အခန်းကြီး ၅
သန့်ရှင်းသူတို့သည် ယုံကြည်ခြင်းအားဖြင့်၊ ခရစ်တော်၏သားသမီးများဖြစ်လာကြ၏—ထို့နောက်၊ သူတို့ကို ခရစ်တော်၏နာမတော်အားဖြင့် ခေါ်ကြ၏—ဗင်္ယာမိန်မင်းကြီးက သူတို့ကို ကောင်းမြတ်သောအမှုများ၌ မြဲမြံပြီး မတိမ်းယိမ်းဘဲရှိကြစေရန် တိုက်တွန်း၏။ ဘီစီ ၁၂၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဗင်္ယာမိန်မင်းကြီးသည် မိမိလူမျိုးတို့အား ထိုသို့ဟောပြောလေပြီးလျှင်၊ ဟောပြောလေပြီးသောစကားများကို သူတို့ယုံကြည်ခြင်းရှိမရှိ သိလို၍ သူတို့ထံ စေလွှတ်ခဲ့၏။
၂ သူတို့ကလည်း တစ်သံတည်းဖြင့် အော်ဟစ်၍၊ ဆိုကြသည်ကား၊ ဟုတ်ကဲ့။ အကျွန်ုပ်တို့အား အသင်ဟောပြောလေသည့် စကားမှန်သမျှကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။ ၎င်းတို့၏ဧကန်အမှန်ဖြစ်ခြင်းနှင့် သမ္မာတရားကိုလည်း အကျွန်ုပ်တို့သိပါ၏။အကျွန်ုပ်တို့၌ သို့မဟုတ် အကျွန်ုပ်တို့စိတ်နှလုံး၌ ကြီးစွာသောပြောင်းလဲခြင်းကို ပြုပြင်စီရင်တော်မူသည့် ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်ကြောင့်၊ အကျွန်ုပ်တို့သည် မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့၊ ကောင်းမှုကိုသာ အစဉ်မပြတ်ပြုလိုကြပါ၏။
၃ အကျွန်ုပ်တို့ကိုယ်တိုင်သည် ဘုရားသခင်၏အတိုင်းမသိသောကောင်းမြတ်ခြင်းနှင့် သူ့ဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်းတို့အားဖြင့်၊ ခပ်သိမ်းသောအရာတို့အကြောင်းကို ပရောဖက်ပြု၍ ဟောနိုင်ရန်အလိုရှိအပ်သော၊ ဖြစ်လာမည့်အရာတို့အကြောင်း၊ အရေးပါသည့်အမြင်များကိုလည်း ရရှိကြပါ၏။
၄ အကျွန်ုပ်တို့၏မင်းကြီးဟောပြောသည့်အရာများနှင့်စပ်လျဉ်း၍ အကျွန်ုပ်တို့ထားရှိသော ယုံကြည်ခြင်းက ဤကြီးစွာသောအသိပညာသို့ ဆောင်၍၊ အကျွန်ုပ်တို့သည် ထိုကဲ့သို့ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်နိုင်ကြပါ၏။
၅ အကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ဖို့ သူနှင့်ပဋိညာဉ်ပြုရန်၊ အရာရာ၌ သူမိန့်တော်မူမည့်ပညတ်တော်တို့ကိုလည်း အကျွန်ုပ်တို့ဘဝ၏ကျန်ကြွင်းချိန်တစ်လျှောက်လုံးနာခံရန် လိုလိုလားလားရှိကြသည်မှာ ကောင်းကင်တမန်မြွက်ဆိုထားလေသကဲ့သို့ အဘယ်တော့မျှ အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းကို အကျွန်ုပ်တို့ကိုယ်တိုင်အပေါ်မရောက်နိုင်စေခြင်းငှာ၊ ဘုရားသခင်၏အမျက်တော်ဖလားကို မသောက်ရနိုင်စေခြင်းငှာဖြစ်ပါ၏။
၆ ယခုမူကား၊ ဤအရာတို့မှာ သူတို့ထံမှ ဗင်္ယာမိန်မင်းကြီး အလိုရှိသောစကားများဖြစ်၏။ ထို့ကြောင့်၊ သူဆိုလေသည်ကား၊ သင်တို့သည် ငါအလိုရှိသောစကားများကို ပြောကြလေပြီ။ သင်တို့ပြုလေသောပဋိညာဉ်သည်လည်း ဖြောင့်မတ်သောပဋိညာဉ်ဖြစ်၏။
၇ ယခုမူကား၊ သင်တို့ပြုထားလေသောပဋိညာဉ်ကြောင့်၊ သင်တို့သည် ခရစ်တော်၏သားသမီးများ၊ သူ၏သားများနှင့် သူ၏သမီးများဟု အခေါ်ခံရလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ဤနေ့၌၊ သင်တို့ကို ဝိညာဉ်ပကတိအားဖြင့်၊ ဖွားစေတော်မူပြီ။ သူ၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့်၊ သင်တို့၏စိတ်နှလုံးပြောင်းလဲကြပြီဟု သင်တို့ဆိုကြ၏။ ထို့ကြောင့်၊ သင်တို့ကို သူ့အားဖြင့်၊ ဖြစ်ဖွားစေ၍၊ သူ၏သားများနှင့် သူ၏သမီးများ ဖြစ်လာကြလေပြီ။
