတို့၏အသွေးကို အချည်းနှီးသွန်ရကြလေပြီ။ အားလုံးသည်လည်း ဒုစရိုက်ကြောင့်ဖြစ်လေ၏။
၂၅ အကြောင်းမူကား၊ ဤလူမျိုးတို့သည် လွန်ကျူးခြင်းထဲသို့ မလဲကျလျှင်၊ ဤကြီးစွာသော မကောင်းမှု၊ သူတို့အပေါ်ကျရောက်သည်ကို ကိုယ်တော်ရှင်အခွင့်ပေးတော်မူခဲ့လိမ့်မည်မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် သူ၏နှုတ်ကပတ်တော်တို့ကို စေ့စေ့နားမထောင်လိုကြ။ သူတို့၌ ရန်တွေ့ခြင်းများသာ ဖြစ်ပေါ်လာလေသည်မှာ အချင်းချင်း များစွာအသွေးသွန်းလောင်းကြသည်အထိပင်တည်း။
၂၆ သူတို့သည် ကိုယ်တော်ရှင်၏ပရောဖက်တစ်ပါးကို၊ အထူးသဖြင့်၊ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို သူတို့အား ပြောပြပြီး၊ ဖြစ်လာမည့်များစွာသောအရာများအကြောင်း၊ အထူးသဖြင့်၊ ခရစ်တော်ကြွလာတော်မူခြင်း အကြောင်းကိုပင် ပရောဖက်ပြု၍ဟောသည့် ဘုရားသခင်ရွေးကောက်ထားတော်မူသောလူကို ကွပ်မျက်ကြလေပြီ။
၂၇ ခရစ်တော်သည် ဘုရားသခင်၊ အရာခပ်သိမ်းတို့၏အဘဖြစ်သည်ဟုလည်း သူတို့ကိုဆိုသောကြောင့်လည်းကောင်း၊ သူ့အပေါ်၌ လူသား၏ပုံသဏ္ဌာန်ကိုခံယူ၍၊ ရှေးဦးစွာက လူသားကို ဖန်ဆင်းတော်မူခဲ့သည့်ပုံသဏ္ဌာန်အတိုင်းဖြစ်လိမ့်မည်ဟု ဆိုသောကြောင့်လည်းကောင်း၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ လူသားကို ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတော်မူ၍၊ ဘုရားသခင်သည် လူသားတို့၌ ဆင်းလာတော်မူပြီး၊ သူ့အပေါ်၌ အသားနှင့် အသွေးကို ခံယူ၍၊ မြေကြီးမျက်နှာပြင်ပေါ်၌ သွားတော်မူလိမ့်မည်ဟု သူဆိုသောကြောင့်လည်းကောင်း—
၂၈ ယခုမူကား၊ ဤသို့ဆိုသောကြောင့် သူတို့ကအသေသတ်ကြ၏။ ထို့အတူ၊ ဘုရားသခင်၏အမျက်တော်ကို သူတို့အပေါ်ကျရောက်စေသည့် နောက်ထပ်များစွာသောအရာတို့ကို သူတို့ပြုကြ၏။ ထို့ကြောင့်၊ ကျွန်ခံရာ၌ သူတို့ရှိကြသည်ကိုလည်းကောင်း၊ သူတို့ကို ပြင်းထန်သောဆင်းရဲဒုက္ခများနှင့် ဒဏ်ခတ်သည်ကိုလည်းကောင်း အဘယ်သူ အံ့ဩသနည်း။
၂၉ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါ၏လူမျိုးတို့ကို သူတို့လွန်ကျူးခြင်းကာလ၌ ငါမစမည်မဟုတ်။ သို့ရာတွင်၊ သူတို့အောင်မြင်ခြင်းမရှိစေခြင်းငှာ၊ သူတို့၏လမ်းများကို ဆီးကာမည်။ သူတို့၏အကျင့်များသည်လည်း သူတို့ရှေ့ ၌ ထိမိ၍လဲစရာတုံးအဖြစ် ရှိလိမ့်မည်။
၃၀ ထိုမှတစ်ဖန်၊ မိန့်တော်မူသည်ကား၊ ငါ၏လူမျိုးတို့သည် အညစ်အကြေးကို စိုက်လျှင်၊ လေပွေထဲ၌ အဖျင်းကို ရိတ်သိမ်းရကြမည်။ အကျိုးရလဒ်ကား၊ အဆိပ်ဖြစ်၏။
၃၁ ထိုမှတစ်ဖန်၊ မိန့်တော်မူသည်ကား၊ ငါ၏လူမျိုးတို့သည် အညစ်အကြေးကို စိုက်လျှင်၊ ချက်ချင်းဖြစ်သောဖျက်ဆီးခြင်းကို ဆောင်လာသည့် အရှေ့လေကို ရိတ်သိမ်းရလိမ့်မည်။
၃၂ ယခုမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ကတိတော်ကို ပြီးပြည့်စုံစေပြီ။ သင်တို့သည်လည်း ဒဏ်ခတ်ခံရ၍၊ ဒုက္ခရောက်ကြ၏။
၃၃ သို့ရာတွင်၊ သင်တို့သည် စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ကိုယ်တော်ရှင်ထံသို့ ပြန်လာကြပြီး၊ သူ့ကို ကိုးစား၍၊ လုံ့လဝီရိယစိတ်ရှိသမျှနှင့် အစေခံကြလျှင်၊ ဤအမှုကိုပြုကြလျှင်၊ သင်တို့ကို ကျွန်ခံရာမှ သူ၏စိတ်အလိုဆန္ဒအတိုင်း ကယ်လွှတ်တော်မူလိမ့်မည်။