၈ ဤနာမအောက်၌ သင်တို့ကို လွတ်လပ်စေပြီဖြစ်၍၊ သင်တို့ကို လွတ်လပ်နိုင်စေရာ အခြားနာမ မရှိ။ ကယ်တင်ခြင်းရောက်လာစေသည့် ပေးထားသောအခြားနာမ မရှိ။ ထို့ကြောင့်၊ သင်တို့ဘဝ၏ အဆုံးတိုင်အောင်နာခံမည့်အကြောင်း၊ ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားလေသည့် သင်တို့အားလုံးသည် သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူစေရန် ငါအလိုရှိ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဤအရာကို ပြုသောသူမှန်သမျှတို့ကို ဘုရားသခင်၏လက်ယာတော်ဘက်၌ တွေ့ရလိမ့်မည်။ အကြောင်းမူကား၊ ထိုသူသည် အခေါ်ခံရသည့်အမည်ကို သိလိမ့်မည်။ ခရစ်တော်၏နာမတော်အားဖြင့် အခေါ်ခံရလိမ့်မည်။
၁၀ ယခုမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်ပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူခြင်းမရှိကြသောသူမှန်သမျှသည် အခြားသောနာမအချို့အားဖြင့် အခေါ်ခံရမည်။ ထို့ကြောင့်၊ သူသည် မိမိကိုယ်ကို ဘုရားသခင်၏လက်ဝဲတော်ဘက်၌ တွေ့ရ၏။
၁၁ ဤအရာသည်ကား၊ လွန်ကျူးခြင်းကြောင့်မှတစ်ပါး၊ အဘယ်သောအခါမျှ၊ ပယ်ဖျောက် ခံရမည်မဟုတ်သည့်အမည်၊ သင်တို့ကို ငါပေးမည်ဟု ပြောခဲ့သောအမည်ဖြစ်ကြောင်း၊ သင်တို့သတိရကြစေခြင်းငှာလည်း ငါအလိုရှိ၏။ ထို့ကြောင့်၊ သင်တို့မလွန်ကျူးကြစေခြင်းငှာ၊ ထိုနာမကို သင်တို့၏စိတ်နှလုံးမှ ပယ်ဖျောက်မခံရစေခြင်းငှာ သတိပြုကြလော့။
၁၂ ငါဆိုသည်ကား၊ ရေးထားလေသောအမည်ကို သင်တို့စိတ်နှလုံး၌ အစဉ်အမြဲသတိရစေရန် အောက်မေ့ကြစေခြင်းငှာ ငါအလိုရှိ၏။ ထိုသို့အားဖြင့် သင်တို့ကို ဘုရားသခင်၏လက်ဝဲတော်ဘက်၌ မတွေ့ရဘဲ၊ သင်တို့သည် မိမိကို ခေါ်မည့်အသံ၊ ထို့အတူ၊ သူခေါ်မည့်အမည်ကိုလည်း ကြား၍၊ သိကြ၏။
၁၃ အကြောင်းမူကား၊ လူသည် မိမိအစေမခံသောသခင်၊ ထို့အတူ မိမိအဖို့ သူတစိမ်းဖြစ်သောသူနှင့် မိမိစိတ်နှလုံး၏အတွေးများနှင့် အကြံအစည်များမှ ဝေးသောသူကို အဘယ်သို့အားဖြင့် သိမည်နည်း။
၁၄ ထိုမှတစ်ဖန်၊ လူသည် ကိုယ်နှင့်စပ်ဆိုင်သောသူပိုင်သည့် မြည်းကို ယူ၍ ထိန်းသိမ်းထားမည်လော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူ၏သိုးစုများ၌ ထိုမြည်းအား အစာကျွေးခြင်းကိုပင် အခွင့်ပေးမည်မဟုတ်ဘဲ၊ အဝေးသို့မောင်းထုတ်၍၊ နှင်ထုတ်ပေမည်။ ငါဆိုသည်ကား၊ သင်တို့သည် အခေါ်ခံရသည့်နာမကို သိခြင်းမရှိလျှင်၊ ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။
၁၅ ထို့ကြောင့်၊ သင်တို့မြဲမြံပြီး မတိမ်းယိမ်းဘဲရှိလျက်၊ ကောင်းမြတ်သော အမှုတို့နှင့် အစဉ်အမြဲကြွယ်ဝလျက် ရှိကြစေခြင်းငှာ ငါအလိုရှိ၏၊ ခရစ်တော်၊ ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်က သင်တို့ကို သူ၏လူများအဖြစ် တံဆိပ်ခတ်စေကြောင်း၊ ကောင်းကင်ဘုံသို့ သင်တို့ဆောင်ယူခံရကြစေကြောင်းနှင့် ကောင်းကင်နှင့် မြေကြီးရှိ ခပ်သိမ်းသောအရာတို့၏ ဖန်ဆင်းတော်မူသောအရှင်၊ အရာအားလုံးတို့ထက် မြင့်မြတ်တော်မူသော ဘုရားသခင်၏ ဉာဏ်ပညာအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ တရားမျှတတော်မူခြင်း အားဖြင့် လည်းကောင်း၊ ကရုဏာတော်အားဖြင့် လည်းကောင်း၊ ထာဝရတည်မြဲသောကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သင်တို့ရရှိစေကြောင်းပေတည်း။ အာမင်။